ငါနဲ့ ယှဉ်ဖို့ မင်းမှာ ဘာတွေ ရှိသေးလို့လဲ
Vol. 77 Ch. 1513
~လန်ရှင်းယွဲ့သည် ယုံကြည်မှု အပြည့် ရှိသော အသံဖြင့် ဆိုလေသည်။
"ဘာဖြစ်လို့လဲ... ကံတရားကို မျှော်လင့်နေတုန်းလား... ငါ့ရဲ့ လက်အောက်ငယ်သားတွေအားလုံးက မျိုးရိုးဗီဇ ပြုပြင်ထားတဲ့သူတွေချည်းပဲ... သူတို့တစ်ယောက်ချင်းစီရဲ့ အင်အားက အတွင်းအား အစပျိုးအဆင့်နဲ့ ညီမျှတယ်... အတွင်းအား အစပျိုးအဆင့် ကျွမ်းကျင်သူ အယောက်နှစ်ဆယ်ကျော်ကို မင်း ဘယ်လို ယှဉ်နိုင်မှာလဲ..."
သူမမှာ ယုံကြည်မှု ရှိသင့်ပါသည်။
ဖူမာမိသားစုလို နှစ်ရာချီ သက်တမ်းရှိသော ရှေးဟောင်းမိသားစုကြီးတစ်ခုတောင်မှ အတွင်းအား အစပျိုးအဆင့် ကျွမ်းကျင်သူ အယောက်နှစ်ဆယ်ကျော်ကို တစ်ပြိုင်နက်တည်း စေလွှတ်နိုင်စွမ်း မရှိပေ။
ဒီသေမင်းတမန် အယောက်နှစ်ဆယ်ကျော်နှင့် ဆိုလျှင် လန်ရှင်းယွဲ့အနေဖြင့် ကမ္ဘာလောကကြီးတွင် သူမ လုပ်ချင်ရာ လုပ်နိုင်သည်ဟု ပြောလျှင်ပင် ချဲ့ကားရာ မရောက်ပေ။
သို့သော် ယဲ့ဖန်ကတော့ မထီမဲ့မြင် ပြုနေဆဲပင်။
"အတွင်းအား အစပျိုးအဆင့် အယောက် နှစ်ဆယ်ကျော်က အဲဒီလောက်တောင် ကြောက်စရာကောင်းနေလို့လား... ဒါဆို ငါ့အင်အားကို ပြရသေးတာပေါ့..."
ပြောပြီးသည်နှင့် သူသည် လက်ခုပ် နှစ်ချက် တီးလိုက်၏။
အမှောင်ထဲတွင် ပုန်းအောင်းနေသော ကောင်းကင်ဝံပုလွေ အဖွဲ့သားများ ချက်ချင်း ထွက်ပေါ်လာကြ၏။
"ကောင်းကင်ဝံပုလွေအဖွဲ့... သခင်ကြီးကို ဂါရဝပြုပါတယ်..."
လေးယောက်က ယဲ့ဖန်နောက်သို့ လိုက်ပါလာခဲ့ကြသဖြင့် ယခုအချိန်တွင် ငါးယောက်သာ ကျန်ရှိတော့သည်။
လူအင်အား မများသော်လည်း သူတို့တစ်ဦးချင်းစီမှ ထွက်ပေါ်နေသော အရှိန်အဝါများက အားကောင်းလှသဖြင့် မည်သူမျှ လျှော့တွက်ရဲမည် မဟုတ်ပေ။
အနက်ရောင်ဝတ် သေမင်းတမန်အဖွဲ့သည် ချက်ချင်းပင် ရန်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ သတိထားလိုက်ကြ၏။
လန်ရှင်းယွဲ့သည် ကောင်းကင်ဝံပုလွေအဖွဲ့ကို မြင်လိုက်ရသောအခါ သက်ပြင်းချလိုက်မိသည်။
ယဲ့ဖန်က ခြုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်ထားမှန်း သူမ ကြိုသိနေခဲ့သည်။ ထို့ကြောင့် သူမ၏ လက်အောက်ငယ်သားများကို ချက်ချင်း လှုပ်ရှားခွင့် မပေးခဲ့ခြင်း ဖြစ်သည်။
အခု ယဲ့ဖန်၏ ခြုံခိုတပ်ဖွဲ့ကို မြင်လိုက်ရပြီ ဖြစ်သဖြင့် သူတို့က သန်မာပုံရသော်လည်း အနည်းဆုံးတော့ အလင်းရောင်အောက် ရောက်လာပြီ ဖြစ်ရာ နောက်ထပ် ခြုံခိုတိုက်ခိုက်ခံရမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ယဲ့ဖန်က သူမကို ပြုံးပြလိုက်၏။
"ခြုံခိုတိုက်ခိုက်တာ မင်းတို့ပဲ တတ်တယ်များ ထင်နေလား... ငါလည်း တတ်တာပေါ့..."
