← Chapters

အသက် ၅၀ အရွယ် အဘွားကြီးမှ အမျိုးသမီးငယ်လေး ကဲ့သို့ ဟန်ဆောင်နေခြင်း

Vol. 3 Ch. 29

အသက် ၅၀ အရွယ် အဘွားကြီးမှ အမျိုးသမီးငယ်လေး ကဲ့သို့ ဟန်ဆောင်နေခြင်း

Vol. 3 Ch. 29

လင်ချွမ်၏ စိတ်ထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်သွားသည်။

လူတစ်ယောက်ကို ကယ်တင်ရန် အကြောင်းပြချက် တစ်ထောင်လိုအပ်သော်လည်း သတ်ရန်မှာ အကြောင်းပြချက် တစ်ခုတည်းဖြင့် လုံလောက်သည်။

သူ၏ ကျင့်ကြ့ခြင်း အဆင့်အရဆိုလျှင် လူနှစ်ယောက်ကို သတ်ရခြင်းမှာ ပုရွက်ဆိတ်နှစ်ကောင်ကို နင်းခြေလိုက်ရသကဲ့သို့ လွယ်ကူလှသည်။

"ကောင်းကင်နှင့် မြေကြီးသည် သနားညှာတာမှုမရှိ၊ အရာခပ်သိမ်းကို ကောက်ရိုးပုံစောင့် ခွေးများကဲ့သို့သာ သဘောထားသည်" ဟူသော စကားအတိုင်းပင်။

သူ၏ အဆင့်အတန်းအရ သတ်ဖြတ်ခြင်းမှာ စိတ်ကူးတစ်ခုအတွင်းမှာတင် ပြီးမြောက်နိုင်သည်။ ပုရွက်ဆိတ်နှစ်ကောင်ကို နင်းခြေလိုက်ရရုံနှင့် သူ၏စိတ်ထဲတွင် မည်မျှလောက်သော စိတ်လှုပ်ရှားမှု ရှိလာနိုင်မည်နည်း။

"အကြီးအကဲ၊ ကျွန်မအသက်ကို ချမ်းသာပေးပါ"

စုမေ့အာသည် လင်ချွမ်၏ သတ်ဖြတ်လိုသော အရှိန်အဝါကို အာရုံခံမိပြီး မျက်နှာပျက်သွားသည်။

သူမက ကျန့်ခွေကို နောက်ပြောင်ချင်ရုံသာ ဖြစ်သည်။

တောရိုင်းမြေပြင်ထဲမှာ ဒီလို ပုန်းအောင်းနေတဲ့ အဆင့် မြင့်သူတစ်ယောက်နဲ့ တိုးလိမ့်မယ်လို့ အိမ်မက်ထဲတောင် ထည့်မမက်ခဲ့ဖူးပေ။

လင်ချွမ်သည် အလွန်ငယ်ရွယ်လွန်းသဖြင့် သူ့ကို အနှိုင်းမဲ့ ကျင့်ကြံသူတစ်ဦးဟု ထင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ သို့သော် ဤပေါ့ဆမှုကြောင့်ပင် သူမနှင့် ကျန့်ခွေတို့မှာ မကြုံစဖူးသော အခက်အခဲကြီးနှင့် ရင်ဆိုင်လိုက်ရတော့သည်။

"အကြီးအကဲက အရာရာကို ထိုးထွင်းသိမြင်နိုင်သားပဲ"

"ကျွန်မက နတ်ဆိုးဂိုဏ်းက တပည့်ဖြစ်ပေမဲ့ ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ခဲ့ဖူးပါဘူး"

"တကယ်တော့ ဒီနောက်က အသူရာဂိုဏ်းရဲ့ ညာလက်ရုံးကမှ ကြောက်စရာကောင်းတာပါ။ သူက ကျွန်မလို အားနွဲ့တဲ့ အမျိုးသမီးလေးကို သတ်ဖို့ပဲ ကြိုးစားနေတာ"

