အိပ်မွေ့ချစုံစမ်းမေးမြန်းခြင်း
Vol. 12 Ch. 141
ဒီတစ်ခေါက်က အရင်တစ်ခေါက်နဲ့ လုံးဝ မတူဘူး။
မော့ယွင်ဖုန့်၏ ရုပ်သေးကူကောင်သည် သူ့လွတ်လပ်မှုကို ပြန်လည်ရရှိသည်နှင့် မိခင်ကူ ပါရှိသော ကြွေပုလင်းလေးဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားခဲ့သည်။
သို့သော် မိခင်ကူသည် ကြွေပုလင်းထဲမှ မလွတ်မြောက်ခဲ့သဖြင့် ကလေးကူသည် ကြွေပုလင်းလေးတစ်ဝိုက်တွင်သာ လှည့်ပတ်ပျံသန်းနေနိုင်သည်။
ဒါကို မြင်တော့ မော့ကျိုးယွီသည် ချက်ချင်း ရှေ့ကို တိုးလာပြီး သူ့ကို အရှင်လတ်လတ် လောင်ကျွမ်းစေဖို့အတွက် မီးတောက်ထွက်စေသည့် လက်နက်ကို ခလုတ်နှိပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် မိခင်ကူကောင် ပါရှိသည့် ကြွေပုလင်းလေး အကြိမ်ပေါင်းများစွာ တုန်ခါသွားသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။
မော့ယွင်ဖုန့်ဆီမှ ကလေးကူသည် ယွင်လီ၏ လက်ချက်ဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပါ။
ယခုတော့ မော့ယွင်ဖုန့်၏ ရုပ်သေးကူအဆိပ်ကို ဖယ်ရှားပြီးနောက် ယွင်လီက မော့ယွင်ဖုန့်၏ အသက်ကို အသုံးပြု၍ သူတို့ကို ခြိမ်းခြောက်မှာကို စိတ်ပူစရာ မလိုတော့ပေ။
နှစ်ယောက်သား ယွင်လီထံသို့ ပြန်သွားခဲ့ကြသည်။
ဟဲကျစ်ယန်သည် ယွင်လီထံမှ ရရှိသော မိခင်ကူတွင် ကလေးကူများ ထပ်ရှိသေးလားဆိုတာ မသေချာသေးသည့်အပြင် ရုပ်သေးကလေးကူအဆိပ်မိသော မော့မိသားစုနှင့် ပတ်သက်သည့်လူများ ရှိနေဦးမလားဆိုသည်ကိုပင် မသေချာတော့ပေ။
ထို့ကြောင့် ယွင်လီကို စစ်ဆေးမေးမြန်းသောအခါတွင် သူမ မပေါ့ဆဝံ့ပေ။
ယွင်လီသည် မေ့ဆေးသေနတ်ဖြင့် နှစ်ကြိမ်ပစ်ခတ်ခံရသည်မှာ ယေဘုယျအားဖြင့် မေ့ဆေးနှစ်ကြိမ် အပေးခံရသည်နှင့် ညီမျှသည်ဟု သူမ ယူဆခဲ့သည်။
သူမ အရင်ဘဝက စစ်ဆရာဝန်တစ်ယောက်အနေနှင့် ဒါကို သူမ အသိဆုံးပါ။
သာမန်အချိန်များတွင် လူတစ်ယောက်သည် မည်မျှပင် စိတ်စွမ်းအား သန်မာနေပါစေ မေ့ဆေး နှစ်ကြိမ် ဆက်တိုက် အထိုးခံရပြီးနောက်တွင် သူ့စိတ်စွမ်းအားသည် အလွန်အားနည်းလာလိမ့်မည်။
ယွင်လီကို အိပ်မွေ့ချရန် ဤအချိန်ကို အခွင့်ကောင်းယူဖို့ စီစဉ်ခဲ့သည်။
ဒါကိုသာ အောင်မြင်သွားခဲ့ရင် သူမတို့အတွက် ဒုက္ခအများကြီး သက်သာသွားနိုင်လိမ့်မည်။
