← Chapters

သေလူက ဘယ်လို ပြန်ရှင်လာနိုင်မှာလဲ

Vol. 77 Ch. 1518

သေလူက ဘယ်လို ပြန်ရှင်လာနိုင်မှာလဲ

Vol. 77 Ch. 1518

~အားချန်က အာသာဘက်သို့ လှည့်ကြည့်ကာ ဆက်ပြောသည်။

“ခင်ဗျားတို့ပဲ အလောင်းကို တစ်နေရာရာမှာ ဝှက်ထားတာ မဟုတ်ဘူးလား... ဒါမှမဟုတ် ခင်ဗျားတို့က အလောင်းကို တစ်ခုခု လုပ်မလို့လား... အဲဒီမိန်းမက တော်တော် လှတယ်နော်...”

အာသာက ဓားမြှောင်ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်၏။

“ကျွန်တော်တို့က အလောင်းတွေကို စိတ်မဝင်စားဘူး... အသက်ရှင်နေတဲ့ လူတွေကိုပဲ စိတ်ဝင်စားတာ... အထူးသဖြင့် ယောက်ျားတွေကို ပိုစိတ်ဝင်စားတယ်... ခင်ဗျား စမ်းကြည့်ချင်လား...”

ကျန်သည့် ကောင်းကင်ဝံပုလွေ အဖွဲ့သားတွေကလည်း အားချန်ကို မကောင်းသော ရည်ရွယ်ချက်များဖြင့် ကြည့်လိုက်ကြ၏။

သူတို့သည် ယဲ့ဖန်အပေါ်၌ လေးစားခန့်ညားစိတ် ရှိကြသော်ငြားလည်း... အခြားသူများ အပေါ်တွင်မူ သဘောထား ပျော့ပျောင်းညင်သာသူများ မဟုတ်ကြပါချေ။

အထူးသဖြင့် အားချန်ကဲ့သို့ ပါးစပ်သရမ်းတတ်သည့် လူစားမျိုးဆိုလျှင် ပိုမို၍ပင် မုန်းတီးရွံရှာကြသေး၏။

ယဲ့ဖန်သာ ရှိမနေခဲ့ပါက... သူတို့သည် အားချန်အား တစ်ပါတည်း ဆွဲခေါ်သွားကြပြီးလောက်ပြီ ဖြစ်သည်။ ကောင်းကင်ဝံပုလွေ အဖွဲ့ထဲမှ ထိုနှစ်ဦးအတွက်မူ အကြိုက်တွေ့စရာပင် ဖြစ်နေတော့မည် မဟုတ်ပါလော။

အားချန် ကြက်သီးထသွားပြီး ယဲ့ဖန်အနားသို့ ကပျာကယာ ပြေးကပ်လိုက်၏။

“မစ္စတာယဲ့... ကယ်ပါဦးဗျ...”

“ဝဋ်လည်တာ...”

ယဲ့ဖန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးမှ မျက်မှောင်ကြုတ်လိုက်၏။

“ဘာလို့ ငါ့စိတ်ထဲမှာ ဒီ လန်ရှင်းယွဲ့ မသေသေးဘူးလို့ ခံစားနေရပါလိမ့်...”

အားချန် ချက်ချင်းပင် ဝိညာဉ်ဖက်ကို တွေ့လိုက်ရသလို ခံစားလိုက်ရသည်။

“ဟုတ်တယ်မလား... ကျွန်တော် ပြောသားပဲ... ဇွန်ဘီ ဖြစ်သွားတာပါဆို... ခင်ဗျားတို့ကမှ မယုံကြတာ...”

သို့သော် ရွှီကျင်းရှင်းက သဘောမတူပေ။

“မဖြစ်နိုင်တာ... သူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာကို ကျွန်မတို့ မျက်စိနဲ့တပ်အပ် မြင်ခဲ့တာပဲ... ရှင်ကိုယ်တိုင်လည်း သူမရဲ့ အသက်လက္ခဏာတွေကို စစ်ဆေးပြီးပြီ မဟုတ်လား... သေလူက ဘယ်လိုလုပ် ပြန်ရှင်လာနိုင်မှာလဲ...”

