← Chapters

ဒီလောက်ဖြစ်တာတောင် မသေဘူးလား

Vol. 77 Ch. 1508

ဒီလောက်ဖြစ်တာတောင် မသေဘူးလား

Vol. 77 Ch. 1508

~တခဏအတွင်းမှာပင်...

မြှားများက သူ့ဆီသို့ အရှိန်ပြင်းစွာ ပျံသန်းလာကြ၏။

ယဲ့ဖန်၏ တုံ့ပြန်မှုက အလွန်လျင်မြန်လှသည်။ သူသည် မြှားအချို့ကို လျင်မြန်စွာ ရှောင်တိမ်းလိုက်နိုင်သည်။

သို့သော် အထိတ်တလန့်ဖြစ်နေချိန်တွင် အမှားအယွင်းများ ရှိတတ်စမြဲပင်။

မြှားများကို ရှောင်တိမ်းနေစဉ်မှာပင် သူသည် မတော်တဆ လည်ထွက်သွားသော ယန္တရားတစ်ခုကို နင်းမိလိုက်ပြီး ခန္ဓာကိုယ်က အောက်သို့ လျှောကျသွားလေတော့သည်။

သို့သော် အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် သူထိတ်လန့်မနေခဲ့ပေ။ သူ၏ အခြားခြေထောက်တစ်ဖက်က ချက်ချင်း ကန်ထုတ်လိုက်ပြီး လွတ်မြောက်ရန် ကြိုးစားလိုက်၏။

ထိုအချိန်တွင် နောက်ထပ် မြှားနှစ်စင်းက သူ့ခေါင်းပေါ်မှ ဖြတ်ကျော် ပျံသန်းသွားလေသည်။

"သောက်ကျိုးနည်း..."

သူ ခြေထောက်အောက်ရှိ ခွန်အားများကို ပြန်ရုပ်လိုက်ရပြီး ခန္ဓာကိုယ်ကို ဆက်လက် မထိန်းချုပ်နိုင်တော့။ တွင်းထဲသို့ ပြုတ်ကျသွားလေတော့သည်။

လည်ထွက်သွားသော ကြမ်းခင်းပြားက ပြန်လည်လှည့်ပတ်လာပြီး မူလအနေအထားသို့ ပြန်ရောက်သွားသည်။

ယဲ့ဖန်တစ်ယောက် ဥမင်ထဲတွင် ပျောက်ကွယ်သွားလေပြီ။

"ယဲ့ဖန်..."

ရွှီကျင်းရှင်း၊ ကျူးရှောင်ကျောင်း၊ လန်ရှင်းယွဲ့၊ အားချန်နှင့် ကောင်းကင်ဝံပုလွေအဖွဲ့သား လေးယောက်တို့သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။

သူတို့သည် ယဲ့ဖန်ကို ကယ်တင်ရန် အတင်းပြေးဝင်ချင်ကြသော်လည်း ယခုအချိန်တွင် မြှားများက အရပ်မျက်နှာအနှံ့ ပျံသန်းနေကြရာ ဝင်တိုးခြင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် မခြားပေ။

ထို့အပြင် တွင်းအောက်ခြေတွင် မရေမတွက်နိုင်သော ထက်ရှသည့် ဓားသွားများ ရှိနေသည်။ တစ်ခါပြုတ်ကျသွားသည်နှင့် ချက်ချင်း သေဆုံးသွားမှာ သေချာသည်။

သူတို့ နောက်ဆက်တွဲ အကျိုးဆက်များကို တွေးပင် မတွေးရဲကြ။

"ကျူးရှောင်ကျောင်း" (ဖူမာကျန်းဝူ) သည် ကြမ်းပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားသည်။ သူမ၏ မျက်ဝန်းများတွင် အသက်မဲ့နေပြီး ယဲ့ဖန် ပျောက်ကွယ်သွားသော နေရာကိုသာ ငေးကြည့်နေမိသည်။

သခင်ဖြစ်သူနှင့် အတူကုန်ဆုံးခဲ့သော အမှတ်တရများ သူမ၏ ခေါင်းထဲတွင် တရိပ်ရိပ် ပေါ်လာပြီး မျက်ရည်များက ပါးပြင်ပေါ်သို့ တိတ်တဆိတ် စီးကျလာလေသည်။

