← Chapters

တိုက်မလား... ဆုတ်မလား

Vol. 77 Ch. 1514

တိုက်မလား... ဆုတ်မလား

Vol. 77 Ch. 1514

~"ဒါပေါ့...ကျွန်မတင် မကဘူး... နောက်ထပ် လူတွေလည်း ရှိသေးတယ်..."

လန်ရှင်းယွဲ့က ဤအချိန်တွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုဖြင့် ပြုံးလိုက်၏။ ထို့နောက် သူမသည် အသံကို ရုတ်တရက် မြှင့်တင်ကာ စကားအချို့ ပြောလိုက်၏။

ယဲ့ဖန် တစ်ခါမျှ မကြားဖူးသော ဘာသာစကား တစ်ခု ဖြစ်ပြီး ၎င်းတို့၏ လျှို့ဝှက်ဂိုဏ်းမှ အတွင်းပိုင်း ဆက်သွယ်ရန် ဖန်တီးထားသော ဘာသာစကား ဖြစ်လောက်သည်။

သူမ ပြောပြီးသည်နှင့်...

အနက်ရောင်ဝတ် သေမင်းတမန် တစ်ယောက်သည် ရွှီကျင်းရှင်းနှင့် ဖူမာကျန်းဝူတို့၏ အနောက်ဘက်တွင် တိတ်တဆိတ် ထွက်ပေါ်လာလေသည်။

ယဲ့ဖန်ကို အနိုင်ယူဖို့ အလွန်ခက်ခဲမှန်း လန်ရှင်းယွဲ့ ကောင်းကောင်း သိသည်။

သို့သော် သူ့အသင်းသားများကို အနိုင်ယူဖို့ကတော့ လွယ်ကူလှသည်။

အထူးသဖြင့် သူတို့အဖွဲ့တွင် အကြီးမားဆုံး အားနည်းချက် နှစ်ခု ရှိသည်။

ရွှီကျင်းရှင်းနှင့် “ကျူးရှောင်ကျောင်း”ပင် ဖြစ်သည်။

ရှန်ဘုရင်၏ လျှို့ဝှက်ရတနာသိုက်ထဲသို့ ဝင်ရောက်ပြီးနောက် သူမသည် ထိုမိန်းကလေးနှစ်ယောက်ကို တိတ်တဆိတ် အကဲခတ်ခဲ့သည်။

ဒီနှစ်ယောက်က ယဲ့ဖန်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိကြောင်း သူမ ၁၀၀ ရာခိုင်နှုန်း သေချာသည်။

သူမတို့က သေချာပေါက် ပြီးပြည့်စုံသော ဝန်ထုပ်ဝန်ပိုးတွေပင်။

ဒီနှစ်ယောက်ကို အောင်မြင်စွာ ဖမ်းဆီးနိုင်သရွေ့ ယဲ့ဖန်က သတိထားရတော့မည် ဖြစ်သည်။

ထို့ကြောင့် သူမသည် ယဲ့ဖန်၏ အာရုံကို ဆွဲဆောင်ရန် ဤလှည့်ကွက်ကို သုံးလိုက်ပြီး သူမ၏ လက်အောက်ငယ်သားများကို အမှောင်ထဲတွင် ပုန်းအောင်းကာ ရွှီကျင်းရှင်းနှင့် ဖူမာကျန်းဝူတို့ကို ဖမ်းဆီးခိုင်းလိုက်ခြင်း ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း အမှောင်ထဲတွင် ပုန်းအောင်းနေသော အနက်ရောင်ဝတ် သေမင်းတမန်က သူတို့နှစ်ဦးအနားသို့ ရောက်ရှိလာသည်။

ရွှီကျင်းရှင်းနှင့် ဖူမာကျန်းဝူတို့ကို ကာကွယ်ရန် တာဝန်ယူထားသော ကောင်းကင်ဝံပုလွေအဖွဲ့သားများသည် အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ကြ၏။

"ရွှပ်... ရွှပ်... ရွှပ်..."