လန်ရှင်းယွဲ့က ယဲ့ဖန်၏ လက်ရှိပုံစံကို ရယ်စရာကောင်းလွန်းသည်ဟု ထင်မြင်မိသည်။
"ရှင်က ကျွန်မအထင်ထက် ပိုညံ့နေသလိုပဲ... ခြုံခိုတိုက်ခိုက်ချင်တယ် ဆိုရင်တောင် လူအင်အား များများစားစားနဲ့ လုပ်သင့်တာပေါ့... ဒီလူနည်းစုလေးနဲ့ ကျွန်မတို့ကို ယှဉ်ချင်နေတာလား... မရယ်ရလွန်းဘူးလား..."
"မလောက်သေးဘူးလား..."
ယဲ့ဖန်က နောက်သို့ လှည့်ကြည့်ပြီး သဘောတူစွာ ခေါင်းညိတ်လိုက်၏။
"ကြည့်ရတာ မလောက်သေးဘူး ထင်တယ်... ဒါဆို နောက်ထပ် နည်းနည်းလောက် ထပ်ထည့်ပေးရသေးတာပေါ့..."
ပြောပြောဆိုဆို သူသည် လက်နှစ်ချောင်းကို ပါးစပ်ထဲ ထည့်ပြီး စူးရှစွာ လေချွန်လိုက်၏။
လေချွန်သံ ဆုံးသည်နှင့် အမှောင်ထုထဲမှ မည်းနက်သော အရိပ်တစ်ဒါဇင်ခန့် လျှပ်စီးလက်သကဲ့သို့ ထွက်ပေါ်လာကြ၏။
အနက်ရောင် ဝတ်ဆင်ထားသော ဤလူစုသည် အလွန် လျင်မြန်လှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ ရောက်ရှိလာကြ၏။
ထို့နောက် သူတို့က ယဲ့ဖန်ကို ဦးညွှတ် ဂါရဝပြုလိုက်ကြ၏။
"ဖူမာမျိုးနွယ်မှ နင်ဂျာဆယ်ဦး... မစ္စတာယဲ့ကို ဂါရဝပြုပါတယ်..."
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အားချန် မရယ်ဘဲ မနေနိုင်တော့။
"ဟားဟားဟား... မစ္စတာယဲ့က တကယ်ကို အစွမ်းထက်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိပါပေတယ်ဗျာ... ကျွန်တော် သိသားပဲ... အရာအားလုံးက မစ္စတာယဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ..."