အိပ်မွေ့ချခြင်း၏ အောင်မြင်မှုနှုန်းကို မြှင့်တင်ရန်အတွက် ဟဲကျစ်ယန်သည် အိတ်ဆောင်နာရီနှင့် ပရော်ဖက်ရှင်နယ် အိပ်မွေ့ချတေးဂီတဖွင့်စက်ကို တိုက်ရိုက်ဝယ်ယူခဲ့သည်။
ဟဲကျစ်ယန်သည် ယွင်လီ၏ ဘေးတွင် တေးဂီတဖွင့်စက်ကို ချထားပြီးနောက် စိတ်ညှို့လို့အကောင်းဆုံးဟု သူမ ခံစားရသည့် တေးသီချင်းတစ်ပုဒ်ကို ရွေးချယ်ကာ ဖွင့်ထားလိုက်သည်။
ဒါတွေအားလုံးပြင်ဆင်ပြီးတာနဲ့ ဟဲကျစ်ယန်က ယွင်လီကို နှိုးလိုက်သည်။
ယွင်လီ မျက်လုံးဖွင့်လိုက်သည်နှင့် သူမရှေ့တွင် ထူးဆန်းသည့်အရာတစ်ခု လှုပ်ခါနေသည်ကို တွေ့လိုက်ရသည်။
“မော့ကျိုးယွီ၊ နင်ငါ့ကို မလှည့်စားဖို့ ငါအကြံပေးတယ်။ နင် မော့ယွင်ဖုန့်ရဲ့ အသက်ကို ကယ်တင်ချင်တယ်ဆိုရင် အခုချက်ချင်း ငါ့ကို လွှတ်ပေး၊ ဒါဆို အခုကိစ္စအတွက် ငါ စိတ်ထဲမထားဘူး…”
သူမ၏ စကားသံသည် တိုးသထက် တိုးသွားကာ သူမ စကားမဆုံးမီတွင် သူမ၏ မျက်လုံးများ ရီဝေဝေဖြစ်သွားခဲ့သည်။
ဒါကိုမြင်တော့ ဟဲကျစ်ယန်က “ရှင့်နာမည်နဲ့ အထောက်အထားက ဘာလဲ” ဟု အစမ်းသဘောဖြင့် မေးမြန်းလိုက်သည်။
“ငါ့နာမည်က ယွင်လီ၊ ငါက တောင်ပိုင်းရှင်းကျန်းရဲ့ ဘုရင်မဖြစ်ပြီး တောင်ပိုင်းရှင်းကျန်းရဲ့ တော်ဝင်နည်းပြဆရာလည်းဖြစ်တယ်။”
ယွင်လီ၏ အသံမှာ အနည်းငယ် တိုးသဲ့နေပြီး ဟဲကျစ်ယန်သည် သူမထံတွင် မည်သည့် စိတ်ခံစားချက်မျှ ရောထွေးနေခြင်း မရှိကြောင်း ခံစားမိသည်။
ဟဲကျစ်ယန်သည် သူမ အိပ်မွေ့ချခံထားရသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကောက်ချက်ချနိုင်သည်။
သူမက ဆက်လက်မေးမြန်းခဲ့သည်၊ “ရှင် မော့ယွင်ဖုန့်ကို ထိန်းချုပ်ဖို့ ရုပ်သေးကူကောင်ကို ဘယ်တုန်းက စသုံးခဲ့တာလဲ။”
ယွင်လီ၊ “လွန်ခဲ့တဲ့ လေးနှစ်လောက် တောင်ပိုင်းရှင်းကျန်းမှာ တိုက်ပွဲဖြစ်တုန်းက သူ့ကို မေ့မြောသွားအောင်လုပ်ပြီး အသက်ရှင်လျက် ဖမ်းဆီးခဲ့တယ်။ အဲဒီတုန်းက ငါ့ရဲ့ ရုပ်သေးမိခင်ကူကောင်က အရွယ်ရောက်နေပြီဖြစ်တာကြောင့် သူ့ကို စမ်းသပ်မှု ပြုလုပ်ဖို့ အသုံးပြုခဲ့တယ်။”
ဟဲကျစ်ယန်၊ “စမ်းသပ်မှုတွေ ပြုလုပ်နိုင်တဲ့သူတွေ အများကြီး ရှိတယ်။ ဘာဖြစ်လို့ မော့ယွင်ဖုန့်ကို ရွေးချယ်ခဲ့တာလဲ။”
