ရုတ်တရက် အပြောင်းအလဲ
Vol. 77 Ch. 1511
~ရွှီကျင်းရှင်းသည် ဤပိုးသားစာလိပ်က ဘာကြောင့် နှစ်ပေါင်းနှစ်ထောင်ကြာသည့်တိုင် မဆွေးမြေ့ဘဲ တည်ရှိနေသနည်း ဆိုသည့်အချက်ကို အလွန် သိချင်နေသည်။ အထူးပြုလုပ်နည်း တစ်မျိုးမျိုးများ သုံးထားလေသလား။
အားချန်ကတော့ ရတနာပုံကြီးကို ငေးကြည့်ရင်း တွေဝေနေသည်။ ဖြစ်နိုင်တာက ဒီပိုက်ဆံတွေ အများကြီးကို ဘယ်လိုသုံးရမလဲဆိုတာ စဉ်းစားနေတာ ဖြစ်လောက်သည်။
လန်ရှင်းယွဲ့၏ မျက်လုံးများကတော့ အရောင်တလက်လက် တောက်နေပြီး ဘာတွေ တွေးနေမှန်း မသိနိုင်ပေ။
“ကဲ... အခုက ဝမ်းနည်းနေရမယ့် အချိန်မဟုတ်ဘူး... မြန်မြန် ထုပ်ပိုးပြီး ဒီနေရာကနေ အရင် ထွက်ကြရအောင်...”
ယဲ့ဖန်က ရတနာများကို သယ်ယူရန် လူတိုင်းကို ညွှန်ကြားလိုက်၏။
ဒီတစ်ခါ သူတို့လာတုန်းက နိုင်လွန်အိတ် အများအပြား ယူလာခဲ့ကြ၏။ ဒီရတနာတွေ အားလုံးကို လွယ်လွယ်ကူကူ သယ်ဆောင်သွားနိုင်ပေလိမ့်မည်။
လူတိုင်း ရတနာများကို အိတ်ထဲ ထည့်နေကြစဉ် လန်ရှင်းယွဲ့သည် လူတိုင်း၏ အမြင်အာရုံထဲမှ တိတ်တဆိတ် ပျောက်ကွယ်သွားလေသည်။
ယဲ့ဖန်သည် အလုပ်ရှုပ်နေသလို ဟန်ဆောင်ထားသော်လည်း သူမ၏ လှုပ်ရှားမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့သည်။
ဒီအမျိုးသမီး အပြင်ကို သတင်းလှမ်းပို့ဖို့ သွားတာ ဖြစ်လောက်သည်ဟု သူ ခန့်မှန်းမိသည်။
သို့ရာတွင်၊ သူ့ခန့်မှန်းချက် မှားကောင်း မှားနိုင်ပါသည်။
သို့သော်လည်း ကြိုတင်ကာကွယ်ထားတာက ကုသတာထက် ပိုကောင်းသည် မဟုတ်လား။
ထိုသို့ တွေးမိသည်နှင့် သူသည် အာသာ ဆီက ရထားသော စစ်သုံး ဆက်သွယ်ရေးကိရိယာကို ချက်ချင်း ထုတ်ယူလိုက်ပြီး ကယ်ဆယ်ရေးအတွက် အသင့်ပြင်ထားရန် သူ့လူများကို အမိန့်ပေးလိုက်၏။
မြေအောက်ကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာတွင် သာမန် မိုဘိုင်းဖုန်းများ လိုင်းမမိနိုင်ပေ။
လန်ရှင်းယွဲ့ဆီမှာလည်း အလားတူ ကိရိယာမျိုး ရှိကောင်း ရှိနိုင်ပါသည်။
‘အခုတော့ ပိုက်ကွန်ကို ဖြန့်ကျက်ထားပြီးပြီ... ငှက်ကလေးတွေ ဝင်လာဖို့ပဲ စောင့်ရတော့မယ်။’
လန်ရှင်းယွဲ့ အမြန်ပြန်ရောက်လာသည်။
“ခင်ဗျား စောစောက ဘယ်သွားနေတာလဲ...”
