← Chapters

ဒါ... ခင်ဗျားကို ထွက်ပေါက်ပေးနေတာ

Vol. 78 Ch. 1531

ဒါ... ခင်ဗျားကို ထွက်ပေါက်ပေးနေတာ

Vol. 78 Ch. 1531

~သူတို့ သုံးယောက် စကားပြောနေတုန်းမှာပင်၊ ယဲ့ဖန် မျှော်လင့်တောင့်တနေသော 'အရည်အသွေးမြင့် သားကောင်များ' ပြန်ရောက်လာကြလေ၏။

လျိုခွမ်းဟိုင် ခေါ်လာသော စစ်ကူများသည် ဒီတစ်ခေါက်တွင် အရင်ထက် များစွာ ပိုမို များပြားလှသည်။

အဝေးမှ လှမ်းကြည့်လျှင်ပင် အနည်းဆုံး လူ (၁၀၀) ဝန်းကျင်ခန့် ရှိပေလိမ့်မည်။

(၁၀၀) ကျော်...

ဓားရှည်များကိုယ်စီ ကိုင်ဆောင်ထားသော လူ (၁၀၀) ကျော် အော်ဟစ်ကာ ပြေးဝင်လာကြသည်။ ဖိအားက ကြီးမားလွန်းလှသည်။

စည်ကားနေသော လမ်းမကြီးသည် ချက်ချင်းပင် ခြောက်ကပ်သွားတော့သည်။

လမ်းသွားလမ်းလာများလည်း ဘယ်ဆီရောက်ကုန်မှန်း မသိတော့။

ကျူးရှောင်ကျောင်း တံတွေး တစ်ချက် မျိုချလိုက်မိ၏။

"ဒီတစ်ခေါက်တော့ တကယ့် စီးပွားရေး အကြီးကြီးပဲဟေ့..."

"ဒုတိယဦးလေး... ဟောဒီကောင်ပဲ... ကျွန်တော့် လူတွေကို ဒဏ်ရာရအောင် လုပ်ရုံတင်မကဘူး... ကျွန်တော့်ဆီက ငွေ (၅) သန်းကိုပါ ဓားပြတိုက်သွားတာ..."

လူအုပ်ကြီးသည် ယဲ့ဖန်နှင့် မိန်းကလေးနှစ်ယောက်ကို ရန်လိုစွာ ဝိုင်းထားလိုက်ကြသည်။

လျိုခွမ်းဟိုင်သည် ယဲ့ဖန်ကို လက်ညှိုးထိုးပြရင်း အသက် (၆၀) အရွယ် အဖိုးအိုတစ်ဦးကို တိုင်တောလိုက်လေ၏။

ထိုအဖိုးအိုသည် တရုတ်ဝတ်စုံအဖြူကို ဝတ်ဆင်ထားပြီး လက်ထဲတွင် သစ်ကြားသီး နှစ်လုံးကို လှိမ့်ကစားနေသည်။ ကြည့်ရတာ အလွန် ခန့်ညားထည်ဝါသော ပုံစံရှိသည်။

"တာဟိုင်... စိတ်မပူနဲ့... မင်းအဖေ မဆုံးခင်က မင်းကို ငါ့ဆီ အပ်နှံခဲ့တာ... မင်းက ငါ့သားအရင်းလိုပဲ... ဘယ်သူမဆို မင်းကို လက်ဖျားနဲ့ လာထိရဲရင်... ငါက သူ့တစ်ဆွေလုံး တစ်မျိုးလုံးကို ဖျက်ဆီးပစ်လိုက်မယ်..."