စုမေ့အာက သနားစဖွယ် အသနားခံလိုက်သည်။

သူမပြောနေရင်းမှာပင် သူမ၏ ဆွဲဆောင်မှုအတတ်များကို အစွမ်းကုန် အသုံးပြုလိုက်သည်။

၎င်းတို့၏ ညှို့ဓာတ်ကြောင့် အမျိုးသားအားလုံးမှာ ဟယ်ဟွမ်းဂိုဏ်းထံတွင် ဒူးထောက်အရှုံးပေးကာ ကျွန်ဖြစ်သွားရလေ့ရှိသည်။

ထို့အပြင် စုမေ့အာသည် ရှားပါးသော အလှဘုရင်မတစ်ဦးလည်း ဖြစ်သည်။

သူမ၏ မျက်လုံးများက တောက်ပနေပြီး ခန္ဓာကိုယ်အချိုးအစားမှာလည်း အမျိုးသားတို့၏ မူလစိတ်ရိုင်းများကို နှိုးဆွပေးရန် လုံလောက်လှသည်။

နှစ်ပေါင်းများစွာအတွင်း အမျိုးသားပေါင်းများစွာ သူမ၏ခြေဖဝါးအောက်တွင် ဝပ်တွားခဲ့ကြသည်။

သူမသည် ဟယ်ဟွမ်းဂိုဏ်းချုပ်၏ တစ်ဦးတည်းသော တပည့်အရင်းဖြစ်သည့်အပြင် သူမ၏ စကားတစ်ခွန်းတည်းနှင့် အသက်ပေးမည့် အမျိုးသားကျွန်ပေါင်း တစ်သောင်းကျော်ကိုပင် စုစည်းထားနိုင်ခဲ့သူ ဖြစ်သည်။

ဤအောင်မြင်မှုများက စုမေ့အာကို အလွန်အမင်း ယုံကြည်မှု ရှိစေခဲ့သည်။

သူမ အလိုရှိလျှင် မည်သည့်အမျိုးသားမျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

လင်ချွမ်ကော လွတ်နိုင်ပါ့မလား?

"ဟားဟား"

"မင်း ငါ့ကိုတောင် လာပြီး ညှို့ယူ ဖမ်းစားချင်နေတာလား"

လင်ချွမ်က မကျေမနပ်ဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။ သူသည် မိန်းကလေးတစ်ယောက်၏ လက်ကိုပင် မကိုင်ဖူးသေးသော သွေးပူတက်ကြွသည့် လူငယ်တစ်ဦးဖြစ်သည်။

လင်ချွမ်သည်လည်း စုမေ့အာ၏ လှပသော ခန္ဓာကိုယ်ကို သတိပြုမိပါသည်။

ဒူးအထက်အထိသာ ဖုံးကွယ်ထားသော သူမ၏ အဝါရောင်ဝတ်စုံအောက်မှ ဖြူဖွေးသွယ်လျသော ခြေတံအစုံမှာ သွေးတက်စေရန် လုံလောက်လှသည်။

ဤကဲ့သို့ လှပသော အမျိုးသမီးတစ်ဦးကို သတ်ပစ်လိုက်ရခြင်းမှာ နှမြောစရာပင်။

သို့သော် လင်ချွမ်သည် ဤစမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စုမေ့အာ၏ အသက် ၂၀ ကျော် လှပသော မျက်နှာလေးအောက်တွင် ဘာရှိနေသည်ကို သူ သိသောကြောင့် ဖြစ်သည်။

သူမသည် အနည်းဆုံး အသက် ၅၀ ရှိပြီဖြစ်သော အဘွားကြီးတစ်ယောက်သာ ဖြစ်သည်။

ရှင်းရှင်းလင်းလင်း ပြောရလျှင် စုမေ့အာ၏ ပထမအဆင့် အလယ်ပိုင်း ကျင့်ကြံမှုအရ သိနိုင်သည်။

