← Chapters

ဝင်မလား... မဝင်ဘူးလား

Vol. 77 Ch. 1509

ဝင်မလား... မဝင်ဘူးလား

Vol. 77 Ch. 1509

~ယဲ့ဖန်မှာ "ကျူးရှောင်ကျောင်း" ကို မတတ်သာဘဲ အဖက်ခံထားလိုက်ရပြီး ကျန်လူတွေဘက် လှည့်ကာ...

"လူတိုင်းကို စိတ်ပူစေမိတဲ့အတွက် တောင်းပန်ပါတယ်... ဒါပေမဲ့ ကံကောင်းလို့ သီသီလေး လွတ်လာခဲ့တယ်... အားလုံးပဲ ဘေးကင်းကင်းနဲ့ ဖြတ်သန်းလာနိုင်ခဲ့ကြပြီ..."

"မစ္စတာယဲ့ ပြုတ်ကျသွားတုန်းက ကျွန်တော့်နှလုံးသား ကွဲကြေလုမတတ်ပဲဗျာ... ကျွန်တော်ကတော့ မြှားတွေစူးပြီး သေရမယ် ဆိုရင်တောင် ခင်ဗျားကို ပြေးကယ်ချင်စိတ်တွေ တဖွားဖွား ပေါ်နေတာ..."

အားချန်ကလည်း ယဲ့ဖန်ကို ချစ်ခင်စုံမက်စွာ ကြည့်ရင်း ပြောလိုက်၏။

"ဟဲဟဲ... ဒါဆို ဘာလို့ စောစောက ပြေးမလာခဲ့တာလဲ..."

ယဲ့ဖန်က သူ့ကို တည့်တည့်မေးခွန်းထုတ်လိုက်၏။

"အဲ... အဲဒါက... ကျွန်တော်က ဝမ်းနည်းလွန်းလို့ လမ်းလျှောက်ဖို့တောင် အားမရှိတော့လို့ပါ... မဟုတ်ရင် ကျွန်တော် ပြေးလာမိမှာ..."

အားချန်က ဆက်ပြီး ပေါက်ကရတွေ ပြောနေပြန်သည်။ အထူးသဖြင့် သူ့မျက်နှာပေးက ရယ်စရာကောင်းလွန်းသဖြင့် လူတိုင်း ရယ်မောလိုက်ကြရသည်။

ယဲ့ဖန် ခဏလောက် ရယ်မောပြီးနောက် ပြန်လည် လေးနက်သွားသည်။

"ကဲ... ဘာပဲဖြစ်ဖြစ် လူတိုင်း ဘေးကင်းကင်းနဲ့ ဖြတ်သန်းလာနိုင်ခဲ့ကြပြီ... ပစ္စည်းတွေ သိမ်းပြီး ခရီးဆက်ကြရအောင်..."

လူတိုင်း ပစ္စည်းများကို ပြန်လည် စီစဉ်ပြီး အတွင်းပိုင်းသို့ ဆက်လက် ဝင်ရောက်လာကြ၏။

ရွှီကျင်းရှင်းက ရှေ့ဆုံးမှ ဦးဆောင်သည်။

သူမက ခံစားချက်ကို ထုတ်ဖော်ပြသရာမှာ မကျွမ်းကျင်သော်လည်း သူမ၏ လုပ်ရပ်တွေက ယဲ့ဖန်အပေါ် ထားရှိတဲ့ စိုးရိမ်ပူပန်မှုတွေကို တိတ်တဆိတ် ဖော်ပြနေတာပါပဲ။

ဒါကို ယဲ့ဖန် သတိထားမိပြီး ကြည်နူးသွားရသည်။

ထို့နောက် သူတို့သည် ကြမ်းတမ်းသော လမ်းကြောင်းအချို့သို့ ကွေ့ဝင်သွားကြ၏။ ကံကောင်းစွာပင် ထိုလမ်းကြောင်းများထဲ၌ ထောင်ချောက်များ ထပ်မရှိတော့သဖြင့် လူတိုင်း ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်ခဲ့ကြ၏။