အဖိုးအိုသည် ယဲ့ဖန်ကို စူးစိုက်ကြည့်လိုက်သည်။ အသက်ကြီးနေပြီ ဖြစ်သော်လည်း သူ၏ အကြည့်များက စူးရှထက်မြက်နေဆဲပင်။

လျိုခွမ်းဟိုင်သည် နောက်ခံကောင်း ရှိလာပြီဖြစ်၍ ချက်ချင်းပင် ယုံကြည်မှု ပြန်လည် မြင့်တက်လာလေ၏။ သူသည် ယဲ့ဖန်ဘက်သို့ လှည့်ကာ ကြိမ်းဝါးလိုက်သည်။

"ကောင်စုတ်လေး... မင်း မြန်မြန် ဒူးထောက်ပြီး တောင်းပန်လိုက်စမ်း..."

ထိုအခိုက်အတန့်မှာ၊ ယဲ့ဖန်သည် ပဲပြုတ် တစ်တောင့်ကို ပါးစပ်ထဲ ကောက်ထည့်လိုက်ပြီး လက်ကို တစ်ရှူးဖြင့် သုတ်ကာ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်လေ၏။

"ကြည့်ရတာ... ပြီးခဲ့တဲ့ သင်ခန်းစာ (၂) ခုက မင်းကို မမှတ်မိစေဘူးနဲ့ တူတယ်..."

ပြောပြောဆိုဆိုနှင့် သူသည် လျိုခွမ်းဟိုင်ရှိရာသို့ လျှောက်သွားလိုက်သည်။ ဖူမာကျန်းဝူနှင့် ကျူးရှောင်ကျောင်းတို့လည်း သူ့နောက်မှ ကပ်လျက် လိုက်ပါသွားကြသည်။

လျိုခွမ်းဟိုင် အံကို ကြိတ်လိုက်သည်။

"ငါ အရင်တုန်းက မင်းကို လျှော့တွက်မိသွားတယ်... အခုတော့ ငါ့ဒုတိယဦးလေး ရောက်နေပြီ... မင်း သေပြီသာမှတ်..."

"မင်းတစ်ယောက်တည်း သေရတာ အားမရလို့... မင်းဦးလေးကိုပါ ဆွဲထည့်နေတာလား... တကယ့် သားလိမ္မာလေးပဲ..."

ယဲ့ဖန် ပြောရင်း အဖိုးအိုကို တစ်ချက် လှမ်းကြည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် အဖိုးအိုကလည်း သူ့ကို အကဲခတ်နေသည်။

"ကောင်လေး... မင်းလေသံကို နားထောင်ရတာ ဒီနယ်ခံ မဟုတ်ဘူး ထင်တယ်..."

"ဟုတ်တယ်... ကျွန်တော်က နန်ယွဲ့ကပါ..."

ယဲ့ဖန် ခေါင်းညိတ် ဝန်ခံလိုက်သည်။

အဖိုးအို ချက်ချင်း စိတ်အေးသွားသည်။

သူ့တူလေးက ဖြစ်စဉ်အစအဆုံး ပြောပြတုန်းက တစ်ဖက်လူ၏ နောက်ခံကို သူ စိုးရိမ်မိခဲ့သည်။

သို့ရာတွင်၊ ယခု တစ်ဖက်လူက နယ်ခြားသား တစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတော့ စိုးရိမ်စရာ မလိုတော့ပေ။

ဘယ်လောက်ပဲ တိုက်ခိုက်တာ တော်နေပါစေဦး၊ တစ်နယ်သား တစ်ယောက်က သူတို့နယ်မြေမှာ ဘာလှိုင်းလုံး ထနိုင်မှာမို့လို့လဲ။

"ကောင်လေး... မင်းက ငါ့တူကို ဒဏ်ရာရအောင် လုပ်တယ်... ပြီးတော့ ငွေ (၅) သန်းကိုလည်း ခြိမ်းခြောက် ယူသွားတယ်... ဒီကိစ္စကို ဘယ်လို ဖြေရှင်းချင်လဲ..."

"ခင်ဗျားက ဘယ်လို ဖြေရှင်းချင်လို့လဲ..."

