ငါ့ကို ဒုက္ခပေးချင်နေတဲ့ လူရိုင်းတွေ အမြဲရှိနေတာပဲ
Vol. 77 Ch. 1520
~ပါးသိုင်းမွေးနှင့်လူသည် ယဲ့ဖန်လက်ထဲမှ ငွေစက္ကူများကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် လောဘတက်နေသော အမူအရာ ပေါ်လာသည်။
“မဆိုးဘူး... မင်းက တော်တော် ရက်ရောသားပဲ... ကြည့်ရတာ မင်းကားပေါ်မှာ ရတနာတွေ ပါလာပုံရတယ်... အခုတော့ ငါ ပိုကြည့်ချင်သွားပြီ...”
သူက ပြောပြောဆိုဆို လက်အောက်ငယ်သားများကို လက်ဝှေ့ယမ်းပြလိုက်၏။
နောက်လိုက်များက ချက်ချင်း ပြေးတက်လာပြီး ကုန်တင်ကား၏ နောက်ခန်းတံခါးကို ဖွင့်ရန် ပြင်လိုက်ကြ၏။
ယဲ့ဖန်က သူတို့လမ်းကို ကပျာကယာ ပိတ်ဆို့လိုက်၏။
“ညီအစ်ကိုတို့... မျက်နှာသာ ပေးကြပါဗျာ...”
“ဟဲဟဲ... မင်းက ဘယ်သူမို့လို့ ငါက မျက်နှာသာ ပေးရမှာလဲ...”
ပါးသိုင်းမွေးနှင့်လူက ပြောပြောဆိုဆို ညာဘက်လက်ကို ခါလိုက်ရာ လက်မောင်းကြားထဲမှ ထက်ရှသော ဓားမြှောင်တစ်ချောင်း ထွက်ပေါ်လာသည်။
သူ့နောက်လိုက်များလည်း လက်နက်များကို အသီးသီး ထုတ်ဖော်ပြသလိုက်ကြ၏။
ထက်ရှသော ဓားသွားများသည် အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းလှသဖြင့် လူများကို တုန်လှုပ်သွားစေသည်။
ဓားပြနှစ်ယောက်ဆိုလျှင် ရွှီကျင်းရှင်းနှင့် ဖူမာကျန်းဝူတို့၏ ရှေ့တွင် ဓားများကို တမင်တကာ ဝှေ့ယမ်းပြပြီး သူတို့ ထိတ်လန့်သွားသည်ကို ကြည့်ချင်နေကြ၏။
သို့သော် သူတို့ စိတ်ပျက်သွားအောင်ပင် မိန်းကလေးနှစ်ယောက်က ဘာမှမဖြစ်သလို နေနေကြ၏။
ရွှီကျင်းရှင်းသည် ယဲ့ဖန်ထက်ပင် ပိုမိုတည်ငြိမ်နေသေးသည်။ ဤမျှ သေးနုပ်သော မြင်ကွင်းလေးဖြင့် သူမအား အဘယ်သို့ ခြောက်လှန့်နိုင်ပါမည်နည်း။
ဖူမာကျန်းဝူမှာလည်း ကြီးကျယ်ခမ်းနားသော မြင်ကွင်းပေါင်းစုံကို ကြုံတွေ့ဖြတ်သန်းခဲ့ဖူးသူ ဖြစ်သည်။
ဤလူတို့၏ ဟန်ရေးပြနေမှုများမှာ သူမအတွက်မူ လူကြီး တစ်ယောက်က ကလေးကစားသည်ကို ထိုင်ကြည့်နေရသကဲ့သို့ပင် ဖြစ်နေသည်။ ကလေးဆန်လွန်းလှပြီး ရယ်မောဖွယ် ကောင်းလွန်းလှပေသည်။
မိန်းကလေးတွေရှေ့မှာ ပထမဆုံးအကြိမ် မျက်နှာပျက်ခဲ့ရသည့် ဓားပြတွေဟာ ရှက်ရမ်းရမ်းပြီး ဒေါသထွက်လာကြ၏။ သူတို့က မျက်နှာကို ကြောက်စရာကောင်းအောင် အမျိုးမျိုး ပြုမူပြီး တိရစ္ဆာန်တွေလို အော်ဟစ်နေကြ၏။
သို့သော် မိန်းကလေးနှစ်ယောက်ကတော့ လူပြက်တစ်သိုက်ကို ကြည့်နေသလိုမျိုး တည်ငြိမ်နေဆဲပင်။
“ပေါက်ကရတွေ ပြောမနေနဲ့... မသေချင်ရင် ကားတံခါး မြန်မြန်ဖွင့်... မဟုတ်ရင် ငါ ထိုးသတ်လိုက်မှာနော်...”