ထက်ရှသော ဓားမြှောင်အချို့က အနက်ရောင်ဝတ် သေမင်းတမန်ဆီသို့ ပျံသန်းသွားကြ၏။

ယုတ္တိနည်းအရဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးတွင် အနက်ရောင်ဝတ် သေမင်းတမန်သည် ဓားများကို ခေတ္တ ရှောင်တိမ်းပြီး နောက်ဆုတ်သင့်သည်။

သို့သော် အာသာနှင့် ကျန်သူများသည် ဤလူ၏ ရက်စက်ကြမ်းကြုတ်မှုကို လျှော့တွက်ခဲ့မိသည်။

အနက်ရောင်ဝတ်သမားသည် နောက်ဆုတ်မသွားသည့်အပြင် ပို၍ပင် မြန်ဆန်စွာ ပြေးဝင်လာသည်။

"ဖပ်..."

ကောင်းကင်ဝံပုလွေအဖွဲ့ဝင်တစ်ဦးက အနက်ရောင်ဝတ်သမား၏ ဝမ်းဗိုက်အောက်ပိုင်းကို ထိုးစိုက်လိုက်၏။

အာသာ၏ စစ်သုံးဓားက ထိုလူ၏ ဘယ်လက်မောင်းကို ဖြတ်တောက်လိုက်ရာ သွေးများ ပန်းထွက်လာသည်။

သို့သော် အနက်ရောင်ဝတ်သမားက ရပ်တန့်မသွားပေ။ သူသည် ကောင်းကင်ဝံပုလွေအဖွဲ့၏ ကာကွယ်ရေးစည်းကို ဖောက်ထွင်းပြီး ရွှီကျင်းရှင်းနှင့် ဖူမာကျန်းဝူတို့ဆီသို့ ပြေးဝင်သွားသည်။

ယခုအချိန်တွင် သူ့ရှေ့၌ မည်သည့် အတားအဆီးမျှ မရှိတော့။

ဒီမိန်းကလေးနှစ်ယောက်ကို ဖမ်းဆီးနိုင်သရွေ့ သူတို့ဘက်က အသာစီး ရသွားပြီ ဖြစ်သည်။

အနက်ရောင်ဝတ်သမားသည် အောင်ပွဲ၏ အလင်းရောင်ကိုပင် မြင်တွေ့နေရပြီ ဖြစ်သည်။

သို့သော် ထိုအချိန်မှာပင် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်သွားလေသည်။

လန်ရှင်းယွဲ့က အန္တရာယ်အကင်းဆုံးနှင့် အဆူညံဆုံးဟု ထင်မှတ်ထားသော ကျူးရှောင်ကျောင်း... မဟုတ်ဘူး... ဖူမာကျန်းဝူ၏ လက်ထဲတွင် ဓားမြှောင်တစ်ချောင်း ရောက်ရှိနေလေဧ။်။

"ရွှပ်..."

အေးစက်သော အလင်းတန်းတစ်ခုက ညကောင်းကင်ယံကို ဖြတ်သန်းသွားသည်။

သေမင်းတမန်သည် ရုတ်တရက် ရပ်တန့်သွားပြီး သူ့မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

လန်ရှင်းယွဲ့၏ အမိန့်ထဲတွင် ဒီမိန်းကလေးနှစ်ယောက်က အန္တရာယ်မရှိဘူးဟု ရှင်းရှင်းလင်းလင်း ပြောထားသည်လေ။

‘ဒါပေမဲ့ ဘာလို့ လက်တွေ့အခြေအနေနဲ့ အမိန့်က ဒီလောက်တောင် ကွဲလွဲနေရတာလဲ။’

ကံဆိုးစွာပင် သူသည် ဤမေးခွန်း၏ အဖြေကို ရနိုင်တော့မည် မဟုတ်ပေ။

နောက်တစ်စက္ကန့်တွင် ကောင်းကင်ယံကို ဖြတ်သန်းသွားသော သက်တံ့တစ်ခုအလား သူ့လည်ချောင်းမှ သွေးစိမ်းရှင်ရှင် ပန်းထွက်လာလေသည်။

