ဒီကမ္ဘာကြီးက အတော်လေးကို ရူးသွပ်လွန်းနေတယ်
Vol. 3 Ch. 24
ဝူတန်တောင်ခြေရှိ စိမ်းလန်းသော မြက်ခင်းပြင်ပေါ်တွင်။
ချန်အာကောသည် ယင်ဟွိုက်ယွီ၏ နောက်မှ ကြောင်တောင်တောင် အမူအရာဖြင့် လိုက်ပါလာခဲ့သည်။
မူလက သူသည် အခြားတပည့်များနှင့်အတူ ကျင့်ကြံနေခြင်း ဖြစ်သော်လည်း၊ မထင်မှတ်ဘဲ ယင်ဟွိုက်ယွီက သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။
သူ့ကို ခေါ်သွားမည်ဟု ပြောခဲ့သည်။
ထိုအချိန်တွင် ရောက်ရှိနေသော တပည့်အားလုံးက သူ့ကို ဝိုင်းကြည့်နေကြပြီး သူတို့မှာလည်း သူကဲ့သို့ပင် အံ့အားသင့်နေကြသည်။
ချန်အာကောက လူအုပ်ကို လှမ်းကြည့်လိုက်သောအခါ လူအများ၏ မျက်လုံးထဲတွင် မနာလိုဖြစ်နေသည့် အရိပ်အယောင်များကို တွေ့လိုက်ရသည်။
မိုးပေါ်က မုန့်ကျလာသလိုမျိုး (ကံကောင်းမှုကြီး ရုတ်တရက် ရောက်လာသလိုမျိုး) ခံစားလိုက်ရသည်။
ဒါပေမဲ့ ယင်ဟွိုက်ယွီက သူလို သာမန်ပါရမီပဲရှိတဲ့ တပည့်တစ်ယောက်ကို ဘာကြောင့်များသဘောကျရတာလဲလို့ သူတို့ တွေးနေကြသည်။
များစွာသော တပည့်များထဲတွင် ချန်အာကောသည် အညံ့ဆုံးဟုပင် သတ်မှတ်နိုင်သည်။
ရုပ်ရည်ဖြစ်စေ၊ ကိုယ်ခံပညာ ပါရမီဖြစ်စေ၊ နာမည်ကအစ အလွန်ပင် သာမန်ကာလျှံကာဖြစ်၍ မေ့ပစ်ရန် လွယ်ကူလှသည်။
အံ့ဖွယ်ကိစ္စတစ်ခု မဖြစ်လာဘဲနဲ့တော့ ဒီလို ကံကောင်းမှုမျိုးက ဘယ်လိုလုပ် သူ့ဆီ ရောက်လာမှာလဲ?
“အကြီးအကဲယင်... အကြီးအကဲယင်...ကျွန်တော်တို့ ဘယ်သွားကြမလို့လဲ?”
ချန်အာကောက ကြောက်ကြောက်လန့်လန့်နှင့် မေးလိုက်သည်။
တောင်တံခါးမှ ထွက်လာကတည်းက ယင်ဟွိုက်ယွီသည် နှုတ်ဆိတ်နေခဲ့သည်။
ဤအချက်က ချန်အာကောကို ပို၍ ကြောက်လန့်စေသည်။
ငယ်စဉ်ကတည်းက သူသည် မိမိ၏ သွေးနှင့် အဆီအနှစ်ကို အသုံးပြု၍ ကျင့်ကြံရသော စုန်းကဝေ အတတ်များအကြောင်း ပုံပြင်များစွာ ကြားဖူးခဲ့သည်။
လူကြီးများသည် ကလေးများကို ခြောက်လှန့်ရန် ဤပုံပြင်များကို ပြောလေ့ရှိသည်။
အကြီးအကဲယင်ကလည်း ဤကဲ့သို့သော မကောင်းဆိုးဝါး အတတ်မျိုးကို ကျင့်ကြံနေတာလား?
“ဖြောင်း!”