ရူယိကဲ့သို့ ပါရမီထူးခြားလျှင်ပင် ပထမအဆင့် ပညာရှင်တစ်ဦး ဖြစ်လာရန် အနည်းဆုံး နှစ် ၅၀ ခန့် အချိန်ယူရသည်။

ဤသိုင်းလောကတွင် လူတိုင်းက လင်ချွမ်ကဲ့သို့ မဖြစ်နိုင်ပေ။

အစွမ်းကို အတင်းမြှင့်တင်ပေးသည့် မိစ္ဆာအတတ်များကို ကျင့်လျှင်ပင် တစ်ညတည်းနှင့် မတတ်မြောက်နိုင်ပေ။

"ဟားဟား!"

"အဘွားကြီးရေ နောက်ဆုံးတော့ မင်ရဲ့ သရုပ်မှန်ကို သိမြင်နိုင်တဲ့သူနဲ့ တိုးပြီပေါ့"

"အသက် ၅၀ ကျော် အဘွားကြီး ဖြစ်နေပြီးတော့မှ အမျိုးသမီးငယ်လေးလို ဟန်ဆောင်ပြီး မြှူဆွယ်နေသေးတယ်"

"ငါတောင် ကြည့်မနေနိုင်တော့ဘူး။ အကြီးအကဲ.. သူမကို အားနာမနေပါနဲ့၊ အခုချက်ချင်း သတ်လိုက်ပါတော့"

ကျန့်ခွေက တဟားဟား ရယ်မောလိုက်သည်။

သူ သေခါနီးအချိန်မှာပင် စုမေ့အာကို ကလဲ့စားချေရန် မမေ့ပေ။

နှစ်ပေါင်းများစွာအတွင်း စုမေ့အာလက်ထဲတွင် သူ တော်တော်လေး အနှိပ်စက်ခံခဲ့ရပုံရသည်။

"ပါးစပ်ပိတ်ထား!"

စုမေ့အာ ရှက်စိတ်ဖြင့် မျက်နှာနီမြန်းသွားကာ ကျန့်ခွေကို အော်ငေါက်လိုက်သည်။

သူမ၏ ဆွဲဆောင်မှုအတတ်ကို လင်ချွမ်က ဤမျှလွယ်လွယ်ကူကူ ခုခံနိုင်သည်ကိုလည်း သူမ အံ့သြနေမိသည်။

သို့သော် လင်ချွမ်သည် ပထမအဆင့် ပညာရှင် နှစ်ယောက်ကို စိတ်ကူးတစ်ခုတည်းဖြင့် ချုပ်နှောင်ထားနိုင်သူဖြစ်ရာ ဆွဲဆောင်မှုအတတ်ကို ခုခံနိုင်ခြင်းမှာ မဆန်းတော့ပေ။

"အကြီးအကဲ၊ ကျန့်ခွေ ပြောတာကို မယုံပါနဲ့"

"ကျွန်မက နတ်ဆိုးဂိုဏ်းဝင်ဆိုပေမဲ့ လက်မှာ သွေးတစ်စက်မှ မစွန်းထင်းဖူးပါဘူး"

"ဟယ်ဟွမ်းဂိုဏ်းအတွက် အစေခံတွေ စုဆောင်းတယ်ဆိုတာလည်း သူတို့ကို အလုပ်သမားအဖြစ်ပဲ သုံးတာပါ"

"တကယ်တော့... ကျွန်မက အခုထိ အပျိုစင်လေးပါရှင်"

စုမေ့အာက ရှက်သွေးဖြာဟန်ဆောင်ကာ ခေါင်းငုံ့ပြောလိုက်သည်။

ဒါကို မြင်လိုက်ရသောအခါ လင်ချွမ် အန်ချင်စိတ်ပင် ပေါက်သွားသည်။ အသက် ၅၀ ကျော်နေပြီဖြစ်သော်လည်း အမျိုးသမီးငယ်လေးလို ဟန်ဆောင်နေရဲသေးသည်။

ဒါဟာ ပိုပြီးတော့တောင် ခွင့်မလွှတ်နိုင်စရာ အပြစ်ပဲ!