မကြာမီ သူတို့သည် လမ်းကြောင်းအဆုံးသို့ ရောက်ရှိလာကြ၏။

ကြီးမားသော ကျောက်တံခါးကြီး တစ်ခု သူတို့ရှေ့တွင် ပေါ်လာသည်။

ကျောက်တံခါးကြီးသည် သုံးမီတာခန့် မြင့်ပြီး နှစ်မီတာခန့် ကျယ်ဝန်းသည်။

လူတိုင်းက ဒီကျောက်တံခါးကြီးကို ဖွင့်ဖို့အတွက် အားကုန်သုံးရဦးမည်ဟု ထင်မှတ်ထားကြ၏။

သို့သော် မျှော်လင့်မထားသော အရာ တစ်ခု ဖြစ်ပျက်သွားသည်။ ယဲ့ဖန်က ဖွဖွလေး တွန်းလိုက်ရုံဖြင့် ကျောက်တံခါးကြီး၏ တံခါးရွက်နှစ်ချပ်က "ကျွီ..." ဟူသော အသံနှင့်အတူ ပွင့်သွားလေတော့သည်။

"ဒီလောက် လွယ်လွယ်လေး ပွင့်သွားတာလား..."

လူတိုင်း အံ့အားသင့်သွားကြ၏။

ရတနာသိုက်ထဲ ဝင်ခါစတုန်းက အဲဒီကျောက်ပြားကြီးကို ဖွင့်ဖို့အတွက် သူတို့ ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့ရသည် မဟုတ်ပါလား။

ဒီနောက်ဆုံးအဆင့်က ဒီလောက် လွယ်ကူနေလိမ့်မည်ဟု ဘယ်သူ ထင်ထားမိမှာလဲ။

"ဝင်မလား... မဝင်ဘူးလား..."

လူတိုင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ဆုံးဖြတ်ချက် မချနိုင် ဖြစ်နေကြ၏။

အရင်လမ်းကြောင်းတွေတုန်းက ထောင်ချောက်တွေ အများကြီး ရှိခဲ့သော်လည်း၊ သူတို့ တွန့်ဆုတ်ခြင်း မရှိ ဝင်ရောက်ရဲခဲ့ကြ၏။

သို့သော်လည်း၊ ယခု တံခါးကြီးက သူတို့အတွက် ပွင့်နေပြီ ဆိုတော့မှ သူတို့ မရေမရာ ဖြစ်သွားကြ၏။

"ဘာတွေ တွန့်ဆုတ်နေကြတာလဲ... မင်းတို့က လေးသံကြားတဲ့ ငှက်တွေလို ဖြစ်နေကြပြီ..."

ယဲ့ဖန်က သူတို့ကို စနောက်လိုက်သော်လည်း လုံခြုံရေးအတွက် လူတိုင်းကို ဓာတ်ငွေ့ကာ မျက်နှာဖုံးများ ပြန်တပ်ခိုင်းလိုက်၏။ ပြီးမှ သူက ရှေ့ဆုံးမှ ဝင်သွားလေသည်။

ကျန်လူတွေလည်း ကိရိယာများ တပ်ဆင်ပြီးနောက် တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လာကြ၏။

အတွင်းဘက်တွင် စတုရန်းမီတာ တစ်ထောင်ကျော် ကျယ်ဝန်းသော ကျောက်ခန်းမကြီး တစ်ခု ရှိနေသည်။ တောင်အူကို ဖောက်ပြီး လူလုပ်ထားခြင်း ဖြစ်သည်။

နည်းပညာ နိမ့်ကျသော ချင်နှင့် ဟန်မင်းဆက်ခေတ်တုန်းက သည်လောက် ကြီးမားသည့် ကျောက်ခန်းမကြီးကို လူအင်အားနှင့် ဘယ်လို တူးဖော်ခဲ့သလဲဆိုတာ စဉ်းစား၍ပင် မရပေ။

