နင်က သူ့ကို ဟွမ်ဖေးဟုန်လို့များ ထင်နေလား...
Vol. 78 Ch. 1533
~မနေ့ညက ရှန်ဘုရင်၏ ရတနာသိုက်သို့ ဝင်သွားကတည်းက ယဲ့ဖန်သည် ဘာမှ မစားရသေးသဖြင့် ဗိုက်ဆာလွန်း၍ သေတော့မတတ် ဖြစ်နေသည်။
ဓားခုတ်ခေါက်ဆွဲ (Knife-cut noodles) (၃) ပွဲကို တစ်ခါတည်း ဆွဲပြီးမှ ယဲ့ဖန် ဗိုက်ထဲတွင် အနည်းငယ် ပြည့်သွားသလို ခံစားလိုက်ရသည်။
[ဓားခုတ်ခေါက်ဆွဲ (Dao Xiao Mian) - တရုတ်နိုင်ငံ ရှန်းရှီး (Shanxi) ပြည်နယ်၏ နာမည်ကျော် ရိုးရာအစားအစာ ဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က စက်နဲ့ လုပ်တာ မဟုတ်ဘဲ စားဖိုမှူးက ဂျုံတုံးကြီးကို ကိုင်ပြီးတော့ ဓားပြားနဲ့ ရေနွေးပွက်ပွက်ဆူနေတဲ့ အိုးထဲကို "ရွှပ်" ခနဲနေအောင် တိုက်ရိုက် လှီးထည့်ရ ရတာပါ။ ခေါက်ဆွဲသားမှာ မိုးမခရွက် (willow leaf) ပုံသဏ္ဌာန်ရှိပြီးတော့ အလယ်သား ထူပြီး ဘေးသားပါးတဲ့အတွက် ဝါးလိုက်ရင် အိစက်ညက်ညောပြီး စားကောင်းပါတယ်။]
မိန်းကလေး နှစ်ယောက်ကတော့ ပန်းကန် တစ်လုံးတောင် မကုန်သေးပေ။
"ဟေ့ကောင်တွေ... ကြားပြီးပြီလား... ခုနက စားသောက်ဆိုင်တန်းမှာ သတင်းကြီး တစ်ခု ဖြစ်သွားတယ်တဲ့..."
ထိုအချိန်တွင် ဘေးစားပွဲမှ လူတစ်ယောက်သည် WeChat Group ကို ဖတ်နေရင်း အပေါင်းအသင်းများကို လှမ်းကြွားလိုက်လေ၏။
"ဘာသတင်းကြီးလဲ..."
တစ်ယောက်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ ကျန်လူများကလည်း စိတ်ဝင်စားသွားကြသည်။
စကားပြောသူမှာ အသက် (၃၀) ဝန်းကျင်ခန့် ရှိပြီး အရက်သောက်ထားသဖြင့် မျက်နှာမှာ ရဲတွတနေသည်။ လူအများ၏ အာရုံစိုက်မှုကို ခံလိုက်ရသောအခါ သူ့မျက်နှာမှာ ပို၍ပင် ရဲတက်လာလေ၏။
သူသည် ခွက်ကို မြှောက်လိုက်ပြီး အရက်တစ်ဝက်လောက် မော့သောက်လိုက်သည်။ ထို့နောက် ခွက်ကို စားပွဲပေါ်သို့ 'ဒုန်း' ခနဲ ဆောင့်ချလိုက်ပြီး ဇာတ်လမ်းကို စတင် ပုံကြီးချဲ့လေတော့သည်။
"ခုနက စားသောက်ဆိုင်တန်းမှာ လူကြမ်းကြီး တစ်ယောက် ပေါ်လာတယ်ကွ... သူတစ်ယောက်တည်းနဲ့ လူ (၁၀၀) ကျော်လောက်ကို ရှင်းပစ်လိုက်တယ်တဲ့... အဲဒီ လူ (၁၀၀) ကျော်က လက်နက်ကိုယ်စီနဲ့နော်... မမိုက်ဘူးလား..."
"ဟာကွာ... မင်းကလည်း လေကြီးလိုက်တာ... တစ်ယောက်တည်းနဲ့ (၁၀၀) ကျော်ကို နိုင်တယ် ဟုတ်လား... မင်းက သူ့ကို ဟွမ်ဖေးဟုန်လို့များ ထင်နေလား..."