"မင်းပြောတာ တစ်ခွန်းမှ မယုံဘူး"

"မင်းတို့ နတ်ဆိုးဂိုဏ်းဝင်တွေ ပြောတဲ့ ဆယ်ခွန်းမှာ အဲ့ထက်ကျော်အောင် ပြောနိုင်တဲ့ အလိမ်အညာတွေပဲ။ ငါ့ကို အရူးမှတ်နေလား?"

လင်ချွမ်းက အေးစက်စွာ ပြောလိုက်ပြီး စုမေ့အာကို သတ်ရန် လက်ကို မြှောက်လိုက်သည်။

"မလုပ်ပါနဲ့!"

"အကြီးအကဲ.. ကျွန်မက အသုံးဝင်ပါသေးတယ်"

"နတ်ဆိုးဂိုဏ်းတွေက အလယ်ပိုင်းဒေသကို မကြာခင် ကျူးကျော်တော့မှာပါ။ ကျွန်မကို အသက်ချမ်းသာပေးထားရင် အကြီးအကဲအတွက် အများကြီး အကျိုးရှိမှာပါ"

စုမေ့အာသည် ကြောက်လန့်လွန်း၍ မျက်နှာဖြူလျော့သွားသည်။

သို့သော် သူမ၏ စကားက ကျန့်ခွေကို ဒေါသထွက်စေခဲ့သည်။

"စုမေအာ၊ မင်း... မကောင်းတဲ့ ကောင်မ"

"ဒါက အနောက်ဘက်ဒေသ နတ်ဆိုးဂိုဏ်း ၆ ဂိုဏ်းရဲ့ လျှို့ဝှက်ချက်ကွ၊ မင်းက မင်းအသက်ရှင်ဖို့အတွက်နဲ့ သစ္စာဖောက်ရဲတယ်ပေါ့!"

ကျန့်ခွေက ဒေါသတကြီး ဆဲဆိုအော်ဟစ်နေတော့သည်။

သူ၏ မျက်နှာနီမြန်းကာ တံတွေးများ ပန်းထွက်နေပုံအရ သူသည် စုမေ့အာနှင့် ပူးပေါင်းကာ သရုပ်ဆောင်နေခြင်း မဟုတ်ကြောင်း ထင်ရှားလှသည်။

လင်ချွမ် မြှောက်ထားသော လက်ကို ဖြည်းညှင်းစွာ ပြန်ချလိုက်သည်။

နတ်ဆိုးဂိုဏ်းနှင့် အလယ်ပိုင်းဒေသ သိုင်းလောကကြားရှိ ပဋိပက္ခကို သူ ဂရုမစိုက်သော်လည်း ဝူတန်ဂိုဏ်း၏ တည်ရှိမှုမှာ သူ အေးအေးဆေးဆေး စနစ် ဝင်နိုင်ဖို့အတွက် အလွန်အရေးကြီးသည်။

ဝူတန်ဂိုဏ်း ပျောက်ကွယ်သွားလျှင် သူ ဘယ်မှာ သွားပြီး ကျင့်ကြံတော့မည်နည်း?

အတိုချုပ်ပြောရလျှင် ဝူတန်တောင်နှင့်အတူ သူ အသက်ရှင်မည်၊ သူ သေမည်!

"ဗုန်း!"

