← Chapters

နောက်ဆုံး ဖဲချပ်

Vol. 77 Ch. 1515

နောက်ဆုံး ဖဲချပ်

Vol. 77 Ch. 1515

~"အခုမှ နားလည်သွားတယ် ဆိုတော့လည်း မနောက်ကျသေးပါဘူး..."

ယဲ့ဖန်က ပြုံးနေဆဲပင်။ သူ့မျက်လုံးထဲတွင် သူမကို အရေးစိုက်ဟန် လုံးဝမပြ။

လန်ရှင်းယွဲ့၏ လူသတ်ချင်စိတ်များ ပိုမိုပြင်းထန်လာသည်။

"ဒီနေ့... ဒီကိစ္စကို အပြီးသတ်လိုက်ကြတာပေါ့... ဘယ်သူက နောက်ဆုံး ရယ်မောနိုင်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့..."

သူမက ပြောပြောဆိုဆို အသံကို ထပ်မံ မြှင့်လိုက်ပြီး ယဲ့ဖန်တို့ နားမလည်နိုင်သော ဘာသာစကားဖြင့် သူမ၏ လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်၏။

ထို့နောက် အနက်ရောင်ဝတ် သေမင်းတမန်များသည် ယဲ့ဖန်၏ အဖွဲ့သားများကို ရူးသွပ်စွာ တိုက်ခိုက်လာကြ၏။

သူတို့၏ တိုက်ခိုက်ပုံမှာ သေမင်းကို မကြောက်သော ပုံစံမျိုး ဖြစ်သည်။ ဓားနှင့် အထိုးခံရပြီး သွေးများ ပန်းထွက်နေလျှင်ပင် နောက်မဆုတ်ဘဲ ရှေ့သို့ တိုးဝင်နေကြ၏။

ယဲ့ဖန်၏ အဖွဲ့သားများသည် ထိုရူးသွပ်သော တိုက်ခိုက်မှုကြောင့် ခေတ္တခဏ ကြောင်အသွားပြီး စည်းမငြိမ်တော့ဘဲ ပရမ်းပတာ ဖြစ်သွားကြ၏။

လန်ရှင်းယွဲ့သည် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်၏။ သူမသည် ယဲ့ဖန်ကို လစ်လျူရှုကာ ရွှီကျင်းရှင်းနှင့် ဖူမာကျန်းဝူတို့ဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်။

စောစောက ထိုမိန်းကလေး နှစ်ယောက်ကို ဖမ်းဆီးဖို့ ကြိုးစားမှု မအောင်မြင်ခဲ့သော်လည်း သူတို့က ယဲ့ဖန်အဖွဲ့၏ အကြီးမားဆုံး အားနည်းချက် ဖြစ်နေဆဲပင်။

ဤနှစ်ဦးကိုသာ အရှင်ဖမ်းမိခဲ့လျှင်... ယဲ့ဖန်အား ဒူးထောက် အညံ့ခံလာအောင် ပြုလုပ်နိုင်ပေလိမ့်မည်။

အထူးသဖြင့် ရွှီကျင်းရှင်း... သူမ၏ နောက်ခံအင်အားမှာ အလွန်တရာ ထူးခြားလွန်းလှပေသည်။

ယဲ့ဖန် ပင်လျှင် သူမအား တစ်စုံတစ်ရာ ထိခိုက်အန္တရာယ် ဖြစ်ပေါ်လာစေရန် ခွင့်ပြုရဲမည် မဟုတ်ပါချေ။

သို့ရာတွင်၊ ရွှီကျင်းရှင်းကို ဖူမာကျန်းဝူနှင့် ကောင်းကင်ဝံပုလွေ အဖွဲ့သားတွေက ကာကွယ်ပေးထားသဖြင့် သူမ၏ လက်အောက်ငယ်သားများ အနားကပ်၍ မရကြပေ။

သူမ ကိုယ်တိုင် လှုပ်ရှားမှသာ ဖြစ်တော့မည်။

ယဲ့ဖန်က သူမ၏ အကြံအစည်ကို ရိပ်မိသဖြင့် တားဆီးရန် ပြင်လိုက်၏။

သို့သော် ထိုအချိန်တွင် အနက်ရောင်ဝတ် သေမင်းတမန် လေးယောက် ပြေးဝင်လာပြီး သူ့လမ်းကို ပိတ်ဆို့လိုက်ကြ၏။