ထိုအခါ၊ ဖူမာကျန်းဝူကလည်း ခေါင်းညိတ်ထောက်ခံသည်။

“ဓားမြှောင်က သူ့ရဲ့ နှလုံးတည့်တည့်ကို ထိုးစိုက်သွားတာလေ... အသက်ရှင်ဖို့ လမ်းမရှိပါဘူး...”

ကောင်းကင်ဝံပုလွေအဖွဲ့သားတွေ ဘာမှမပြောကြသော်ငြား၊ ဒီတစ်ခါတော့ ယဲ့ဖန် စိတ်ကူးယဉ်လွန်းနေသည်ဟု ထင်မြင်မိကြ၏။

လန်ရှင်းယွဲ့ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည့် ဖြစ်စဉ်တစ်ခုလုံးကို သူတို့၏ မျက်စိရှေ့မှောက်တွင်ပင် ထင်ရှားစွာ မြင်တွေ့ခဲ့ကြရခြင်း ဖြစ်ပေသည်။ အတုအယောင် လုပ်ယူဖန်တီး၍ ရနိုင်သော ကိစ္စရပ်မျိုး မဟုတ်ပါချေ။

ယခုတွင်မူ တစ်စုံတစ်ယောက်က ဤ သေဆုံးပြီးသူသည် အသက်ရှင်နေနိုင်သေးသည် ဟူ၍ လာရောက် ပြောဆိုနေပါက... သူတို့ မည်သို့လျှင် လက်ခံနိုင်ကြပါမည်နည်း။

ဤစကားကို ပြောဆိုသူမှာ ယဲ့ဖန်သာ မဟုတ်ခဲ့ပါက... ထိုလူအား ဦးနှောက်ပျက်စီးနေပြီ ဟူ၍ သူတို့ ထင်မှတ်မိကြမည်မှာ သေချာလှပေသည်။

ယဲ့ဖန်က ဆက်မရှင်းပြတော့ဘဲ ပတ်ဝန်းကျင်ကို ၃၆၀ ဒီဂရီ စကင်န်ဖတ်လိုက်၏။

မကြာမီ သေးငယ်သော အရာတစ်ခုက သူ့အာရုံကို ဖမ်းစားလိုက်၏။

ကြယ်ပုံ၊ လပုံ အဆင်တန်ဆာလေးတွေနှင့် ပြုလုပ်ထားသော လက်ကောက်လေး တစ်ကွင်း။ လန်ရှင်းယွဲ့ ဒီလို လက်ကောက်မျိုး ဝတ်ထားတာ သူ မှတ်မိနေသည်။

ယုတ္တိနည်းအရ တွေးကြည့်ရင် တိုက်ခိုက်နေစဥ် ကိုယ်ပိုင်ပစ္စည်းလေးတွေ ပြုတ်ကျကျန်ရစ်ခဲ့တာ ထူးဆန်းသည့် ကိစ္စတော့ မဟုတ်ပါချေ။

သို့သော်လည်း ဒီလက်ကောက်က မရှိသင့်သည့် နေရာမှာ ရောက်နေသည်လေ... မြစ်ကမ်းဘေးမှာ။

သူဝယ်ထားသည့် မြေကွက်နှင့် မီတာ ၂၀၀ လောက်အကွာမှာ မြစ်တစ်စင်း ရှိ၏။ 'ဇီဝူမြစ်' ဟု ခေါ်သည်။

‘ဒါပေမဲ့ သူတို့ စောစောက တိုက်ခိုက်ခဲ့တဲ့နေရာက ဇီဝူမြစ်နဲ့ နီးမှမနီးတာ။ ဘာလို့ ဒီလက်ကောက်က မြစ်ကမ်းဘေး ရောက်နေရတာလဲ။’

