ဒီသိုင်းကိုမှ မကျင့်နိုင်ရင်တော့ ကိုယ့်ကိုယ်ကို မိန်းမစိုး လို့ သတ်မှတ်လိုက်တော့
Vol. 3 Ch. 30
ဝူတန်တောင်၊ ရှောင်းယောက် တောင်ထိပ်တွင်။
ယင်ဟွိုက်ယွီ နှင့် ချန်အာကော တို့သည် ၎င်းတို့ရှေ့မှ နတ်ဆိုးဂိုဏ်းဝင်နှစ်ဦးကို ကြည့်ကာ ဆွံ့အလျက်ရှိသည်။
စုမေ့အာ နှင့် ကျန့်ခွေ တို့၏ အထောက်အထားအမှန်ကို သိလိုက်ရသောအခါ ၎င်းတို့မှာ ပို၍ပင် အံ့အားသင့်သွားကြသည်။
“ဟယ်ဟွမ်းဂိုဏ်းချုပ်ရဲ့ တစ်ဦးတည်းသော တပည့်အရင်း"
“အသူရာဂိုဏ်းရဲ့ ညာလက်ရုံး အစောင့်အရှောက်"
“ဝိုး... အကြီးအကဲ ကတော့ ထုံးစံအတိုင်း နာမည်ကြီးတာတွေကိုပဲ ဖမ်းလာတာပဲ"
ယင်ဟွိုက်ယွီက မချီးကျူးဘဲ မနေနိုင်တော့ပေ။
ဘေးတွင်ရပ်နေသော ချန်အာကောမှာမူ စုမေ့အာကို စိုက်ကြည့်ရင်း သွားရည်များပင် ကျလုနီးပါး ဖြစ်နေသည်။
လင်ချွမ်နှင့် ယင်ဟွိုက်ယွီတို့နှင့် မတူဘဲ ချန်အာကော၏ ကျင့်ကြံမှုမှာ အလွန်အားနည်းလွန်းလှသည်။
စုမေ့အာ၏ ဆွဲဆောင်မှုအတတ်က သူ့ကို အလွယ်တကူပင် သိမ်းပိုက်လိုက်နိုင်သည်။
ဟယ်ဟွမ်းဂိုဏ်း၏ ကျွန်များမှာ ချန်အာကောကဲ့သို့ပင် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်သော အားနည်းသည့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။
“ဒီက တပည့် ကလေးလေး"
“သူ့ကို သဘောကျရင် မင်းရဲ့ မိန်းမအဖြစ် ယူမလား?”
ကျန့်ခွေက လှောင်ပြောင်လိုက်သည်။
ထိုစကားကို ကြားသောအခါ ချန်အာကောက တံတွေးကို အနိုင်နိုင် မျိုချလိုက်ပြီး အရှက်မရှိ ခေါင်းညိတ်ပြလိုက်သည်။
“တောက်!”
စုမေ့အာက ဒေါသတကြီးဖြင့် ကျန့်ခွေကို ကန်လိုက်သည်။
“ငါက ဒီလိုလူမျိုးကို ကြည့်တောင် မကြည့်ဘူး။ ငါ လက်ထပ်မယ်ဆိုရင်တောင် အကြီးအကဲ လင်ချွမ်လို ခန့်ညားတဲ့ လူငယ်မျိုးကိုပဲ ယူမှာ"
ပြောရင်းနှင့် သူမက လင်ချွမ်ကို မျက်စိတစ်ချက် မှိတ်ပြလိုက်သည်။
ကံမကောင်းစွာပင် သူမ၏ ဆွဲဆောင်မှုမှာ လင်ချွမ်အပေါ် မည်သို့မျှ မသက်ရောက်ပေ။
ထိုအစား ချန်အာကောသာ မိသွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ယင်ဟွိုက်ယွီက ချန်အာကောကို ပါးတစ်ချက်ရိုက်ကာ သတိမေ့သွားအောင် လုပ်လိုက်သဖြင့် ချန်အာကော၏ မျှော်လင့်ချက်များ ဇာတ်သိမ်းသွားတော့သည်။
ယင်ဟွိုက်ယွီက ချန်အာကောကို ဘေးသို့ ပစ်ထားလိုက်ပြီး လင်ချွမ်ကို ကြည့်ကာ လက်အုပ်ချီလျက် မေးလိုက်သည်-
“အကြီးအကဲ၊ ဒီနှစ်ယောက်ကို ဘာလုပ်ကြမလဲ?”