ဒီလူလေးယောက်က အတွင်းအား အစပျိုး အဆင့်လောက်သာ ရှိကြပြီး အတွင်းအား အထွတ်အထိပ် ရောက်နေသော ယဲ့ဖန်ရှေ့တွင် ဘာမှ မဟုတ်ပေ။

သို့သော် သူတို့၏ ရည်ရွယ်ချက်က ယဲ့ဖန်ကို အနိုင်ယူဖို့ မဟုတ်ဘဲ အချိန်ဆွဲဖို့သာ ဖြစ်သည်။

ထို့ကြောင့် ယဲ့ဖန် တန်ပြန်တိုက်ခိုက်လိုက်သောအခါ သူတို့က လျင်မြန်စွာ နောက်ဆုတ်သွားကြ၏။

ယဲ့ဖန်က လန်ရှင်းယွဲ့နောက် လိုက်ရန် ပြင်လိုက်သောအခါ သူတို့က ပြန်ရောက်လာပြီး နှောင့်ယှက်ကြပြန်သည်။

ဤသို့ဖြင့် သူတို့က ယဲ့ဖန်ကို ဟိုဆွဲဒီဆွဲ လုပ်နေကြသဖြင့် လန်ရှင်းယွဲ့နောက် လိုက်မရအောင် တားဆီးထားနိုင်ခဲ့သည်။

တချိန်တည်းမှာပင် လန်ရှင်းယွဲ့သည် ရွှီကျင်းရှင်းအနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကောင်းကင်ဝံပုလွေအဖွဲ့သည် လက်ရှိတွင် အနက်ရောင်ဝတ် သေမင်းတမန် ခုနစ်ယောက် ရှစ်ယောက်ခန့်၏ တိုက်ခိုက်ခြင်းကို ခံနေရသည်။ သို့သော် သူတို့ထဲမှ လေးယောက်က လန်ရှင်းယွဲ့ကို တားဆီးရန် ထွက်လာကြ၏။

သို့ရာတွင်၊ လန်ရှင်းယွဲ့၏ အင်အားက အတွင်းအား အလယ်အလတ်အဆင့်နှင့် ညီမျှနေသည်လေ။ ယဲ့ဖန်ကို မယှဉ်နိုင်သော်လည်း ဒီကောင်းကင်ဝံပုလွေ အဖွဲ့သားလောက်ကိုတော့ သူမအတွက် အလွယ်လေးပါပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ဝံပုလွေအဖွဲ့သား လေးယောက် သူမ၏ တိုက်ခိုက်မှုကြောင့် နောက်ဆုတ်သွားကြရသည်။

လန်ရှင်းယွဲ့သည် တိုက်ပွဲတွင် အချိန်မဖြုန်းတော့ဘဲ ရွှီကျင်းရှင်းဆီသို့ ဆက်လက် ပြေးဝင်သွားသည်။

ယခုအချိန်တွင် သူတို့နှစ်ဦးကြား၌ ဖူမာကျန်းဝူ တစ်ယောက်သာ အတားအဆီးအဖြစ် ကျန်ရှိတော့သည်။

ဖူမာကျန်းဝူလည်း သူမတွင် တာဝန် တစ်ခုသာ ကျန်ရှိတော့ကြောင်း သိသည်။ ဒါကတော့ ရွှီကျင်းရှင်းကို ကာကွယ်ဖို့ပါပင်။

ဒါမှသာ သူမသခင်က ရန်သူကို စိတ်အေးလက်အေး ကိုင်တွယ်နိုင်မှာ ဖြစ်သည်။

ရှေ့က ရန်သူက သူမထက် အဆပေါင်းများစွာ သန်မာမှန်း သိသော်လည်း သူမသည် တုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့ တိုးဝင်သွားသည်။

"ချွမ်..."