ပါးသိုင်းမွေးနှင့်လူက ယဲ့ဖန်ကို ခြိမ်းခြောက်ရန် ဓားမြှောင်ကို ဝှေ့ယမ်းပြလိုက်၏။
ယဲ့ဖန် သက်ပြင်းမချဘဲ မနေနိုင်တော့။
သူသည် တကယ်တမ်းတွင် လူထပ်မသတ်ချင်တော့ပေ... သို့သော် သေလမ်းရှာသော လူမိုက်များကား အမြဲတမ်း ရောက်ရှိလာစမြဲပင်။
ဤအချက်က သူ့ကို အတော်ပင် အခက်တွေ့စေသည်။
ထိုအချိန်တွင် နောက်ထပ် ကားသံ တစ်သံ ကြားလိုက်ရပြီး အာသာတို့ ကုန်တင်ကားက နောက်မှ မီလာသည်။
ကုန်တင်ကားနှစ်စီးက ပစ်မှတ်ကြီးလွန်းသဖြင့် အာရုံစိုက်မခံရအောင် ယဲ့ဖန်က အာသာတို့ကို ခပ်ခွာခွာ နေခိုင်းပြီးမှ နောက်မှ လိုက်လာခိုင်းခဲ့ခြင်း ဖြစ်သည်။
ဓားပြအုပ်စုက နောက်ထပ် ကုန်တင်ကားတစ်စီး ရောက်လာသည်ကို မြင်သောအခါ သွေးနံ့ရသော ဝံပုလွေအုပ်ကြီးအလား အူလိုက်ကြ၏။
လူအချို့က အာသာတို့ကားကို ချက်ချင်း ဝိုင်းလိုက်ကြ၏။
အာသာတို့ကားလည်း ရပ်တန့်သွားပြီး ဓားပြများ၏ ဆဲဆိုကြိမ်းမောင်းမှုအောက်တွင် ကားပေါ်မှ ဆင်းလာကြ၏။
ကားပေါ်တွင် အာသာနှင့် အားချန်အပြင် ကောင်းကင်ဝံပုလွေအဖွဲ့ဝင် တစ်ယောက်လည်း ပါလာသည်။ ကျန်ခုနစ်ယောက်ကတော့ ကားနောက်ခန်းထဲမှာ အလောင်းတွေ နှင့်အတူ ပူးကပ်ထိုင်လိုက်လာကြသဖြင့် အပြင်မှာ ဘာဖြစ်နေလဲဆိုတာ သိမှာ မဟုတ်ပါပေ။
“အစ်ကိုကြီး... ဘာဖြစ်တာလဲဗျ...”
အားချန်က ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်ပြီး အခြေအနေကို အကြမ်းဖျင်း သဘောပေါက်လိုက်၏။
မစ္စတာယဲ့က ပြဿနာထပ်မရှာချင်မှန်း သူ ခန့်မှန်းမိသဖြင့် ပါးသိုင်းမွေးကို ပြုံးပြလိုက်၏။
“အို... ဒီနေ့တော့ တကယ့် အကောင်ကြီးကြီး မိတာပဲဟ... ကောင်းကင်ဘုံက ငါတို့ကို ဆုချနေတာပဲ... နိုင်ငံခြားသားတောင် ပါသေးတယ်...”
