ဒီလောက် မြန်မြန် အရှုံးပေးလိုက်တာလား
Vol. 77 Ch. 1516
~ဒီအချိန်မှာတော့ ယဲ့ဖန်သည် လန်ရှင်းယွဲ့၏ ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ခါးကို ကိုင်းလိုက်ပြီး ဘာနဲ့လုပ်ထားမှန်း မသိသော ဓားမြှောင်ကို ကောက်ယူလိုက်၏။
ဓားမြှောင်က လက်ထဲတွင် အလေးချိန် အတော်အတန် ရှိသဖြင့် စူးစမ်းချင်စိတ် ဖြစ်မိသွားသည်။
သို့သော် ယခုအချိန်က ဒါကို လေ့လာနေရမည့် အချိန်မဟုတ်။ သူသည် ဓားမြှောင်ဖြင့် လန်ရှင်းယွဲ့၏ မေးစေ့ကို ပင့်မလိုက်၏။
"ဒီလောက် မြန်မြန် အရှုံးပေးလိုက်တာလား... မင်းက နောက်ဆုံးထွက်သက်ထိ တိုက်ခိုက်မယ်လို့ ငါထင်ထားတာ... ဒီလောက် သတ္တိလေးတောင် မရှိဘူးလား... စိတ်ပျက်စရာ ကောင်းလိုက်တာ..."
သူက လန်ရှင်းယွဲ့ကို မညှာမတာ လှောင်ပြောင်လိုက်ပြီး သူမ ဒေါသထွက်လာအောင် ဆွပေးလိုက်၏။
သို့သော် လန်ရှင်းယွဲ့က သူ့ကို စိတ်ပျက်စေခဲ့သည်။ သူမ၏ မျက်နှာတွင် ဒေါသရိပ် ဒေါသငွေ့ အနည်းငယ်မျှပင် မတွေ့ရဘဲ အလွန် တည်ငြိမ်နေသည်။
"ကျွန်မက လက်ဖြောင့်တပ်သား လက်ချက်နဲ့ မသေချင်ဘူး... ရှင်နဲ့ တရားမျှတစွာ တိုက်ခိုက်ချင်တယ်... ရှင် ကြောက်နေရင်တော့ ကျွန်မကို တစ်ချက်တည်းနဲ့ သတ်လိုက်ပါ..."
သူမ၏ ယုတ်ညံ့သော ရန်စမှုကို ယဲ့ဖန် ပြောစရာစကားမဲ့သွားသည်။
"အခု ငါအမိန့်ပေးလိုက်တာနဲ့ မင်းကို အလွယ်လေး သတ်လို့ရနေပြီလေ... ဘာကိစ္စ မလိုအပ်ဘဲ အပိုအလုပ်တွေ လုပ်နေရမှာလဲ..."
"သိုင်းပညာရှင် တစ်ယောက်အနေနဲ့ သေနတ်တွေသုံးပြီး အနိုင်ယူတာက သိုင်းလောကမှာ ရယ်စရာ ဖြစ်သွားမှာပေါ့..."
လန်ရှင်းယွဲ့က အကြောင်းပြချက် ပေးသည်။
သို့သော် ယဲ့ဖန်ကတော့ ဂရုမစိုက်ပေ။
"သူများတွေ ဘယ်လိုရယ်ရယ် ငါနဲ့ ဘာဆိုင်လို့လဲ... ငါသာ သူများတွေ အမြင်ကို ဂရုစိုက်နေရင် ဒီနေ့အထိ အသက်ရှင်နေမှာ မဟုတ်တော့ဘူး..."
လန်ရှင်းယွဲ့က သူ့ကို အကြာကြီး စိုက်ကြည့်နေပြီးမှ သက်ပြင်းချလိုက်၏။
"တရားမျှတတဲ့ လဲလှယ်မှုအနေနဲ့ ရှင့်မေးခွန်းတစ်ခုကို ကျွန်မ ဖြေပေးမယ်..."