[ဟွမ်ဖေးဟုန် (Huang Feihong) က တရုတ်ပြည်ရဲ့ နာမည်အကြီးဆုံး ကိုယ်ခံပညာရှင် သူရဲကောင်း တစ်ဦး ဖြစ်ပါတယ်။ ရုပ်ရှင်တွေမှာ၊ တစ်ယောက်တည်းနဲ့ လူအုပ်ကြီးကို အနိုင်ယူလေ့ ရှိသူလို့ နာမည်ကြီးပါတယ်။]
"ဟွမ်ဖေးဟုန်တောင် အဲဒီလောက် မစွမ်းဘူးကွ... ဓားကိုင်ထားတဲ့ လူ (၁၀၀) ကျော် ဆိုတာ ဘာအဓိပ္ပာယ်လဲ မင်းသိလား... တိုင်ဆန် (Tyson) လာရင်တောင် အသားစတုံး ဖြစ်သွားမှာ..."
[ မိုက်တိုင်ဆန် (Mike Tyson) က ကမ္ဘာကျော် ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံပါ..။]
"မင်းကတော့ မူကြမ်းမရှိဘဲ လေလုံးထွားနေပြန်ပြီ... နည်းနည်းတော့ လျှော့ဦး..."
"ဟုတ်တယ်... နယူတန်တောင် အခေါင်းထဲက ထအော်တော့မယ်ဟ..."
သူ့သူငယ်ချင်းများက ဝိုင်းပယ်လိုက်ကြသည်။
ထိုလူ မခံချိမခံသာ ဖြစ်သွားသည်။
"ဟာ..မင်းတို့က မယုံကြဘူးလား... ငါ့မှာ သက်သေ ဗီဒီယိုဖိုင်တောင် ရှိသေးတယ်ကွ..."
ပြောပြောဆိုဆိုနှင့် သူသည် WeChat Group ထဲတွင် ပျံ့နှံ့နေသော ဗီဒီယိုဖိုင်တစ်ခုကို ဖွင့်ပြလိုက်လေ၏။
ထိုအခါ၊ ယဲ့ဖန်တို့ သုံးယောက် ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။
သူတို့ပါ ပါသွားပြီလား။
သို့သော် ဗီဒီယိုပြီးသွားသောအခါမှ သက်ပြင်းချနိုင်တော့သည်။
ဗီဒီယို ရိုက်တင်သူသည် ယဲ့ဖန်တွင် နောက်ခံအင်အားကြီးမားကြောင်း သိသဖြင့် ပြဿနာတက်မည် စိုးသောကြောင့် ယဲ့ဖန်တို့ သုံးယောက်ကို မရိုက်ထားဘဲ၊ လျိုခွမ်းဟိုင်တို့ အဖွဲ့ကိုသာ အဓိကထား ရိုက်ကူးထားခြင်း ဖြစ်၏။
ဗီဒီယိုကိုလည်း တည်းဖြတ်ထားသေးသည်။ လျိုခွမ်းဟိုင်တို့ နှစ်ကြိမ်တိုင်တိုင် အရိုက်ခံရပုံနှင့် နောက်ဆုံးအကြိမ် လူ (၁၀၀) ကျော် ဓားဆွဲပြီး ပြေးလာပုံတို့ကို ပေါင်းစပ်ထားခြင်း ဖြစ်၏။
ကြည့်ရသည်မှာ ဓားကိုင်ထားသော လူ (၁၀၀) ကျော်က ပြဿနာ လာရှာရာ၊ နောက်ဆုံးတွင် တူဖြင့် လက်ဖောက်ခံရသူကခံရ၊ မြေကြီးပေါ်တွင် လူးလှိမ့်အော်ဟစ်သူက အော်ဟစ်နှင့် အတော်လေး သနားစရာ ကောင်းနေသည်။
အတိုချုပ်ပြောရရင် ဒီမြင်ကွင်းက သွေးထွက်သံယို ဖြစ်ပြီး စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ ရိုးရှင်းသော ဘဝတွင် နေထိုင်သူများအတွက်တော့ ဒီလို မြင်ကွင်းမျိုးက အတော်လေး တုန်လှုပ်စရာ ဖြစ်ပေလိမ့်မည်။
"ဘုရားရေ... တကယ်ကြီးလားဟ... တစ်ယောက်တည်းနဲ့ (၁၀၀) ကျော်ကို နိုင်သွားတာလား... ဒါ ရုပ်ရှင် ရိုက်နေတာ မဟုတ်ဘူးမလား..."
