အငြင်းပွားမှု ဖလှယ်ကြခြင်း
Vol. 3 Ch. 21
နောက်ထပ် နှစ်ပတ် ကြာသွားခဲ့ပြန်သည်။
ဝူတန်ဂိုဏ်း၏ တောင်းဆိုချက်အရ ရှောင်လင် ဘုန်းကြီးကျောင်းသည် နတ်ဆိုးဂိုဏ်းကို မည်သို့ ကိုင်တွယ်ရမည်ကို ဆွေးနွေးရန်အတွက် ၎င်းတို့၏ အသန်မာဆုံး အဖွဲ့ဝင်အချို့ကို ဝူတန်တောင်သို့ စေလွှတ်ခဲ့သည်။
ဝူတန်ဂိုဏ်းသည် နတ်ဆိုးဂိုဏ်း ပြန်လည် အင်အားကြီးလာသည့် သတင်းကို အခြားဂိုဏ်းအားလုံးသို့ အသိပေးရန် လူလွှတ်ထားပြီး ဖြစ်သော်လည်း။
အမှန်တရားကို ယုံကြည်လိုသည့် ဂိုဏ်းမှာ အလွန်နည်းပါးလှသည်။
"ကုလားအုတ်ငှက်ကဲ့သို့ အန္တရာယ်ကို မျက်ကွယ်ပြုတတ်သည့် စိတ်ဓာတ်" သည် ဂိုဏ်းအသီးသီးတို့၏ အတွေးအခေါ်တို့မှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
(TN Note - ကုလားအုတ်ငှက်ကဲ့သို့ အန္တရာယ်ကို မျက်ကွယ် ပြုတတ်သည့် စိတ်ဓာတ် ဆိုတာကလေ ရှေးယခင်က သဲကန္တာရမှာ ကျက်စားနေထိုင်ခဲ့တဲ့ လူတွေရဲ့ အယူအဆမှားတစ်ခုပေါ့နော် ကုလားအုတ်ငှက်တွေက အန္တရာယ်တစ်ခုခု ကြုံလာရင် သူတို့ရဲ့ ခေါင်းကို သဲထဲ မြုပ်ထားတတ်ကြတာ အဲ့ဒါဆိုရင် ရန်သူက သူတို့ကို မမြင်နိုင်တော့ဘူး သူတို့ အန္တရာယ်ကင်းပါတယ်ပေါ့ အဲ့လို သဘောတရားကို ဆိုလိုချင်တာပါ။ ဖတ်ရတာလေး ထောက်နေမှာစိုးလို့ အစ်မ ဘက်ကနေ နည်းနည်း googling လုပ်ထားတာပါ တစ်စုံတစ်ရာ လွဲမှားတာရှိခဲ့ရင်လည်း ပြောပြပေးလို့ ရပါတယ်နော် ^^)
ဗဟိုလွင်ပြင်ရှိ နှစ်ပေါင်းသုံးဆယ်ကြာ ငြိမ်းချမ်းမှုသည် ကိုယ်ခံပညာရှင် များစွာ၏ တိုက်ခိုက်လိုစိတ်ကို တိုက်စားသွားခဲ့ပြီး ဖြစ်သည်။
သို့သော် ရှောင်လင် ဘုန်းကြီးကျောင်းသည် သိုင်းလောက၏ မဏ္ဍိုင်တစ်ခု ဖြစ်သည့်အလျောက် ဝူတန်ဂိုဏ်းအပေါ်ကို ယုံကြည်ရန် ဆန္ဒရှိခဲ့သည်။
ဤအကြောင်းကြောင့်ပင် ရှောင်လင် ကျောင်းထိုင်ဆရာတော်သည် ကျောင်းတော်အတွင်း၌ အကြွင်းမဲ့ အင်အားကို ချန်ထားခဲ့ခြင်း ဖြစ်သည်။