ဖူမာကျန်းဝူက သွေးများမစင်စေရန် ရွှီကျင်းရှင်းကို ဆွဲဖယ်လိုက်ပြီးသား ဖြစ်သည်။

ဒီအပြောင်းအလဲက ရုတ်တရက်ဆန်လွန်းသည်။

ရန်သူတွေ မဆိုထားနှင့်... သူ့အသင်းသားတွေတောင် ကြောင်အသွားကြ၏။

အားချန် မျက်လုံးများ ပြူးကျယ်သွားပြီး ဖူမာကျန်းဝူကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။

"ကျွမ်... မိန်းကလေး ကျွမ်.. ခင်ဗျား ဘယ်တုန်းက ဒီလောက် ကြမ်းသွားတာလဲ..."

သူ့အထင်တွင် ကျူးရှောင်ကျောင်းက ကြွားလုံးထုတ်ရတာ ကြိုက်သော်လည်း တိုက်ခိုက်ရေးမှာတော့ လုံးဝ သုံးစားမရသူ ဖြစ်သည်။

သူမ၏ သာမန် သိုင်းပညာလောက်နှင့် ဘယ်လိုလုပ် ရန်သူကို တစ်ချက်တည်းနဲ့ သတ်နိုင်မှာလဲ။

သိထားရမှာက ဒီလူတွေက သာမန်ရန်သူတွေ မဟုတ်။ အတွင်းအား အစပျိုးအဆင့်နှင့် ညီမျှသည့် ကျွမ်းကျင်ပညာရှင်တွေ ဖြစ်၏။

သေမင်းတမန်က လက်တစ်ဖက် ပြတ်သွားပြီ ဆိုသော်လည်းသူ့အင်အားကို လျှော့တွက်၍ မရသေး။

သို့သော်၊ ယခုလို ကျွမ်းကျင်ပညာရှင် တစ်ယောက်ကို ကျူးရှောင်ကျောင်းက တစ်ချက်တည်းနှင့် သတ်လိုက်နိုင်သည်တဲ့။

ဒါ... ဒါက ယုတ္တိမရှိဘူး။

လန်ရှင်းယွဲ့လည်း ထိတ်လန့်သွားသည်။

သူမသည် ယဲ့ဖန်၏ ဂေါ်ပြားကို ရှောင်တိမ်းရင်း လျင်မြန်စွာ နောက်ဆုတ်လိုက်၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူက ကွန်ဖူးမှ မတတ်တာ..."

သူမတို့ ဂိုဏ်းအနေဖြင့် ယဲ့ဖန်နှင့် ပတ်သက်သည့် သတင်းအချက်အလက် အားလုံးကို စုဆောင်းထားပြီး ဖြစ်လေသည်။ သူ့မိတ်ဆွေ အပေါင်းအသင်းများ၊ မိသားစုဝင်များ အားလုံး ပါဝင်၏။

ထိုအထဲတွင် ကျူးရှောင်ကျောင်းနှင့် ပတ်သက်သည့် အချက်အလက်များလည်း ပါဝင်နေပေသည်။

ဤမိန်းကလေးသည် နောက်ခံအင်အား တောင့်တင်းသော်ငြားလည်း၊ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း မရှိရှာပေ။

ရတနာသိုက် အတွင်း၌ သူမကို အသေအချာ အကဲခတ် လေ့လာခဲ့မှုနှင့် ပေါင်းစပ်လိုက်သောအခါ... ဤအချက်ကို သူမ ရာနှုန်းပြည့် သေချာနေခဲ့မိသည်သာ ဖြစ်လေသည်။

သို့သော် လက်တွေ့ ရလဒ်ကမူ... သူမ မျှော်လင့်ထားခဲ့သည်နှင့် များစွာ ကွာခြားနေခဲ့ချေပြီ။

ကျူးရှောင်ကျောင်းက ဘယ်တုန်းက ဒီလောက် ကြမ်းသွားတာလဲ။

"သူက ကျူးရှောင်ကျောင်း မဟုတ်ဖို့ ဖြစ်နိုင်ခြေ ရှိတယ်လို့ မင်းမထင်ဘူးလား..."