သူမလက်ထဲမှ ဓားမြှောင်သည် လန်ရှင်းယွဲ့၏ လည်ချောင်းဆီသို့ တည့်တည့် ထိုးစိုက်လိုက်၏။ ဤဓားချက်တွင် သူမ၏ အင်အားအကုန် သုံးထားသည်။ အမြန်နှုန်း၊ တိကျမှုနှင့် ရက်စက်မှုတို့ကို အစွမ်းကုန် ထုတ်ဖော်ထားသည်။

ကံဆိုးစွာပင် သူမ ရင်ဆိုင်နေရသည်က လန်ရှင်းယွဲ့ ဖြစ်နေသည်။

လန်ရှင်းယွဲ့က ခါးကို အနည်းငယ် ကွေးလိုက်ရုံဖြင့် သူမ၏ အားကုန်သုံးထားသော တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်၏။ တချိန်တည်းမှာပင် ညာလက်ကို ဆန့်ထုတ်ပြီး သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်၏။

ဖူမာကျန်းဝူက ညာလက်မှ ဓားမြှောင်ကို လွှတ်ချလိုက်ပြီး နောက်တစ်စက္ကန့်တွင် ဘယ်လက်ဖြင့် ပြန်ဖမ်းလိုက်၏။

သို့သော် လန်ရှင်းယွဲ့က ရန်သူ၏ တိုက်ခိုက်မှုကို ကြိုတင် မျှော်လင့်ထားပြီး ဖြစ်သည်။ သူမ၏ ဘယ်လက်က နောက်မှ လိုက်လာပြီး ဖူမာကျန်းဝူ၏ ဘယ်လက်ကောက်ဝတ်ကိုပါ ဖမ်းဆုပ်လိုက်ပြန်သည်။

ဒီတစ်ခါတော့ သူမက ဖူမာကျန်းဝူကို အခွင့်အရေး ထပ်မပေးတော့။ ကြီးမားသော အင်အားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

ဓားမြှောင်က ဖူမာကျန်းဝူ၏ ဝမ်းဗိုက်ဆီသို့ ဦးတည်သွားလေသည်။

ဖူမာကျန်းဝူ၏ တုံ့ပြန်မှုက မြန်ဆန်လှသည်။ သူမ ချက်ချင်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သော်လည်း ဓားချက်နှင့် မလွတ်ကင်းနိုင်ခဲ့။ ဓားသွားက သူမ၏ ဝမ်းဗိုက်ကို ထိုးစိုက်သွားလေသည်။

ထို့နောက် လန်ရှင်းယွဲ့က သူမ၏ ပခုံးကို လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး လွှင့်ပစ်လိုက်လေသည်။

အကယ်၍ လန်ရှင်းယွဲ့သာ နောက်ထပ် လက်ဝါးတစ်ချက် ထပ်ရိုက်လိုက်လျှင် ဖူမာကျန်းဝူ သေချာပေါက် သေဆုံးသွားမည် ဖြစ်သည်။

သို့သော် သူမ၏ လက်ရှိ ပစ်မှတ်က ဖူမာကျန်းဝူ မဟုတ်ဘဲ ရွှီကျင်းရှင်း ဖြစ်သည်။

ယခုအချိန်တွင် သူတို့နှစ်ဦးကြား၌ မည်သည့် အတားအဆီးမှ မရှိတော့။

ရွှီကျင်းရှင်းကို ဖမ်းဆီးပြီး ယဲ့ဖန်ကို လက်နက်ချခိုင်းဖို့ ခြေတစ်လှမ်းအလိုသာ လိုတော့သည်။

သို့သော် သူမ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် အန္တရာယ် အငွေ့အသက်တစ်ခု သူမ၏ ရင်ထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။

‘သွားပြီ…’

သူမ လျင်မြန်စွာ နောက်ဆုတ်လိုက်၏။

သို့သော် သူမ ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။ ကျည်ဆန်တစ်တောင့်က သူမ၏ လက်ကောက်ဝတ်ကို ဖောက်ထွင်းသွားပြီး သွေးများ စီးကျလာလေသည်။

"မကောင်းတော့ဘူး... သူတို့ဆီမှာ လက်ဖြောင့်တပ်သား ရှိနေတယ်..."

