မုန်တိုင်းတစ်ခု စတင်ဖြစ်ပေါ်လာခြင်း
Vol. 3 Ch. 27
ရှောင်လင်ဂိုဏ်းသည် ဤရိုက်ခတ်မှုကို ခံလိုက်ရပြီးနောက် ဝူတန်တောင်မှ အရှက်တကွဲ ဆုတ်ခွာသွားခဲ့ကြသည်။
ရူယိတောင်ပေါ်မှ မထွက်ခွာမီအထိ စိတ်လွင့်နေသည့် အခြေအနေတွင် ရှိနေခဲ့သည်ဟု ကြားသိရသည်။
ရလဒ်အနေဖြင့် ကျန့်ရှင်း နှင့် အခြားသူများသည် ဝူတန်ဂိုဏ်းအပေါ် ရန်ငြိုးထားသွားကြတော့သည်။
မဟာမိတ်ဖွဲ့ရန် မဆိုထားနှင့်၊ ကျန့်ရှင်း သည်မှာ ရှောင်လင်ဘုန်းကြီးကျောင်းသို့ ပြန်ရောက်လျှင်ပင် "နတ်ဆိုးဂိုဏ်း" အကြောင်း တစ်ခွန်းမှ ဟတော့မည်မဟုတ်ပေ။
ဝူတန်ဂိုဏ်းသည် ယှဉ်ပြိုင်ပွဲတွင် အနိုင်ရခဲ့သော်လည်း ရလဒ်မှာ ၎င်းတို့၏ မူလရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက် ဖြစ်သွားခဲ့သည်။
ဝူတန်ဂိုဏ်းအတွက် ရရှိလိုက်သည့် တစ်ခုတည်းသော အကျိုးအမြတ်မှာ ၎င်းတို့ဂိုဏ်းအတွင်း၌ ပါရမီရှင် သိုင်းပညာရှင်တစ်ဦး ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။
သူသည် မူလက အသိအမှတ်ပြုမခံရသည့် အဆင့် ၈ တပည့်ငယ်လေးသာ ဖြစ်ခဲ့သည်။
ထိုအချိန်မှစ၍ ဝူတန်တွင် မည်သူမျှ သာမန်တပည့်များကို အထင်မသေးရဲကြတော့ပေ။
ထိုသာမန်ဟု ထင်ရသော တပည့်များထဲတွင် အစွမ်းကို ဖုံးကွယ်ထားသည့် ပါရမီရှင်များ ရှိမနေဘူးဟု မည်သူမျှ အာမမခံနိုင်သောကြောင့် ဖြစ်သည်။
ဤရလဒ်မှာ မမျှော်လင့်ထားဘဲ ရရှိလာခြင်း ဖြစ်သော်လည်း သာမန်တပည့်များအတွက်မူ အခွင့်အရေးကောင်းများ ရရှိစေခဲ့သည်။
ဒါတွေအားလုံးက လင်ချွမ်နဲ့တော့ လုံးဝမသက်ဆိုင်ပါပေ။
ဂိုဏ်းမှ တပည့်များကို ပေးသော အကျိုးခံစားခွင့်များသည် ဂိုဏ်း အဖွဲ့ဝင်တပည့်များ အတွက်သာ ဖြစ်သည်။
သူကတော့ ကိုယ်ခံပညာ အခြေခံမရှိတဲ့ နွားကျောင်းသားလေးတစ်ယောက်ဖြစ်လို့ သိုင်းသင်ယူဖို့တောင် အရည်အချင်းမပြည့်မီပါဘူး။
သူက ဘယ်လိုလုပ် ပါရမီရှင် ဖြစ်လာနိုင်မှာလဲ?
လင်ချွမ်သည် ဤကိစ္စနှင့် ပတ်သက်၍ မကျေမနပ် မဖြစ်သည့်အပြင် ဤကဲ့သို့ အထူးခံစားခွင့်မျိုးကိုပင် သဘောကျနေသေးသည်။
အနည်းဆုံးတော့ လူတိုင်းကို တန်ဖိုးထားနေကြတဲ့ ဒီပတ်ဝန်းကျင်မှာ သူကတော့ အေးအေးဆေးဆေး နေနေနိုင်ဆဲပင်။
နေ့တိုင်း နေရာအနှံ့မှာ စနစ်ဝင်သည်၊ ပြီးလျှင်တောင်အောက်ဆင်းပြီး နွားကျောင်းရင်း ကျင့်ကြံသည်။
ဒါက ပိုပြီး နေလို့မကောင်းဘူးလား?