"တစ်ခုတည်းနဲ့ မလောက်ဘူး... အနည်းဆုံး သုံးခု... အဲဒါဆိုရင် မင်းကို ကိုယ့်ကိုယ်ကိုယ် သတ်သေခွင့် ပေးမယ်..."
လန်ရှင်းယွဲ့က သူလွန်လွန်းသည်ဟု ခံစားလိုက်ရသည်။
"ကျွန်မ လိုချင်တာက ရှင်နဲ့ ထိပ်တိုက် ရင်ဆိုင်ခွင့်... ကိုယ့်ကိုယ်ကိုယ် သတ်သေခွင့် မဟုတ်ဘူး... သတ်သေချင်ရင် စောစောကတည်းက လုပ်လိုက်ပြီးပြီပေါ့... ဘာလို့ ရှင့်ဆီမှာ အရှုံးပေးနေရမှာလဲ..."
"စောစောက ဘယ်သူက မင်းကို မသေခိုင်းလို့လဲ... အခုတော့ မင်းသဘောအတိုင်း မရတော့ဘူး... ငါ့လက်ထဲ ရောက်မှတော့ မင်းသေချင်ရင်တောင် သေဖို့ ခက်သွားပြီ..."
"အရှက်မရှိတဲ့ လူ..."
"မင်း ကြိုက်သလို ပြောနိုင်တယ်... မင်းတို့က ငါ့ကို သတ်ချင်နေကြတာလေ... ငါက ဘာလို့ မင်းတို့နဲ့ ကိုယ်ကျင့်တရားအကြောင်း လာပြောနေရမှာလဲ..."
လန်ရှင်းယွဲ့ ခေါင်းငုံ့သွားပြီး ဘာစကားမှ မပြောဘဲ အကြာကြီး ငြိမ်သက်နေသည်။ တစ်ခုခုကို စဉ်းစားနေပုံရသည်။
ယဲ့ဖန် စိတ်မရှည် ဖြစ်လာချိန်တွင် သူမ ဖြည်းညင်းစွာ ခေါင်းမော့လာသည်။
"ကောင်းပြီလေ... ရှင့်မေးခွန်း သုံးခုကို ကျွန်မ ဖြေပေးမယ်... ဒါပေမဲ့ ကန့်သတ်ချက် တစ်ခုတော့ ရှိတယ်... ကျွန်မ သေပြီးသွားရင် ကျွန်မရဲ့ အလောင်းကို မဖျက်ဆီးရဘူး..."
"အဲဒါတော့ စိတ်မပူနဲ့... ငါ့မှာ အဲဒီလို ဖောက်ပြန်တဲ့ ဝါသနာ မရှိဘူး..."
ယဲ့ဖန်က ချက်ချင်း ကတိပေးလိုက်၏။
လန်ရှင်းယွဲ့ ခေါင်းညိတ်လိုက်၏။
"မေးလေ..."
ယဲ့ဖန် ခဏစဉ်းစားပြီးနောက် ပထမဆုံး မေးခွန်းကို မေးလိုက်၏။
"မင်းတို့ ဂိုဏ်းရဲ့ ဖွဲ့စည်းပုံကို ပြောပြ... အမာခံ အဖွဲ့ဝင် ဘယ်နှယောက် ရှိသလဲ... မင်းလို ကျွမ်းကျင်ပညာရှင် ဘယ်နှယောက် ရှိသလဲ... ငါ အရင်က နယူတန်ကို သတ်ခဲ့ဖူးတယ်... သူ့ရဲ့ ကုဒ်နံပါတ်က 'ကလပ် ၆' (6 of Clubs) ဖြစ်ပုံရတယ်... အဲဒါ ဘာအဓိပ္ပာယ်လဲ..."
"ဒါက မေးခွန်းတစ်ခုလား... သုံးခုလား..."