ပါးသိုင်းမွေးက ဓားကို ကိုင်လျက် အာသာ့ရှေ့ လျှောက်သွားပြီး ဟန်ရေးပြလိုက်၏။
သို့သော် အာသာ၏ အမြင်တွင်မူ သူ၏ ဓားသိုင်းမှာ ကလေးကစားစရာသဖွယ်သာ ဖြစ်နေချေသည်။
ကျွမ်းကျင်ပညာရှင် တစ်ဦး၏ ရှေ့မှောက်တွင် ဆရာ လုပ်ပြနေသည်ဟု ဆိုလျှင်ပင် သူ့ကို မြှောက်ပင့်ရာ ရောက်နေပေဦးမည်။
“မင်းတို့ အချင်းချင်း သိကြလား...”
ပါးသိုင်းမွေးက ယဲ့ဖန်ကို လက်ညှိုးထိုးပြီး အာသာကို မေးလိုက်၏။
အာသာက သူ့ကို ဘာမှမပြောဘဲ စိုက်ကြည့်နေသည်။ ဒီမိုက်မဲသည့် ကောင်ကို တစ်စက္ကန့်အတွင်း သတ်ပစ်နိုင်ကြောင်း သူ ယုံကြည်သည်။
သို့သော်၊ ယဲ့ဖန်၏ အမိန့် မရဘဲ သူ ဘာမှ မလုပ်ရဲပေ။
“မသိပါဘူးဗျာ...”
အားချန်က သူ့အစား ဖြေပေးလိုက်၏။
“သိသိ မသိသိ ကိစ္စမရှိပါဘူး... ဒီနေ့ ဒီမှာ ဆုံမှတော့ ရေစက်ပါပဲ... ကားတံခါးတွေ ဖွင့်လိုက်စမ်း... ဘာတွေ သယ်လာလဲ ကြည့်ရအောင်...”
ပါးသိုင်းမွေးက ပြောပြောဆိုဆို ကားနောက်ခန်းတံခါးကို ဖွင့်ရန် ပြင်လိုက်၏။
သို့သော် အာသာက လက်မြှောက်ပြီး သူ့လမ်းကို ပိတ်ဆို့လိုက်၏။ သူ့မျက်နှာထားက အေးစက်နေဆဲ။
“ဘာသဘောလဲ... မင်းက ငါတို့ကို ပြန်ချချင်တာလား...”
ပါးသိုင်းမွေးက အာသာ့ပုံစံကို ကြည့်ပြီး မနေနိုင်ဘဲ စနောက်လိုက်၏။
သူ့နောက်က နောက်လိုက်တွေလည်း တဟီးဟီး ရယ်မောလိုက်ကြ၏။
သူတို့၏ အမြင်တွင်မူ ယဲ့ဖန်တို့၏ ကုန်တင်ကားနှစ်စီးပေါ်၌ လူခြောက်ဦးသာ ရှိလေသည်။ ထိုအထဲတွင် နှစ်ဦးမှာ အမျိုးသမီးများ ဖြစ်ကြရာ... အကူအညီ မဖြစ်နိုင်သည့်အပြင် ဝန်ထုပ်ဝန်ပိုးပင် ဖြစ်လာနိုင်သေးသည်။
သူတို့ဘက်တွင်မူ လူရှစ်ဦးရှိပြီး အားလုံး၌ လက်နက်ကိုယ်စီ ပါရှိကြသည်။ ဤအမျိုးသား လေးဦးခန့်ကို ဖြေရှင်းရန်မှာ သူတို့အတွက် အလွန်လွယ်ကူသော ကိစ္စရပ်ပင် ဖြစ်ပေသည်။
အာသာ၏ ခုခံမှုက သူတို့မျက်လုံးထဲမှာ ရယ်စရာကြီး ဖြစ်နေသည်။
“မင်းက နိုင်ငံခြားသားမို့လို့ ငါတို့က ဓားနဲ့ မထိုးရဲဘူးလို့ မထင်နဲ့နော်... ငါ ပြောပြမယ်... ဒါ တရုတ်ပြည်ကွ... ငါတို့တိုင်းပြည်ထဲမှာ နိုင်ငံခြားသားတွေ ဗိုလ်ကျလို့ရတဲ့ ခေတ်က ကုန်သွားပြီ... ဟိုတုန်းက မင်းတို့ ငါတို့ဆီက ပစ္စည်းတွေ အများကြီး ခိုးယူခဲ့ကြတယ်... ဒီနေ့ ငါက မင်းတို့ဆီကနေ ပြန်လုပြီး နိုင်ငံဂုဏ်ဆောင်ပြမယ်...”