အနှစ်သာရမရှိတဲ့ ဂုဏ်ပကာသနတွေကို ဘာလို့ မက်မောနေမှာလဲ?
ထိုသို့ဖြင့် နောက်ထပ် လဝက်ခန့် ကုန်ဆုံးသွားခဲ့သည်။
အလယ်ပိုင်းဒေသ၏ သိုင်းလောကမှာ ယခင်အတိုင်း အေးချမ်းနေဆဲပင်။
ဝူတန်ဂိုဏ်းက သတိပေးခဲ့သည့် နတ်ဆိုးဂိုဏ်းများ၏ လှုပ်ရှားမှုမှာလည်း လူတို့၏ စိတ်ထဲမှ မေ့ပျောက်သွားပုံရသည်။
သို့သော်လည်း အနောက်ဘက်ဒေသရှိ နတ်ဆိုးဂိုဏ်းအတွင်း၌မူ အခြေအနေမှာ လုံးဝ ကွဲပြားနေသည်။
တစ်လလုံးလုံး ရှာဖွေပြီးနောက် အသူရာဂိုဏ်း သည် "စစ်ပွဲနတ်ဆိုး/ ကျန်းကွေး သေဆုံးသွားပြီဖြစ်ကြောင်း သဲလွန်စများကို စုဆောင်းမိခဲ့သည်။
နတ်ဆိုးဂိုဏ်းခေါင်းဆောင်သည် ထိုသတင်းကို သိလိုက်ရသောအခါ အကြီးအကျယ် ဒေါသထွက်သွားပြီး သတင်းလာပို့သော သူလျှိုကို ထိုနေရာတင်ပင် နှစ်ပိုင်းဖြတ် သတ်ပစ်လိုက်သည်။
“ဘာလို့ ဒီလိုဖြစ်ရတာလဲ?”
နတ်ဆိုးဂိုဏ်းခေါင်းဆောင်မှာ ဒေါသထွက်လွန်း၍ မေးစေ့များပင် တုန်ရင်နေသည်။
“စစ်ပွဲနတ်ဆိုး ဆိုတာ ငါ့ဂိုဏ်းရဲ့ ဘယ်လက်ရုံးအစောင့်အရှောက်ပဲ။
"သူ့ရဲ့ ကျင့်ကြံမှုက ပထမအဆင့် အောက်ပိုင်းရှိတယ်"
ဒါ့အပြင် ကောင်းကင် နတ်ဆိုးစွမ်းအင် ကို ကျင့်ကြံထားတာ၊ အချိန်တိုအတွင်းမှာ သူ့ရဲ့အစွမ်းကို အဆပေါင်းများစွာ မြှင့်တင်နိုင်တယ်"
"သက်တမ်ဒကုန်ခါနီးဖြစ်နေတဲ့ ဝူတန်က အဖိုးကြီး လက်ချက်နဲ့ သူက ဘယ်လိုလုပ် သေသွားနိုင်ရမှာလဲ!”