ယဲ့ဖန်က အေးဆေးစွာ ပြန်မေးလိုက်သည်။

"ငါ လျိုရှင်းကျိုးက ဘယ်တုန်းကမှ အားနည်းသူကို အနိုင်မကျင့်ဖူးဘူး... ဒီလိုလုပ်ကွာ... မင်း ဒီကိုလာပြီး ငါ့တူကို (၃) ကြိမ် ဦးချကန်တော့လိုက်... ပြီးရင် ယူသွားတဲ့ (၅) သန်းကို ပြန်ပေး... ဆေးဖိုးဝါးခအနေနဲ့ နောက်ထပ် (၅) သန်း ထပ်ပေး... ဒါဆိုရင် ဒီကိစ္စကို ဒီမှာတင် ကျေအေးပေးလိုက်မယ်..."

လျိုရှင်းကျိုးသည် သူ့ဘက်က အတော်လေး လိုက်လျောပေးလိုက်ပြီဟု ယူဆသော ကမ်းလှမ်းချက်တစ်ခုကို ပြုလုပ်လိုက်သည်။

"ဒုတိယဦးလေး..."

လျိုခွမ်းဟိုင် ထိတ်လန့်သွားသည်။

သူနှင့် သူ့တပည့်များ ယဲ့ဖန်လက်ချက်ဖြင့် အကြီးအကျယ် နာကျင်ခဲ့ရသည်လေ။ သူ လက်စားချေချင်သည်။ ဦးချရုံ၊ ပိုက်ဆံပေးရုံလောက်နှင့် ဘယ်လိုလုပ် ကျေနပ်နိုင်ပါ့မလဲ။

"တာဟိုင်... ဒီနေ့ ဦးလေး မင်းကို သင်ခန်းစာတစ်ခု သင်ပေးမယ်... ကျန်းကောမှာ ငါတစ်ယောက်တည်း ဘာလို့ အခုထိ အသက်ရှင်ပြီး ကြီးပွားနေလဲဆိုတာ မင်းသိလား..."

လျိုရှင်းကျိုးသည် သူ့တူကို ဆုံးမဩဝါဒ စတင်ပေးလေတော့သည်။

"သွန်သင်ပါဦး ဦးလေး..."

လျိုခွမ်းဟိုင်က ရိုကျိုးစွာ တောင်းဆိုလိုက်သည်။

"ရိုးရိုးလေးပါကွာ... စကားတစ်ခွန်းတည်းပဲ... 'တစ်ဖက်လူကို လွတ်လမ်းလေး ချန်ပေးထားပါ... နောင်တစ်ချိန် ပြန်ဆုံရင် မျက်နှာမပျက်ရအောင်ပေါ့'... ဒီကောင်လေးက အခုအချိန်မှာ ဘာအင်အားမှ မရှိပေမယ့်... 'လူငယ်ဆိုပြီး အထင်မသေးနဲ့' ဆိုတဲ့ စကားရှိတယ်လေ... နောင်တစ်ချိန် သူ အာဏာရလာရင် ဘယ်လိုလုပ်မလဲ... ဒါကြောင့် တစ်ဖက်လူကို အသေမသတ်သင့်ဘူး..."

"ကျေးဇူးတင်ပါတယ် ဦးလေး..."

လျိုခွမ်းဟိုင်သည် သူ့ဦးလေး စကားကို ဂရုမစိုက်သော်လည်း၊ ပြန်မပြောရဲသဖြင့် ခေါင်းညိတ် လက်ခံလိုက်ရသည်။

လျိုရှင်းကျိုး ကျေနပ်သွားပြီး ယဲ့ဖန်ဘက်သို့ ပြန်လှည့်လိုက်သည်။

"ကဲ... ဒီကိစ္စ ပြီးပြီ... အရင်ဆုံး ဦးချလိုက်... ပြီးရင် ပိုက်ဆံလွှဲပေးလိုက်တော့..."