တကယ် ပြဿနာ ရှိနေ‌ပြီ ဖြစ်၏။

အဓိက သဲလွန်စကို ရှာတွေ့ထားပြီးပြီ ဆိုသော်လည်းသူက ရှာဖွေနေသလို ဟန်ဆောင်ရဦးမည်။

ယဲ့ဖန် ခေါင်းငုံ့ပြီး တစ်ခုခုကို လိုက်ရှာနေသည်ကို မြင်သောအခါ လူတိုင်း နားမလည်နိုင် ဖြစ်နေကြ၏။

နောက်ဆုံး ယဲ့ဖန်က မြစ်ကမ်းဘေးမှ လက်ကောက်ကို "မတော်တဆ" ကောက်ယူလိုက်ပြီး အံ့သြချင်ယောင် ဆောင်ကာ လူတိုင်းကို ပြလိုက်၏။

“ဒီလက်ကောက်ကို ငါ ဘယ်မှာများ မြင်ဖူးပါလိမ့်...”

အားချန် မြင်လိုက်သည်နှင့် ချက်ချင်း အော်ပြောလိုက်၏။

“လန်ရှင်းယွဲ့ ဝတ်ထားတာလေ... ဒီလက်ကောက်နဲ့ တစ်ပုံစံတည်းပဲ...”

“ဘာလို့ ကျွန်မ မမှတ်မိပါလိမ့်... ရှင် မှားနေတာများလား...”

ဖူမာကျန်းဝူက ချက်ချင်း သံသယဝင်သွားသည်။

“ဘယ်လိုလုပ် မှားရမှာလဲဗျာ... ကျွန်တော့်မှာ အကျင့်တစ်ခု ရှိတယ်... ဘယ်သူနဲ့ပဲ တွေ့တွေ့ သူတို့ရဲ့ တန်ဖိုးကြီးပစ္စည်းတွေကို အရင်ဆုံး လေ့လာတတ်တယ်... ဒီလက်ကောက်က လန်ရှင်းယွဲ့ ပစ္စည်း အစစ်ပါဗျ... မဟုတ်ရင် ကျွန်တော့်ခေါင်းကို ဖြတ်ပြီး ခင်ဗျားတို့ ဘောလုံးကန်ချင် ကန်လိုက်...”

အားချန်က ထပ်ခါတလဲလဲ အာမခံနေသည်။

ဒီတစ်ခါတော့ ရွှီကျင်းရှင်း၊ ဖူမာကျန်းဝူနှင့် ကောင်းကင်ဝံပုလွေအဖွဲ့သားများ မည်သူမျှ တည်ငြိမ်မနေနိုင်တော့။

လန်ရှင်းယွဲ့က တကယ် မသေသေးတာများလား...

ရွှီကျင်းရှင်း၊ ဖူမာကျန်းဝူနှင့် ကောင်းကင်ဝံပုလွေအဖွဲ့သားများအနေဖြင့် ဤရလဒ်ကို လက်ခံရန် ခက်ခဲနေသော်လည်း လက်မခံဘဲ မနေနိုင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် မကြာမီမှာပင် သူတို့သည် မြစ်ကမ်းဘေး၌ သွေးကွက်အချို့ကို တွေ့ရှိလိုက်ကြသောကြောင့် ဖြစ်သည်။

သွေးကွက်ဘေးနားမှ ခြေရာများကလည်း အလွန် ထင်ရှားနေ၏။ ခုလေးတင် ဖြစ်ပျက်ခဲ့မှန်း သိသာလှသည်။

“ဘုရားရေ... ဒီ လန်ရှင်းယွဲ့က တကယ် မသေသေးဘူးလား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူ သတ်သေသွားတာကို ငါတို့ မျက်စိနဲ့တပ်အပ် မြင်ခဲ့တာပဲ...”