ဒီပါးသိုင်းမွေးက ရုပ်သံဇာတ်လမ်းတွဲတွေ အတော်ကြည့်ပုံ ရသည်။ စကားလုံးတွေ တစ်ခွန်းပြီး တစ်ခွန်း ရွှန်းရွှန်းဝေအောင် ပြောနေပြီး နောက်ဆုံးမှာ မျိုးချစ်စိတ်ဓာတ်အကြောင်းပါ ဆွဲထည့်လိုက်သေးသည်။
သူ့စကားဆုံးတော့ နောက်လိုက်တွေက သူ့ကို ကြည့်သည့် အကြည့်တွေ ပြောင်းလဲသွားကြ၏။
ဒီအချိန်မှာ သူတို့က ဓားပြတွေ မဟုတ်တော့ဘဲ နိုင်ငံခြားကျူးကျော်သူတွေကို တိုက်ထုတ်နေသော မျိုးချစ်သူရဲကောင်းကြီးတွေ ဖြစ်သွားကြလေပြီ။
မြင့်မြတ်သည့် တာဝန် တစ်ခု သူတို့ပခုံးပေါ် ရောက်ရှိလာသလိုပါပင်။
ဒီနေ့ ဒီနိုင်ငံခြားသားဆီက ပစ္စည်းမလုနိုင်လျှင် သူတို့က နိုင်ငံတော် သစ္စာဖောက်တွေ ဖြစ်သွားတော့မလိုလို။
ထိုစဉ်၊ အားချန်က အာသာ စိတ်မရှည်တော့မှာ ကြောက်သဖြင့် အခြေအနေကို ထိန်းရန် ရှေ့ထွက်လိုက်၏။
“အစ်ကိုကြီး... ဒီလိုလုပ်ပါလား... ကျွန်တော်တို့ ကားနှစ်စီးအတွက် ယွမ်တစ်သောင်း စုပေးပါ့မယ်... ညီအစ်ကိုတွေ မုန့်ဖိုးပဲ သဘောထားလိုက်ပါဗျာ... အစ်ကိုကြီးက သဘောထားကြီးပြီး ကျွန်တော်တို့ကို လွှတ်ပေးလိုက်ပါနော်...”
သူ ဘာမှ မပြောလျှင် ပိုကောင်းဦးမည်။ ပါးသိုင်းမွေးက သူ့စကားကို ကြားလိုက်တော့ ပိုပြီး တက်ကြွလာသည်။
“မင်းတို့က တော်တော် ရက်ရောတာပဲ... ဟိုကောင်လေးက ငါ့ကို ၂၀၀၀ ပေးမယ်လုပ်တယ်... မင်းက ၁၀၀၀၀ တောင် တိုးပေးတယ်ပေါ့... မင်းတို့ ဒီလိုလုပ်လေ ငါ ပိုသိချင်လာလေပဲ... မင်းတို့ကားပေါ်မှာ ဘာတွေ တင်ထားတာလဲ... ဖွင့်ပြစမ်း...”
“အစ်ကိုကြီး... ဒီကားပေါ်က ပစ္စည်းတွေကို တကယ် ကြည့်လို့ မရလို့ပါဗျာ... ကြောက်စရာ ကောင်းလို့ပါ...”
အားချန်က ဆက်လက် ဖြောင်းဖျနေသည်။
“ငါက ဒီနေ့မှ ကြည့်ချင်နေတာ... ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ ကြည့်ရသေးတာပေါ့...”