သူသည် ယဲ့ဖန်၏ သဘောထားကိုပင် မမေးတော့ဘဲ တစ်ဖက်သတ် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

သူ့အမြင်တွင်တော့ သူက ဒီလောက် ရက်ရောသော ကမ်းလှမ်းမှုကို ပေးထားပြီးပြီ ဖြစ်ရာ၊ တစ်ဖက်လူက ကျေးဇူးတင်သင့်သည် မဟုတ်ပါလော။ ဘယ်လိုလုပ် ငြင်းဆန်ရဲမှာလဲ။

သို့သော် ယဲ့ဖန်က မထီမဲ့မြင် ပြုံးလိုက်သည်။

"အဖိုးကြီး... ခင်ဗျား စကားတွေ မှားနေပြီ ထင်တယ်... တကယ်လို့ သူက ကျွန်တော့်ကို ဦးချတောင်းပန်ပြီး လျော်ကြေးပေးမယ်ဆိုရင်တော့... သူ့ကို လွှတ်ပေးဖို့ ကျွန်တော် စဉ်းစားပေးလို့ ရသေးတယ်..."

လျိုရှင်းကျိုး၏ မျက်နှာပေါ်မှ အပြုံး ခဲသွားလေ၏။ သူ နားကြားမှားသွားသည်ဟု ထင်လိုက်မိ၏။

"ကောင်လေး... မင်း ငါ့ကို နောက်နေတာလား... မင်း ဆိုလိုတာက... ငါ့တူက မင်းကို ဦးချတောင်းပန်ပြီး... လျော်ကြေး (၅) သန်း ပေးရမယ်... ဟုတ်လား..."

"အင်းလေ... ပြဿနာ ရှိလို့လား..."

ယဲ့ဖန် ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

"ဒုတိယဦးလေး... ကျွန်တော် ပြောသားပဲ... ဒီကောင်က အကောင်း ပြောလို့ရမယ့်ကောင် မဟုတ်ပါဘူးလို့... ဦးလေးက သဘောထားကြီးပြီး လွှတ်ပေးမလို့ လုပ်နေတာတောင်... သူက ဦးလေးကို ဒီလောက်ထိ စော်ကားနေတာ... ဦးလေး သည်းခံနေဦးမှာလား..."

လျိုခွမ်းဟိုင် ဒေါသတကြီး ဝင်ပြောလိုက်သည်။

လျိုရှင်းကျိုး၏ အကြည့်များ အေးစက်သွားတော့သည်။

"ကောင်လေး... သေသေချာချာ စဉ်းစားနော်... ငါက မင်းကို ထွက်ပေါက်ပေးနေတာ... စေတနာကို စော်ကားရာ မရောက်စေနဲ့..."

"ကျွန်တော်ကလည်း သူ့ကို ထွက်ပေါက် ပေးနေတာပဲ... ကျွန်တော့်ကို (၃) ကြိမ် ဦးချကန်တော့ပြီး... လျော်ကြေး (၅) သန်း ပေးရင် လွှတ်ပေးမယ်... မဟုတ်ရင်တော့... ကျွန်တော် မညှာတာဘူးလို့ အပြစ်မတင်နဲ့..."

ယဲ့ဖန်၏ လေသံလည်း မာကျောလာသည်။

"ဟားဟားဟား..."

လျိုရှင်းကျိုး ဒေါသထွက်လွန်းအားကြီး၍ ရယ်မောလိုက်မိ၏။ သူသည် နောက်မှ ဓားကိုင်ထားသော လူ (၁၀၀) ကျော်ကို လက်ညှိုးထိုးပြလိုက်သည်။

"မင်း တိုက်ခိုက်တာ တော်တယ်လို့တော့ ငါ ကြားပါတယ်... ဒါပေမဲ့ ငါ့လူ (၁၀၀) ကျော်ကို မင်းတစ်ယောက်တည်း နိုင်မယ် ထင်နေတာလား..."

ယဲ့ဖန်သည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... ကျွန်တော် တစ်ယောက်တည်းဆိုရင်တော့ မနိုင်လောက်ဘူး... ဒါပေမဲ့ ခင်ဗျားက လူခေါ်နိုင်ရင်... ကျွန်တော်ကကော ဘာလို့ မခေါ်နိုင်ရမှာလဲ..."

