ကိုယ့်ကိစ္စ ကိုယ်ရှင်းလိုက်
Vol. 77 Ch. 1517
~“မင်း တကယ် မသိတာလား...”
ယဲ့ဖန်က သူမကို စူးစိုက်ကြည့်ရင်း သူမ၏ စကား မှန်မမှန် ဝေဖန်ပိုင်းခြားနေသည်။
“ကျွန်မ တကယ် မသိတာပါ...”
လန်ရှင်းယွဲ့က ပြတ်သားသော အမူအရာဖြင့် သူ့အကြည့်ကို ရင်ဆိုင်လိုက်၏။
ယဲ့ဖန်က သူမကို အကြာကြီး စိုက်ကြည့်နေပြီးမှ အကြည့်လွှဲလိုက်၏။
“နောက်ဆုံး မေးခွန်း... မင်းတို့ ဂိုဏ်းနာမည်က ဘာလဲ...”
ရယ်စရာ ကောင်းတာက သူသည် ဒီလျှို့ဝှက်ဂိုဏ်းနှင့် တိုက်ခိုက်နေတာ ကြာလှပြီ ဖြစ်သော်လည်း အခုထက်ထိ ဒီဂိုဏ်းရဲ့ နာမည်ကို မသိသေးခြင်းပင်။
“ချစ်လှစွာသော မစ္စတာယဲ့... ကျွန်မ မေးခွန်းသုံးခု ဖြေပြီးပါပြီ... နောက်ထပ် မဖြေနိုင်တော့တာကို ခွင့်လွှတ်ပါ...”
ဒီတစ်ခါတော့ လန်ရှင်းယွဲ့က အလျှော့မပေးတော့။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံဖြင့် ငြင်းဆန်လိုက်၏။
“မင်း ဖြေကို ဖြေရမယ်...”
ယဲ့ဖန်က သူ့ခြိမ်းခြောက်မှုကို လုံးဝ ဖုံးကွယ်မထားပေ။
သို့သော် လန်ရှင်းယွဲ့က ခေါင်းလွှဲသွားပြီး ဘာစကားမှ ဆက်မပြောတော့။
ယဲ့ဖန်က ခြိမ်းခြောက်လို့ မရမှန်း သိလိုက်သဖြင့် နောက်ထပ် ဘာမှ မေးလို့မရတော့ကြောင်း သဘောပေါက်လိုက်၏။ ထို့ကြောင့် သူသည် ဓားမြှောင်ကို သူမရှေ့သို့ ပစ်ချပေးလိုက်၏။
“ကိုယ့်ကိစ္စ ကိုယ်ရှင်းလိုက်...”
ယဲ့ဖန်၏ စကားကို ကြားသောအခါ ဖူမာကျန်းဝူ သက်ပြင်းချလိုက်နိုင်တော့သည်။
ဒီတစ်ခါတော့ သခင်က အသုံးဝင်သားပဲ... သနားညှာတာခြင်း မရှိဘူး။
အားချန်ကတော့ တိတ်တဆိတ် နှမြောနေမိသည်။
လန်ရှင်းယွဲ့သည် မိန်းမပျို တစ်သောင်းတွင် တစ်ဦး တွေ့ရခဲသော ရှားပါး အလှပဂေးလေး တစ်ဦး ဖြစ်ပေသည်။ ရုပ်ရည်ရူပကာ အပိုင်းတွင် ဆိုလျှင်မူ... ရွှီကျင်းရှင်းတို့၊ ဖူမာကျန်းဝူတို့ ကဲ့သို့သော အလှပဂေးများနှင့် နှိုင်းယှဉ်လျှင်ပင် အနည်းငယ်မျှ နိမ့်ကျခြင်း မရှိလှပါချေ။
ဤအတိုင်း သေဆုံးသွားရမည် ဆိုပါက အမှန်တကယ်ပင် နှမြောတသ ဖြစ်ဖွယ်ရာ ကောင်းလှပေ၏။
မစ္စတာယဲ့ ကလည်း ရိုးသားလွန်းလှပေသည်။ သူမ မိမိကိုယ်ကို အဆုံးမစီရင်မီ... အရသာလေး ဘာလေး မြည်းစမ်းကြည့်လိုက်ပါက မကောင်းပေဘူးလော။