ကျောင်းထိုင်ဆရာတော် အပါအဝင် ပထမအဆင့် ကိုယ်ခံပညာရှင်များသည် ရှောင်လင် ဘုန်းကြီးကျောင်းတွင် စခန်းချနေကြသည်။
သူတို့သည် နတ်ဆိုးဂိုဏ်း၏ အလစ်အငိုက် တိုက်ခိုက်မှုကို အလွန် ကြောက်ရွံ့နေကြသည်။
ဝူတန်ဂိုဏ်းအတွင်း၌ ရှောင်လင် ဘုန်းကြီးကျောင်းသည် အမှန်တကယ် စိတ်ရင်းဖြင့် ကူညီပေးချင်စိတ်မရှိဟု မကျေမနပ် ပြောဆိုမှုများ ရှိခဲ့သောကြောင့် အလွန်အရေးကြီးသော ကိစ္စရပ်ကို ဆွေးနွေးရန်အတွက် ဝူတန်ဂိုဏ်းသည် အကြီးအကဲ အချို့နှင့် လူငယ်တပည့် အနည်းငယ်ကိုသာ စေလွှတ်ခဲ့သည်။
သူတို့သည် နတ်ဆိုးဂိုဏ်းကို အလေးအနက် လုံးဝ မထားပုံရပေ။
သို့သော် ကျောင်းထိုင်ဆရာတော်နှင့် ဂိုဏ်းအသီးသီးမှ အကြီးအကဲများအတွက်မူ ရှောင်လင် ဘုန်းကြီးကျောင်းက ဤအချိန်တွင် ဆွေးနွေးရန် လူစေလွှတ်ပေးခြင်းသည်ပင် ဝူတန်ဂိုဏ်းကို အလွန် မျက်နှာသာ ပေးရာရောက်နေပြီ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဝူတန်ဂိုဏ်းသည် ယခင်ကလို အင်းအားကြီးသော ဂိုဏ်းမဟုတ်တော့ပေ။
ဂိုဏ်းအတွင်း၌ ပထမအဆင့် ကိုယ်ခံပညာရှင် တစ်ဦးတည်းသာ ရှိပြီး သူသည်လည်း တသီးပုဂ္ဂလ နေထိုင်သူ ဖြစ်သည်။
ကျောင်းထိုင်ဆရာတော်သည်ပင် ဒုတိယအဆင့်မှာ နှစ်ပေါင်းများစွာ ရပ်တန့်နေပြီး ဂိုဏ်းတစ်ခုချင်းစီ၏ အကြီးအကဲများမှာလည်း ဂုဏ်သိက္ခာ ထိန်းရုံသာရှိသော တတိယအဆင့် ကိုယ်ခံပညာရှင်များသာ ဖြစ်နေကြသည်။
ရှောင်လင် ဘုန်းကြီးကျောင်းနှင့် နှိုင်းယှဉ်ပါက များစွာ နိမ့်ပါးလွန်းလှသည်။
“ဝူတန်က ဝမ်ချဲဟာ အလားအလာရှိတဲ့ ထူးချွန်သူတစ်ဦးလို့ ကြားဖူးပါတယ်၊ ဒါပေမဲ့ နတ်ဆိုးဂိုဏ်းက သူလျှိုတစ်ယောက်ရဲ့ လက်ချက်နဲ့ ကြေကွဲဖွယ် သေဆုံးခဲ့ရတယ်ပေါ့"
“ကိုယ်တော်တို့ ဂိုဏ်းအနေနဲ့လည်း အကြီးအကဲတို့ ဂိုဏ်းအတွက် စိတ်မကောင်းဖြစ်ရပါတယ်!”