သူသည် အောက်ဘက်ရှိ လူများကို အေးစက်စွာ ကြည့်လိုက်သည်။
ဤအချက်အလက်များမှာ သူလျှိုများ ယူဆောင်လာသည့် အရာများသာ ဖြစ်သည်။
ဤကိစ္စက အသူရာဂိုဏ်းသားအားလုံးကို ဝေခွဲမရ ဖြစ်စေသည်။
“စိတ်လျှော့ပါ အရှင်”
ဟု ဂိုဏ်းခေါင်းဆောင်၏ လက်ယာဘက်မှ အနောက်ဘက် အစောင့်အရှောက်က ဖြည်းညှင်းစွာ ပြောလိုက်သည်-
“ကျွန်တော် သတင်းတစ်ခု ကြားထားပါတယ်"
"ကျန်းကွေး သေတာက ယင်ဟွိုက်ယွီနဲ့ မဆိုင်ဘူးတဲ့။ အဲဒီအချိန်မှာ ရှောင်းယောက် တောင်ထိပ်မှာ နောက်ထပ် အဆင့်မြင့် ကျင့်ကြံသူ တစ်ဦး ရှိနေတယ်လို့ သိရတယ်။
"သတင်းအရဆိုရင် အဲဒီလူက ‘ဓားပေါင်းတစ်သောင်း မူလသို့ပြန်ခြင်း’နည်းစနစ်ကို သုံးပြီး ဝူတန်တောင်က ဓားပေါင်း တစ်သောင်းကို ဆင့်ခေါ်ပြီး သူ့ကို ချက်ချင်း သတ်ပစ်လိုက်တာပါတဲ့။
"အဲဒီနောက်မှာ အဲဒီ့ အဆင့်မြင့် ကျင့်ကြံသူက ဓားကိုစီးပြီး ပျံထွက်သွားတာ နောက်ထပ် ဘာသတင်းမှ မရတော့ဘူး"
ဤစကားကြောင့် ဂိုဏ်းသားများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
အားလုံးက ထို ‘ဓားပေါင်းတစ်သောင်း မူလသို့ပြန်ခြင်း’ နည်းစနစ်ကို သုံးသွားသည့် ကျင့်ကြံသူမှာ မည်သူဖြစ်မည်နည်းဟု ခန့်မှန်းနေကြသည်။
“ဓားပေါင်း တစ်သောင်းမူလသို့ပြန်ခြင်း...”
ဂိုဏ်းခေါင်းဆောင်က မျက်လုံးကို အနည်းငယ် မှေးလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်-
“အဲဒါ စူးတောင်ဂိုဏ်း ရဲ့ သိုင်းပညာ မဟုတ်လား? တကယ်လို့ သတင်းက အမှန်ဆိုရင် အဖိုးကြီး ယင်ဟွိုက်ယွီ ကံကောင်းသွားတာပဲလို့ ပြောရမယ်"
"သောက်ကျိုးနည်း... ဒီအဖိုးကြီးကို ငါ့လက်နဲ့ ကိုယ်တိုင် သတ်လိုက်ရမှာ"
နတ်ဆိုး ဂိုဏ်းခေါင်းဆောင်သည် ယင်ဟွိုက်ယွီအပေါ် အငြိုးအတေးကြီးမားစွာ ထားရှိခဲ့သည်မှာ အမှန်ပင်။
ဤရန်ငြိုးမှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က သူသည် နတ်ဆိုးဂိုဏ်း၏ အဖွဲ့ဝင် တပည့်လေးတစ်ဦးသာ ဖြစ်သော်လည်း သူ၏ဖခင်မှာ ယင်ဟွိုက်ယွီ၏ ဓားချက်ဖြင့် သေဆုံးသွားသည်ကို မျက်မြင်တွေ့ခဲ့ရသည်။
ဖခင်ကို သတ်သွားသည့် ရန်သူအပေါ်ထားသော အမုန်းမှာ မည်သို့မျှ မေ့ဖျောက်၍ မရနိုင်ပေ။
ဂိုဏ်းခေါင်းဆောင် ဖြစ်လာသည့်နေ့အထိ သူသည် လက်စားချေရန်သာ အမြဲတွေးနေခဲ့သည်။
ဤရန်ငြိုးကို နတ်ဆိုးဂိုဏ်းအတွင်း၌ လူနည်းစုသာ သိရှိကြသည်။
ဘေးမှ အစောင့်အရှောက် နှစ်ဦးမှာ သူ၏ လူယုံများဖြစ်သဖြင့် သိထားကြခြင်းဖြစ်သည်။
“အရှင်၊ ကျွန်တော်မျိုး ဝူတန်တောင်ကိုသွားပြီး စစ်ပွဲနတ်ဆိုး အတွက် ကလဲ့စားချေပေးပါ့မယ်"
သူ၏ ညာလက်ရုံး အစောင့်အရှောက်မှ သူ့အားတာဝန်ပေးရန် တောင်းဆိုလိုက်သည်။
သူသည် စစ်ပွဲနတ်ဆိုးထက်ပင် ပို၍ သန်မာသည်ဟု ယုံကြည်ထားသည်။
ထိုဓားနတ်ဘုရားသာ ဝူတန်ကို ထပ်မရောက်လာတော့လျှင် ယင်ဟွိုက်ယွီကို သတ်နိုင်မည်ဟု သူ အပြည့်အဝ ယုံကြည်နေသည်။
“မလိုဘူး!”