ယဲ့ဖန်က ရတနာများကို ထုပ်ပိုးရင်း မေးလိုက်၏။
“အိမ်သာ သွားတာလေ...”
လန်ရှင်းယွဲ့က ဆင်ခြေတစ်ခုကို ကြိုတင် ရှာဖွေထားပုံရပြီး သူမ၏ မျက်နှာထားက အလွန် သဘာဝကျနေသည်။
“ဩော်... ဒီနေရာက မလုံခြုံဘူး... အောင့်နိုင်ရင် ခဏလောက် အောင့်ထားပါ... လျှောက်မသွားနဲ့...”
“ဟုတ်... သိပါပြီ...”
လူတိုင်း စင်မြင့်ပေါ်ရှိ ရတနာများအားလုံးကို အိတ်ထဲသို့ ထည့်ပြီးကြပြီ။
ထို့နောက် သူတို့သည် 'ကျားပျံလက်သည်း' ကို အသုံးပြု၍ ပစ္စည်းများကို စင်မြင့်ပေါ်မှ တစ်ဖက်ကမ်းသို့ သယ်ယူကြ၏။
ဒီအဆင့်တစ်ခုတည်းနှင့်တင် နာရီဝက်ကျော် ကြာသွားခဲ့သည်။
ပြီးနောက် ယဲ့ဖန်၏ ညွှန်ကြားမှုအောက်တွင် သူတို့ အလုပ်ခွဲဝေကာ ပစ္စည်းများကို အပြင်သို့ သယ်ထုတ်ကြ၏။
မိန်းကလေးများက ပေါ့ပါးသော ပစ္စည်းများကို သယ်ကြပြီး၊ ယောကျာ်းလေး ခြောက်ယောက်ကတော့ လေးလံသော ပစ္စည်းများကို သယ်ကြ၏။
လန်ရှင်းယွဲ့က 'ရန်ကျိုး သုံးချောင်းထောက်ဖို' ပါသော အိတ်ကို ချိန်ရွယ်ပြီး လျှောက်သွားရန် ပြင်လိုက်၏။
သို့သော် သူမကို ယဲ့ဖန်က တားလိုက်၏။
“ခင်ဗျား ဒီအိတ်ကို ကျွန်တော်နဲ့အတူ သယ်...”
သူက ပြောပြောဆိုဆို သူ့ခြေရင်းနားရှိ အိတ်ကြီး တစ်လုံးကို ညွှန်ပြလိုက်၏။
လန်ရှင်းယွဲ့ အစပိုင်းတွင် ကြောင်အသွားသော်လည်း ချက်ချင်းပင် ခါးသက်သက် ပြုံးလိုက်၏။
“ကျွန်မက မိန်းကလေးလေ... ဒီအိတ်ကြီးက လေးလွန်းတယ်၊ ရှင် တခြား ယောကျာ်းလေး တစ်ယောက်ယောက်နဲ့ တွဲသယ်ပါလား... ကျွန်မ အိတ်သေးလေးပဲ ယူလိုက်မယ်...”
“ခင်ဗျားက မိန်းကလေး ဆိုပေမဲ့ တော်တော် သန်မာတာပဲ... ကျွန်တော် မမြင်ဖူးတာမှ မဟုတ်တာ... လာပါ...ကျွန်တော်နဲ့အတူ ဒီအိတ်ကို လာသယ်စမ်းပါ...”