စကားပြောနေသူမှာ ရှောင်လင်မှ အကြီးအကဲ ကျန့်ရှင်း ဖြစ်သည်။
ယခုအချိန်တွင် “ယွမ်”မျိုးဆက် တပည့်များ ကွယ်လွန်သွားရုံသာမက “ယွမ်” မျိုးဆက်နောက်ပိုင်း ဆယ့်သုံးမျိုးဆက်လုံးသည်လည်း အခြေခံအားဖြင့် အားလုံး သေဆုံးကုန်ပြီ ဖြစ်သည်။
လွန်ခဲ့သော နှစ်သုံးဆယ်က ထိုတိုက်ပွဲအပြီးတွင် ကျန့် မျိုးဆက် အထက်ရှိ ချင့် မျိုးဆက် နှင့် ကျင့် မျိုးဆက်များမှ လူတစ်ဒါဇင်ခန့်သာ ကျန်ရှိတော့သည်။
လက်ရှိ ရှောင်လင် ကျောင်းထိုင်ဆရာတော်မှာ ကျင့် မျိုးဆက်မှ ဖြစ်ပြီး ဘွဲ့တော်မှာ ကျင့်ယွမ် ဖြစ်သည်။
(TN note - ရှောင်လင် အကြီးအကဲ နာမည်က ကျန့်ရှင်း ဖြစ်ပြီး၊ မျိုးရိုးကတော့ ကျင့် မျိုးရိုးပါ။ ဘွဲ့တော်က ကျင့်ယွမ်ပါ။ အမည်နာမ နဲ့ ဘွဲ့တော်က မတူပါဘူးနော်)
“ခင်ဗျားရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်"
“ဝမ်ချဲရဲ့ သေဆုံးမှုဟာ နတ်ဆိုးဂိုဏ်းက လုပ်ကြံခဲ့တာပါ"
“ကိုယ်တော်တို့ ဝူတန်ဂိုဏ်းဟာ ဒီအကြွေးကို နတ်ဆိုးဂိုဏ်းနဲ့ အနှေးနဲ့အမြန် ရှင်းမှာပါ"
ကျောင်းထိုင်ဆရာတော်က အေးစက်စွာ ပြောသည်။
ယနေ့တိုင် ဝူတန်ဂိုဏ်းသည် ဝမ်ချဲ သေဆုံးရသည့် အကြောင်းရင်း အမှန်ကို မသိသေးပေ။
အမှန်တရားကို သိသည့် တစ်ဦးတည်းသောသူ လင်ချွမ်က နှုတ်ဆိတ်နေသောကြောင့် ဝူတန်ဂိုဏ်းအနေဖြင့် နတ်ဆိုးဂိုဏ်းမှ လုပ်ခဲ့သော အမူဟုသည် ဆုံးဖြတ်ချက် ချနိုင်သည်။
အနည်းဆုံးတော့ လက်ရှိတွင် ဝူတန်ဂိုဏ်းသည် ဝမ်ချဲ သေဆုံးမှုကို နတ်ဆိုးဂိုဏ်း၏ အပြစ်ဟုသာ ပုံချထားသည်။
၎င်းကို တပည့်များ ကျင့်ကြံအားထုတ်လာစေရန် လှုံ့ဆော်သည့် နည်းလမ်းတစ်ခုအဖြစ်လည်း မှတ်ယူနိုင်သည်။
“လွန်ခဲ့တဲ့ အချိန်ကာလတုန်းက ခင်ဗျားတို့ဂိုဏ်းဟာ ရှောင်လင် ဘုန်းကြီးကျောင်းကို နတ်ဆိုးဂိုဏ်းအကြောင်း ပြောဖို့ လူ နှစ်ကြိမ် စေလွှတ်ခဲ့တယ်"
“ကိုယ်တော်တို့ဂိုဏ်းကလည်း ဒါကို အလေးအနက် ထားပါတယ်"
“ဒါပေမဲ့ အထောက်အထား မရှိဘဲနဲ့ အခြားဂိုဏ်းတွေကို ဖျောင်းဖျဖို့ လူလွှတ်ရင်တော့ အလွန် ခက်ခဲပါလိမ့်မယ်"
“နတ်ဆိုးဂိုဏ်းက ဝူတန်တောင်ကို ကျူးကျော်ခဲ့တယ်ဆိုတဲ့ အထောက်အထား တကယ်ရှိရင် ကိုယ်တော်တို့ မြင်တွေ့ရအောင် တင်ပြပေးရပါမယ်!”