ဒီည ဒီမှာ သေရတော့မည်ဟု သူ ထင်မှတ်ထားခဲ့သည်လေ။
သို့သော် ဖူမာမျိုးနွယ်မှ နင်ဂျာ ဆယ်ဦး ထွက်ပေါ်လာသောအခါ အခြေအနေက ပြောင်းလဲသွားခဲ့လေ၏။
ဖူမာနင်ဂျာဆယ်ဦး၊ ကောင်းကင်ဝံပုလွေအဖွဲ့ ကိုးဦး၊ သူနှင့် ယဲ့ဖန် အပါအဝင် ဆိုလျှင် သူတို့ဘက်တွင် ကျွမ်းကျင်ပညာရှင် အယောက် နှစ်ဆယ်ကျော် ရှိနေပြီ ဖြစ်သည်။
အနည်းဆုံးတော့ တိုက်ခိုက်မည့် လူအင်အားချင်း ယှဉ်လျှင် နှစ်ဖက်စလုံးက တူညီနေပြီ ဖြစ်သည်။
သို့သော် ရွှီကျင်းရှင်းကတော့ သူ့လောက် အကောင်းမမြင်ပေ။
လူအင်အားချင်း တူညီသည် ဆိုသော်လည်း စွမ်းရည်ကွာခြားချက်က ကြီးမားနေဆဲပင်။
လန်ရှင်းယွဲ့ဘက်တွင် အားလုံးနီးပါးက အတွင်းအားအဆင့် ရှိကြ၏။
သူတို့ဘက်တွင် ယဲ့ဖန်မှလွဲ၍ ကောင်းကင်ဝံပုလွေအဖွဲ့မှ သုံးဦးသာ အတွင်းအားအဆင့် ရှိပြီး ကျန်သူများမှာ သိုင်းပညာ အခြေခံအဆင့်သာ ရှိကြ၏။
ဖူမာနင်ဂျာဆယ်ဦးထဲတွင်လည်း ငါးဦးသာ အတွင်းအားအဆင့် ရှိပြီး ကျန်ငါးဦးမှာ အခြေခံအဆင့် နောက်ဆုံးပိုင်းသာ ရှိသေးသည်။
ဒီလို နှိုင်းယှဉ်ကြည့်လိုက်လျှင် စွမ်းရည်ကွာခြားချက်က အလွန် သိသာထင်ရှားနေသည်။
အခြေအနေက ကောင်းမွန်လှသည်တော့ မဟုတ်သေး။
သို့သော် ထိုမျှလောက်နှင့်ပင် လန်ရှင်းယွဲ့ ကြောက်လန့်သွားခဲ့သည်။
ယဲ့ဖန်တွင် နောက်ထပ် အရန်အစီအစဉ် ရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့မိ။
တစ်ဖက်လူ၏ စုစုပေါင်း အင်အားက သူတို့ကို မယှဉ်နိုင်သေးဟု ထင်ရသော်လည်း...
ဖူမာမျိုးနွယ် တိုက်ခိုက်ရေးသမားတွေက နင်ဂျာတွေဆိုတာ မမေ့သင့်ပါ။
နင်ဂျာတွေက အမှောင်ထဲမှာ တိုက်ခိုက်သည့် အခါ ပြိုင်ဘက်ကင်းသည့် အားသာချက် ရှိတယ်လေ။
အချိန်ဆွဲ၍ မဖြစ်တော့မှန်း သူမ သိလိုက်၏။ တစ်ဖက်လူက စစ်ကူတွေ ထပ်ခေါ်လာမှာကို တားဆီးဖို့အတွက် အခြေအနေကို အမြန်ဆုံး ရှင်းလင်းမှ ဖြစ်မည်။
"သတ်ကြ... တစ်ယောက်မှ အရှင်မထားနဲ့..."
သူမက တိုက်ခိုက်ရန် ချက်ချင်း အမိန့်ပေးလိုက်ပြီး ယဲ့ဖန်ဆီသို့ ပြေးဝင်သွားလေသည်။
ကြီးမားသော တိုက်ပွဲကြီးတစ်ခု စတင် ပေါက်ကွဲတော့မည်။
အနက်ရောင်ဝတ် သေမင်းတမန် အယောက်နှစ်ဆယ်ကျော်သည် ဓားများကို ဆွဲထုတ်လိုက်ကြ၏။
သူတို့ အသုံးပြုသော ဓားများမှာ အလွန် ထူးဆန်းသော သတ္တုစပ်ဓားများ ဖြစ်ကြ၏။