ချန်အာကောက သူ့ပါးကို သူ ပြန်ရိုက်လိုက်သည်။
ယင်ဟွိုက်ယွီအပေါ် ဤကဲ့သို့ ယုတ်ညံ့သော အတွေးများ တွေးမိသည့်အတွက် မိမိကိုယ်ကိုယ် ရှုတ်ချမိခြင်းဖြစ်သည်။
ဤအကြီးအကဲသည် ကျောင်းထိုင်ဆရာတော်နှင့် ဂိုဏ်းအသီးသီးမှ အကြီးအကဲများပင် လွန်စွာ ရိုသေကြရသော ပုဂ္ဂိုလ်ကြီး မဟုတ်ပါလား။
“စကားမများနဲ့၊ ငါ့နောက်ကသာ လိုက်ခဲ့"
ယင်ဟွိုက်ယွီသည် နာမည်ကြီးသည့်အတိုင်းပင် အေးစက်ပြီး ချဉ်းကပ်ရန် ခက်ခဲနေဆဲပင်။
ချန်အာကောသည် လည်ပင်းကို ကျုံ့ထားပြီး သူ၏ အသက်ရှူသံကပင် ယင်ဟွိုက်ယွီကို စိတ်အနှောင့်အယှက် ဖြစ်စေမည်စိုး၍ ပါးစပ်ကို အလျင်အမြန် ပိတ်ထားလိုက်သည်။
ထိုနှစ်ဦး မြက်ခင်းပြင်သို့ ရောက်လာချိန်တွင် သစ်ပင်ကြီးတစ်ပင်အောက်၌ ရင်းနှီးနေသော ရေကျွဲကြီးတစ်ကောင်နှင့် အနားယူနေတဲ့ လင်ချွမ်ကို တွေ့လိုက်ရသည်။
ယင်ဟွိုက်ယွီသည် လင်ချွမ်ထံသို့ လျှောက်သွားသည်ကို ချန်အာကော ကြည့်နေလိုက်သည်။
ထို့နောက် ဝူတန်ဂိုဏ်း၏ တသီးပုဂ္ဂလနေထိုင်သော ဤအကြီးအကဲသည် လင်ချွမ်ရှေ့တွင် လက်အုပ်ချီကာ အရိုအသေ ပေးလိုက်သည်။
သူ၏ အမူအရာမှာ တပည့်ငယ်တစ်ဦးက ဆရာသမားကို အရိုအသေပေးနေသကဲ့သို့ အလွန်ပင် နှိမ့်ချလှသည်။
ပို၍ပင် မယုံနိုင်စရာ ကောင်းသည်မှာ လင်ချွမ်သည် ပျင်းရိစွာဖြင့် မျက်လုံးကို ဖွင့်လိုက်ခြင်းပင်။
ယင်ဟွိုက်ယွီအပေါ် ထားရှိသော သူ၏ အကြည့်မှာ အရာအားလုံးကို မျှော်လင့်ထားပြီးသား ဖြစ်သကဲ့သို့ အလွန်ပင် သာမန်ကာလျှံကာ နိုင်လှသည်။
“ဘုရားရေ!”
ဒီကမ္ဘာကြီးမှာ ဘာတွေ ဖြစ်ကုန်ပြီလဲ?
ချန်အာကောသည် သူ၏ မျက်လုံးများကို ပွတ်ကာ မြင်နေရသည်မှာ အစစ်အမှန်ဖြစ်ကြောင်း ထပ်မံ အတည်ပြုလိုက်သည်။
ထို့နောက် သူ ကြောင်တောင်တောင် ဖြစ်သွားသည်။
“ဘာရပ်ကြည့်နေတာလဲ? အကြီးအကဲကို အရိုအသေ ပေးလိုက်လေ"
ထိုစကားမှာ ယင်ဟွိုက်ယွီဆီက ဖြစ်သည်။
သူ၏ အသံမှာ အလျင်စလို ဖြစ်နေသည်။
ယင်ဟွာယွီသည် လင်ချွမ်အပေါ် ရိုသေမှု မလောက်ငမည်ကို စိုးရိမ်နေသကဲ့သို့ပင်။
“ဂလု!"
ချန်အာကော တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။
သူ၏ စိတ်ထဲတွင် ဘာမှ မရှိတော့ဘဲ ခြေလှမ်းများမှာ အလိုအလျောက် ရွေ့လျားသွားသည်။
သူသည် ခြေလှမ်းများပင် မှားယွင်းကာ လျှောက်သွားမိခဲ့သည်။
“လင်... လင်ချွမ်... မဟုတ်ဘူး၊ အကြီးအကဲ!”