ယခုအချိန်တွင် သူမသည် ဘယ်သူ့အဖြစ်မှ ဟန်ဆောင်မနေချင်တော့။

သခင် ချစ်မြတ်နိုးသော ဖူမာကျန်းဝူအဖြစ် ပြန်နေချင်ပြီး သခင့်ဘေးနားတွင်သာ ရှိနေချင်တော့သည်။

‘သခင်... ကျွန်မကို မလိုချင်တော့ဘူးလား... ကျွန်မက စကားနားမထောင်လို့လားဟင်...

ကျွန်မ နောက်ဆို သခင် စိတ်ဆိုးအောင် ဘယ်တော့မှ မလုပ်တော့ပါဘူး... ကျေးဇူးပြုပြီး ကျွန်မကို ထားမသွားပါနဲ့နော်…’

ရွှီကျင်းရှင်းလည်း ခေါင်းမူးသွားသလို ခံစားလိုက်ရပြီး မတ်တပ်ရပ်ဖို့ပင် မနည်းကြိုးစားနေရသည်။

ယခုအချိန်ထိ ယဲ့ဖန် ဒုက္ခရောက်သွားသည်ကို သူမ မယုံကြည်နိုင်သေး။

ဒီမြင်ကွင်းက ရုတ်တရက်ဆန်လွန်းသည်။ သူမ ပြင်ဆင်ချိန်ပင် မရလိုက်။

‘မဖြစ်နိုင်ဘူး... သူ သေချာပေါက် အဆင်ပြေမှာပါ...

ဒီလူက အမြဲတမ်း အရာရာကို စွမ်းဆောင်နိုင်ခဲ့တာပဲ... သူ ဒီလောက် တိတ်တဆိတ်နဲ့ သေသွားမှာ မဟုတ်ဘူး...

သူက သူရဲကောင်းတစ်ယောက်လေ... ဘယ်လိုလုပ် နာမည်မရှိတဲ့ နေရာမှာ သေသွားနိုင်မှာလဲ…’

အားချန်လည်း ထိုနေရာတွင် ကြောင်တောင်တောင် ရပ်နေမိသည်။ သူ့ခေါင်းထဲတွင် ဗလာဟင်းလင်း ဖြစ်နေ၏။

သူသည် ယဲ့ဖန်နှင့် ရင်းနှီးခဲ့ရသည်မှာ မကြာသေးသော်လည်း ယဲ့ဖန်၏ အစွမ်းအစကို လေးစားခဲ့ရတာ ကြာလေပြီ။

အစပိုင်းတွင် သူသည် ယဲ့ဖန်၏ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရသဖြင့် ယဉ်ကျေးချင်ယောင် ဆောင်ခဲ့ရသည်။ သို့သော် သူနှင့် ပိုမိုထိတွေ့ဆက်ဆံလာရလေလေ၊ ထိုလူငယ်၏ အစွမ်းထက်သော ခွန်အားနှင့် လူစွမ်းကောင်းကဲ့သို့ သတ္တိများကို ပိုမိုယုံကြည်လာလေလေ ဖြစ်သည်။

ဒီလူငယ်နောက် လိုက်ပါက သူသည် ကြီးကျယ်သော အောင်မြင်မှုများကို ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။

သို့သော် ဒါက အစပဲ ရှိသေးသည်။ အခု ပြီးဆုံးသွားပြီလား။

လန်ရှင်းယွဲ့လည်း လမ်းကြောင်းကို ကြောင်ငေးကြည့်နေမိသည်။ သူမ၏ ခံစားချက်များ ရောထွေးနေ၏။

အထူးသဖြင့် ပထမလမ်းကြောင်းကို ဖြတ်သန်းစဉ် အရေးကြီးသော အချိန်တွင် သူက သူမ၏အသက်ကို ကယ်တင်ခဲ့သည်ကို ပြန်တွေးမိသောအခါ ပို၍ ခံစားရသည်။

အခုတော့ သူသည် ယန္တရားအောက်တွင် သေဆုံးသွားခဲ့လေ၏။ ဤကြီးမားသော ကွာခြားချက်က သူမကို ခဏတာ တုံ့ပြန်နိုင်စွမ်း မရှိအောင် ဖြစ်စေသည်။