ဓားသွားသည် ၁.၂ မီတာခန့် ရှည်လျားပြီး မည်းနက်နေသည်။ ဓားသွား၏ တစ်ဖက်ခြမ်းတွင် လွှသွားကဲ့သို့ အထစ်များ ပါရှိသည်။
အမှောင်ထဲတွင် ဝှေ့ယမ်းလိုက်လျှင် သတိထားမိရန် အလွန် ခက်ခဲလှသည်။
ဖူမာနင်ဂျာဆယ်ဦးကလည်း ကြောက်ရွံ့ခြင်းမရှိဘဲ ဓားများကို ဆွဲထုတ်ကာ ပြေးဝင်သွားကြ၏။
တချိန်တည်းမှာပင် ကောင်းကင်ဝံပုလွေအဖွဲ့သားများက ရွှီကျင်းရှင်း၊ ဖူမာကျန်းဝူနှင့် အားချန်တို့အနားသို့ လျင်မြန်စွာ ကပ်သွားကြ၏။
သူတို့ ရရှိထားသော အမိန့်မှာ ထိုသုံးဦးကို အထိအခိုက်မရှိစေရန် ကာကွယ်ပေးဖို့ပင်။
မှောင်မည်းနေသော ညဉ့်နက်ချိန်တွင် နှစ်ဖက်စလုံး အသေအကြေ တိုက်ခိုက်နေကြ၏။
လက်နက်ချင်း ထိခိုက်သံများက မဆုံးနိုင်အောင် ထွက်ပေါ်နေသည်။
ယဲ့ဖန်နှင့် လန်ရှင်းယွဲ့တို့လည်း အနီးကပ် တိုက်ပွဲ ဆင်နွှဲနေကြ၏။
လန်ရှင်းယွဲ့၏ လက်ထဲတွင် မည်းနက်သော ဓားမြှောင်တစ်ချောင်း ကိုင်ဆောင်ထားသည်။ အနက်ရောင်ဝတ် သေမင်းတမန်များ ကိုင်ဆောင်သော ဓားများနှင့် တူညီသည့် ပစ္စည်းဖြင့် ပြုလုပ်ထားပုံရသည်။
ဓားမြှောင်သည် တစ်ပေခန့် ရှည်လျားပြီး လရောင်အောက်တွင် အေးစက်စွာ တောက်ပနေသည်။
သို့သော် ယဲ့ဖန်ကတော့ အလွန် ရိုးရှင်းစွာပင် လော်ရန်ဂေါ်ပြားကို အသုံးပြုပြီး ရန်သူကို ရင်ဆိုင်လိုက်၏။
"ဒလွမ်... ဒလွမ်... ဒလွမ်..."
လက်နက်နှစ်ခု ထိခိုက်မိတိုင်း မီးပွားများ လွင့်စင်ထွက်လာပြီး ညအမှောင်ထုထဲတွင် မျက်စိကျိန်းမတတ် လင်းလက်သွားစေသည်။
ယဲ့ဖန် တိုက်ခိုက်လေလေ၊ ပို၍ အံ့သြလေလေ ဖြစ်လာသည်။ လန်ရှင်းယွဲ့၏ အင်အားက နယူတန် နှင့် တန်းတူလောက် ရှိမည်ဟု သူထင်ထားခဲ့သည်။
သို့သော် ဒီတစ်ခါတော့ သူမှားသွားခဲ့လေ၏။
ဒီမိန်းမရဲ့ အင်အားက နယူတန်ထက် အများကြီး ပိုသန်မာသည်။
သူက ခွန်အား ၇၀ ရာခိုင်နှုန်းလောက် သုံးထားတာတောင်မှ ကိုင်တွယ်ရ နည်းနည်း ခက်ခဲနေသည်။
လန်ရှင်းယွဲ့၏ တုံ့ပြန်နိုင်စွမ်း၊ ပေါက်ကွဲအားနှင့် ခွန်အားတို့သည် ထိပ်တန်းအဆင့်တွင် ရှိနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဖက်စလုံး အပြန်အလှန် အချက်ပေါင်းများစွာ တိုက်ခိုက်ပြီးကြသော်လည်း သူက အသာစီး မရသေးပေ။
သူ့စိတ်ထဲတွင် တိတ်တဆိတ် ထိတ်လန့်မိသွားသည်။