ချန်အာကောသည် စကားများကို ထစ်ထစ်အအ ပြောလိုက်သည်။
ထို့နောက် ခြေထောက်များ ပျော့ခွေသွားပြီး ဒူးထောက်ကျသွားခဲ့သည်။
“ဒီအသုံးမကျတဲ့ကောင်ကတော့"
ယင်ဟွိုက်ယွီက ချန်အာကောကို စိတ်ပျက်သော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
သူသည် လင်ချွမ်ကို စိုးရိမ်တကြီး ကြည့်ကာ ပြောသည်-
“အကြီးအကဲ၊ ဒီလို စိတ်ပျက်စရာကောင်းတဲ့ တပည့်ငယ်လေးက ဒီလောက် အရေးကြီးတဲ့ တာဝန်ကို တကယ်ပဲ ထမ်းဆောင်နိုင်ပါ့မလား?”
မူလက သူသည် လင်ချွမ်ကို ရူယိနှင့် ကိုယ်တိုင် ရင်ဆိုင်ပေးရန် တောင်းဆိုချင်ခဲ့ခြင်းဖြစ်သည်။
လင်ချွမ်၏ ပထမအဆင့် ကျင့်ကြံမှုဖြင့်ဆိုလျှင် ပြိုင်ဘက်ကို လုံးဝ ချေမှုန်းနိုင်ပေလိမ့်မည်။
ထို့အပြင် လင်ချွမ်မှာ အသက် ၁၈ နှစ်သာ ရှိသေးသည်။
သုံးနှစ်အတွင်း နယ်ပယ်တစ်ခုလုံးကို ကျော်ဖြတ်နိုင်ခြင်းမှာ ရူယိပင်လျှင် အစွမ်းကုန် ကြိုးစားသော်လည်း မရရှိနိုင်သော အရာဖြစ်သည်။
ဒါဟာ ရှောင်လင် ဘုန်းကြီးကျောင်းအတွက်တော့ မျက်နှာကို ပြင်းပြင်းထန်ထန် အရိုက်ခံရသလို ဖြစ်သွားပေလိမ့်မည်။
ကံမကောင်းစွာဖြင့် လင်ချွမ်သည် လူသိရှင်ကြား လူလုံးပြရန် ဆန္ဒမရှိပေ။
ယင်ဟွိုက်ယွီကို ကူညီရန် သဘောတူခဲ့ခြင်းသည်ပင် အလွန် ကြီးမားသော ကျေးဇူးဖြစ်သည်။
နောက်ပိုင်းတွင် လင်ချွမ်းသည် ချန်အာကောကို ခေါ်လာရန် ယင်ဟွိုက်ယွီကို အထူး တောင်းဆိုခဲ့သည်။
သူ၏ အစီအစဉ်ကို အတိအလင်း မပြောခဲ့သော်လည်း ယင်ဟွိုက်ယွီသည် အသက် ၁၅၀ ရှိပြီဖြစ်သော မြေခွေးအိုကြီး တစ်ကောင်ဖြစ်သည့်အလျောက် လင်ချွမ်သည် ချန်အာကောကို ရုပ်သေးကဲ့သို့ အသုံးချကာ သူ၏ကိုယ်စား တိုက်ခိုက်ခိုင်းမည်ဟု ခန့်မှန်းမိသည်။
ဝူတန်ဂိုဏ်း၏ တသီးပုဂ္ဂလ အကြီးအကဲတစ်ဦးဖြစ်သဖြင့် ချန်အာကောကဲ့သို့ သာမန် တပည့်ငယ်လေးကို သူ သိလိမ့်မည် မဟုတ်ပေ။
ချန်အာကော၏ ကြောက်တတ်သော အမူအရာကို ကိုယ်တိုင် မြင်လိုက်ရမှသာ သူ စိုးရိမ်မိတော့သည်။
ဒီလောက် ကြောက်တတ်တဲ့သူက ဒီလို တာဝန်ကြီးကို ဘယ်လိုများ ထမ်းဆောင်နိုင်မှာလဲ!
“ဝူတန်ဂိုဏ်းမှာ တပည့်ပေါင်း တစ်သောင်းကျော် ရှိပါတယ်"
“အနည်းဆုံးတော့ ချန်အာကောထက် သာတဲ့သူ အချို့ ရှိပါသေးတယ်"
“အကြီးအကဲ... တခြားသူကို ပြောင်းဖို့ တကယ်ပဲ မစဉ်းစားတော့ဘူးလား?”