တချိန်တည်းမှာပင် ကောင်းကင်ဝံပုလွေအဖွဲ့သား လေးယောက်မှာ ထိတ်လန့်တုန်လှုပ်နေကြပြီ။

သူတို့သည် ယဲ့ဖန်ကို သခင်အဖြစ် သတ်မှတ်ထားကြသော်လည်း ယခုလို အခြေအနေရောက်မှတော့ သူတို့ ဘာမှမကူညီနိုင်တော့။ သခင်ဖြစ်သူ သေဆုံးသွားသည်ကိုသာ လက်ပိုက်ကြည့်နေရုံမှတစ်ပါး အခြားမရှိ။

သူတို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပြီး ဝမ်းနည်းနေကြ၏။

ယုံချင်သည်ဖြစ်စေ၊ မယုံချင်သည်ဖြစ်စေ အမှန်တရားက မျက်စိရှေ့မှောက်တွင် ရှိနေသည်။

သူတို့သည် ယဲ့ဖန် ထောင်ချောက်ထဲ ကျသွားသည်ကိုသာ ကြည့်နေနိုင်ခဲ့ကြ၏။ သူ လွတ်မြောက်ဖို့ အခွင့်အလမ်း မရှိတော့။

တစ်ခဏအတွင်း ငိုသံများနှင့် အော်ဟစ်သံများက လမ်းကြောင်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

မကြာမီ မြှားမိုးရွာခြင်း ရပ်တန့်သွားသည်။

လူတိုင်း စိတ်မရှည်တော့ဘဲ လမ်းကြောင်းထဲသို့ ပြေးဝင်ရန် ပြင်လိုက်ကြ၏။

ယဲ့ဖန် သေဆုံးသွားပြီ ဆိုလျှင်တောင် သူ့အလောင်းကို ပြန်ယူနိုင်ဖို့ နည်းလမ်းရှာရမည်။ သူ့ကို ဒီနေရာမှာ ထာဝရ အိပ်စက်ခွင့် မပေးနိုင်။

သို့သော် သူတို့ ခြေလှမ်းနှစ်လှမ်းခန့်သာ လှမ်းရသေးချိန်တွင် လူတိုင်းကို ကြောင်အသွားစေသည့် မြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။

စောစောက ယဲ့ဖန် ပြုတ်ကျသွားခဲ့သော ကြမ်းခင်းပြားက ရုတ်တရက် နှစ်ချက်ခန့် လှုပ်ခါသွားသည်။

လူတိုင်း ခြေလှမ်းတုံ့သွားပြီး ကြမ်းခင်းပြားကို စိုက်ကြည့်နေမိကြ၏။

ထို့နောက် လက်တစ်ဖက်က ကြမ်းခင်းပြားကြားမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ပြီးတော့ ဒုတိယလက်တစ်ဖက်...

"ယဲ့ဖန်... သူ မသေသေးဘူး..."

ရွှီကျင်းရှင်းက ထိုလက်တစ်စုံကို ကြည့်ပြီး မရေရွတ်ဘဲ မနေနိုင်တော့။ သူမ ထိန်းချုပ်ထားသမျှ မျက်ရည်များက ရုတ်တရက် စီးကျလာလေတော့သည်။

တချိန်တည်းမှာပင် လူရိပ်တစ်ခုက ကြမ်းခင်းပြားအောက်မှ ရုတ်တရက် ခုန်ထွက်လာပြီး အပြင်ဘက် ကျောက်ပြားပေါ်သို့ ရောက်ရှိလာသည်။

ယဲ့ဖန်မှတစ်ပါး ဘယ်သူဖြစ်နိုင်ဦးမည်နည်း။

"ယဲ့ဖန်... ရှင် အဆင်ပြေရဲ့လား..."

ကျူးရှောင်ကျောင်းက ပါးစပ်ကို လက်ဖြင့် အုပ်ကာ မယုံကြည်နိုင်စွာ မေးလိုက်၏။ သူမ ငိုလည်းငို၊ ရယ်လည်း ရယ်နေမိသည်။

"ဟားဟားဟား... မစ္စတာယဲ့က ကံဇာတာ ပါလာမှန်း ကျွန်တော် သိသားပဲ... ဘယ်လိုလုပ် ဒီလောက်လွယ်လွယ် သေပါ့မလဲ..."