ပါးသိုင်းမွေးက သူ့ကို ဂရုမစိုက်တော့ဘဲ ကားနောက်ခန်းတံခါးကို ဖွင့်ရန် လှည့်လိုက်၏။
အာသာက စိတ်မရှည်တော့ဘဲ ထိုလူ၏ ရင်ဘတ်ကို ခြေထောက်ဖြင့် ကန်ထည့်လိုက်၏။
ပါးသိုင်းမွေးက သုံးလေးမီတာလောက် လွင့်ထွက်သွားပြီး မြေကြီးပေါ်တွင် လိမ့်သွားသည်။ အတော်ကြာသည်အထိ ပြန်မထနိုင်တော့။
ဒါက အာသာ အားလျှော့ထား၍ပင်။ လူသတ်ချင်စိတ် မရှိ
မဟုတ်လျှင် သူ့ခွန်အားနှင့်ဆို ဒီကန်ချက်က ထိုလူ၏ ရင်ဘတ်ကို ချိုင့်ဝင်သွားစေနိုင်၏။
တချိန်တည်းမှာပင် နောက်ထပ် ကောင်းကင်ဝံပုလွေ အဖွဲ့ဝင် တစ်ဦးကလည်း ဝင်ရောက် တိုက်ခိုက်လိုက်၏။
သာမန်လူတွေ၏ မျက်လုံးထဲမှာတော့ ဒီဓားပြအုပ်စုက အရမ်း ကြမ်းတမ်းခက်ထန်ပုံ ပေါက်နေလိမ့်မည်။
သို့သော်၊ ယဲ့ဖန်တို့၏ မျက်လုံးထဲမှာတော့ သူတို့က ရွှံ့ရုပ်လေးတွေလို ကျိုးပဲ့လွယ်သည့် အကောင်တွေပါပင်။
သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ချက်စီ ထိုးလိုက်ရုံနှင့် ဓားပြ ရှစ်ယောက်စလုံး ချက်ချင်း မြေကြီးပေါ် လဲကျသွားကြ၏။
အာသာက ကုန်းရုန်းထနေသော
ဓားပြ တစ်ယောက်ကို ထပ်ထိုးရန် ပြင်လိုက်စဉ် သေနတ်သံ တစ်ချက် ထွက်ပေါ်လာသည်။
"ဒိုင်း..."
သေနတ်သံကြောင့် လူတိုင်း လန့်သွားပြီး လှည့်ကြည့်လိုက်ကြ၏။
ပါးသိုင်းမွေး၏ လက်ထဲတွင် လက်လုပ်သေနတ် တစ်လက် ရုတ်တရက် ရောက်ရှိနေသည်။ ယခုအချိန်တွင် သေနတ်ပြောင်းဝက ကောင်းကင်သို့ ဦးတည်နေပြီး မီးခိုးငွေ့များ ထွက်နေသည်။
ဒီလို လက်လုပ်သေနတ်မျိုးက ထုတ်လုပ်မှု နည်းပညာ အရမ်း ခေတ်နောက်ကျပါသည်။ အရင်တုန်းက လူတော်တော်များများ အိမ်မှာ ဆောင်ထားပြီး ငှက်ပစ်၊ ယုန်ပစ် လုပ်ကြ၏။
သို့သော်၊ ဘယ်လောက်ပဲ ခေတ်နောက်ကျပါစေ... လူသေစေနိုင်တာတော့ အမှန်ပါပင်။
ကံကောင်းစွာပင် သူက ကောင်းကင်ကို ပစ်လိုက်ခြင်း ဖြစ်သည်။ အကယ်၍ သူသာ အာသာကို ပစ်လိုက်မည် ဆိုလျှင် လူပေါင်းများစွာကို သတ်ခဲ့ဖူးသော ဒီကြေးစားစစ်သားကြီး ဒီနေ့တော့ မြောင်းထဲ ရောက်သွားနိုင်လေသည်။