ယဲ့ဖန်က ဆက်မတိုက်ခိုက်တော့ဘဲ ပြုံးလျက် လော်ရန်ဂေါ်ပြားကို နှစ်ချက်လောက် ဝှေ့ယမ်းပြလိုက်၏။

သူသည် ဖူမာကျန်းဝူအား ကျူးရှောင်ကျောင်းအဖြစ် ဟန်ဆောင်စေခဲ့ခြင်းမှာ... မတော်တဆ ရွှေ့လိုက်မိသည့် အကွက်တစ်ခုသာ ဖြစ်ပေသည်။

အဓိက ရည်ရွယ်ချက်မှာမူ ကျူးရှောင်ကျောင်းအား ဘေးအန္တရာယ် မကျရောက်စေလိုခြင်းနှင့်၊ လန်ရှင်းယွဲ့ကို အမြင်ဝေဝါးသွားစေရန် ရည်ရွယ်ရင်း သက်သက်မျှသာ ဖြစ်လေ၏။

သို့သော် မရည်ရွယ်ဘဲ ရွှေ့လိုက်မိသော ဤအကွက်သည်... အရေးကြီးသည့် အချိန်အခါ၌ မမျှော်လင့်ထားသော သက်ရောက်မှုကို ပြသလာလိမ့်မည် ဟူ၍ကား... သူ ထင်မှတ်မထားခဲ့မိပါချေ။

ဖူမာကျန်းဝူက သူမ၏ ဟန်ဆောင်မှုကို အသုံးပြုပြီး ဒီည၏ ပထမဆုံး သွေးစွန်းမှုကို ရယူနိုင်ခဲ့လေ၏။

အတွင်းအား အစပျိုးအဆင့်နှင့် ညီမျှသည့် ကျွမ်းကျင်ပညာရှင်တစ်ယောက် သူမလက်ချက်နှင့် အလွယ်တကူ သေသွားခဲ့ရပြီ ဖြစ်၏။

"ကျူးရှောင်ကျောင်း မဟုတ်ဘူး ဟုတ်လား... ဒါဆို သူက ဘယ်သူလဲ..."

လန်ရှင်းယွဲ့ ကြောင်အသွားသည်။ ယဲ့ဖန် ဆိုလိုတာကို သူမ နားမလည်။

ယဲ့ဖန်က နောက်လှည့်ပြီး ဖူမာကျန်းဝူကို လက်ဖျောက်တစ်ချက် တီးပြလိုက်၏။

"မိန်းကလေး လန်ကို မင်းရဲ့ မျက်နှာအစစ် ပြလိုက်ပါဦး..."

"ဟုတ်ကဲ့... သခင်..."

ဖူမာကျန်းဝူက ပြုံးလျက် ပြန်ဖြေလိုက်၏။ ထို့နောက် မိတ်ကပ်ဖျက်ဆေးကို ထုတ်ယူပြီး မျက်နှာပေါ်တွင် ပွတ်သပ်လိုက်၏။

ခဏအကြာတွင် ကျူးရှောင်ကျောင်းနှင့် လုံးဝ မတူညီသော ချစ်စရာ မျက်နှာလေး တစ်ခု လူတိုင်းရှေ့တွင် ပေါ်လာလေသည်။

"ဖူမာကျန်းဝူ..."