‘ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ဂိုဏ်းထဲမှာ လန်ရှင်းယွဲ့လို ကျွမ်းကျင်ပညာရှင်မျိုး ဘယ်နှယောက်တောင် ရှိနေတာလဲ။ ’
ပြောနေစရာတောင် မလိုတော့ပေ... ဆယ်ယောက်လောက် ရှိလျှင်တောင် သူတို့က ပြိုင်ဘက်ကင်းနေပြီ ဖြစ်၏။
လန်ရှင်းယွဲ့လည်း ထပ်တူထပ်မျှ အံ့သြနေမိသည်။
ယဲ့ဖန်နှင့် နှစ်ကြိမ်တိုင်တိုင် ထိပ်တိုက်တွေ့ဆုံပြီးနောက် သူ့အင်အားကို ကောင်းကောင်း နားလည်ထားပြီဟု သူမ ထင်မှတ်ခဲ့သည်။
သို့သော် တကယ်တမ်း တိုက်ခိုက်ကြည့်မှ သူမသည် ပြိုင်ဘက်၏ အင်အားကို လျှော့တွက်မိမှန်း ရုတ်တရက် သဘောပေါက်သွားလေသည်။
ယဲ့ဖန် သူမရှေ့တွင် ပြသခဲ့သော အင်အားသည် ရေခဲတောင်၏ ထိပ်ဖျားလေးမျှသာ ဖြစ်သည်။
သူမက ခွန်အား ၉၀ ရာခိုင်နှုန်းလောက် သုံးထားတာတောင် အရေးနိမ့်နေဆဲပင်။
အထက်လူကြီးတွေက သူ့ကို ဘာလို့ ဒီလောက်တောင် အလေးထားနေရသည်လဲ ဆိုတာ သူမ အရင်က နားမလည်ခဲ့သော်လည်း ယခုတော့ နားလည်သွားပြီ။
တကယ်တော့ စစ်ဆင်ရေး မစတင်ခင်က အထက်လူကြီးတွေက အတွင်းအားအဆင့်နှင့် ညီမျှသည့် အနက်ရောင်ဝတ် သေမင်းတမန် အယောက် ၂၀ ကျော်ကို စစ်ဆင်ရေးမှာ ပါဝင်ဖို့ စီစဉ်ထားတယ်ဆိုတာ သိရတုန်းက သူမ အရမ်း ဇဝေဇဝါ ဖြစ်ခဲ့ပြီး အထက်လူကြီးတွေက ကြက်ဥခွဲဖို့ တူကြီး သုံးနေသည် ဟုပင် ထင်ခဲ့မိသည်။
အခုမှပဲ ဒီစီစဉ်မှုရဲ့ နောက်ကွယ်က နက်ရှိုင်းတဲ့ အဓိပ္ပာယ်ကို သူမ နားလည်သွားတော့သည်။
ယဲ့ဖန်လို ကျွမ်းကျင်ပညာရှင်မျိုးကို ရင်ဆိုင်ပြီး တစ်ချက်တည်းနှင့် အသေသက်ချင်လျှင် လုံလောက်သည့် ပြင်ဆင်မှုတွေ လုပ်ထားမှ ဖြစ်မည်။
သူ့ကို အသက်ရှူချိန် ပေး၍ မဖြစ်။ မဟုတ်လျှင် ဒုက္ခတွေ အများကြီး ရောက်လိမ့်မည်။
"ဒီနေ့... ရှင် သေကို သေရမယ်..."
သူမက ဓားကို ဝှေ့ယမ်းလိုက်ရာ မည်းနက်သော ဓားသွားသည် ညအမှောင်ထုထဲတွင် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားပြီး ဖမ်းဆုပ်ရ ခက်ခဲစေသည်။
သို့သော် ယဲ့ဖန်ကတော့ ဓားသွား၏ လမ်းကြောင်းကို ဖမ်းမိအောင် ကြိုးစားပြီး လော်ရန်ဂေါ်ပြားဖြင့် ပိတ်ဆို့လိုက်၏။
"မင်းကလား..."
သူ့နှုတ်ခမ်းထောင့်စွန်းတွင် မထီမဲ့မြင် ပြုသော အရိပ်အယောင် တစ်ခု ပေါ်လာသည်။ ဒါက သူ၏ စွမ်းအားကြီးမားမှုကနေ ရရှိလာသော ယုံကြည်မှုမျိုးပင်။
ဘီလူးကြီးတစ်ကောင်က ပုရွက်ဆိတ်လေးကို ငုံ့ကြည့်နေသလိုမျိုးပါပင်။