ကျောက်ခန်းမကြီးထဲတွင် လက်နက်မျိုးစုံနှင့် ချပ်ဝတ် အင်္ကျီများ ပြည့်နှက်နေသည်။

အရေအတွက်အားဖြင့် သောင်းဂဏန်းအောက် မနည်းလောက်ပေ။ ကြည့်ရတာ အလွန် ခမ်းနားထည်ဝါလှ၏။

သို့သော် လူတိုင်း၏ အကြည့်များက ထိုလက်နက်များနှင့် ချပ်ဝတ်များပေါ်တွင် ကြာကြာ မရှိကြပေ။

ကျောက်ခန်းမကြီး၏ အလယ်တည့်တည့်တွင် သုံးမီတာခန့် မြင့်သော ကျောက်စင်မြင့် တစ်ခု ရှိနေသည်။

ကျောက်စင်မြင့်ပေါ်တွင် ရတနာပစ္စည်းမျိုးစုံကို တောင်ငယ်လေး တစ်လုံးပမာ ပုံထားသည်။

"ဟာ..."

လူတိုင်း အသက်ရှူမှားသွားကြ၏။

သူတို့ စူးစမ်းလေ့လာရေးအဖွဲ့ဝင်တွေက လောကကြီးကို မမြင်ဖူးသည့် တောသားတွေ မဟုတ်ကြဘူးလေ။

ယဲ့ဖန်ဆို ပြောနေစရာတောင် မလိုတော့။ သူ့ပိုင်ဆိုင်မှုတွေကို တွက်ချက်မထားသော်လည်း ဘီလီယံဆယ်ပေါင်းများစွာ ရှိတာ သေချာသည်။

ဖူမာကျန်းဝူကလည်း ဖူမာမိသားစု၏ သမီးအကြီးဆုံး ဖြစ်ပြီး ငယ်ငယ်ကတည်းက ရတနာမျိုးစုံကို မြင်ဖူးခဲ့သူ။

ရွှီကျင်းရှင်း၏ မိသားစုက သူမကို ကြီးမားသော ချမ်းသာကြွယ်ဝမှုတွေ ပိုင်ဆိုင်ခွင့် မပေးထားသော်လည်း သူမရဲ့ ဗဟုသုတနှင့် စိတ်နေသဘောထားအရ သူမကို အံ့သြသွားစေနိုင်သည့် အရာ သိပ်မရှိလှပါ။

သူခိုးဘုရင် အားချန်ကတော့ ပို၍ပင် ဗဟုသုတစုံသေးသည်။

ကောင်းကင်ဝံပုလွေအဖွဲ့သား လေးယောက်ကလည်း ကြီးကျယ်သော မြင်ကွင်းတွေကို မြင်ဖူးနေကျပင်။

လန်ရှင်းယွဲ့၏နောက်ခံက အနည်းငယ် လျှို့ဝှက်ဆန်းကြယ်သော်လည်း လောကကြီးကို မမြင်ဖူးသည့် မိန်းမ တစ်ယောက်တော့ မဟုတ်လောက်ပေ။

သို့သော်လည်း၊ အခုချိန်မှာ အမှိုက်ပုံလို ပုံထားသည့် ရတနာတွေကို မြင်လိုက်ရတော့ သူတို့အားလုံး အကြီးအကျယ် တုန်လှုပ်သွားကြ၏။

"ဘုရားရေ၊ ဒါက ရှန်ဘုရင်ရဲ့ လျှို့ဝှက်ရတနာသိုက်လား... တကယ်ကို ခမ်းနားကြီးကျယ်လွန်းတာပဲ..."