စုမေ့အာနှင့် ကျန့်ခွေတို့မှာ နတ်ဆိုးဂိုဏ်းတွင် ရာထူးကြီးသူများ ဖြစ်ကြသည်။
၎င်းတို့ထံမှ သတင်းအချက်အလက်များ ရရှိပါက အလယ်ပိုင်းဒေသ သိုင်းလောကအတွက် အလွန်အကျိုးရှိမည်ဖြစ်သည်။
ထို့အပြင် အလယ်ပိုင်းဒေသ သိုင်းလောကသည် နတ်ဆိုးဂိုဏ်းများ ကျူးကျော်တော့မည့် သတင်းကို မယုံကြည်ကြသဖြင့် ၎င်းတို့နှစ်ဦးကို လူသိရှင်ကြား ထုတ်ပြခြင်းမှာလည်း နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။
သို့သော် လင်ချွမ်က သူတို့၏ အကြောများကို ပိတ်ထားသဖြင့် သာမန်လူကဲ့သို့ ဖြစ်နေစေကာမူ သူတို့မှာ အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြသည့်တိုင် သတင်းနှိုက်ရန်မှာ မလွယ်ကူပေ။
“ဒီလိုအချိန်မျိုးမှာတော့ ချင်းမင်းဆက်ရဲ့ အယုတ်ညံ့ဆုံး ညှဉ်းပန်းနှိပ်စက်နည်း ၁၀ မျိုးကို သုံးရမှာပဲ"
လင်ချွမ်က သူ၏ မေးစေ့ကို ပွတ်ရင်း စမ်းသပ်ကြည့်ချင်စိတ် ဖြစ်ပေါ်နေသည်။
သူ ဤကမ္ဘာသို့ ဘဝ ကူးမပြောင်းလာမီက အင်တာနက်ပေါ်တွင် ချင်းမင်းဆက်၏ ရက်စက်လှသော နှိပ်စက်နည်းများအကြောင်း ဖတ်ဖူးခဲ့သည်။
၎င်းမှာ အလွန်ပင် ရက်စက်လှသော်လည်း သတင်းနှိုက်ရန်အတွက်မူ အထိရောက်ဆုံး နည်းလမ်းများ ဖြစ်သည်။
“ဘယ်လိုလုပ်ရမှာလဲ?”
ယင်ဟွိုင်ယွီက နားမလည်စွာဖြင့် မေးလိုက်သည်။
မင်မင်းဆက် မှ လူများသည် မန်ချူးချင်းမင်းဆက် အကြောင်း မကြားဖူးကြပေ။
သို့သော် ညှဉ်းပန်းနှိပ်စက်ခြင်း အတတ်ကိုမူ သိကြသည်။
“ဒါကတော့ ညာလက်ရုံး အစောင့်အရှောက်ကို မေးကြည့်ရမှာပဲ"
ထိုသို့ပြောပြီး လင်ချွမ်က ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
သူသည် ကျန့်ခွေထံသို့ အေးအေးဆေးဆေး လျှောက်သွားလိုက်ပြီး-
“နေကြာကျမ်း အကြောင်း ကြားဖူးလား?” ဟု ပြုံးလျက် မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျန့်ခွေ၏ မျက်နှာ ပျက်သွားသည်။
သိုင်းလောကသား တစ်ယောက်အနေဖြင့် နေကြာကျမ်း၏ ကျော်ကြားလှသော စာသားကို မည်သို့ မကြားဖူးဘဲ နေမည်နည်း။
"ဤသိုင်းကို ကျင့်လိုပါက အရင်ဆုံး မိမိကိုယ်ကိုယ် အင်္ဂါဖြတ်ရမည်!” ဟူသော စာသားမှာ လူတိုင်း၏ ရင်ထဲတွင် စွဲထင်နေသောအရာ ဖြစ်သည်။
“ငါက အသူရာဂိုဏ်းအပေါ် အလွန်သစ္စာရှိတယ်။ ကိုယ့်အသက်ရှင်ဖို့အတွက်နဲ့ ဂိုဏ်းကို ဘယ်တော့မှ သစ္စာမဖောက်ဘူး"
“ဒီစိတ်ကူးကို လက်လျှော့လိုက်တော့"
ကျန့်ခွေ၏ ခန္ဓာကိုယ်မှာ တုန်ရင်နေသော်လည်း စကားကိုတော့ တင်းခံပြောနေသည်။
အမျိုးသားတစ်ယောက်အတွက် အဖိုးတန်ဆုံးအရာမှာ သူ၏ ယောက်ျားပီသမှုပင် မဟုတ်ပါလား။