လန်ရှင်းယွဲ့ ထိတ်လန့်သွားသည်။ ယဲ့ဖန်က အမှောင်ထဲတွင် လူဝှက်ထားသည်ဟု သူမ သံသယရှိခဲ့သော်လည်း လက်ဖြောင့်တပ်သား ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့မိ။

ယဲ့ဖန်တွင် နောက်ထပ် အထောက်အထား တစ်ခု ရှိနေသည်ကို သူမ ဘယ်သောအခါမှ ထင်မှတ်ထားမည် မဟုတ်ပေ။ လုံခြုံရေးအဖွဲ့၏ အထူး ငှားရမ်းထားသော ကျွမ်းကျင်ပညာရှင်...

ဤ အထောက်အထား အဆောင်အယောင်နှင့် ဆိုပါက... ဧကရာဇ် မင်းမြတ်၏ အာဏာကုန် လွှဲအပ်ထားသည့် ဓားကို ကိုင်ဆောင်ထားသည်နှင့် တူလှ၏။ နိုင်ငံတော်နှင့် ပြည်သူလူထု၏ လုံခြုံရေးကို ထိခိုက်စေမည့်သူ မည်သူ့ကိုမဆို ဦးစွာ ပိုင်နိုင်စွာ စီရင်ပြီးမှသာလျှင် အထက်သို့ ပြန်လည် လျှောက်တင် အစီရင်ခံနိုင်သည်။

သို့သော် မည်သို့ပင် ဆိုစေကာမူ... ဤ စစ်ဆင်ရေးသည် လုံးဝဥဿုံ ကျရှုံးသွားခဲ့ပြီ ဖြစ်ကြောင်း သူမ သိရှိလိုက်ရလေသည်။

ရန်သူဘက်မှ လက်ဖြောင့် တပ်သားများကို အသုံးပြုနေခဲ့ချေပြီ... ထို့ပြင် တစ်ဦးတစ်ယောက်တည်းလည်း မဟုတ်ပါချေ။

ဆက်လက် တိုက်ခိုက်နေဦးမည် ဆိုပါက... သူတို့အားလုံး သေချာပေါက် သေပွဲဝင်ကြရတော့မည်သာ ဖြစ်လေသည်။

ထိုသို့ တွေးမိသည်နှင့် သူမသည် တုံ့ဆိုင်းမနေတော့ဘဲ တိုက်ခိုက်နေသော လက်အောက်ငယ်သားများကို ပြန်ဆုတ်ရန် အမိန့်ပေးလိုက်၏။

ကံဆိုးစွာပင် သူမ စောစောက ပေးလိုက်သော အမိန့်မှာ မည်သို့ပင် ပေးဆပ်ရပါစေ သတ်ဖြတ်ရန် ဖြစ်သည်။

ယခုအချိန်တွင် သူမ၏ လက်အောက်ငယ်သားများနှင့် ယဲ့ဖန်၏ အဖွဲ့သားများမှာ အသေအကြေ တိုက်ခိုက်နေကြပြီး တစ်ဖက်နှင့်တစ်ဖက် ခွာမရ ဖြစ်နေကြ၏။

ချက်ချင်း ပြန်ဆုတ်ဖို့ဆိုတာ မဖြစ်နိုင်တော့။

ထိုအချိန်တွင် ယဲ့ဖန်သည် သူ၏ နောက်ဆုံးဖဲချပ်ကို ထုတ်သုံးလိုက်လေသည်။

ကျည်ဆန်များက အသားများကို ဖောက်ထွင်းသွားသံများ တစ်ချက်တစ်ချက် ထွက်ပေါ်လာသည်။ အနက်ရောင်ဝတ် သေမင်းတမန်များသည် တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားကြပြီး အသံမထွက်ဘဲ သေဆုံးကုန်ကြ၏။

ဖုန်းရှောက်ခွန် စေလွှတ်လိုက်သော လက်ဖြောင့်တပ်သားများသည် ထိပ်သီးများထဲမှ ထိပ်သီးများ ဖြစ်ကြ၏။ ညအချိန် ဖြစ်နေသော်လည်း သူတို့၏ တိကျမှုက အံ့မခန်းပင်။

လန်ရှင်းယွဲ့ ဘယ်လောက်ပဲ အော်ဟစ်နေပါစေ... သေဆုံးမှုများက ဆက်လက် ဖြစ်ပေါ်နေဆဲ။

တစ်မိနစ် မပြည့်ခင်မှာပင် သူမ ခေါ်လာသော အနက်ရောင်ဝတ် သေမင်းတမန် အယောက်

( ၂၀ ) ကျော်မှာ မြက်ပင်များ ရိတ်လှီးခံရသကဲ့သို့ လဲကျကုန်ကြ၏။

အားလုံး သေကုန်ကြပြီ... တစ်ယောက်မှ အသက်မရှင်တော့။

"ကျွန်မ အရှုံးပေးပါတယ်..."