အားချန် ဘုရား မတဘဲ မနေနိုင်တော့။

သူပြောလိုက်တဲ့စကားက ရှိနေသည့် လူတိုင်း၏ ရင်ထဲက စကားပါပင်။

သူတို့က အနည်းငယ် ဝေးနေသဖြင့် သေချာ မမြင်ရသော်လည်း အကြမ်းဖျင်း ခန့်မှန်းချက်အရ ထိုရတနာများသည် ယွမ် ၁၀ ဘီလီယံအောက် မနည်း တန်ကြေးရှိပေလိမ့်မည်။

‘ဒီလောက် ဒုက္ခခံပြီး အသက်နဲ့ရင်းကာ လာခဲ့ရတာ အလကား မဟုတ်ဘူးပဲ။

ဒါမှ အန္တရာယ်ကြားက စည်းစိမ်ရှာတယ်လို့ ခေါ်တာ။’

နောက်ဆုံး သူတို့ကို ဒုက္ခပေးနေသော ပြဿနာကတော့ ကျောက်စင်မြင့်ဧ။် ပတ်ပတ်လည်မှာ ရေကန် တစ်ခု ရှိနေခြင်းပင်။

သို့သော် ထိုရေကန်ထဲတွင် ရေများ ရှိမနေဘဲ ပြဒါးများဖြင့် ပြည့်နှက်နေသည်။

လူလုပ်ရေကန်သည် အချင်း ဆယ်မီတာခန့် ရှိသည်။ ရေကန် တစ်ခုလုံး တလက်လက် တောက်ပနေပြီး အလွန် လှပနေ၏။

သို့သော် ထိုလှပမှုအောက်တွင် အန္တရာယ်များ ဖုံးကွယ်နေတတ်စမြဲ။

ပြဒါးက အဆိပ်ပြင်းလွန်းသဖြင့် ဖြတ်လျှောက်၍ မရနိုင်ပေ။

"ဒါက ဘာသဘောလဲ... အဆုံးထိ ရောက်ဖို့ မနည်း ကြိုးစားခဲ့ရတာ၊ အခုတော့ ကြည့်ရုံပဲ ကြည့်လို့ရပြီး ထိလို့မရဘူးတဲ့လား... တကယ် စိတ်ပျက်စရာပဲ..."

အားချန် ညည်းတွားလိုက်မိသည်။

ရွှီကျင်းရှင်းနှင့် ဖူမာကျန်းဝူတို့ကတော့ ကိစ္စမရှိ။ သူတို့က ဒီရတနာတွေကို လိုချင်လို့ လာခဲ့သည်မှ မဟုတ်တာ။

ရွှီကျင်းရှင်း၏ ရည်မှန်းချက်က စူးစမ်းလေ့လာဖို့ ဖြစ်ပြီး အခု အဲဒီရည်မှန်းချက် ပြည့်မြောက်သွားပြီ။ ကျန်တာတွေက သူမ အာရုံစိုက်ရမည့် ကိစ္စ မဟုတ်တော့။

ဖူမာကျန်းဝူကလည်း ယဲ့ဖန်နှင့်အတူ လာခဲ့သည်ဆိုတော့ သူမသခင် ပျော်မပျော်ကိုပဲ ဂရုစိုက်သည်။ ဒီရတနာတွေကို စိတ်မဝင်စား။

သို့သော် လန်ရှင်းယွဲ့၏ အသက်ရှူသံများက အနည်းငယ် မြန်ဆန်လာသည်။ သူမသည် ရတနာများကို စိုက်ကြည့်နေပြီး ဘာတွေ တွေးနေမှန်း ဘယ်သူမှ မသိနိုင်။

ယဲ့ဖန်က သူမ၏ အမူအရာကို သတိထားမိပြီး စိတ်ထဲတွင် မဲ့ပြုံးပြုံးလိုက်၏။

‘မထိန်းနိုင်တော့ဘူးပေါ့လေ…’

"ရှင့်မှာ အကြံရှိလား..."

လန်ရှင်းယွဲ့က ရုတ်တရက် လှည့်ကြည့်ပြီး ယဲ့ဖန်ကို မေးလိုက်၏။

"ကျွန်တော်က ဘာလုပ်နိုင်မှာလဲ... ဒီပြဒါးကန်ကြီးက ဒီလောက်ကျယ်တာ... ပျံသွားလို့ရရင်တော့ တစ်မျိုးပေါ့... တခြား ဘာလုပ်လို့ ရမှာလဲ..."