"ငါ ပြောသားပဲ... စားသောက်ဆိုင်တန်းကို သွားစားကြမယ်လို့... မင်းတို့ကသာ လူရှုပ်တယ်ဆိုပြီး မသွားချင်ကြတာ... အခုတော့ ပွဲကောင်းကြီး လွတ်သွားပြီ... နှမြောစရာကြီး..."
"မပြောပါနဲ့တော့ကွာ... ငါလည်း နောင်တရလွန်းလို့ အူတွေတောင် စိမ်းနေပြီ... ဒီလိုပွဲမျိုးက တစ်သက်မှာ တစ်ခါတောင် ကြုံရခဲတာကို... လွတ်သွားရတယ်လို့..."
"အေးကွာ... အဲဒီ ဆရာကြီးနဲ့သာ တွေ့ရင် ငါ သေချာပေါက် တပည့်ခံလိုက်မှာ... ငါ ငယ်ငယ်ကတည်းက သိုင်းဝတ္ထုထဲက သူရဲကောင်းတစ်ယောက် ဖြစ်ချင်ခဲ့တာ... အခွင့်အရေး မကြုံခဲ့လို့..."
"ဒါက ကံပဲကွ... မင်းမှာ သူရဲကောင်းဖြစ်ဖို့ ကံမပါလာဘူးလေ..."
ဒီအကြောင်းအရာဖြင့် သူတို့ဝိုင်းတွင် စကားဝိုင်းက ပို၍ မြိုင်ဆိုင်လာလေ၏။
တချို့က ယဲ့ဖန်၏ အထောက်အထားကို ခန့်မှန်းကြသည်၊ တချို့က သူ့အစွမ်းအစကို ချီးကျူးကြသည်၊ အမျိုးသမီး နှစ်ယောက်ကတော့ ယဲ့ဖန်၏ ရုပ်ရည်ကို စိတ်ဝင်စားနေကြသည်။
အစပိုင်းတွင် ယဲ့ဖန်လည်း နားထောင်ကောင်းသည်ဟု ထင်ခဲ့သော်လည်း၊ ကြာလာတော့ ပြောသမျှတွေက အတော်လေး လွန်လာလေ၏။ တချို့ကဆိုလျှင် သူသည် စူပါမန်း (Superman) ဖြစ်နိုင်ပြီး ကမ္ဘာကြီးကို ကယ်တင်နေရင်း ထမင်းထွက်စားတာ ဖြစ်နိုင်သည်ဟုပင် ပြောနေကြသည်။
သူ ဆက်နားမထောင်နိုင်တော့ဘဲ ငွေရှင်းကာ ကျူးရှောင်ကျောင်းနှင့် ဖူမာကျန်းဝူတို့ကို ခေါ်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။
ဆိုင်တံခါးဝသို့ ခြေချလိုက်စဉ်မှာပင်၊ နောက်ဘက်မှ စားပွဲကုလားထိုင်များ လဲကျသံနှင့် လူအများ၏ အာမေဋိတ်သံများကို ကြားလိုက်ရလေ၏။
သုံးယောက်သား လှည့်ကြည့်လိုက်ရာ၊ စောစောက မျက်နှာရဲရဲနှင့် လူသည် ယခုအခါ မြေကြီးပေါ်တွင် ပက်လက်လန်နေပြီး ခြေကားယား လက်ကားယား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာပေါ်မှ အနီရောင်များ ပျောက်ကွယ်သွားပြီး ဖြူဖပ်ဖြူရော် အရောင်ဖြင့် အစားထိုး ဝင်ရောက်လာနေပြီ ဖြစ်၏။
သူ့သူငယ်ချင်းများမှာ ကြောက်လန့်တကြား အော်ဟစ်နေကြသည်။
တကယ်တမ်းတွင် ယဲ့ဖန်သည် စောစောကတည်းက သတိထားမိခဲ့သည်။ ဒီလူ့အသည်းမှာ ပြဿနာရှိနေသည်။ အရက်ကို တုံ့ပြန်မှု နှေးကွေးနေခြင်းက လူအများကို သူ အရက်နိုင်သည်ဟု ထင်မှတ်မှားစေသည်။
တကယ်တမ်းကျတော့ သူ သောက်လေလေ ၊ အန္တရာယ်များလေလေ ဖြစ်၏။
ထင်သည့်အတိုင်းပင် ယခုတော့ ပြဿနာ တက်လာပြီ မဟုတ်ပါလော။
"လူနာတင်ကား ခေါ်ကြပါ... မြန်မြန်လုပ်ကြပါ..."