ယင်ဟွိုက်ယွီက အကြံပြုလိုက်သည်။
“ဟမ်?”
လင်ချွမ်းက မျက်ခုံကို အနည်းငယ် ပင့်လိုက်ပြီး ယင်ဟွိုက်ယွီကို ကြည့်လိုက်သည်။
“မင်းက ငါ့ကို သင်ပြပေးနေတာလား?”
ဟု သူက အနည်းငယ် မကျေမနပ် ပြောလိုက်သည်။
“ဒီအဖိုးကြီးက မဝံ့ရဲပါဘူး!”
(TN note - လင်ချွမ် အနေနဲ့ ကျင့်ကြံမှု အဆင့်မြင့်နေတဲ့အတွက် ယင်ဟွိုက်ယွီကို "မင်း" နဲ့ "ငါ" ဆိုတဲ့ အသုံးအနှုန်းကို သုံးနိုင်ပါတယ်၊ အကြီးအကဲ ယင် ကိုယ်တိုင်လည်း ဒါကို လက်ခံထားပါတယ်)
ယင်ဟွိုက်ယွီသည် ချက်ချင်းပင် အရိုအသေပေးကာ သူ၏အမှားကို ဝန်ခံလိုက်သည်။
သူ၏ ကြောက်လန့်နေသော အမူအရာမှာ အမှားလုပ်မိသော ကျောင်းသားတစ်ဦးနှင့် တူလှသည်။
ချန်အာကောသည် သူမြင်နေရသည်များကို ကြည့်ကာ ဆွံ့အသွားခဲ့သည်။
ယင်ဟွိုက်ယွီနှင့် လင်ချွမ်တို့၏ အဆင့်အတန်းများ ပြောင်းပြန် ဖြစ်နေခဲ့လျှင် သူသည် ကျိုးကြောင်းဆီလျော်သည်ဟု ထင်မိဦးမည်။
သို့သော် အမှန်တကယ်တွင်မူ လင်ချွမ်က ယင်ဟွိုက်ယွီကို ဆူပူနေခြင်းဖြစ်ပြီး ယင်ဟွာယွီကလည်း ၎င်းကို အပြည့်အဝ လက်ခံနေသည်။
“ဘုရားရေ! ငါ အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်!”
ချန်အာကောသည် မယုံကြည်နိုင်သော မျက်နှာဖြင့် ခေါင်းကို ခါလိုက်သည်။
“မင်း!”
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ချန်အာကော လန့်သွားသည်။
သူ အမြန် မော့ကြည့်လိုက်သောအခါ လင်ချွမ်က သူ့ကို လက်ညှိုးထိုးကာ လက်ယပ်ခေါ်နေသည်ကို တွေ့လိုက်ရသည်။
ချန်အာကောသည် အလွန် အံ့အားသင့်သွားသဖြင့် စကားတစ်လုံးမျှ မပြောရဲတော့ပေ။
မေးစရာ မေးခွန်းများစွာ ရှိသော်လည်း မမေးရဲပေ။
ကြောင်တောင်တောင်နှင့်သာ ရပ်နေမိသည်။
“မနက်ဖြန်ကျရင် မင်း ရှောင်လင် ဘုန်းကြီးကျောင်းက ရူယိနဲ့ ရင်ဆိုင်ရမယ်"
“ဒီကိစ္စက ဝူတန်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေလို့ ပေါ့ပေါ့တန်တန် သဘောမထားနဲ့"
“သိလား?”
လင်ချွမ်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျွန်တော်လား?”
ချန်အာကောက သူ့နှာခေါင်းကို သူ ပြန်ညွှန်းကာ နှုတ်ခမ်းများ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်-
“ဘာ... ဘာတွေ နောက်နေတာလဲ! ကျွန်တော်က ရူယိကို ဘယ်လိုလုပ် အနိုင်တိုက်နိုင်မှာလဲ!”
သူသည် မိမိကိုယ်တိုင် ရူယိကို အနိုင်ယူနိုင်စွမ်းရှိသည်ဟု ယုံကြည်မည့်အစား လင်ချွမ်သည် ယင်ဟွိုက်ယွီ၏ အကြီးအကဲ ဖြစ်သည်ဆိုသည်ကိုသာ ပို၍ ယုံကြည်ချင်တော့သည်။
ဒီအိပ်မက်က ပိုပိုပြီးတော့ ရူးကြောင်ကြောင် နိုင်လာပြီ!