"ဒါပေါ့... တစ်ခုတည်းပါ... ငါက မင်းတို့ ဂိုဏ်းရဲ့ ဖွဲ့စည်းပုံကို အသေးစိတ် ရှင်းပြခိုင်းရုံပါပဲ..."
ယဲ့ဖန်က မသိချင်ယောင်ဆောင်ပြီး ပြောလိုက်၏။
လန်ရှင်းယွဲ့ သူ့ကို "အရှက်မရှိတဲ့ကောင်" ဟု ထပ်ဆဲချင်သွားသည်။ သူက သဘောတရားကို လုံးဝ ပြောင်းလဲပစ်လိုက်ပြီး မေးခွန်းပေါင်းများစွာကို မေးခွန်းတစ်ခုတည်းအဖြစ် ထုပ်ပိုးလိုက်၏။ ဒါက သေချာပေါက် အရှက်မရှိတဲ့ လုပ်ရပ်ပဲ။
ဒါပေမဲ့ သူမ ဆဲလည်း သူက ဂရုစိုက်မှာ မဟုတ်ဘူးဆိုတော့ တံတွေးမကုန်ခံတော့ဘူး။
သူမ ခေါင်းငုံ့ပြီး ခဏစဉ်းစားကာ ယဲ့ဖန်၏ မေးခွန်းကို ဖြေလိုက်၏။
"ဂိုဏ်းမှာ အမာခံ အဖွဲ့ဝင် ( ၅၄ ) ယောက် ရှိတယ်... သူတို့အားလုံး ဖဲချပ်တွေကို ကုဒ်နံပါတ်အဖြစ် သုံးကြတယ်... တစ်ယောက် သေသွားတိုင်း အစားထိုးမယ့်လူ ရှိတယ်... အမြဲတမ်း ၅၄ ယောက်ပဲ... အတိုးအလျော့ မရှိဘူး... ဖဲချပ်နံပါတ် ကြီးလေ ဂိုဏ်းထဲမှာ ရာထူးမြင့်လေပဲ..."
"မင်းရဲ့ ကုဒ်နံပါတ်က ဘယ်လောက်လဲ..."
"ဒါက ဒုတိယ မေးခွန်းလား..."
"မဟုတ်ဘူး... မဟုတ်ဘူး... ဒါက ပထမ မေးခွန်းထဲမှာပဲ..."
"ရှင်..."
"ငါ့ကို ပြန်မမေးနဲ့... ရိုးရိုးသားသား ဖြေ..."
လန်ရှင်းယွဲ့ ဒေါသထွက်နေပြီ ဖြစ်သည်။ ဒီကောင်နဲ့ ဆက်ပြောနေရင် သူမ ဒေါသထွက်ပြီး သေသွားလောက်သည်။
သို့သော် နောက်ဆုံးတွင် သူမ ဖြေလိုက်၏။
"ကျွန်မရဲ့ ကုဒ်နံပါတ်က 'ကလပ် ၇' (7 of Clubs)..."
ယဲ့ဖန်၏ မျက်နှာထား ပြောင်းလဲသွားသည်။
"ဆိုလိုတာက... ဂိုဏ်းထဲမှာ မင်းရဲ့ ရာထူးက နယူတန်ထက် မြင့်တယ်ပေါ့..."
လန်ရှင်းယွဲ့က သူ မေးခွန်းဘယ်နှခု မေးပြီးပြီလဲ ဆိုတာ မမှတ်မိတော့သဖြင့် စိတ်ပျက်လက်ပျက် ခေါင်းညိတ်လိုက်၏။
တကယ်တော့ ဒါက မျှော်လင့်ထားပြီးသား ကိစ္စပင်။
ဘာလို့လဲဆိုတော့ လန်ရှင်းယွဲ့က နယူတန်ထက် အများကြီး ပိုသန်မာတာကြောင့် သူမ၏ ရာထူးက သူ့ထက် မြင့်တာ သဘာဝကျပါသည်။
သူ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
"ကဲ... ဒုတိယ မေးခွန်း မေးကြစို့..."