ဖူမာကျန်းဝူ အာမေဋိတ် မတဘဲ မနေနိုင်တော့။ ကြောက်လွန်းသဖြင့် သူမ မျက်နှာလေး ဖြူဖျော့နေပြီး ယဲ့ဖန်၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ လွှတ်မပေးတော့ပေ။

ရွှီကျင်းရှင်းက ဘာမှမပြောသော်လည်း မျက်မှောင်ကို တင်းတင်းကြပ်ကြပ် ကြုတ်ထားသည်။ ဤဖြစ်ရပ်၏ နောက်ကွယ်မှ အကြောင်းရင်းကို သူမ စဉ်းစားနေသည်မှာ သိသာလှသည်။

‘သေလူက ဘယ်လိုလုပ် ပြန်ရှင်လာနိုင်မှာလဲ... ဒါက အဓိပ္ပာယ်မရှိဘူး။’

အားချန်၏ မျက်နှာလည်း ကြောက်လွန်း၍ ဖြူဖျော့နေသည်။

ဇွန်ဘီ ဖြစ်နိုင်သည်ဟု သူက ဦးဆုံး စပြောခဲ့သူ ဖြစ်သော်လည်း အဲဒါက နောက်ပြောင်လိုက်တာလေ။

လန်ရှင်းယွဲ့ မသေနိုင်ဘူးဆိုသည့် သက်သေအထောက်အထားတွေ ဆက်တိုက် ပေါ်လာတော့ သူ့ခေါင်းမွှေးတွေ ထောင်ထလာရသည်။

ကောင်းကင်ဝံပုလွေအဖွဲ့သားတွေက သွေးထွက်သံယို တိုက်ပွဲပေါင်းများစွာ ကြုံတွေ့ခဲ့ဖူးသော်လည်း ဒီအချိန်မှာတော့ ဦးရေပြားတွေ ထုံကျဉ်လာသလို ခံစားလိုက်ရသည်။

ဒီမြင်ကွင်းက အရမ်း ထူးဆန်းလွန်း၏။

သူတို့ကိုယ်တိုင် မကြုံတွေ့ခဲ့ရလျှင် ရိုက်သတ်လျှင်တောင် ယုံမှာ မဟုတ်ပေ။

“ဒီလူတွေက လူတွေလား... သရဲတွေလား... တကယ် ခေါင်းကိုက်စရာပဲ...”

ယဲ့ဖန် နားထင်ကို ဖိနှိပ်လိုက်မိသည်။

ဒီလို အခြေအနေမျိုး ပထမဆုံး ကြုံဖူးသည်မို့ သူလည်း မယုံကြည်နိုင် ဖြစ်နေရသည်။

နယူတန်တုန်းက တစ်ခါ ပြန်ရှင်လာဖူးသည် ဆိုသော်လည်း ဒါက ယခု အခြေအနေနှင့် မတူပါချေ။

နယူတန်က တံတားပေါ်မှ ကားထိုးကျသွားသလို ဟန်ဆောင်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့၏။

နောက်ပိုင်းမှာ ယဲ့ဖန် သူ့ကို ကိုယ်တိုင် သတ်ခဲသည်။ ထိုအချိန်တုန်းက သိပ္ပံနည်းကျ ယုတ္တိမရှိတာ ဘာမှမပါပါချေ။

သို့သော်၊ ဒီနေ့ မြင်ကွင်းကတော့ တကယ့်ကို ထူးဆန်းလွန်းသည်ဟု ခံစားရစေသည်။

လူတစ်ယောက်က သူ့မျက်စိရှေ့မှာတင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသည်။ သူကိုယ်တိုင် သေချာ စစ်ဆေးပြီး အတည်ပြုခဲ့သည်လေ။

အခု ပြန်ရှင်လာသည်တဲ့လား...

ဒါက ရယ်စရာကြီး။

အထူးသဖြင့် လန်ရှင်းယွဲ့က သူ့ရှေ့မှာ ချစ်ပြနေပြီး သူမအလောင်းကို မဖျက်ဆီးဖို့ ထပ်ခါတလဲလဲ မှာနေခဲ့သည်။

ဒါတွေအားလုံးက သူ့ကို လှည့်စားဖို့ ကြိုတင်ကြံစည်ထားခြင်းပေါ့လေ။

အရူးလုပ်ခံလိုက်ရသလို ခံစားလိုက်ရပြီး ရှက်စိတ်နှင့် ဒေါသစိတ်များ ရုတ်တရက် ထွက်ပေါ်လာသည်။