သို့သော်လည်း ထိုသို့ ညစ်ညမ်းသည့် အတွေးမျိုးကို သူက စိတ်ထဲမှာသာ တွေးရဲခြင်းပါ။
တကယ်လို့ ယဲ့ဖန်ကိုသာ အဲဒီလို ယုတ်ညံ့တဲ့ အကြံပေးလိုက်ရင် လန်ရှင်းယွဲ့ မပြောနဲ့... ရွှီကျင်းရှင်းနဲ့ ဖူမာကျန်းဝူတို့က သူ့ကို အပိုင်းပိုင်း ခုတ်ပစ်ကြလောက်တယ်။
ထိုအခိုက်အတန့်တွင်၊ လန်ရှင်းယွဲ့သည် သူမနှင့် နှစ်ပေါင်းများစွာ လက်တွဲလာခဲ့သော ဓားမြှောင်ကို ကောက်ယူလိုက်၏။ ဒီဓားမြှောင်က လူပေါင်းများစွာ၏ အသက်ကို နှုတ်ယူခဲ့ဖူးသည်။
ဒီဓားမြှောင်က တစ်နေ့ကျရင် သူမသခင် (လန်ရှင်းယွဲ့) ၏ အသက်ကို ပြန်နှုတ်ယူရလိမ့်မည်ဟု ဘယ်သူ ထင်ထားမိမှာလဲ။
သူမ ဖြည်းညင်းစွာ ခေါင်းမော့လာပြီး ယဲ့ဖန်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်၏။
“ရိုးရိုးသားသား ပြောရရင်... ကျွန်မ ရှင့်ကို တကယ် ချစ်မိသွားတဲ့ အခိုက်အတန့်လေးတွေ ရှိခဲ့ဖူးပါတယ်...”
လူအယောက် ( ၂၀ ) ကျော်က ယဲ့ဖန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ကြ၏။
“ရပ်လိုက်...”
ယဲ့ဖန်က ကပျာကယာ ဖြတ်ပြောလိုက်၏။
“မင်းက ဒီနည်းလမ်းကို သုံးပြီး ငါ့ကို စိတ်ရှုပ်ထွေးအောင် လုပ်ချင်တာလား... ဒါဆိုရင်တော့ မင်း တွက်ကိန်း မှားသွားပြီ... ငါက ရန်သူဆိုရင် ဘယ်တော့မှ သနားညှာတာမှာ မဟုတ်ဘူး...”
လန်ရှင်းယွဲ့ ခေါင်းခါလိုက်၏။
“ကျွန်မက ရှင့်စိတ်ကို လှုပ်ရှားအောင် လုပ်နေတာ မဟုတ်ပါဘူး... ကျွန်မ ပြောချင်တာက ကျွန်မတို့ သိကျွမ်းခဲ့တာ ကြာပြီပဲ... ကျွန်မရဲ့ အလောင်းကို မဖျက်ဆီးပါနဲ့လို့ တောင်းဆိုချင်တာပါ...”
သူမက တောင်းဆိုချက်ကို ထပ်မံ အလေးပေး ပြောကြားလိုက်၏။
ယဲ့ဖန် ခေါင်းညိတ်လိုက်၏။
“ငါ ကတိပေးတယ်...”
လန်ရှင်းယွဲ့ နောက်ဆုံးတွင် ပြုံးလိုက်၏။ သူမ၏ အပြုံးက အလွန် ဆွဲဆောင်မှု ရှိလှသည်။
သူမ ဖြည်းညင်းစွာ ခေါင်းမော့ပြီး တောက်ပနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။ ဒီနောက်ဆုံး မြင်ကွင်းကို သူမ၏ ဝိညာဉ်ထဲတွင် ရိုက်နှိပ်ထားချင်သကဲ့သို့ပင်။
“ယဲ့ဖန်... နှုတ်ဆက်ပါတယ်...”