ကျန့်ရှင်းက ကျောင်းထိုင်ဆရာတော်ကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။
သူသည် ဤစကားကို ပြောရာတွင် အခြားသော ရည်ရွယ်ချက် မပါဝင်နိုင်ပေ။
သို့သော် ဝူတန်ဂိုဏ်းသည် ကျင့်ကြံရေးဆိုင်ရာ သတင်းအချက်အလက်များကို လိမ်ညာနေသည်ဟူသော သံသယများ သတင်းပြန့်နေချိန်တွင် ကျန့်ရှင်းက ဝူတန်ဂိုဏ်းအပေါ် မေးခွန်းထုတ်လာခြင်း ဖြစ်သည်။
၎င်းက ဝူတန် တပည့်များကို အလွန် စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
“ခင်ဗျား ဘာကို ဆိုလိုတာလဲ?”
“နတ်ဆိုးဂိုဏ်းက ဝူတန်ဂိုဏ်းကို ကျူးကျော်တယ်လို့ လိမ်ညာရဲမယ် ထင်နေလား?”
“ရှောင်လင် ဘုန်းကြီးကျောင်းကတော့ ကျိုးကြောင်းဆီလျော်မယ်လို့ ကျွန်တော် ထင်ခဲ့တာ၊ ဒါပေမဲ့ ခင်ဗျားတို့ကလည်း သိုင်းလောကက ဒုတိယတန်းစား ဂိုဏ်းတွေလိုပဲ—အားလုံးဟာ ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေတဲ့ လူကြောက်တွေပဲဖြစ်နေမယ်လို့ မမျှော်လင့်ခဲ့ဘူး!”
လင်ရှောင် က ဒေါသတကြီး ပြောလိုက်သည်။
ဤစကားများသည် အစကတည်းက မကျေမနပ် ဖြစ်နေသော၊ တင်းမာနေသော လေထုကို ချက်ချင်း ပေါက်ကွဲသွားစေသည်။
ရှောင်လင် တပည့်များကလည်း ထရပ်ကာ ဝူတန်ကို ဒေါသတကြီး ပြန်ပြောရန် ပြင်ကြသည်။
ခဏချင်းမှာပင် ဆွေးနွေးပွဲသည် အငြင်းပွားပွဲ ဖြစ်သွားသည်။
ကျောင်းထိုင်ဆရာတော်က မတားဆီးခဲ့လျှင် ထိုဂိုဏ်းနှစ်ခုမှာ စတင် တိုက်ခိုက်နေကြပြီ ဖြစ်လိမ့်မည်။
ဂိုဏ်းနှစ်ခု အငြင်းပွားနေချိန်တွင်။
ဝူတန်တောင်ခြေ၌မူ အေးချမ်းသော နေရာတစ်ခု ရှိနေသည်။
သို့သော် လင်ချွမ် တစ်ယောက်တည်း နေချင်တိုင်း နေလို့မရအောင် အဖိုးကြီး ယင်ဟွိုက်ယွီသည် မသင့်တော်သော အချိန်များတွင် အမြဲ ပေါ်လာတတ်သည်။
“အကြီးအကဲ"
“ရှောင်လင် တပည့်တွေ ရောက်နေကြတယ်"
“ဒါပေမဲ့ ပြဿနာက အဖြေ မထွက်သေးဘူး"
“အကြီးအကဲမှာ ဖြေရှင်းနည်း တစ်ခုခု မရှိဘူးလား?”