ယွင်လီ၊ “မော့မိသားစုရဲ့ စိတ်ပိုင်းဆိုင်ရာ ဇွဲလုံ့လဟာ တုနှိုင်းမယှဉ်နိုင်ဘူးလို့ ငါ့သခင်ကပြောခဲ့တယ်။ ငါ့ရုပ်သေးကူတွေက မော့မိသားစုဝင်တစ်ယောက်ကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် ငါ့ရဲ့ ကူပျိုးထောင်ခြင်းအဆင့်က ဆရာသခင်အဆင့်ကို ရောက်နေပြီဆိုတာကို သက်သေပြနိုင်လိမ့်မယ်။”
ဟဲကျစ်ယန်၊ “ရှင် မော့ယွင်ဖုန့်အပြင် တခြား ဘယ်သူ့ကို ထိန်းချုပ်ထားသေးလဲ။”
ယွင်လီ၊ “မော့ယွင်ဖုန့်တစ်ယောက်တည်းပဲ။”
ဟဲကျစ်ယန်၊ “ဘာဖြစ်လို့ တစ်ယောက်တည်းလဲ။”
ယွင်လီ၊ “မော့ယွင်ဖုန့်ရဲ့ စိတ်စွမ်းအားကို ငါ လုံးဝ မထိန်းချုပ်နိုင်သေးဘူး။ ဒါကြောင့် ငါ့ရုပ်သေးမိခင်ကူကို တခြားလူတွေကို ထိန်းချုပ်ဖို့ ကလေးကူတွေ ဆက်ပြီး မမွေးထုတ်နိုင်သေးဘူး။”
ဟဲကျစ်ယန်၊ “မော့ချူဟန်ကို ရှင်သိလား။”
ယွင်လီ၊ “ငါ သူ့ကို သိတာပေါ့။ မော့ချူဟန်က မော့မိသားစုရဲ့ အသန်မာဆုံး စစ်သည်တော်ပဲ။ သူသေသွားပြီဆိုတော့ စိတ်မကောင်းစရာပဲ။”
ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ ဤအချိန်တွင် ယွင်လီက မလိမ်နိုင်မှန်း သူတို့နှစ်ယောက်လုံး သိကြသည်။
ထို့ကြောင့် မော့ချူဟန် အသက်ရှင်နေသေးတာကို ယွင်လီ မသိဘူးဆိုတာ သူတို့ အတည်ပြုနိုင်သည်။
ဒါကလည်း နောက်ထပ် ပြဿနာတစ်ခုကို ဖြေရှင်းပေးရာရောက်သည် - ယွင်လီက မော့ချူဟန်ကို ရုပ်သေးကူအဆိပ်ခတ်ခဲ့သူကို မသိဘူး။
နှစ်ယောက်သား အကြည့်ချင်း ဖလှယ်ပြီးနောက် ဟဲကျစ်ယန်သည် သူ့လက်ထဲက အိတ်ဆောင်နာရီကို ကိုင်ပြီး ဆက်မေးခဲ့သည်၊ “ရှင့်လက်ထဲမှာ မော့မိသားစုဝင်တွေ ဘယ်နှယောက် သေဆုံးခဲ့ပြီးပြီလဲ။”
ဒီမေးခွန်းကိုကြားတော့ မော့ကျိုးယွီရဲ့ မျက်လုံးတွေက နီရဲသွားပြီး ယွင်လီကို စိုက်ကြည့်နေခဲ့သည်။
ယွင်လီ၊ “ငါ့လက်ထဲမှာ မော့မိသားစုဝင်တွေ တစ်ယောက်မှ မသေဘူး။”
ဒါကိုကြားတော့ ဟဲကျစ်ယန်သည် မော့ကျိုးယွီကို မသိစိတ်က လှည့်ကြည့်လိုက်သည်။
“ဒါ မဖြစ်နိုင်ဘူး” မော့ကျိုးယွီက ပြန်လည်ချေပသည်။
မော့ကျိုးယွီ၏ စိတ်ခံစားချက်များက ယွင်လီအပေါ် သက်ရောက်သွားမှာကို စိုးရိမ်မိသောကြောင့် ဟဲကျစ်ယန်သည် သူ့ကို “ရှုး” ဆိုပြီး တိတ်တိတ်နေဖို့ အမူအရာ ပြသလိုက်သည်။
မော့ကျိုးယွီက သူ့ပါးစပ်ကို အမြန်ပိတ်လိုက်သည်။