လန်ရှင်းယွဲ့က အလွန် ပြတ်သားသည်။ ထွက်ပြေး၍ မရမှန်း သိလိုက်သည်နှင့် လက်ထဲမှ ဓားမြှောင်ကို လွှတ်ချလိုက်ပြီး လက်မြှောက်ကာ အရှုံးပေးလိုက်၏။

အားချန်နှင့် ကျန်သူများမှာ အတိုင်းမသိ ဝမ်းသာသွားကြပြီး သက်ပြင်းချနိုင်လိုက်ကြ၏။

အထူးသဖြင့် အားချန်... သူက ယခုဆိုလျှင် ယဲ့ဖန်ကို လုံးဝ လေးစားသွားရသည်။

"မစ္စတာယဲ့... ခင်ဗျားက တကယ်ကို ဉာဏ်ကောင်းလွန်းတယ်ဗျာ... ဒါကြောင့်လည်း ရန်သူကို ဒီလောက် လွယ်လွယ်လေး အနိုင်ယူနိုင်တာပေါ့..."

သူ့စကားထဲမှာ မြှောက်ပင့်မှု အနည်းငယ် ပါနေသော်လည်း သူက တကယ် လေးစားနေမှန်း သိသာလှသည်။

ရွှီကျင်းရှင်းပင် ယဲ့ဖန်၏ စစ်ဆင်ရေးက ပြီးပြည့်စုံသည်ဟု ဝန်ခံလိုက်ရသည်။

သည်လောက် အစွမ်းထက်သော ရန်သူတွေကို သွေးထွက်သံယို မရှိသလောက်နှင့် ဖြေရှင်းနိုင်ခဲ့သည် မဟုတ်ပါလော။

နောက်ဆုံးမှာ လက်ဖြောင့်တပ်သားတွေကို သုံးလိုက်တာက နည်းနည်း မတရားဘူး ဟု ထင်ရသော်လည်း...

ရန်သူနှင့် ဆက်ဆံသည့် အခါမှာတော့ နည်းလမ်းမျိုးစုံ သုံးရမည်ပဲလေ။

သည်အချိန်ကျမှ သိုင်းကျင့်ဝတ်တွေ လာပြောနေလျှင်တော့ ရယ်စရာကောင်းနေလိမ့်မည်။

ဖူမာကျန်းဝူသည် လူနှစ်ယောက်၏ တွဲကူမှုဖြင့် မတ်တပ်ရပ်လိုက်၏။

စောစောက ဒဏ်ရာက သိပ်မနက်လှပေ။ နှစ်ရက်လောက် နားလိုက်လျှင် ပြန်ကောင်းသွားလောက်သည်။

သူမ၏ မျက်နှာ ဖြူဖျော့နေသော်လည်း သခင့်အတွက် ဝမ်းသာနေမိ၏။

လန်ရှင်းယွဲ့ကို သတ်နိုင်သရွေ့ သူမ ခံလိုက်ရသည့် ဒဏ်ရာအတွက် လက်စားချေနိုင်ပြီ ဖြစ်၏။

သူမ ကြောက်နေတာ တစ်ခုသာ ရှိသည်။ သခင်က သနားပြီး ဒီမိန်းမကို မသတ်ဘဲ ထားလိုက်မည်ကိုပါပင်။

သူမက ယဲ့ဖန်နောက် လိုက်လာတာ ကြာပြီမို့ သခင့်အကြောင်း ကောင်းကောင်း သိ၏။

အခုချိန်ထိ သခင့်လက်ချက်နဲ့ ရန်သူတွေ အများကြီး သေခဲ့သော်လည်း.. ထိုအထဲမှာ မိန်းမလှလေးတွေ သိပ်မပါလှပေ။

သခင်က မိန်းမတွေဆိုလျှင် စိတ်ပျော့လွန်းသည်။

All Chapters