ယင်ဟွိုက်ယွီက စိတ်ပျက်သော အမူအရာဖြင့် ပြောသည်။
သူ့ရှေ့မှ လင်ချွမ်မှာ မျက်လုံးများ မှိတ်ထားပြီး မျက်မှောင်ကြုတ်နေသည်။
သူသည် မူလက နတ်ဆိုး နှိမ်နင်းရေး မျှော်စင်အောက်တွင် နှိမ်နင်းခံထားရသော နတ်ဆိုးများ တကယ်ရှိမရှိ သွားကြည့်ရုံသာ ဖြစ်သည်။
မမျှော်လင့်ဘဲ သူသည် ပြဿနာနှင့် တည့်တိုးခဲ့သည်။
ထိုနေ့က အပြင်မထွက်မီ နက္ခတ်တစ်ခုခုကို မကြည့်မိခဲ့သလားဟုပင် သူ တွေးတောမိသည်။
(TN note - တို့ မြန်မာ အယူအဆလိုမျိုးပဲ ရက်ရာဇာ လား၊ ပြဿဒါး လား သူမကြည့်မိခဲ့ခြင်းကို ဆိုလိုတာပါ ^^)
ဤအရာအားလုံး ဖြစ်ပျက်ပြီးနောက်တွင်အဆင်ပြေပြီဟု ထင်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် နတ်ဆိုးသခင်နှင့် အရိပ်နတ်ဆိုး တို့သည် ပြာပင် မကျန်ဘဲ သေဆုံးသွားခဲ့ပြီ။
ကျောင်းထိုင်ဆရာတော်နှင့် အကြီးအကဲများ အားလုံးသည် နတ်ဆိုးသခင်သည် ဝူတန်တောင်မှ လွတ်မြောက်သွားပြီဟု မလွဲမသွေ ယုံကြည်ကြပေလိမ့်မည်။
သို့သော် ယင်ဟွိုက်ယွီကမူ ပါးနပ်သောသူ ဖြစ်ကြောင်း သူ မေ့သွားခဲ့သည်။
အဖိုးကြီးသည် သွေးကန် ငါးကန်ကို လင်ချွမ်နှင့် ချက်ချင်း ဆက်စပ်တွေးတောနိုင်ခဲ့သည်။
ထို့ကြောင့် ထိုသူသည် သူ့အား နေ့စဉ်ရက်ဆက် လာရောက် နှောင့်ယှက်နေခဲ့ခြင်း။
နောက်ဆုံးတွင် လင်ချွမ်သည် အခြားရွေးချယ်စရာ မရှိတော့ဘဲ ယင်ဟွိုက်ယွီကို အမှန်အတိုင်း ပြောပြလိုက်ရသည်။
မမျှော်လင့်ဘဲ သူသည် ကျေးဇူးတင်ရမည့်အစား ရှောင်လင် ဘုန်းကြီးကျောင်းက အထောက်အထား မြင်ချင်သည်ဟု ဆိုကာ သူ့ကို နေ့တိုင်း လာရောက် နှောင့်ယှက်နေပြန်သည်။
“အကြီးအကဲ"
“ကျွန်တော်က ကျေးဇူးမသိတတ်တာ မဟုတ်ပါဘူး"
“လင်ရှုဟာ နတ်ဆိုးဂိုဏ်းရဲ့ သူလျှို ဖြစ်ပေမဲ့ သူ့မှာ နတ်ဆိုးဂိုဏ်းရဲ့ သူလျှို ဆိုတဲ့ ဘယ်လက္ခဏာမှ မရှိဘူး"
“နောက်ဆုံးတော့ စစ်ပွဲနတ်ဆိုးကို ဖမ်းမိခဲ့ပေမဲ့ ခင်ဗျားက သူ့ကို အပေါက်တွေ အပြည့်ဖြစ်အောင် လုပ်လိုက်တယ်၊ အကြီးအကဲ"
“နတ်ဆိုးသခင်နဲ့ နတ်ဆိုးအရိပ် ငါးခုဆိုရင်တောင် သွေးမှုန်ကန်တစ်ခုကလွဲလို့ ဘာမှ မကျန်ခဲ့ဘူး"
“ရှောင်လင် ဘုန်းကြီးကျောင်း ယုံကြည်အောင် ပြဖို့ ကျွန်တော်တို့မှာ ဘာအထောက်အထားမှ မရှိဘူး!”