ဟဲကျစ်ယန်သည် သူမ၏ အိပ်မွေ့ချစွမ်းရည်က တစ်ဖက်လူကို အချိန်ကြာကြာ ထိန်းချုပ်ဖို့ မလုံလောက်ကြောင်းကို သိသဖြင့် နောက်ထပ်မေးခွန်းများကို မြန်မြန်ဆန်ဆန် မေးမြန်းဖို့ လိုအပ်သည်။
“အဲဒီတုန်းက ရှင့်လက်ထဲမှာ မော့ကျွင်းလွေ့နဲ့ မော့ကျားချန်တို့ မသေဘူးလား။”
ယွင်လီ၊ “သူတို့ မသေပါဘူး။ ငါ သူတို့ကို အိပ်ဆေးတွေပဲ ပေးခဲ့တာပါ။”
ဟဲကျစ်ယန်၊ “ဒါဆို မြို့ရိုးပေါ်မှာ ချိတ်ထားတဲ့ ခေါင်းတွေက ဘယ်သူ့ဟာတွေလဲ။”
ယွင်လီ၊ “အဲဒါတွေက ငါတို့ ကြုံရာကျပန်းတွေ့တဲ့ ခေါင်းနှစ်လုံးပဲ။ သူတို့မျက်နှာက သွေးတွေနဲ့ ဖုံးလွှမ်းနေပြီး အမြင့်မှာ ချိတ်ထားတာဆိုတော့ သူတို့ ဘယ်သူမှန်း တစ်ယောက်မှ မမှန်းဆနိုင်တော့ဘူးလေ။”
ဟဲကျစ်ယန်၊ “သူတို့ မသေသေးဘူးဆိုတော့ အခု သူတို့နှစ်ယောက် ဘယ်မှာလဲ။”
ယွင်လီ၊ “သူတို့ကို ငါ့သခင်က ခေါ်သွားတယ်။”
ဟဲကျစ်ယန်၊ “ရှင့်သခင်က ဘယ်သူလဲ။”
ယွင်လီ၊ “ငါ့သခင်က… ငါ့သခင်က…”
သူမ စကားမဆုံးခင်မှာပင် သူမ၏ ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။
“ငါ မပြောနိုင်ဘူး၊ ငါ မပြောနိုင်ဘူး… အား… ငါ့ခေါင်းတွေ အရမ်းနာနေတယ်…”
ယွင်လီ၏ အခြေအနေကို ကြည့်ရသည်မှာ အိပ်မွေ့ချခံရာမှ နိုးထလာပြီးနောက် အခြေအနေနှင့် လုံးဝ ကွဲပြားနေသဖြင့် ဟဲကျစ်ယန်သည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။
ထို့ကြောင့် ဟဲကျစ်ယန်သည် သူမ၏ အိတ်ဆောင်နာရီ လွှဲနှုန်းကို ချိန်ညှိရန် ကြိုးစားခဲ့သည်။
“ဒီကို ကြည့်၊ မကြောက်နဲ့။ ရှင် ဒီမှာ လုံခြုံတယ်။”
မကြာခင်မှာပဲ ယွင်လီ၏ စိတ်ခံစားချက်တွေ တဖြည်းဖြည်း တည်ငြိမ်လာသည်။
ဟဲကျစ်ယန်၊ “မော့မိသားစုက အမျိုးသား ဘယ်နှယောက်လောက် အသက်ရှင်နေသေးတယ်လို့ ရှင် သိထားလဲ။”
ယွင်လီ၊ “မော့ကျွင်းလွေ့နဲ့ မော့ကျားချန်က ငါ့သခင်နဲ့ အတူရှိနေတယ်၊ မော့ယွင်ဖုန့်ကက ငါ့ထိန်းချုပ်မှုအောက်မှာ ရှိတယ်၊ ပြီးတော့ ဒီမှာ ကံကောင်းတဲ့ မော့ကျိုးယွီလည်း ရှိနေတယ်။ ငါ သူ့ကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ့် သူ အမြဲ ရှောင်တိမ်းနိုင်ခဲ့တယ်။”
ဟဲကျစ်ယန်၊ “မော့မိသားစုကို အာဏာသိမ်းပြီး ပြင်နှင်ဒဏ်ပေးတာ ရှင်နဲ့ သက်ဆိုင်မှု ရှိလား။”