သူမ တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး ဓားမြှောင်ကို ရုတ်တရက် ဆုပ်ကိုင်ကာ သူမ၏ နှလုံးသားတည့်တည့်သို့ ထိုးစိုက်လိုက်၏။ သွေးများက ဓားလက်ကိုင်ရိုးတစ်လျှောက် စီးကျလာသည်။
သူမ၏ မျက်နှာပေါ်တွင် နာကျင်မှုနှင့် မလိုလားအပ်မှုများ ပေါ်လွင်နေသည်။
နောက်ဆုံးတွင် သူမ၏ ခန္ဓာကိုယ် လဲကျသွားသည်နှင့်အမျှ အရာအားလုံး တိတ်ဆိတ်သွားလေတော့သည်။
ရှိနေတဲ့လူတိုင်း ဒီမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေကြပြီး သူတို့ရင်ထဲမှာ စကားတစ်ခွန်း ပြိုင်တူ ပေါ်လာကြ၏။
‘ချောမောလှပတဲ့ မိန်းမတစ်ယောက် ဖြစ်ပါလျက်နဲ့... ဘာလို့ သူခိုး ဖြစ်သွားရတာလဲ...
ဒီလောက် ပြိုင်ဘက်ကင်းတဲ့ အလှပဂေးလေး ဒီလို ဇာတ်သိမ်းသွားရတာ ဝမ်းနည်းစရာ ကောင်းနေတုန်းပါပဲ။’
ယဲ့ဖန် လျှောက်သွားပြီး သူမ၏ အသက်ရှူနှုန်းကို စစ်ဆေးကြည့်လိုက်ရာ နှလုံးခုန် ရပ်သွားပြီ ဖြစ်ပြီး ခန္ဓာကိုယ်လည်း အေးစက်စပြုလာပြီ။
သူ စိတ်မကောင်း ဖြစ်မိသွားသည်။
လန်ရှင်းယွဲ့က သူ့မျက်စိရှေ့မှာတင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သည်လေ။
သူ စိတ်မလှုပ်ရှားဘဲ နေပါ့မလား။
ဘာပဲဖြစ်ဖြစ် လှပသည့် အရာတစ်ခု ပျက်စီးသွားသည်ကို မြင်ရတာ ဘယ်တော့မှ ခံသာမည့် ကိစ္စ မဟုတ်ပေ။
သို့သော်လည်း ၊ ဘယ်သူက သူမကို နာမည်တောင် မသိရသေးသော လျှို့ဝှက်ဂိုဏ်း၏ အဖွဲ့ဝင် ဖြစ်ခိုင်းလို့လဲ။
သူ့မှာ ယုံကြည်ချက် တစ်ခုသာ ရှိသည်။ အဲဒီဂိုဏ်းက လူဆိုလျှင် မည်သူ့ကိုမဆို သနားညှာတာမှု မရှိဘဲ သတ်ပစ်မည်။
သနားတာတွေ၊ နှမြောတာတွေ ဘေးဖယ်ထားပြီး ကောင်းကင်ဝံပုလွေအဖွဲ့၊ ဖူမာနင်ဂျာတွေနှင့် အမှောင်ထဲက လက်ဖြောင့်တပ်သားတွေကို လှည့်ကြည့်လိုက်၏။
“ဒီနေ့ ကူညီပေးကြတဲ့အတွက် ကျေးဇူးပါပဲ... ငါ ယဲ့ဖန်... အထူးပဲ ကျေးဇူးတင်ရှိပါတယ်...”