ယင်ဟွိုက်ယွီက စိတ်ပျက်လက်ပျက် မျက်နှာဖြင့် ပြောသည်။
သူက ပြစ်တင်ပြောဆိုနေခြင်း မဟုတ်ဘဲ လင်ချွမ်၏ လုပ်ရပ်က ပြင်းထန်လွန်းသောကြောင့် ဖြစ်သည်။
လူတစ်ယောက်ကို သတ်ဖို့အတွက် ဓားပေါင်း တစ်သောင်းကို ဆင့်ခေါ်ဖို့ တကယ်ပဲ လိုအပ်သလား?
အဆိုးရွားဆုံးမှာ နတ်ဆိုးသခင်နှင့် အရိပ်နတ်ဆိုးတို့ ဖြစ်သည်။
လင်ချွမ်က ၎င်းတို့ကို သွေးတစ်ကန်သာ ကျန်အောင် မည်သည့်နည်းလမ်းဖြင့် ရှင်းထုတ်လိုက်သည်ကို သူ တကယ် မသိပေ။
“တော်တော့"
လင်ချွမ်က အသံနက်ဖြင့် အော်လိုက်သည်။
သူသည် စိတ်မရှည်စွာဖြင့် မျက်လုံးများကို ဖွင့်လိုက်ပြီး ယင်ဟွိုက်ယွီကို စိုက်ကြည့်လိုက်သည်။
“ရှောင်လင် ဘုန်းကြီးကျောင်း လိုချင်တဲ့ အထောက်အထားကို ခင်ဗျားအတွက် ကျွန်တော် ရှာပေးနိုင်ပါတယ်"
“ဒါပေမဲ့ ဒီကိစ္စပြီးရင် နောက်ထပ် မနှောင့်ယှက်တော့ဘူးလို့ ကတိပေးရမယ်"
လင်ချွမ်က မျက်မှောင်ကြုတ်ကာ ပြောသည်။
“သေချာတာပေါ့!”
ယင်ဟွိုက်ယွီသည် အလွန် ဝမ်းသာသွားသည်။
လင်ချွမ်းအပေါ် ဤကဲ့သို့ ပြုမူခြင်းသည် မသင့်တော်ကြောင်း သူသိသော်လည်း သူ့မှာ အခြား ရွေးချယ်စရာ မရှိတော့ပေ။
“ဟွန့်!”
လင်ချွမ်းက နှာခေါင်းရှုံ့လိုက်ပြီး ဆက်ပြောသည်-
“ဝမ်ချဲရဲ့ အလောင်းကို ကျောင်းထိုင်ဆရာတော်က ထိန်းသိမ်းထားတယ် မဟုတ်လား?”
“သူက နတ်ဆိုးဂိုဏ်းရဲ့ အဖွဲ့ဝင် တစ်ယောက်ပဲ"
ဤစကားကို ကြားသောအခါ ယင်ဟွိုက်ယွီ ထိတ်လန့်သွားသည်။
ယခင်က ကျောင်းထိုင်ဆရာတော်နှင့် အကြီးအကဲများသည် ဝမ်ချဲနှင့် ကျန်းဟဲတို့ သေဆုံးမှုကြောင့် သူ့ထံ လာရောက်ခဲ့ကြသည်။
သို့သော် ၎င်းတို့က ဝမ်ချဲသည် နတ်ဆိုးဂိုဏ်းမှ သူလျှိုတစ်ဦး၏ လက်ချက်ဖြင့် အသတ်ခံရခြင်းဖြစ်သည်ဟု အခိုင်အမာ ပြောခဲ့ကြသည်။
သို့သော် လင်ချွမ်၏ အဆိုအရ ဝမ်ချဲသည် နတ်ဆိုးဂိုဏ်းဝင် တစ်ဦး ဖြစ်နေခဲ့သည်။
ဒါဆိုရင်...