ယဲ့ဖန်က ဆက်လက် တင်းခံထားပြီး ငြင်းဆန်ခွင့် မရှိသော လေသံဖြင့်ပင် ပြောလိုက်၏။
လန်ရှင်းယွဲ့က သူ့ကို ခဏလောက် စိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင် အလျှော့ပေးလိုက်ကာ ဘာမှ ပြန်မပြောဘဲ လျှောက်လာခဲ့သည်။
ယဲ့ဖန်က မကျေမနပ် ဖြစ်နေသော လန်ရှင်းယွဲ့ကို ကြည့်ပြီး မျက်နှာပေါ်တွင် အပြုံးပါးပါးလေး တစ်ချက် ဖြတ်ပြေးသွားသည်။
ဒီအမျိုးသမီးက ပိုပိုပြီး စိတ်မရှည် ဖြစ်လာပြီ... သူမရဲ့ သရုပ်မှန်က ပိုပိုပြီး ပေါ်လာနေပြီ ဖြစ်၏။
ဒီလို အချိန်ကိုက်ဗုံး တစ်လုံးကို ကိုယ့်မျက်စိရှေ့မှာ အမြဲတမ်း ထားမှသာ စိတ်ချရမည်။
အဖွဲ့သားများသည် မူလလမ်းကြောင်းအတိုင်း ပြန်လည် ထွက်ခွာလာကြ၏။
လာတုန်းက တစ်ခေါက် လျှောက်ပြီးပြီ ဆိုသော်လည်း ပြန်သည့်အခါမှာလည်း အလွန် သတိထားနေကြရသည်။
ရတနာတွေကို အထိအခိုက်မရှိ ရထားတာ လွယ်တာမဟုတ်ပါ။ ပြန်သည့် အခါကျမှ ထိခိုက်ဒဏ်ရာရသွားရင် အရမ်း နှမြောစရာ ကောင်းနေလိမ့်မည်။
ယဲ့ဖန်နှင့် လန်ရှင်းယွဲ့တို့က အိတ်ကြီး တစ်လုံးကို သယ်လျက် နောက်ဆုံးမှ လိုက်ပါလာကြ၏။ ယဲ့ဖန်က သူမ၏ လှုပ်ရှားမှုများကို အမြဲမပြတ် သတိထားနေသည်။
“ခင်ဗျား အားမရှိရင် ပြောနော်...ကျွန်တော်တို့ ခဏ နားလို့ရတယ်...”
“မလိုပါဘူး...”
“ဒါနဲ့... ခင်ဗျား ဂျပန်မှာတုန်းက ဘာမေဂျာ ယူခဲ့တာလဲ...”
“ဘူမိဗေဒ စစ်တမ်း...”
“မဆိုးပါဘူး... မင်းက တကယ့် ပရော်ဖက်ရှင်နယ်ပဲ... ဒီလောက် ကောင်းတဲ့ ပညာအရည်အချင်းနဲ့ဆိုရင် သတ္တုတူးဖော်ရေး ကုမ္ပဏီတွေ အများကြီးက မင်းကို လုနေကြမှာပဲနော်... ဘာလို့ 'အောရီဂျင်' (Origin Mining) ကို ရောက်လာတာလဲ...”
“အိမ်နဲ့ နီးလို့...”
“မင်းက အိမ်လွမ်းတတ်မှန်း တကယ် မသိသာဘူးပဲ...”
“အင်း...”
သူတို့နှစ်ယောက် ဟိုဟိုဒီဒီ စကားစမြည် ပြောလာကြ၏။ လန်ရှင်းယွဲ့၏ စိတ်က လူမှာ မကပ်ဘဲ အခြားရောက်နေမှန်း သိသာလှသည်။ သူမ ပြန်ဖြေသည့် အခါမှာလည်း ပြီးစလွယ်လောက်သာ ဖြေနေသည်။
ယဲ့ဖန် ဒါကို သတိထားမိသော်လည်း ထုတ်မပြောပေ။
လူတိုင်း ဂရုတစိုက်ဖြင့် ရှေ့သို့ ဆက်သွားကြ၏။ သူတို့ ဝင်လာတုန်းက စတင်ခဲ့သော နေရာသို့ ပြန်ရောက်ရန် နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။
"ဟူး..."