ထင်တဲ့အတိုင်းပဲ... မိန်းမတွေက လှလေလေ... လိမ်တာ ညာတာ ပိုတော်လေလေပဲ။

ခဏတာ လူတိုင်း တိတ်ဆိတ်သွားကြ၏။

ဘယ်သူမှ ဘာပြောရမှန်း မသိကြ။

ပုံမှန်ဆို စကားတတ်သည့် အားချန်တောင် ယခုချိန်မှာတော့ ကြောင်အ နေပြီး လေထုကို လျှော့ချဖို့ စကားလုံး ရှာမတွေ့တော့။

နောက်ဆုံးတွင် ယဲ့ဖန်က ဦးစွာ စကားစလိုက်၏။

“ကိစ္စမရှိပါဘူး... သူ ပြန်ရှင်လာတော့ကော ဘာဖြစ်လဲ... တစ်ခါသတ်လို့ရရင် နှစ်ခါ သတ်လို့ရတာပေါ့... သူ ထပ်ပေါ်လာရဲရင် ငါ ထပ်သတ်ပြမယ်...”

ရွှီကျင်းရှင်းက ခေါင်းခါလိုက်၏။

“သူ ပြန်ရှင်လာပြီဆိုရင် ပုန်းနေတော့မှာ... နောက်ထပ် မျက်နှာပြလာမှာ မဟုတ်တော့ဘူး... အလင်းထဲက လှံကို ရှောင်ရလွယ်ပေမဲ့ အမှောင်ထဲက မြှားကို ကာကွယ်ရ ခက်တယ်လေ... ဒီတစ်ခါတော့ အရင်ကထက် ကိုင်တွယ်ရ ပိုခက်လိမ့်မယ်...”

ကျန်တဲ့လူတွေကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြ၏။

အမှောင်ထဲမှာ ပုန်းအောင်းနေသော ရန်သူက အလင်းရောင်အောက်က ရန်သူထက် ပိုကြောက်စရာ ကောင်းသည်လေ။

ဘယ်အချိန် ထွက်လာပြီး အသေကောင် လုပ်ကြံမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပေ။

ယဲ့ဖန်က ဂရုမစိုက်သလို ပြုံးလိုက်၏။

“အမှောင်ထဲမှာ ပုန်းနေတော့ကော ဘာဖြစ်လဲ... ဒီတစ်ခါ ရှန်ဘုရင်ရဲ့ လျှို့ဝှက် ရတနာသိုက်ကို သုံးပြီး ငါးမျှား လို့ရရင်... နောက်တစ်ခါကျရင်လည်း တခြားနည်းလမ်း သုံးပြီး မျှားလို့ရတာပဲ...”

လူတိုင်း ယဲ့ဖန်၏ သတ္တိကို မလေးစားဘဲ မနေနိုင်ကြတော့။ ဘယ်လို အန္တရာယ်မျိုးပဲ ကြုံလာပါစေ သူက အကောင်းမြင်စိတ် ရှိနေတုန်းပင်။

ထိုသို့ ခိုင်မာသော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမျိုး ရှိဖို့ဆိုတာ ထိုမျှ စွမ်းအားကြီးမားသည့် အင်အားမျိုး ရှိမှ ရတာလေ။ သူတို့တော့ လိုက်မမှီနိုင်ပါချေ။

“မစ္စတာယဲ့ နောက်ကို လိုက်သရွေ့ ဘယ်ရန်သူကိုမှ ကြောက်စရာ မလိုပါဘူးဗျာ... ဒီလောက် သေးငယ်တဲ့ သဲလွန်စလေးကိုတောင် မစ္စတာယဲ့က ရှာတွေ့နိုင်မှတော့... အမှောင်ထဲက ရန်သူလောက်ကတော့ အလွယ်လေး ဖမ်းလို့ရမှာပါ...”

အားချန်၏ မြှောက်ပင့်စကားက နောက်ကျနေသော်လည်း တော်တော်လေးတော့ အတိအကျ ဖြစ်နေသည်။

All Chapters