လန်ရှင်းယွဲ့ နှုတ်ခမ်းစူလိုက်၏။ သူက ဒုတိယ မေးခွန်းဟု ပြောနေသော်လည်း ဒါ ဘယ်နှစ်ခုမြောက် မေးခွန်းလဲဆိုတာ ဘယ်သူ သိနိုင်မည်နည်း။
"မင်းတို့ ဂိုဏ်းထဲမှာ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့လူ ဘယ်နှယောက် ရှိသလဲ..."
ယဲ့ဖန်က သူ အသိချင်ဆုံး မေးခွန်းကို မေးလိုက်၏။
အကယ်၍ ဒီဂိုဏ်းထဲမှာ မျိုးရိုးဗီဇ ပြုပြင်ထားသည့် လူ အများအပြား ရှိနေမည် ဆိုလျှင် ဒါက ပြဿနာတက်မည့် ကိစ္စပင်။
သို့သော် လန်ရှင်းယွဲ့၏ အဖြေက သူ့မျှော်လင့်ချက်နှင့် လွဲချော်နေသည်။
"ကျွန်မ မသိဘူး..."
"မသိတာလား... မဖြေချင်တာလား..."
ယဲ့ဖန်က သူမ တမင် ဖုံးကွယ်ထားသည်ဟု သံသယဝင်လိုက်၏။
"တကယ် မသိတာပါ... ဂိုဏ်းထဲမှာ လုပ်ငန်းတာဝန် ခွဲဝေမှုက အရမ်း ရှင်းလင်းတယ်... ကိုယ့်လုပ်ပိုင်ခွင့် မဟုတ်ရင် စုံစမ်းခွင့် မရှိဘူး... မဟုတ်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်... မျိုးရိုးဗီဇ ပြုပြင်ထားတဲ့လူ အရေအတွက် အတိအကျကို သခင်ကြီး တစ်ယောက်တည်းပဲ သိလောက်တယ်..."
ဒီအဖြေတွေနှင့် ယဲ့ဖန် ကျေနပ်မှာ မဟုတ်ဘူးဆိုတာ သူမ သိနေပုံ ရပြီး နောက်ထပ် စကားတစ်ခွန်း ထပ်ဖြည့်လိုက်၏။
"ကျွန်မ ပြောနိုင်တာ တစ်ခုက... ဂိုဏ်းထဲက လူတိုင်း မျိုးရိုးဗီဇ ပြုပြင်ထားတာ မဟုတ်ဘူး..."
"မင်း ဆိုလိုတာက... မင်းတို့ ဂိုဏ်းထဲမှာ သိုင်းပညာရှင်တွေလည်း ရှိတယ်ပေါ့..."
"ဒါက တတိယ မေးခွန်းလား..."
"မဟုတ်ပါဘူး... ဒါက ဒုတိယ မေးခွန်းပါ..."
လန်ရှင်းယွဲ့ ဆဲချင်သွားသော်လည်း သူမက သူများလက်ထဲ ရောက်နေသည့်ဘဝဆိုတော့ ဘယ်လောက်ပဲ မကျေနပ်ချက်တွေ ရှိနေပါစေ မျိုသိပ်ထားလိုက်ရသည်။
"ဟုတ်တယ်... ဘာလို့လဲဆိုတော့ လူတိုင်းက မျိုးရိုးဗီဇ ပြုပြင်ဖို့ မသင့်တော်ကြဘူးလေ... အရင်က သိုင်းပညာ လုံးဝ မသင်ဖူးတဲ့သူဆိုရင် အကောင်းဆုံးပဲ... ဒါမှ အောင်မြင်မှု ရာခိုင်နှုန်း ပိုများမှာ... ပြီးတော့ သိုင်းပညာ အဆင့်မြင့်လေ ပြုပြင်ဖို့ ပိုခက်ခဲလေပဲ... ဒါကြောင့် ဂိုဏ်းက လူတိုင်းကို မျိုးရိုးဗီဇ ပြုပြင်ဖို့ အတင်းအကျပ် မခိုင်းပါဘူး..."