လူတိုင်း နောက်ဆုံးတွင် သက်ပြင်းချလိုက်နိုင်ကြ၏။
ဒီစူးစမ်းလေ့လာမှု ခရီးစဉ်အတွင်း မတော်တဆမှု အချို့ ရှိခဲ့သော်လည်း ကံကောင်းစွာပင် လူတိုင်း ဘေးကင်းကင်းနှင့် ပြန်ထွက်လာနိုင်ခဲ့ကြ၏။
သူတို့အားလုံး ကပ်ဘေး တစ်ခုမှ လွတ်မြောက်လာသလို ခံစားလိုက်ရသည်။
ခဏနားပြီးနောက် လူတိုင်း အိတ်များကို သယ်ကာ သူတို့ကို အောက်သို့ ပို့ဆောင်ပေးခဲ့သော ကျောက်ပြားကြီးပေါ်တွင် နေရာယူလိုက်ကြ၏။
အားချန်က ပတ်ဝန်းကျင် ကျောက်နံရံများကို တစ်ပတ်လောက် ရှာဖွေပြီးနောက် နောက်ဆုံးတွင် မောင်းနှင်သည့် ယန္တရားကို ရှာတွေ့သွားသည်။
ကျောက်ပြားကြီးသည် ဓာတ်လှေကားကဲ့သို့ ဖြည်းညင်းစွာ ပြန်လည် မြင့်တက်လာသည်။
အပြင်ဘက်တွင် မှောင်မည်းနေဆဲ။
သူတို့၏ စူးစမ်းလေ့လာမှု အရှိန်အဟုန်က အလွန် မြန်ဆန်သည်ဟု ဆိုရမည်။
ကျောက်ပြားကြီး မြေပြင်ပေါ်သို့ ရောက်သောအခါ လူတိုင်း လတ်ဆတ်သော လေကို ရှူရှိုက်ခွင့် ရလိုက်ကြ၏။
"အား... အသက်ရှင်ရတာ အရမ်း ကောင်းတာပဲ..."
အားချန် ထုတ်မပြောဘဲ မနေနိုင်တော့။
သူပြောလိုက်တဲ့စကားက လူတိုင်း၏ ရင်ထဲက စကားပါပဲ။
မြေအောက်ကမ္ဘာမှာ အန္တရာယ်တွေက နေရာတိုင်းမှာ ပုန်းအောင်းနေပြီး အချိန်မရွေး အသက်အန္တရာယ် ကြုံတွေ့နိုင်သည် မဟုတ်ပါလော။
မြေပြင်ပေါ် ပြန်ရောက်မှသာ လူတိုင်း လုံခြုံမှုရှိသလို ခံစားလိုက်ရသည်။
သို့ရာတွင်၊ ယဲ့ဖန် ခံစားနေရတာက လုံခြုံမှု မဟုတ်ဘဲ ဝိုးတဝါး အန္တရာယ် အငွေ့အသက်ပင် ဖြစ်သည်။
ကားဆီသို့ လျှောက်သွားနေစဉ် ထိုအန္တရာယ် အငွေ့အသက်က ပို၍ ပြင်းထန်လာသည်။
ကားရပ်ထားသော နေရာနှင့် ဆယ်မီတာအလိုသို့ ရောက်သောအခါ လန်ရှင်းယွဲ့က သူမ၏ လက်တစ်ဖက်ကို အိတ်ကပ်ထဲသို့ တိတ်တဆိတ် ထည့်လိုက်သည်ကို ယဲ့ဖန် ရုတ်တရက် သတိထားမိလိုက်၏။
ဒီလုပ်ရပ်က အလွန် ပုံမှန်မဟုတ်ပေ။
သူတို့ သယ်လာသည့် အိတ်ထဲမှာ လေးလံသော ပစ္စည်းတွေ အများကြီး ပါဝင်ပြီး ပေါင် ၂၀၀ လောက် လေးသည်။
လက်နှစ်ဖက်နှင့် သယ်ဖို့တောင် ခက်ခဲနေတဲ့အရာကို သူမက လက်တစ်ဖက်တည်းနဲ့ မပင်မပန်း သယ်ထားနိုင်သည်တဲ့။
ဒီအသေးစိတ်အချက်လေးက အများကြီး ဖော်ပြနေသည်။
“ဝါး... မင်းက ဒီလောက် သန်မာလိမ့်မယ်လို့ ထင်မထားဘူး...”