"သူ အရက်ဆိပ်သင့်သွားပြီ ထင်တယ်... လူနာတင်ကားက အနည်းဆုံး (၁၀) မိနစ်လောက်ကြာမှ ရောက်မှာ... မမီတော့မှာ စိုးရိမ်ရတယ်..."
"ဒါဆို ဘယ်လိုလုပ်ကြမလဲ... သူ တစ်ခုခု ဖြစ်သွားရင် ငါတို့လည်း ပြဿနာတက်တော့မှာ..."
"ဒီမှာ ဆရာဝန် ပါလားဗျို့... လူတစ်ယောက် အရက်ဆိပ်သင့်နေလို့ပါ... ကယ်ကြပါဦး..."
သူ့သူငယ်ချင်းများမှာ အတော်လေး ပျာယာခတ်နေကြပြီ။
တချို့က အော်ဟစ် အကူအညီတောင်းကြသည်၊ တချို့က ကြောင်ငေးနေကြသည်၊ တချို့က လူနာကို ရင်ဘတ်ဖိ (CPR) လုပ်ပေးရန် ပြင်နေကြသည်။
ယဲ့ဖန် ခေါင်းခါလိုက်မိ၏။
သူတို့ ဘာမှ ဝင်မရှုပ်ရင် ပိုကောင်းလိမ့်မည်။ ထိုလူသည် လူနာတင်ကား ရောက်သည်အထိ တောင့်ခံနိုင်ကောင်း ခံနိုင်လိမ့်မည်။
အခု သူတို့ ဝင်ရှုပ်လိုက်မှ ပိုဆိုးသွားနိုင်စရာ ရှိသည်။
ထင်သည့်အတိုင်းပင်၊ ထိုလူသည် ရုတ်တရက် သွေးတစ်လုပ် အန်ချလိုက်လေ၏။
ဒီတစ်ခေါက်တော့ သူ့သူငယ်ချင်းများ လုံးဝ ကြောက်လန့်သွားကြပြီ။
"သွားပြီ... သွားပြီ... သူ သေတော့မယ်..."
"ဘုရားရေ... သွေးအန်တယ်ဟေ့... ဒါ... ဒါ ဘယ်လိုလုပ်ကြမလဲ..."
"ငါတို့တော့ ဒုက္ခရောက်ပြီ... ထောင်ကျတော့မှာလား..."
"ငါ ထောင်မကျချင်ဘူး... ငါက ဒီနှစ်မှ ဘွဲ့ရထားတာ... နိုင်ငံတော်အတွက် လုပ်ပေးစရာတွေ အများကြီး ကျန်သေးတယ်..."
"ငါ့သမီးလေးက မွေးကာစပဲ ရှိသေးတာ... အဖေ မရှိတဲ့ ကလေး ဖြစ်တော့မှာလား..."
"ကျွန်တော့်ကို ကြည့်ခွင့်ပေးပါ..."
လူ သေလုဆဲဆဲ ဖြစ်နေလေသည်။
ယဲ့ဖန်လည်း သည်အတိုင်း ပစ်ထား၍ မရတော့သဖြင့် ဝင်ပါလိုက်ရတော့သည်။
"ခင်ဗျားက ဆရာဝန်လား..."
သူ့သူငယ်ချင်းများက ကောက်ရိုး တစ်မျှင်ကို လှမ်းဆွဲလိုက်ရသလို မျှော်လင့်ချက် မျက်လုံးများဖြင့် ကြည့်လာကြသည်။
"မဟုတ်ဘူး..."