"ဟားဟားဟား... ကောင်းပြီ... ကောင်းပြီ... ငါက လူအင်အားနဲ့ မင်းလို နယ်ခြားသားတစ်ယောက်ကို အနိုင်ကျင့်တယ်လို့ အပြောမခံနိုင်ဘူး... မင်းကို အခွင့်အရေး ပေးမယ်... မင်း ကြိုက်သလောက် လူခေါ်... မင်း ဘယ်လောက် ခေါ်နိုင်မလဲ ငါ ကြည့်ချင်သေးတယ်... ဒီနေ့ မင်းကို မှတ်လောက်သားလောက် ပညာမပေးနိုင်ရင်... ငါ မစင်စားပြမယ်..."

"ခင်ဗျား ပြောတဲ့ စကားကို မှတ်ထားနော်..."

ယဲ့ဖန် ပြုံးလိုက်ပြီး လျိုခွမ်းဟိုင် ဘက်သို့ လှည့်လိုက်သည်။

"မင်းကို နောက်ဆုံး အခွင့်အရေး ပေးမယ်... ဒူးထောက်ပြီး (၃) ကြိမ် ဦးချ... နောက်ထပ် (၅) သန်း ပေး... ဒါဆို ငါ လွှတ်ပေးမယ်..."

"ဟဲဟဲ... မင်း ဆက်ပြီး အိပ်မက်မက်နေလိုက်... ဒီနေ့ မင်းရဲ့ ခြေကြောတွေကို ငါကိုယ်တိုင် ဖြတ်ပစ်မယ်... အဲဒီကျမှ မင်း ဘယ်လောက် မာန်တက်နိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့..."

လျိုခွမ်းဟိုင်ကတော့ ဒီကောင် ရူးသွားပြီဟု ထင်နေသည်။ နယ်ခြားသားတစ်ယောက်က လူ (၁၀၀) ရှေ့မှာ ဒီလောက် လေကြီးနေရဲသေးသည်တဲ့။ သေချင်နေတာ သေချာသည်။

ယဲ့ဖန် စကား ဆက်မများတော့ဘဲ ဖုန်းကို ထုတ်ကာ ယွီဖုန်းရှန်း ထံသို့ ခေါ်လိုက်လေ၏။ ပြီးတော့ Speaker ဖွင့်ထားလိုက်သည်။

တကယ်တမ်းတွင် သူ တိုက်ချင်ရင် ဒီလူ (၁၀၀) လောက်ကို တစ်ယောက်တည်း ရှင်းပစ်လိုက်၍ ရသည်။

သို့သော် ဒါက နည်းနည်းတော့ ကြမ်းတမ်းလွန်းရာ ကျနေမည်။

မလိုအပ်ဘဲ ပွဲမကြမ်းချင်ပါ။

‘ယွီဖုန်းရှန်းက သူ့အပေါ် အကြွေးတွေ အများကြီး တင်နေသည်ပဲ။ ယခုမှ ထုတ်မသုံးရင် ဘယ်တော့ သုံးမလဲလေ...။’

ဖုန်းကို ချက်ချင်း ကိုင်လိုက်သည်။ ယွီဖုန်းရှန်း၏ ထူးခြားသော ကြားနေအသံ ထွက်ပေါ်လာလေ၏။

"ဟယ်လို... မစ္စတာယဲ့... ဘာများ အမိန့်ရှိပါသလဲ..."

လျိုရှင်းကျိုးသည် ဖုန်းထဲမှ မိန်းမအသံကို ကြားလိုက်ရသောအခါ တစ်ကိုယ်လုံး တုန်တက်သွားလေ၏။

‘ဘာလို့ ဒီအသံက... ဟိုမိန်းမ အသံနဲ့ ဒီလောက် တူနေရတာလဲ...

ကျန်းကော မြေအောက်လောက တစ်ခုလုံးကို တုန်လှုပ်စေနိုင်တဲ့... ဟိုမိန်းမလေ…’

All Chapters