ယဲ့ဖန်က အံ့သြချင်ယောင်ဆောင်ပြီး အော်လိုက်၏။
လန်ရှင်းယွဲ့၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး အိတ်ကပ်ထဲမှ လက်က ရုတ်တရက် ရပ်တန့်သွားသည်။
ယဲ့ဖန်က အိတ်ကို ချလိုက်ပြီး သူမအနားသို့ ဖြည်းဖြည်းချင်း တိုးသွားလိုက်၏။
“စောစောက မင်းက အားနွဲ့ချင်ယောင် ဆောင်နေတာကိုး... မင်းက ဒီလောက် လျှို့ဝှက်တတ်မှန်း မသိခဲ့ဘူး...”
“ဟားဟား... ရှင် ထင်မထားဘူး မဟုတ်လား...”
လန်ရှင်းယွဲ့က မျက်နှာပေါ်တွင် ဆွဲဆောင်မှုရှိသော အပြုံး တစ်ခုဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။
“မင်း ချွေးတွေ အများကြီး ထွက်နေတာ တွေ့လို့... ငါ မင်းအတွက် ချွေးသုတ်ပေးမလို့ပါ... ဘာလို့ ရှောင်နေတာလဲ...”
ယဲ့ဖန်က အိတ်ကပ်ထဲမှ တစ်ရှူးတစ်ထုပ်ကို ထုတ်ယူလိုက်ပြီး ပြုံးလျက် သူမအနားသို့ ဆက်လက် တိုးကပ်သွားသည်။
“ယောကျာ်းနဲ့ မိန်းမ မထိတွေ့သင့်ဘူးလေ... တစ်ရှူး ပေးပါ၊ ကျွန်မဘာသာ သုတ်လိုက်မယ်...”
“ဘယ်ဖြစ်မလဲ... ဒီနေ့ မင်းက ငါ့ကို ကူညီပေးထားတာလေ... ငါက မင်းချွေးကို သုတ်ပေးတာ သဘာဝကျပါတယ်...”
သူတို့နှစ်ယောက် တစ်ယောက်က ဆုတ်၊ တစ်ယောက်က တက်နှင့် မီတာအနည်းငယ်ခန့် ဝေးကွာသွားကြ၏။
အားချန်နှင့် ကျန်သူများက သူတို့နှစ်ယောက် နောက်ပြောင်နေကြသည်ဟု ထင်ပြီး အလေးအနက် မထားကြပေ။ ရွှီကျင်းရှင်းကမူ ယဲ့ဖန်၏ အပြုအမူက အနည်းငယ် ပေါ့ပျက်ပျက် နိုင်လွန်းသည်ဟုပင် ခံစားနေမိသည်။
သို့သော် ထိုအချိန်မှာပင် မမျှော်လင့်ထားသော အရာ တစ်ခု ဖြစ်ပျက်သွားလေသည်။
မူလက ပြုံးနေသော ယဲ့ဖန်သည် ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး လန်ရှင်းယွဲ့ဆီသို့ ပြေးဝင်သွားသည်။
လက်တစ်ဖက်က သူမ၏ အိတ်ကပ်ထဲမှ လက်ကို ဖမ်းဆုပ်လိုက်ပြီး၊ ကျန်လက်တစ်ဖက်က သူမ၏ လည်ပင်းကို ညှစ်လိုက်၏။
သူက အတွင်းအား ကျင့်စဉ် အထွတ်အထိပ် အဆင့်ရောက်နေပြီ ဖြစ်သော ကျွမ်းကျင်ပညာရှင် တစ်ယောက်လေ... သူ့အမြန်နှုန်းက ဘယ်လောက်တောင် မြန်လိုက်မလဲ။
ထို့အပြင် သူတို့နှစ်ယောက်က အလွန် နီးကပ်နေသည်။ သာမန်လူသာဆိုလျှင် လွယ်လွယ်ကူကူ အဖမ်းခံလိုက်ရပြီ ဖြစ်သည်။
သို့သော် ဒီတစ်ခါတော့... သူ လွဲချော်သွားခဲ့သည်။