ယဲ့ဖန်က အကြံရှိပြီးသား ဖြစ်သော်လည်း သူမ၏ တုံ့ပြန်မှုကို သိချင်သဖြင့် ဟန်ဆောင်လိုက်ခြင်း ဖြစ်သည်။

လန်ရှင်းယွဲ့၏ မျက်နှာထားက ပို၍ စိုးရိမ်ပူပန်လာသည်။ သူမသည် ပြဒါးကန်ထဲသို့ ခြေချရန်ပင် ကြိုးစားလိုက်သေးသော်လည်း အကျိုးအပြစ်ကို သိသဖြင့် နောက်ဆုံးတွင် ခြေထောက်ကို ပြန်ရုပ်လိုက်ရသည်။

ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ ယဲ့ဖန် သေချာသွားရသည်.. ။

ဒီမိန်းမမှာ တစ်ခုခု မှားယွင်းနေ‌ပြီ ဖြစ်၏။

ရတနာမက်သည့် အားချန်တောင် လန်ရှင်းယွဲ့လောက် စိတ်မလောနေပေ။

ပြီးတော့ သူမက အမြဲတမ်း ပိုက်ဆံမမက်သလို ဟန်ဆောင်နေခဲ့ပြီး ယခုကျမှ ဒီလောက် စိတ်လောနေတာ... သူမရဲ့ ဟန်ဆောင်မှုတွေ အကုန် ပေါ်သွား၏။

"မင်း ကြည့်ရတာ တော်တော် စိတ်လောနေသလိုပဲ..."

ယဲ့ဖန်က လန်ရှင်းယွဲ့ကို စိုက်ကြည့်ရင်း အပြုံးပါးပါးလေးဖြင့် မေးလိုက်၏။

လန်ရှင်းယွဲ့က သူ့အကြည့်နှင့် ဆုံသွားသောအခါ ချက်ချင်း ပျာယာခတ်သွားသည်။

"ကျွန်မ..."

"မင်း ရှင်းပြစရာ မလိုပါဘူး...ကျွန်တော် အကုန် သိပါတယ်..."

ယဲ့ဖန်က ရှေ့သို့ ခြေလှမ်းနှစ်လှမ်း တိုးလိုက်ပြီး သူမရှေ့တွင် ရပ်ကာ မမြင်နိုင်သော ဖိအားတစ်ခု ပေးလိုက်၏။

လန်ရှင်းယွဲ့ အသက်ရှူကျပ်လုနီးပါး ဖြစ်သွားချိန်တွင် ယဲ့ဖန်က နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားသည်အထိ ပြုံးလိုက်၏။

"ဒါဆို မင်းကလည်း ငွေမက်တဲ့ ကောင်မလေးပဲပေါ့... အရင်တုန်းက ဟန်ဆောင်ကောင်းလိုက်တာ..."

လန်ရှင်းယွဲ့သည် ပတ်ဝန်းကျင်မှ ဖိအားများ လျော့ကျသွားသည်ကို ခံစားလိုက်ရပြီး သက်ပြင်းချလိုက်၏။

"ဟင်းဟင်း... ဟုတ်ပါတယ်... ရှင် ကျွန်မကို မြင်အောင် ကြည့်နိုင်သားပဲ... ကျွန်မ... ကျွန်မက တကယ်ပဲ ငွေမက်တဲ့ ကောင်မလေးပါ..."

ယဲ့ဖန် ပြုံးလိုက်ပြီး ပြဒါးကန်ထဲမှ ကျောက်စင်မြင့်ကို ညွှန်ပြလိုက်၏။

"တကယ်တော့... အဲဒီကို သွားဖို့က လွယ်လွယ်လေးပါ..."

လန်ရှင်းယွဲ့ ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်သည်။ သူမက အေးဆေးစွာပင် မေးလိုက်၏။

“အို... ရှင့်မှာ နည်းလမ်းရှိလို့လား…”

All Chapters