၎င်းကို ဆုံးရှုံးလိုက်ရပါက သူသည် အမျိုးသား မဟုတ်တော့ဘဲ မိန်းမလျာတစ်ဦးသာ ဖြစ်သွားပေလိမ့်မည်။
လင်ချွမ်က ကျန့်ခွေကို နှိပ်စက်ပြခြင်းမှာ အခြားသူများကို သတိပေးခြင်း ဖြစ်ကြောင်း သိသော်လည်း စုမေ့အာမှာပင် ကြည့်မနေနိုင်တော့ပေ။
ဤရက်စက်သော နှိပ်စက်မှုများ သူမထံသို့ ရောက်မလာဘူးဟု မည်သူ အာမခံနိုင်မည်နည်း။
“ရပါတယ်၊ ရပါတယ်"
“ညာလက်ရုံးလို ပါရမီရှင်မျိုးဆိုရင် အသူရာဂိုဏ်းကနေ ထွက်လိုက်တာနဲ့ တူတူပါပဲ"
“ဒါ့အပြင် ဟယ်ဟွမ်းဂိုဏ်းမှာလည်း ရာထူးကောင်းကောင်း ရနိုင်တာပဲ။ ကံကောင်းရင် ပျောက်ဆုံးနေတဲ့ နေကြာကျမ်းကို ရှာတွေ့ပြီး အနှိုင်းမဲ့သိုင်းတွေကို ကျင့်နိုင်မှာပေါ့"
လင်ချွမ်က ပြုံးလျက် လျှောက်သွားပြီး ဓားကို ရုတ်တရက် အောက်သို့ ဝှေ့ယမ်းလိုက်သည်။
“မလုပ်ပါနဲ့! ကျွန်တော် ပြောပါ့မယ်"
ကျန့်ခွေ၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။
သူသည် နောက်ဆုံးတွင် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုကို မခံနိုင်တော့ပေ။
“ဟင်း"
လင်ချွမ်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဓားကို ယင်ဟွိုက်ယွီထံသို့ လှမ်းပေးလိုက်သည်။
“ဒီနှစ်ယောက်ကို သီးခြားခွဲပြီး စစ်ဆေးလိုက်။ သူတို့ပြောတာတွေ ကွဲလွဲနေရင် အားနာမနေနဲ့၊ သင်ခန်းစာ ပေးလိုက်။ သတင်းအားလုံး ရပြီးမှ ဆက်ပြောကြတာပေါ့"
လင်ချွမ်က ပြောပြီး ထွက်ခွာသွားသည်။
ယင်ဟွိုက်ယွီနှင့် နတ်ဆိုးဂိုဏ်းတို့၏ ရန်ငြိုးအရ ယင်ဟွိုက်ယွီက ညှာတာလိမ့်မည်မဟုတ်ကြောင်း လင်ချွမ် ယုံကြည်ထားသည်။ နတ်ဆိုး ဂိုဏ်းဝင်များအပေါ် သနားနေရန် မလိုပေ။
ရှောင်လင်ဘုန်းကြီးကျောင်းတွင်။
ကျန့်ရှင်းသည် တပည့်များနှင့်အတူ ပြန်ရောက်လာပြီးနောက် ကျောင်းထိုင်ဆရာတော်က သူ၏ အမှားများကို ဆင်ခြင်ရန် တောင်နောက်ဘက်သို့ ပို့လိုက်သည်။
တကယ့်အမှားမှာ ရှောင်လင်၏ ဂုဏ်သိက္ခာ ညှိုးနွမ်းခြင်းထက် ရူယိ၏ စိတ်ထဲတွင် စိတ်အညစ်အကြေးများ အမြစ်တွယ်သွားခြင်း ဖြစ်သည်။
ရူယိ ပြန်ရောက်လာသောအခါ သူ၏မျက်လုံးများမှာ အသက်မဲ့နေပြီး လမ်းလျှောက်နေသော အလောင်းတစ်ခုကဲ့သို့ ဖြစ်နေသည်။
၎င်းက ဆရာတော်နှင့် အကြီးအကဲများကို ထိတ်လန့်စေခဲ့သည်။
ထောင်စုနှစ်တစ်ခုမှ တစ်ယောက်သာ ပေါ်ဖူးသည့် ပါရမီရှင်လေးမှာ ဤကဲ့သို့ ပျက်စီးသွားရခြင်းအတွက် ကျန့်ရှင်းတွင် တာဝန်အပြည့်ရှိသည်။
ကျန့်ရှင်းမှာလည်း စိတ်ဆင်းရဲနေသော်လည်း အောင့်အည်း သည်းခံနေရသည်။
ရူယိသည် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အကြီးအကျယ် ထိခိုက်သွားခြင်း ဖြစ်သည်။