အားချန်က ထိန်းချုပ်မထားတော့ဘဲ အားပါးတရ ရယ်မောလိုက်၏။

ရွှီကျင်းရှင်းက ဘာမှမပြောသော်လည်း ကျေနပ်ပီတိဖြစ်သော အပြုံးတစ်ခု ပြုံးလိုက်၏။

ကောင်းကင်ဝံပုလွေအဖွဲ့သား လေးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ဖက်ကာ ရူးသွပ်စွာ အောင်ပွဲခံနေကြ၏။

"ဒီလောက်ဖြစ်တာတောင် မသေဘူးလား... သူက ကံကောင်းလွန်းမနေဘူးလား..."

လန်ရှင်းယွဲ့လည်း မယုံကြည်နိုင် ဖြစ်နေသည်။

သူမ ကိုယ်တိုင် ထိုယန္တရားထဲ ပြုတ်ကျဖူးသဖြင့် ဘယ်လောက် ကြောက်စရာကောင်းမှန်း သိသည်လေ။

ပြုတ်ကျသွားတဲ့ ဘယ်သူမဆို အသက်ရှင်ဖို့ လမ်းမရှိတော့။

သို့သော်လည်း၊ ဒီလူက အသက်ရှင်နေသေးတယ်။

ဒါက တကယ့်ကို အံ့ဖွယ်ပါပဲ။

ယဲ့ဖန် သေဘေးမှ လွတ်မြောက်လာသော်လည်း ကံတရား ဖေးမမှုကြောင့်ဟု မတွေးဘဲ မနေနိုင်ပေ။

ကံကောင်းစွာပင် သူသည် တွင်းထဲသို့ ဘေးတိုက် ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။ အရေးကြီးသော အချိန်တွင် သူသည် လက်နှင့် ခြေထောက်များကို အသုံးပြုပြီး တွင်းနံရံနှစ်ဖက်ကို ကန်ကျောက်ကာ တွယ်ကပ်ထားလိုက်နိုင်ခဲ့သည်။

ထိုအချိန်တွင် ဓားသွားထိပ်ဖျားများသည် သူ့ခန္ဓာကိုယ်နှင့် ဆယ်စင်တီမီတာလောက်သာ ကွာဝေးတော့သည်။

အကယ်၍ သူသာ နည်းနည်းလေး ဆက်ကျသွားခဲ့လျှင် အပေါက်ပေါင်းများစွာ ဖောက်ထွင်းခံလိုက်ရပြီး သေသွားလောက်ပြီ။

ထို့နောက် သူသည် လက်နှင့် ခြေထောက်များကို အားပြုကာ တဖြည်းဖြည်းချင်း အပေါ်သို့ တက်လာခဲ့ရသည်။

တကယ်လို့သာ တည့်တည့်ကြီး ပြုတ်ကျသွားခဲ့လျှင် အသက်ရှင်ဖို့ လမ်းစ ရှိတော့မှာ မဟုတ်။

ဒါက သူ့ဘဝမှာ သေမင်းနှင့် အနီးစပ်ဆုံး ဖြစ်ခဲ့သော အချိန်ဖြစ်လောက်သည်။

ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝပြီး အာဏာရှိပါစေ... မတော်တဆမှုတစ်ခု ဖြစ်လာသည့် အခါ အရာအားလုံးက အိပ်မက်တစ်ခုလိုပဲဆိုတာ သဘောပေါက်သွားရသည်။

သေခြင်းတရားကို ကြုံဖူးမှသာ အသက်ရှင်ရတာ ဘယ်လောက်ကောင်းလဲဆိုတာ သိလာရသည်။

သူ့ရင်ထဲက ကြောက်ရွံ့မှုကို ဖိနှိပ်လိုက်ပြီး အသင်းသားများကို လက်ပြလိုက်၏။

"စိတ်မပူကြပါနဲ့... ငါ အသက်ရှင်ပါသေးတယ်..."