ကောင်းကင်ဝံပုလွေအဖွဲ့ဖြစ်ဖြစ်၊ ဖူမာနင်ဂျာတွေပင် ဖြစ်ဖြစ် ယဲ့ဖန်၏ ကျေးဇူးတင်စကားကြောင့် ရှက်သလို ဖြစ်သွားကြ၏။
တကယ်တော့ ဒီနေ့ သူတို့ သိပ်ပြီး အားစိုက်ထုတ်ခဲ့ရတာ မဟုတ်ပါ။ အနက်ရောင်ဝတ် သေမင်းတမန်တွေ၏ တန်ပြန်တိုက်စစ်ကို ခဏတဖြုတ် ဟန့်တားပေးရုံလောက်ပါပင်။
ဖူမာကျန်းဝူကလွဲလျှင် သူတို့ထဲက မည်သူမှ သေမင်းတမန် တစ်ယောက်ကိုမှ မသတ်နိုင်ခဲ့ကြ။
ဒီလူတွေကို အဓိက သတ်သွားသည်က လက်ဖြောင့်တပ်သားတွေ ဖြစ်သည်လေ။
သို့သော်လည်း၊ ပြီးပြည့်စုံသော အောင်ပွဲကို ရယူနိုင်ခဲ့သည်ကတော့ သူတို့ပဲ ဖြစ်တာမို့ ဂုဏ်ယူမိကြပါ၏။
ယဲ့ဖန်က ကောင်းကင်ဝံပုလွေအဖွဲ့ကို အခင်းဖြစ်ပွားရာ နေရာကို ရှင်းလင်းဖို့ ထားခဲ့လိုက်၏။
ဒီအလောင်းတွေကို မီးသင်္ဂြိုဟ်စက် မပို့ခင် လုံခြုံရေးအဖွဲ့က အတည်ပြုဖို့ လိုသေးသည်။
ဒါက အဓိကအားဖြင့် ယဲ့ဖန်က အာဏာသုံးပြီး အပြစ်မဲ့သူတွေကို သတ်ဖြတ်ခြင်း မရှိကြောင်း သက်သေပြဖို့ပါပင်။
ယဲ့ဖန်က ရွှီကျင်းရှင်း၊ ဖူမာကျန်းဝူ၊ အားချန်နှင့် ရတနာပစ္စည်းများကို ယူဆောင်ပြီး ကိုယ်တိုင် ထွက်ခွာလာခဲ့သည်။
အပြန်လမ်းတွင် လူတိုင်း ရယ်မောပျော်ရွှင်နေကြ၏။
ဒီစူးစမ်းလေ့လာရေး ခရီးစဉ်မှာ အကွေ့အကောက် အတားအဆီးတွေ အများကြီး ရှိခဲ့သော်လည်း ကံကောင်းစွာနှင့် လူတိုင်း ဘေးကင်းကင်း ပြန်ရောက်လာနိုင်ခဲ့ကြသည်။
သွားတုန်းက ကိုးယောက်... ပြန်တော့ ရှစ်ယောက်...
သူလျှို လန်ရှင်းယွဲ့ကလွဲလျှင် ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရခဲ့ပေ။
ဒါက သေချာပေါက် ပြီးပြည့်စုံသည့် စွန့်စားခန်း တစ်ခု ဖြစ်ပါ၏။
သို့သော် ဤတစ်ကြိမ်၌ ခေါင်းဆောင်မှာ ယဲ့ဖန် ဖြစ်နေ၍သာ ကံကောင်းသွားရခြင်း ဖြစ်ကြောင်း လူတိုင်း သိရှိနားလည်ထားကြပေသည်။
အကယ်၍ အခြားသူ တစ်စုံတစ်ယောက်သာ ဦးဆောင်ခဲ့ပါက... ယခုလောက်ဆိုလျှင် သူတို့အားလုံး အသတ်ခံလိုက်ရလောက်ပြီ ဖြစ်၏။
ရွှီကျင်းရှင်းနှင့် ဖူမာကျန်းဝူတို့မှာမူ တော်ပါသေးသည်။ သူတို့သည် ယဲ့ဖန်အား ကျေးဇူးတင်ရှိနေကြသော်လည်း၊ ရင်ထဲ၌သာ တိတ်တဆိတ် သိမ်းဆည်းထားလိုက်ကြလေသည်။
အားချန်ကမူ ထိုသို့ မဟုတ်ပါချေ... လမ်းတစ်လျှောက်လုံး ယဲ့ဖန်အား မြှောက်ပင့် ဖားယားလာလိုက်သည်မှာ... အီစိမ့်နေသော စကားလုံး အသုံးအနှုန်းများကို အကုန်အစင် ထုတ်သုံးနေတော့၏။
ယဲ့ဖန်အား တစ်ခါမှ မမြင်ဖူးခဲ့သည့် ပါရမီရှင်ကြီး တစ်ပါးအဖြစ် ချီးကျူးခန်း ဖွင့်နေလိုက်သည်မှာ... ရွှီကျင်းရှင်းနှင့် ဖူမာကျန်းဝူတို့ ကြားရသည်မှာ ကြက်သီးမွေးညှင်းများပင် ထလာရလေသည်။
သို့သော် ပျော်ရွှင်စရာ အချိန်လေးမှာ ကြာရှည်မခံလိုက်ပါချေ... အာသာ ဆက်သွယ်လာခဲ့လေ၏။
အာသာက သေမင်းတမန်တွေ၏ အလောင်းတွေကို သယ်နေစဉ် ထူးဆန်းသော ကိစ္စ တစ်ခု ဖြစ်ပျက်ခဲ့ကြောင်း ဖုန်းထဲကနေ ပြောပြလာသည်။
လန်ရှင်းယွဲ့ရဲ့ အလောင်း ပျောက်သွားပြီတဲ့။
ဒီသတင်းကို ကြားလိုက်ရတော့ ယဲ့ဖန် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားသည်။
လန်ရှင်းယွဲ့မှာ အသက်လက္ခဏာတွေ လုံးဝ မရှိတော့ဘဲ လုံးဝ သေဆုံးသွားပြီ ဖြစ်ကြောင်း သူကိုယ်တိုင် အတည်ပြုခဲ့တာလေ။
သေလူက ထွက်ပြေးနိုင်လို့လား...