သူသည် ပါရမီရှင်အဆင့်မှ သာမန် အသုံးမကျသူတစ်ဦးအထိ ဖြစ်သွားနိုင်ချေ ရှိနေသည်။
“ဟူး"
ကျန့်ရှင်းသည် တောင်နောက်ဘက် ကမ်းပါးယံကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
သူသည် နောင်တများဖြင့် ပြည့်နှက်နေသည်။ ထိုစဉ်မှာပင် ခြေသံများ ကြားလိုက်ရသည်။ ကျန့်ရှင်း လှည့်ကြည့်လိုက်သောအခါ ကိုရင်လေးတစ်ဦး အပြေးအလွှား ရောက်လာသည်ကို တွေ့ရသည်။
“အကြီးအကဲ ကျန့်ရှင်း"
“ကျောင်းထိုင်ဆရာတော်က အရေးကြီးကိစ္စ ဆွေးနွေးဖို့ ရှေ့ဆောင်ခန်းမကို အမြန်ကြွဖို့ မိန့်ကြားလိုက်ပါတယ် ဘုရား"
ကျန့်ရှင်း၏ ပြစ်ဒဏ်ကာလ မကုန်သေးမီ ဆရာတော်က လူလွှတ်ခေါ်ခြင်းမှာ မကြုံစဖူးသော ကိစ္စဖြစ်သည်။
ဆိုလိုသည်မှာ ယခုဖြစ်ရပ်သည် လုံးဝမရိုးရှင်းပေ။
ကျန့်ရှင်းမှာ မဆိုင်းမတွဘဲ ရှေ့ဆောင်ခန်းမသို့ အမြန်သွားလိုက်သည်။
ခန်းမအတွင်းသို့ ဝင်လိုက်သောအခါ ရှောင်လင်၏ ထိပ်တန်းခေါင်းဆောင်အားလုံး ရောက်နေကြသည်ကို တွေ့ရသည်။
ရူယိပင်လျှင် ထိုနေရာ၌ ရှိနေသည်။
သူ၏မျက်နှာမှာ အနည်းငယ် ပြန်ကောင်းလာသော်လည်း မျက်လုံးများမှာမူ ချန်အာကော၏ လက်သီးတစ်ချက်ဖြင့် ရှုံးနိမ့်ခဲ့စဉ်ကအတိုင်း အသက်မဲ့နေဆဲပင်။
“ဆရာတော်"
ကျန့်ရှင်းက ဂါရဝပြုလိုက်သည်။
သင်္ကန်းဝတ်ထားသော သက်ကြီးဘုန်းတော်ကြီးက ခေါင်းညိတ်ပြလိုက်ပြီး-
“အားလုံး စုံပြီဆိုတော့...”
“ဒါဟာ နတ်ဆိုးဂိုဏ်းနဲ့ ပတ်သက်နေတယ်။ ငါကိုယ်တိုင်လည်း ဘာလုပ်ရမှန်း မသိတာနဲ့ အားလုံးနဲ့ ဆွေးနွေးချင်လို့ ခေါ်လိုက်တာပါ"
ထို့နောက် ဆရာတော်က ဘေးတွင်ရှိနေသော ဝူတန်တပည့်ကို ကြည့်လိုက်သည်။ ထိုသူက ရှေ့သို့ တက်လာပြီး-
“ဒီတပည့်က ဝူတန်ကျောင်းထိုင်ဆရာတော်ရဲ့ အမိန့်နဲ့ ရှောင်လင်ကို လာခဲ့တာပါ"
“ပထမအချက်က နတ်ဆိုးဂိုဏ်းရဲ့ ပူးပေါင်းကြံစည်မှုကို အသိပေးဖို့ပါ"
"ဒုတိယအချက်ကတော့ သက်သေအချို့ ပြချင်လို့ပါ။ ဒါဟာ နတ်ဆိုးဂိုဏ်းတွေ အလယ်ပိုင်းဒေသထဲကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နေပြီဆိုတာကို သက်သေပြဖို့ လုံလောက်ပါတယ်"
ထိုသို့ပြောပြီး ဝူတန်တပည့်က သူ၏ အင်္ကျီလက်ထဲမှ တံဆိပ်ပြားတစ်ခုကို ထုတ်လိုက်သည်။
ထိုတံဆိပ်မှာ တစ်ခုလုံး အနက်ရောင်ဖြစ်ပြီး တစ်ဖက်တွင် "အသူရာ" ဟူသော စာလုံးနှင့် အခြားတစ်ဖက်တွင် ဘီလူး မိစ္ဆာခေါင်းပုံ ပါရှိသည်။
တစ်ခန်းမလုံးတွင် အံ့သြမှင်သက်သွားသည့် အသံများ ထွက်ပေါ်လာသည်။
ကျန့်ရှင်းသည် အသူရာဂိုဏ်း၏ ထိုတံဆိပ်ပြားကို ကြည့်ကာ ဆွံ့အသွားတော့သည်။
“ကျန့်ရှင်း... မင်း ဒါကို ဘယ်လို ရှင်းပြချင်သလဲ?”