ငရဲတံခါးဝကို ဖြတ်သန်းပြီးနောက် အသင်းသားများကို ပြန်ကြည့်လိုက်သောအခါ သူတို့နှင့် ပိုပြီး ရင်းနှီးသွားသလို ခံစားလိုက်ရသည်။

သံသယရှိစရာကောင်းတဲ့ လန်ရှင်းယွဲ့တောင် အနည်းငယ် ချစ်စရာကောင်းနေသလိုလို။

"သူခိုးဘုရင်... ရှင်က ဘာလို့ လိုက်ငိုနေရတာလဲ..."

ကျူးရှောင်ကျောင်းက မျက်ရည်သုတ်ရင်း အရူးတစ်ယောက်လို ငိုနေသော အားချန်ကို ကြည့်ကာ မေးလိုက်၏။

"ရွှတ်..ရွှတ်.. ကျွန်တော် ငိုနေတာ မဟုတ်ပါဘူးဗျာ... လေနဲ့ သဲတွေက ပြင်းလွန်းလို့ မျက်လုံးထဲ ဝင်ပြီး စပ်နေတာပါ..."

အားချန်က မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီး ဆက်လက် ခေါင်းမာနေသည်။

အသင်းသားများမှာ ငိုတစ်လှည့် ရယ်တစ်လှည့်နှင့် အခြေအနေက အတော်လေး ရှက်စရာကောင်းနေသည်။

ယဲ့ဖန်က သူ့ခံစားချက်များကို ပြန်လည် ထိန်းသိမ်းလိုက်ပြီး ကျန်ရှိသော ခရီးလမ်းကို ဆက်လက် ဖြတ်သန်းလိုက်၏။

ဖုံးကွယ်ထားသော ယန္တရားသည် တစ်ကြိမ်သုံး ယန္တရားဖြစ်ပြီး မြှားများ ဆက်လက် ပစ်ခတ်ခြင်း မရှိတော့ပေ။

ထို့နောက်ပိုင်းတွင် အခြေအနေက ပို၍ ချောမွေ့သွားသည်။ သူသည် လမ်းကြောင်းအဆုံးသို့ ဘေးကင်းစွာ ရောက်ရှိသွားသည်။

ရွှီကျင်းရှင်းနှင့် ကျန်သူများမှာ နောက်ဆုံးတွင် စိတ်အေးသွားကြပြီး ယဲ့ဖန် အသက်နှင့်ရင်းကာ ရှာဖွေပေးခဲ့သော လမ်းကြောင်းအတိုင်း လိုက်ပါလာကြ၏။

နှစ်ဖက် ပြန်လည်ဆုံတွေ့ကြသောအခါ "ကျူးရှောင်ကျောင်း" က ဘာကိုမှ ဂရုမစိုက်တော့ဘဲ ယဲ့ဖန်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ဖက်ထားလိုက်လေသည်။

"သခင်... ယဲ့ဖန်... စောစောက ကျွန်မကို သေအောင် လှန့်နေတာလား... ရှင် သေပြီလို့ ကျွန်မ ထင်လိုက်တာ... ရှင်သေရင် ကျွန်မလည်း မနေချင်တော့ဘူး..."

ကျန်တဲ့လူတွေက သူမလို လုပ်မှာ မဟုတ်သော်လည်း သူတို့မျက်နှာတွေပေါ်မှာ စိုးရိမ်ပူပန်မှုတွေ အပြည့်ပါပဲ။

ယဲ့ဖန်မှာ ရှက်လည်းရှက်၊ ကြည်နူးလည်း ကြည်နူးရသဖြင့် "ကျူးရှောင်ကျောင်း" ကို ခဏလောက် အဖက်ခံထားလိုက်၏။ ပြီးမှ တိုးတိုးလေး သတိပေးလိုက်၏။

"တော်ပါတော့... လူတွေ အများကြီး ကြည့်နေတယ်..."

"ကျူးရှောင်ကျောင်း" က မျက်ရည်များကြားမှ ပြုံးလိုက်သော်လည်း သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲ။

လွှတ်ပေးလိုက်လျှင် ယဲ့ဖန် ပျောက်သွားမှာ ကြောက်နေသလိုပါပဲ။

All Chapters