စုမေ့အာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

သူမအပေါ်ရှိ ချုပ်နှောင်မှုမှာ ပျက်ပြယ်သွားခဲ့ပြီ။

သို့သော် ကျန့်ခွေမှာမူ လှုပ်၍မရဘဲ တောင့်တင်းနေဆဲပင်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

စုမေ့အာ အားရဝမ်းသာ ဖြစ်သွားသည်။

လွတ်လပ်ခွင့်ရပြီးနောက် သူမသည် လင်ချွမ်အပေါ် မည်သည့် မရိုးသားသော အတွေးမှ မတွေးဝံ့တော့ပေ။

ဤကဲ့သို့ နက်နဲလှသော ကျင့်ကြံသူရှေ့တွင် မိုက်မဲစွာ ပြုမူမိပါက ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် အတူတူပင် ဖြစ်သည်။

သို့သော် ကျန့်ခွေကတော့ ပြဿနာတစ်ခုပဲ။

အကောင်းဆုံးက သတင်းမပေါက်အောင် သတ်ပစ်ဖို့ပဲ!

"အကြီးအကဲ.. ဒီကျန့်ခွေက အသူရာဂိုဏ်းရဲ့ ညာလက်ရုံးပါ၊ သူက ဝူတန်ရဲ့ သတင်းတွေကို လာစုံစမ်းတာဖြစ်လို့ သူ့ကို အသက်ရှင်လျက် ပြန်မလွှတ်သင့်ပါဘူး"

ထိုသို့ပြောပြီး စုမေ့အာသည် ဓားသွားများပါရှိသော ကြာပွတ်ရှည်ကို ဆွဲထုတ်ကာ ကျန့်ခွေထံသို့ လျှောက်သွားသည်။

ဤကြာပွတ်ချက် ထိမှန်ပါက ကျန့်ခွေမှာ သေဖို့သာ ရှိတော့သည်။

"သေလိုက်တော့!"

စုမေ့အာသည် ညှာတာမှုမရှိဘဲ ကြာပွတ်ဖြင့် ကျန့်ခွေ၏ ငယ်ထိပ်ကို ရိုက်ချလိုက်သည်။

ကျန့်ခွေ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားစဉ်မှာပင်... သေစေနိုင်သော ကြာပွတ်မှာ လေထဲတွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

စုမေအာကိုယ်တိုင်လည်း လှုပ်၍မရတော့ပေ။

"အကြီးအကဲ?"

စုမေအာ လင်ချွမ်းကို အံ့သြစွာ ကြည့်လိုက်သည်။

"တော်လိုက်တော့"

လင်ချွမ်က အထင်သေးစွာကြည့်ရင်း ပြောလိုက်သည်။

"ဒီလူကို သတ်တာမျိုး ငါ ခွင့်မပြုဘူး"

"အသူရာဂိုဏ်းရဲ့ ညာလက်ရုံးဆိုရင် လျှို့ဝှက်ချက်တွေ အများကြီး သိမှာပဲ။ ဒါ့အပြင် တစ်ယောက်ကို အသက်ချမ်းသာပေးထားမှ မင်းပြောတာ အမှန်လား အလိမ်လားဆိုတာ ငါ စစ်ဆေးလို့ရမှာပေါ့"

လင်ချွမ်၏ စေ့စပ်သေချာသော အတွေးအခေါ်ကြောင့် နှစ်ဦးစလုံး ဆွံ့အသွားကြသည်။

"မင်းတို့ သေစရာမလိုပါဘူး။ ဒါပေမဲ့ ကြိုတင်ကာကွယ်ထားဖို့တော့ လိုတယ်"

"ဝူတန်မှာ နေနေသရွေ့တော့ သာမန်လူတွေလိုပဲ နေကြပေါ့"

လင်ချွမ်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်ရင်း ၎င်းတို့ရှေ့တွင် လက်နှစ်ချောင်းကို မြှောက်လိုက်သည်။

ထို့နောက် ဝူတန်တောင်ခြေတွင် စူးရှသော အော်ဟစ်သံ နှစ်သံ ထွက်ပေါ်လာတော့သည်။

All Chapters