“ဖြောင်း!”
ချန်အာကောက သူ့ကိုယ်သူ ပြန်ရိုက်လိုက်သည်။
“မင်း ဘာလုပ်နေတာလဲ?”
ယင်ဟွိုက်ယွီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဒါ အိပ်မက် မဟုတ်ဘူးလား?”
ချန်အာကောက သူ့ဘာသာ ရေရွတ်လိုက်သည်။
ဒါဟာ ယင်ဟွိုက်ယွီ၏ မေးခွန်းကို သွယ်ဝိုက်ပြီး အဖြေပေးလိုက်ခြင်း ဖြစ်သည်။
လင်ချွမ်က ဆက်ပြောသည်-
“မင်း ရူယိကို အနိုင်ယူနိုင်၊ မယူနိုင်ဆိုတာ မင်း ဂရုစိုက်ရမယ့် ကိစ္စမဟုတ်ဘူး"
“တစ်ခုပဲ မှတ်ထားပါ၊ ဒီနေ့ ဖြစ်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောပါနဲ့"
“မဟုတ်ရင် ငါ့လက်နဲ့ ကိုယ်တိုင်သတ်စရာမလိုဘဲ ဒီ အကြီးအကဲယင်က မင်းကို သတ်ပစ်လိမ့်မယ်"
“နားလည်လား?”
ထိုစကားကို ကြားသောအခါ ချန်အာကောမှာ အလွန် ကြောက်လန့်သွားပြီး ပြိုလဲသွားတော့သည်။
လူသတ်တဲ့အထိ ဖြစ်ရမှာလား?!
ယင်ဟွိုက်ယွီက ချန်အာကောကို ကန်လိုက်မှသာ သူ အလျင်အမြန် ခေါင်းငြိမ့်ကာ သဘောတူလိုက်ရသည်။
လင်ချွမ်ကတော့ ဒါကို လုံးဝ အရေးမစိုက်ပေ။
ဝူတန်တပည့်များထဲတွင် ချန်အာကောမှာ သူနှင့် အတော်အတန် ရင်းနှီးသော လူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်သော်လည်း ၎င်းကို အထူးတလည် ကာကွယ်ပေးလောက်သည်အထိတော့ မဟုတ်ပေ။
ထို့အပြင် ရူယိနှင့် တိုက်ပွဲတွင် သူသည် ချန်အာကော၏ ခန္ဓာကိုယ်ကို အထောက်အကူပြု ကိရိယာတစ်ခုအဖြစ်သာ အသုံးပြုမည်ဖြစ်သည်။
မမျှော်လင့်ထားသော ကိစ္စများ မရှိလျှင် ချန်အာကောအတွက် မည်သည့် ထိခိုက်မှုမျှ ရှိလိမ့်မည် မဟုတ်ပေ။
“စလိုက်ရအောင်"
ယင်ဟွိုက်ယွီက စိတ်မရှည်စွာဖြင့် တိုက်တွန်းလိုက်သည်။
အမည်မသိ တပည့်တစ်ယောက်ကို ရူယိထက် သာလွန်သော ပညာရှင်တစ်ဦးအဖြစ် ပြောင်းလဲရန် လင်ချွမ်က မည်သည့်နည်းလမ်းကို အသုံးပြုမည်ကို သူလည်း သိချင်နေသည်။
မြောင် ဒေသ၏ ရုပ်သေးအတတ်များမှာပင် ကန့်သတ်ချက်များစွာ ရှိသည်။
ထို့အပြင် သာမန် ခန္ဓာကိုယ်တစ်ခုသည် ပထမအဆင့် ကိုယ်ခံပညာရှင်၏ အတွင်းအားကို လုံးဝ မခံနိုင်ပေ။
တစ်ခုခု မှားယွင်းသွားလျှင် ချန်အာကောသည် ထိုနေရာတင်ပင် ပေါက်ကွဲသွားနိုင်သည်။
“ဗုန်း!”
ရုတ်တရက် လင်ချွမ်က လှုပ်ရှားလိုက်ပြီး ချန်အာကောကို သတိလစ်သွားအောင် လုပ်လိုက်သည်။
ထို့နောက် သူ မျက်လုံးများကို မှိတ်ကာ ပြန်လည် အနားယူနေသည်။
ပြီးသွားပြီလား?