ယဲ့ဖန် ခေါင်းခါလိုက်၏။
"ဆရာဝန် မဟုတ်ဘူး ဟုတ်လား... ဒါဆို မင်းကိစ္စ မဟုတ်ရင် ဝင်မရှုပ်နဲ့ကွာ..."
ဆရာဝန် မဟုတ်ကြောင်း ကြားလိုက်ရသောအခါ အားလုံး စိတ်ပျက်သွားကြပြီး သူ့ကို တားဆီးလိုက်ကြသည်။
ယဲ့ဖန် စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ကြည့်လိုက်၏။
"ငါ့ကို ယုံတာက လွဲရင် မင်းတို့မှာ တခြား ရွေးချယ်စရာ ရှိလို့လား..."
သူ့သူငယ်ချင်းများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ပါးစပ်ပိတ်သွားကြသည်။
အခုချိန်မှာတော့ ကြိုးစားကြည့်ရုံမှ တစ်ပါး အခြား မရှိတော့။ ဘာမှ မလုပ်ဘဲ နေခြင်းထက်တော့ ပိုကောင်းလိမ့်မည်။
ယဲ့ဖန်သည် သူတို့ကို ဂရုမစိုက်တော့ဘဲ ဒူးထောက် ထိုင်ချကာ လူနာ၏ အခြေအနေကို စစ်ဆေးလိုက်သည်။
ဒီလူ တကယ်ပဲ အရက်ဆိပ်သင့်နေခြင်း ဖြစ်၏။ အခြေအနေက အလွန် စိုးရိမ်ရသည်။
(၅) မိနစ်အတွင်း အဆိပ်ကို မထုတ်နိုင်လျှင် ဆေးရုံပို့စရာ မလိုတော့။ မီးသင်္ဂြိုဟ်စက်ကိုသာ တန်းပို့လိုက်ရုံပင်။
သူသည် ထိုလူ၏ အင်္ကျီကို ဆွဲဖြဲလိုက်ပြီး ငွေအပ်တစ်ချောင်းကို ထုတ်ကာ အမြန် ပိုးသတ်လိုက်သည်။
ထို့နောက် ချီမန် (Qimen)၊ ကန်းရှု (Ganshu)၊ ချီဟိုင် (Qihai)၊ ရှင်းကျန်း (Xingjian)၊ သာ့သွမ့် (Dadun) စသည့် သွေးကြောအမှတ်များတွင် အပ်စိုက်လိုက်လေ၏။
အသည်းသည် သစ်သားဓာတ် ဖြစ်ပြီး၊ ရေသည် သစ်သားကို အားပေးသည်။ ထို့ကြောင့် သူသုံးလိုက်သော အပ်စိုက်နည်းမှာ 'ရေဓာတ် ထိုးဖောက် အပ်စိုက်နည်း'ဖြစ်၏။
၎င်းသည် အသည်း၏ လုပ်ဆောင်ချက်ကို အချိန်တိုအတွင်း လှုံ့ဆော်ပေးပြီး အဆိပ်ထုတ်ခြင်းကို ကူညီပေးနိုင်သည်။
ဒါတင် မလုံလောက်သေး။
ဒီလူ၏ အသည်းလုပ်ဆောင်ချက်တွင် ပြဿနာ ရှိနေသည်။ အသည်း၏ အလိုအလျောက် လည်ပတ်မှုဖြင့် အဆိပ်ထုတ်ရန် မဖြစ်နိုင်သဖြင့် သွေးလည်ပတ်မှုကို အားပေးသော နှိပ်နယ်နည်းဖြင့် ကူညီပေးရမည်။
အားလုံးက ယဲ့ဖန်၏ လုပ်ဆောင်ချက်များကို စိတ်ဝင်တစား ကြည့်နေကြသည်။ သူ့လက်ချောင်းများက ရှည်လျားသွယ်လျပြီး စန္ဒရားတီးရန် အလွန် သင့်တော်သော လက်ချောင်းများ ဖြစ်၏။
သူ့နှိပ်နယ်ပုံကလည်း စန္ဒရားတီးနေသလိုပင်။ ဘာအားမှ ပါပုံ မရပေ။