“မင်းတို့ တစ်ခုခု လွတ်သွားတာလား... သေချာ ပြန်ရှာကြည့်ပါဦး...”
“ကျွန်တော်တို့ အကြိမ်ကြိမ် ရှာပြီးပြီ... သေမင်းတမန်တွေရဲ့ အရေအတွက်က ပြဿနာမရှိဘူး... လန်ရှင်းယွဲ့ရဲ့ အလောင်းပဲ ပျောက်နေတာ...”
အာသာက သေချာပေါက် ပြောလာသည်။
ယဲ့ဖန် ဇဝေဇဝါ ဖြစ်သွားပြီး ကားကို ပြန်လှည့်ကာ အမြန် မောင်းနှင်သွားလိုက်ရသည်။
ကားပေါ်က ဆင်းလိုက်သည်နှင့် ကောင်းကင်ဝံပုလွေ အဖွဲ့သားတွေက အရှက်ရနေသည့် မျက်နှာတွေနှင့် လျှောက်လာကြ၏။
“သခင်ကြီး... တောင်းပန်ပါတယ်... ဒါ ကျွန်တော်တို့ အမှားပါ... ကျွန်တော်တို့ကို အပြစ်ပေးပါ...”
“မင်းတို့နဲ့ မဆိုင်ပါဘူး...”
ယဲ့ဖန်က သူတို့ကို နှစ်သိမ့်ပေးလိုက်ပြီး သေမင်းတမန် အလောင်းတွေဆီ လျှောက်သွားလိုက်၏။
ယခုအချိန်တွင် အလောင်း ( ၂၀ ) ကျော်ကို တန်းစီ ချထားပြီး လူတစ်ယောက်ချင်းစီ၏ ရုပ်ရည်ကို ရှင်းလင်းစွာ မြင်နေရသည်။
သို့သော် လန်ရှင်းယွဲ့၏ အလောင်းသာ ပျောက်ဆုံးနေသည်။
“လခွမ်း... ဇွန်ဘီ ဖြစ်သွားတာများလား...”
အားချန် မနေနိုင်ဘဲ အာမေဋိတ် ပြုလိုက်ရာ ရွှီကျင်းရှင်းနှင့် ဖူမာကျန်းဝူတို့ ကြက်သီးထသွားကြ၏။
“ပေါက်ကရတွေ လျှောက်မပြောပါနဲ့ဟယ်... ကြောက်စရာ ကောင်းလိုက်တာ...”
ဖူမာကျန်းဝူက သူ့ကို မျက်စောင်းထိုးလိုက်၏။
သူမက အတွင်းအား အစပျိုးအဆင့် ရောက်နေပြီး လူသတ်ဖူးသော်လည်း ဒီလို ထူးဆန်းသည့် အရာတွေကိုတော့ ကြောက်တတ်တုန်းပါပင်။
အားချန်က အဆူခံလိုက်ရသဖြင့် ဝမ်းနည်းသွားသည်။
“ဇွန်ဘီ မဟုတ်ရင် ဘာဖြစ်နိုင်မှာလဲ…”