ဂိုဏ်းခေါင်းဆောင်က လက်ယပ်ကာ တားလိုက်သည်-
“ငါလည်း အဲဒီအဖိုးကြီး ယင်ဟွိုက်ယွီ ကုတင်ပေါ်မှာ အေးအေးဆေးဆေး သေသွားတာကို မကြည့်ချင်နေဘူး"
"ဒါပေမဲ့ အခုလောလောဆယ်မှာ ဒီထက် ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိသေးတယ်"
သူသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး ထောင်ပေါင်းများစွာသော ဂိုဏ်းသားများကို ကြည့်လိုက်သည်။
၎င်းတို့မှာ အသူရာဂိုဏ်း၏ အဓိက အင်အားစုများ ဖြစ်သည်။
“လောလောဆယ် အလယ်ပိုင်းဒေသရဲ့ စစ်အင်အားက ထပ်မတိုးလာပဲ ဒီအတိုင်းပဲ ရှိနေတယ်"
"လွန်ခဲ့တဲ့ အနှစ် ၃၀ က တိုက်ပွဲကြီးမှာ သိုင်းလောကရဲ့ ပညာရှင်တွေအားလုံး နီးပါး သေဆုံးပြီး၊ တချို့က ဒဏ်ရာရခဲ့ကြတယ်"
"အနှစ် ၃၀ ဆိုတာ သူတို့ အသက်ပြန်ရှူဖို့ အချိန်မရသေးဘူး"
"ဒါပေမဲ့ ငါတို့ရဲ့ နတ်ဆိုးဂိုဏ်းကြီး ၆ ဂိုဏ်းကတော့ ကျင့်ကြံသူ အများအပြားကို မွေးထုတ်ပြီးပြီ"
သူ ခဏရပ်လိုက်ပြီး ဂိုဏ်းသားများ၏ တက်ကြွနေသော မျက်နှာများကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်သည်-
“လွန်ခဲ့တဲ့ တစ်လက ဝူတန်ဂိုဏ်းမှာ နတ်ဆိုးဂိုဏ်းတွေ ထကြွလာပြီဆိုတဲ့ သတင်းကို ဖြန့်ခဲ့တယ်"
ဒါပေမဲ့ ဒီအန္တရာယ်ကင်းတယ်လို့ ထင်နေတဲ့ ဂိုဏ်းတွေက ကိုယ့်ကိုယ်ကိုယ် လှည့်စားပြီး နတ်ဆိုးဂိုဏ်းတွေ အင်အားကြီးလာတာကို အယုံအကြည် မရှိကြဘူး"
"ငါ အခြား နတ်ဆိုးဂိုဏ်းကြီး ၅ ဂိုဏ်းနဲ့ ဆွေးနွေးပြီးပြီ။ အနောက်ဘက်ဒေသက နတ်ဆိုးဂိုဏ်း ၆ ဂိုဏ်း စုပေါင်းပြီး အလယ်ပိုင်းဒေသကို နောက်တစ်ကြိမ် ကျူးကျော်ကြမယ်!”
ထိုစကားအဆုံးတွင် ထောင်ပေါင်းများစွာသော ဂိုဏ်းသားများက အော်ဟစ် အောင်ပွဲခံကြတော့သည်။
အလယ်ပိုင်းဒေသကို ဓားဦးလှည့်ရန်မှာ ၎င်းတို့မှာ ယုံကြည်ချက် အပြည့်ပင် ဖြစ်သည်။
အခြေအနေ မဟန်သည့်အချိန်တွင် အခွင့်ကောင်းယူရန်မှာ ကလေးပင် သိသည့် အခြေခံသဘောတရား ဖြစ်သည်။
အမှန်လည်း အလယ်ပိုင်းဒေသ သိုင်းလောကမှာလည်း ဖရိုဖရဲ ဖြစ်နေပြီဖြစ်သဖြင့် နတ်ဆိုးဂိုဏ်း ၆ ဂိုဏ်းသည် ဤအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။
“အရှင်၊ ကျွန်တော်တို့ ဘယ်တော့လောက် အလယ်ပိုင်းဒေသကို ချီတက်ကြမှာလဲ?”
သူ၏ ညာလက်ရုံး အစောင့်အရှောက်က မေးလိုက်သည်။
“မလောပါနဲ့ဦး!”