အားချန် မျက်လုံးများ ကျွတ်ထွက်မတတ် ဖြစ်သွားသည်။

သူတို့နှင့်အတူ တောက်လျှောက် လိုက်ပါလာခဲ့သော ကျူးရှောင်ကျောင်းက မျက်စိတစ်မှိတ်အတွင်း ဖူမာကျန်းဝူ ဖြစ်သွားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိ။

ဒီလို လူစားထိုးသည့် ဇာတ်ကွက်မျိုးက တကယ် စိတ်လှုပ်ရှားစရာ ကောင်းလွန်း၏။

လန်ရှင်းယွဲ့က ဖူမာကျန်းဝူအကြောင်း အရင်က ဖတ်ဖူးပြီး သူမသည် ဂျပန်က နင်ဂျာမျိုးနွယ်တစ်ခု၏ သမီးဖြစ်မှန်း သိထားသည်။

စူးစမ်းလေ့လာရေး မစ်ရှင် စတင်တုန်းက ယဲ့ဖန်နားမှာ အမြဲ ရှိနေတတ်သည့် ဖူမာကျန်းဝူ ဘာလို့ မပါလာတာလဲဟု သူမ တွေးမိသေးသည်။

သို့သော်၊ ထိုအချိန်တုန်းက သူမ အလေးအနက် မထားခဲ့မိ။ အရေးမပါတဲ့ အသေးအဖွဲလေး တစ်ခုဟုသာ ထင်ခဲ့မိသည်။

သို့သော် အောင်မြင်မှုနနှင့် ကျရှုံးမှုဆိုတာ ထိုသြို အသေးအဖွဲလေးတွေအပေါ်မှာ မူတည်နေတတ်၏။

သူမ၏ ပေါ့ဆမှု တစ်ခုတည်းကြောင့် ငွေကြေး အမြောက်အမြား အကုန်အကျခံကာ မွေးမြူ ပျိုးထောင်ထားခဲ့ရသည့် သေမင်းတမန် တစ်ဦး သေဆုံးသွားခဲ့ရပြီ ဖြစ်၏။

ဤ သေမင်းတမန်၏ ပေးဆပ်စွန့်လွှတ်လိုက်ရမှု အတွက် သူမ၌ တာဝန်အပြည့် ရှိနေပေသည်။

ယခုအချိန်တွင်မူ သူမ၏ ရင်ထဲ၌ အနည်းငယ် ဂနာမငြိမ် ဖြစ်လာခဲ့ရသည်။

ယဲ့ဖန်၏ အဆုံးအစမဲ့သော နည်းလမ်းများသည် သူမကို ပိုမို၍ စိုးရိမ်ပူပန်လာစေခဲ့သည်။

ဤလူသည် သူတို့ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လုံလောက်သော ပြင်ဆင်မှုများ ပြုလုပ်ထားသည်မှာ သေချာလှပေသည်။

ပထမက ကောင်းကင်ဝံပုလွေ အဖွဲ့နှင့် အမှောင်ရိပ်ထဲမှ နင်ဂျာများ... ယခုတွင်မူ ကျူးရှောင်ကျောင်း အဖြစ် ဟန်ဆောင်ထားသည့် ဖူမာကျန်းဝူ...၊

သူ့ထံ၌ နောက်ထပ် မည်သို့သော လှည့်ကွက်များ ရှိနေသေးသည်ကို မည်သူကများ သိရှိနိုင်ပါမည်နည်း။

ယခုအချိန်တွင်မူ... ခက်ခဲသော ရွေးချယ်မှု တစ်ခုသည် သူမ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့လေပြီ။

တိုက်မလား... ဆုတ်မလား...။

"ရှင်က ကျွန်မထင်ထားတာထက် ပိုပြီး ကောက်ကျစ်တာပဲ... ဒီနေ့ ရှင့်ကို မသတ်နိုင်ရင် နောင်တစ်ချိန်မှာ ရှင်က ကျွန်မတို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်မ နိမိတ်ဖတ်မိနေတယ်..."

လန်ရှင်းယွဲ့က မည်သို့ပင် ပေးဆပ်ရပါစေ၊ ယဲ့ဖန်ကို သတ်ဖြတ်ရန် လျင်မြန်စွာ ဆုံးဖြတ်ချက် ချလိုက်လေတော့သည်။

All Chapters