“ဝမ်ချဲကို အကြီးအကဲ သတ်လိုက်တာလား?”
ယင်ဟွိုက်ယွီက အံ့အားသင့်စွာ မေးလိုက်သည်။
လင်ချွမ်က အတည်မပြုဘဲ ပခုံးတွန့်ပြလိုက်သည်။
ထို့နောက် သူသည် ထိုနေ့က ဖြစ်ပျက်ခဲ့သည်ကို အကျဉ်းချုပ် ပြန်ပြောပြလိုက်သည်။
“ဝမ်ချဲ ကျင့်ကြံတဲ့ ကိုယ်ခံပညာဟာ ကောင်းကင် ပိုးချည် နတ်ဆိုးပညာပဲ"
“ဒီလို နည်းစနစ်ရဲ့ ထူးခြားချက်က ကျင့်ကြံသူရဲ့ တစ်ကိုယ်လုံးကို ငွေရောင် ချည်မျှင်တွေနဲ့ ဖုံးလွှမ်းသွားစေတယ်"
“ပိုးအိမ်လိုမျိုး ခန္ဓာကိုယ်ထဲမှာ တည်ရှိနေလိမ့်မယ်"
“ဘာကိုဆိုလိုလဲဆိုတာ ကိုတော့ အကြီးအကဲကောင်းကောင်း သိသင့်ပါတယ်"
လင်ချွမ်က ယင်ဟွိုက်ယွီကို မော့ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။
ယင်ဟွိုက်ယွီသည် ဝူတန်ဂိုဏ်း၏ ပထမအဆင့် ကိုယ်ခံပညာရှင် ဖြစ်သည့်အလျောက်။
ကောင်းကင် ပိုးချည် နတ်ပညာကို မကျင့်ကြံဖူးလျှင်ပင် ထိုပညာရပ်၏ ထူးခြားချက်များကို သိရှိထားသင့်သည်။
ကောင်းကင် ပိုးချည် နတ်ဆိုးပညာနှင့် ကောင်းကင် ပိုးချည် နတ်ပညာတို့သည် မူလအစက တူညီခဲ့ကြပြီး ၎င်းတို့၏ ထူးခြားချက်များမှာလည်း များစွာ မကွဲပြားပေ။
ကျင့်ကြံသူ သေဆုံးသွားလျှင်ပင် ကောင်းကင် ပိုးချည်မျှင်များသည် အလောင်းအတွင်း၌သာ ဖုံးကွယ် ကျန်ရစ်လိမ့်မည်။
အလောင်း ပုပ်သိုးမသွားမချင်းပေါ့။
ကံကောင်းထောက်မစွာဖြင့် ကျောင်းထိုင်ဆရာတော်သည် ဝမ်ချဲကို အလွန်ချစ်မြတ်နိုးသောကြောင့် သေဆုံးသွားပြီ ဖြစ်သော်လည်း မြှုပ်နှံရန် ဝန်လေးနေခဲ့သည်။
ဝမ်ချဲ၏ အလောင်းကို ထုတ်ယူပြီး ခဏတာ စစ်ဆေးကြည့်ရုံဖြင့် သူသည် ကောင်းကင် ပိုးချည် နတ်ဆိုးပညာကို ကျင့်ကြံခဲ့ကြောင်း အဆုံးအဖြတ် ပေးနိုင်မည်ဖြစ်သည်။
ရလဒ်အနေဖြင့် ရှောင်လင် ဘုန်းကြီးကျောင်းသည် နတ်ဆိုးဂိုဏ်းသည် ဗဟိုလွင်ပြင်၏ သိုင်းလောကကို တဖန် ပြန်လည် ကျူးကျော်လာသည်ကို လက်ခံသွားရတော့မည် ဖြစ်သည်။