သူမက ထိုသို့ပြောရင်း ယဲ့ဖန်ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်၏။
"ရှင်သာ အခု ကျွန်မတို့နဲ့ ပူးပေါင်းမယ်ဆိုရင်... မျိုးရိုးဗီဇ ပြုပြင်စရာ မလိုဘဲ လက်ရှိ သိုင်းပညာကို ဆက်ထိန်းထားလို့ ရတယ်... တကယ်တော့ ရှင် စဉ်းစားကြည့်လို့ ရပါတယ်... ရှင့်ရဲ့ အင်အားနဲ့ဆိုရင် ဂိုဏ်းထဲမှာ ရာထူးမြင့်မြင့် တစ်နေရာ သေချာပေါက် ရမှာပါ..."
"ရပ်လိုက်..."
ယဲ့ဖန်က သူမကို ဖြတ်ပြောလိုက်၏။
"မင်းက သေခါနီးနေပြီကို ငါ့ကို အရှုံးပေးဖို့ ပြောနေတုန်းပဲ... ကြည့်ရတာ ဒီဂိုဏ်းအပေါ် တော်တော် သစ္စာရှိပုံရတယ်..."
လန်ရှင်းယွဲ့ သက်ပြင်းမချဘဲ မနေနိုင်တော့။
"ဂိုဏ်းနဲ့ ဆန့်ကျင်ရင် ရှင့်အတွက် ကောင်းတဲ့အဆုံးသတ် ရှိမှာ မဟုတ်ဘူး... ရှင့်လမ်းက ကျဉ်းသထက် ကျဉ်းလာရုံပဲ ရှိမှာ..."
"ဟားဟား... အဲဒါတော့ မင်း စိတ်ပူစရာ မလိုပါဘူး..."
ယဲ့ဖန်က ပြောပြောဆိုဆို သူ့အကြည့်များ ရုတ်တရက် စူးရှသွားသည်။
"တတိယ မေးခွန်း... မင်းတို့အားလုံး ဘာလုပ်ချင်ကြတာလဲ..."
ဒီတစ်ခါတော့ လန်ရှင်းယွဲ့ ပိုကြာကြာ တိတ်ဆိတ်နေသည်။
အရှေ့ဘက် ကောင်းကင်ယံတွင် တဖြည်းဖြည်း လင်းလက်လာပြီး အမှောင်ထု ကုန်ဆုံးတော့မည့် နိမိတ်ကို ပြသနေသည်။
လန်ရှင်းယွဲ့၏ မျက်နှာပေါ်တွင် အလင်းရောင်တစ်လွှာ ဖုံးလွှမ်းနေပြီ ဖြစ်၏။ အကယ်၍ သူမသာ ရန်သူ မဟုတ်ခဲ့လျှင် ယခုအချိန်တွင် အလွန် လှပနေပေလိမ့်မည်။
"ဘာဖြစ်လို့လဲ... မသိဘူးလား... ဒါမှမဟုတ် ငါ့ကို မပြောပြချင်ဘူးလား..."
သူမ အကြာကြီး တိတ်ဆိတ်နေသဖြင့် ယဲ့ဖန် စိတ်မရှည် ဖြစ်လာသည်။
လန်ရှင်းယွဲ့က အရှေ့ဘက် မိုးကုပ်စက်ဝိုင်းဆီမှ အကြည့်လွှဲလိုက်၏။
"အခုလောလောဆယ် ဂိုဏ်းရဲ့ အဓိက တာဝန်က ကမ္ဘာပေါ်မှာ အကောင်းဆုံး ရှေးဟောင်းပစ္စည်းတွေကို ရှာဖွေဖို့ပဲ ဆိုတာ ကျွန်မ သိတယ်... ရည်ရွယ်ချက်ကတော့ ကျွန်မ မသိဘူး…”