ဂိုဏ်းခေါင်းဆောင်က လှောင်ပြုံးဖြင့် ပြောသည်-
“အလုပ်တစ်ခုကို ကောင်းကောင်းလုပ်ချင်ရင် အရင်ဆုံး ပြင်ဆင်မှုတွေ လိုတယ်"
"တစ်နှစ်ကနေ သုံးနှစ်အတွင်းမှာ ငါတို့ နတ်ဆိုးဂိုဏ်း ၆ ဂိုဏ်းဟာ အလယ်ပိုင်းဒေသကို သိမ်းပိုက်နိုင်လိမ့်မယ်"
"ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ အလယ်ပိုင်းဒေသတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားအောင် အရင်လုပ်ရမယ်"
သူသည် ညာလက်ရုံး အစောင့်အရှောက်ကို ကြည့်လိုက်ပြီး-
“ကျန်တဲ့ နတ်ဆိုးဂိုဏ်း ၅ ဂိုဏ်းက ပထမအဆင့် သိုင်းပညာရှင် တစ်ယောက်စီကို အလယ်ပိုင်းဒေသဆီ ကြိုလွှတ်ထားပြီးပြီ"
"အစတုန်းကတော့ ငါ ကျန်းကွေး ကို လွှတ်မလို့ပဲ၊ ဒါပေမဲ့ သူက တိုက်ပွဲမှာ သေသွားပြီ။ ဒါကြောင့် ဒီတစ်ခါတော့ မင်းပဲ သွားရမယ်။ မင်းရဲ့ တာဝန်က ဝူတန်တောင်ရဲ့ အခြေအနေ အသေးစိတ်ကို စုံစမ်းဖို့ပဲ"
ယခုတစ်ကြိမ်တွင် သူ သင်ခန်းစာ ရသွားပြီဖြစ်သည်။
အသေအချာ မသိရမချင်း ယင်ဟွိုက်ယွီကို သူ လက်ဖျားနဲ့တောင် မတို့ပေ။
ဝူတန်ဂိုဏ်းမှာ အရင်ကလောက် အင်အားမရှိတော့သော်လည်း "ပိန်သော်လည်း ဆင်၊ ကျစ်သော်လည်း ရွှေ" ဆိုသကဲ့သို့ပင် ဖြစ်သည်။
ဝူတန်တွင် အခြား အစွမ်းထက် ပညာရှင်များ ပုန်းအောင်းမနေဘူးဟု မည်သူမျှ မပြောနိုင်ပေ။
အကယ်၍ ထိုဓားနတ်ဘုရားမှာ တိုက်ဆိုင်၍ ရောက်လာခြင်း မဟုတ်ဘဲ ဝူတန်မှာ တကယ် အခြေချနေထိုင်နေသူ ဖြစ်နေလျှင်ကော?
ထို့ကြောင့် သူသည် ရှေ့ပြေးအနေဖြင့် ညာလက်ရုံး အစောင့်အရှောက်ကို စုံစမ်းရန် လွှတ်လိုက်ခြင်း ဖြစ်သည်။
“စိတ်ချပါ အရှင်။ ကျွန်တော်က ပထမအဆင့် အလယ်ပိုင်း ကျင့်ကြံသူတစ်ယောက်ပါ။ အဲဒီဓားနတ်ဘုရားကို မယှဉ်နိုင်ရင်တောင် လွတ်အောင်ပြေးဖို့ကတော့ ပြဿနာ မဟုတ်ပါဘူး"
သူသည် ဂါရဝပြုကာ ချက်ချင်း ထွက်ခွာသွားခဲ့သည်။
သူနှင့် ဂိုဏ်းခေါင်းဆောင်မှာ ငယ်သူငယ်ချင်းများ ဖြစ်ကြပြီး သူ၏ ညာလက်ရုံးအစောင့်အရှောက် ရာထူးမှာ အစွမ်းကြောင့်သာမက ဂိုဏ်းခေါင်းဆောင်နှင့် ရင်းနှီးမှုကြောင့်လည်း ပါဝင်သည်။ ယခုတစ်ကြိမ်တွင် သူ၏ အရည်အချင်းကို သက်သေပြရန် သူ ဆုံးဖြတ်ထားသည်။
“သေခါနီး အဖိုးကြီးတစ်ယောက်ကို ဘာကြောက်နေရမှာလဲ! သူ့ခေါင်းကို ကျွန်တော် ယူလာပြပါ့မယ်"