ယွင်လီ၊ “အဲဒါက ဧကရာဇ်ရွှင်းဝူက ခေါင်းမာပြီး သံသယကြီးတာကြောင့် မော့မိသားစုက ဒီလိုမျိုး အဆုံးသတ်သွားခဲ့တာပဲ။”
ဟဲကျစ်ယန်၊ “ရှင်နဲ့ နန်ဟန်ရဲ့ ဆက်ဆံရေးက ဘာလဲ။”
ယွင်လီ၊ “တစ်ယောက်နဲ့ တစ်ယောက် အခွင့်ကောင်းယူနေတဲ့ ဆက်ဆံရေးပဲ။”
ဟဲကျစ်ယန်၊ “ရှင်တို့ တစ်ယောက်ကို တစ်ယောက် ဘယ်လို အသုံးချလဲဆိုတာ ကျွန်မကို အသေးစိတ် ပြောပြပေးပါဦး။”
ယွင်လီ၊ “နန်ဟန်က အိမ်ရှေ့မင်းသားရာထူးအတွက် ယှဉ်ပြိုင်ချင်ပြီး တောင်ပိုင်းရှင်းကျန်းဆီက ငါ့အကူအညီကို လိုချင်တယ်။ သူ ထီးနန်းရပြီးရင် တောင်ပိုင်းရှင်းကျန်းကို မြို့သုံးမြို့နဲ့ နှစ်စဉ် ကောက်နှံ ကတ်တီ နှစ်သိန်း ပေးမယ်လို့ ကတိပေးထားတယ်။”
ဒါကိုကြားတော့ ဟဲကျစ်ယန် ပင့်သက်ရှိုက်မိသွားသည်။
နန်ဟန်၏ လုပ်ရပ်က နိုင်ငံကို ရောင်းစားတာနဲ့ ဘာကွာခြားမှုရှိမှာလဲ။
မော့ကျိုးယွီသည်လည်း သူ့လက်သီးကို တင်းတင်းဆုပ်ထားလိုက်မိသည်။
ဤအခိုက်အတန့်တွင် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း တာ့ရွှင်းမင်းဆက်ကို ကာကွယ်ရန် မော့မိသားစုမှ ပြုလုပ်ခဲ့သော စွန့်လွှတ်အနစ်နာခံမှုများသည် မည်မျှ မထိုက်တန်ကြောင်း သူ လေးနက်စွာ သဘောပေါက်ခဲ့သည်။
နန်ဟန်ထံမှ ပေါ့ပေါ့ပါးပါး ပြောလိုက်သော စကားလုံးတစ်လုံးတည်းဖြင့် ဆယ်စုနှစ်များစွာ စောင့်ကြပ်ကာကွယ်လာခဲ့သော နယ်မြေကို လွှဲပြောင်းပေးနိုင်ခဲ့သည်။
ဒါကိုတွေးရင်း မော့ကျိုးယွီသည် ခွေးသေတစ်ကောင်လို သတိလစ်နေဆဲဖြစ်သည့် နန်ဟန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
ဒီသစ္စာဖောက်ကို သတ်ပြီး ခွေးတွေကို အခုချက်ချင်း ကျွေးချင်စိတ်ပေါက်မိသည်။
သို့သော် နန်ဟန်သည် သေရမည်ဖြစ်သော်လည်း အခုတော့ မဟုတ်သေးပေ။
ဟဲကျစ်ယန်သည် မော့ကျိုးယွီ၏ လက်ကို ညင်သာစွာ ဆွဲကိုင်ပြီး စိတ်မလှုပ်ရှားစေရန် အချက်ပြသည်။
မော့ကျိုးယွီ၏ စိတ်ခံစားချက်တွေ နည်းနည်းပြန်ကောင်းလာတာကိုတွေ့တော့ သူမက တိုးတိုးလေး မေးလိုက်သည်၊ “အချိန်ကုန်ခါနီးနေပြီ၊ ရှင် မေးချင်တာ ရှိသေးလား။”
မော့ကျိုးယွီသည် ဟဲကျစ်ယန်၏ မေးမြန်းမှုကို အတုယူပြီး ယွင်လီထံသို့ ဂရုတစိုက် လျှောက်သွားခဲ့သည်။
“မော့ယွင်ဖုန့်က ဆားဂိုဏ်းမှာ ဘာဖြစ်လို့ ပေါ်လာတာလဲ။”
***