← Chapters

တင်တောင်းလက်ဆောင်လို့ပဲ သဘောထားလိုက်ပါ

Vol. 78 Ch. 1522

တင်တောင်းလက်ဆောင်လို့ပဲ သဘောထားလိုက်ပါ

Vol. 78 Ch. 1522

~ပါးသိုင်းမွေး အကြောင်း ပြောကြသောအခါ ဖူမာကျန်းဝူသည် အောင့်မထားနိုင်တော့ဘဲ တခွီခွီ ရယ်မောမိတော့သည်။

ရွှီကျင်းရှင်းသည် ထိုမျှလောက် ပုံကြီးချဲ့ မရယ်သော်လည်း သူမ၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ဖြစ်ပေါ်နေလေ၏။

ယနေ့ အဖြစ်အပျက်သည် ထိုဓားပြများ၏ စိတ်ထဲတွင် တစ်သက်တာ မပျောက်ပျက်နိုင်သော စိတ်ဒဏ်ရာကြီး တစ်ခုအဖြစ် စွဲကျန်ရစ်ခဲ့လိမ့်မည်။ သူတို့သည် နောက်တစ်ကြိမ် ဘယ်တော့မှ ဓားပြ ပြန်လုပ်ရဲတော့မည် မဟုတ်ပေ။

ယဲ့ဖန်သည်လည်း သူတို့၏ စကားဝိုင်းတွင် ရံဖန်ရံခါ ကြားဝင် ပြောဆိုနေသော်လည်း သူ့စိတ်အာရုံမှာ ထိုဓားပြများအပေါ်တွင် ရှိမနေတော့။

သူခိုးသေးသေးမွှားမွှားလေး တစ်သိုက်သည် သူ့အတွက် အာရုံစိုက်စရာ မလိုလောက်အောင် တန်ဖိုး မရှိသူများ ဖြစ်၏။

ယခု သူ စဉ်းစားရမည်မှာ ဤရတနာများကို မည်သို့ စီမံခန့်ခွဲရမည် ဆိုသည့် ကိစ္စ ဖြစ်၏။

လမ်းတစ်လျှောက်လုံး စဉ်းစားလာခဲ့ပြီး ဂိုဒေါင်သို့ ရောက်သည့် အချိန်တွင် သူ၏စိတ်ထဲ၌ အစီအစဉ် တစ်ခု ရှိနှင့်နေပြီ ဖြစ်၏။

ဖုန်းရှောက်ခွန် ရှာပေးထားသော ဂိုဒေါင်သည် အလွန် ကျယ်ဝန်းပြီး ယန်ဇီမြစ်နှင့် နီးကပ်သည့်အတွက် သယ်ယူ ပို့ဆောင်ရေး အပိုင်းတွင် အလွန် အဆင်ပြေ ချောမွေ့လှသည်။

ဖူမာ မျိုးနွယ်မှ နင်ဂျာ (၁၀) ယောက်သည် စောစောစီးစီး ကြိုရောက်နေကြပြီး ဂိုဒေါင်ကို ရှင်းလင်းသပ်ရပ်ထားကြနေပြီ ဖြစ်၏။

နင်ဂျာ (၁၀) ယောက်ကို ခေါ်ပြီး ဂိုဒေါင်သန့်ရှင်းရေး လုပ်ခိုင်းသည်ဟူသော သတင်းသာ ပေါက်ကြားသွားလျှင် လူအများ အံ့အားသင့်သွားကြမည်မှာ မလွဲဧကန်ပင်။

ယဲ့ဖန်သည် ဦးစွာပထမ နင်ဂျာများကို ကျေးဇူးတင်စကား ပြောကြားလိုက်သည်။

သို့သော် ထိုနင်ဂျာအုပ်စုသည် လက်ကာပြကာ ငြင်းဆန်လိုက်ကြ၏။

"မစ္စတာယဲ့... အားနာစရာ မလိုပါဘူးဗျာ... ကျွန်တော်တို့က တစ်ဖက်တည်းသားတွေပဲဟာ..."

ခေါင်းဆောင်နင်ဂျာသည် ဖူမာကျန်းဝူကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မျက်လုံးရိပ်မျက်လုံးကဲ ပြလိုက်လေ၏။

ဖူမာကျန်းဝူ၏ မျက်နှာလေး အနည်းငယ် ရဲသွားသော်လည်း သူမသည် ချက်ချင်းပင် ယဲ့ဖန်၏ လက်မောင်းကို သဘာဝကျကျ ချိတ်လိုက်လေ၏။

"ဟုတ်တယ်... သခင်က ဘာလို့ သူတို့ကို ဒီလောက် ယဉ်ကျေးပြနေတာလဲ... သူတို့ကို ကြိုက်သလိုသာ ခိုင်းစမ်းပါ... ဘယ်သူကများ အမိန့်မနာခံရဲလို့လဲ... မနာခံရဲရင် ကျွန်မ ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်ထားလိုက်..."

နင်ဂျာအုပ်စုသည် လည်ပင်းလေးများ ပုဝင်သွားကြရှာသည်။

'အရွယ်ရောက်ပြီးသား သမီးပျိုကို အိမ်မှာ ထိန်းသိမ်းထားလို့ မရနိုင်ဘူး' ဆိုသည့် တရုတ် ရှေးစကားပုံတစ်ခုကို သူတို့ ကြားဖူးကြသည်။

ယခုအခါတွင် တရုတ်ဘိုးဘေးကြီးများသည် အလွန် ဉာဏ်ပညာကြီးမားကြောင်း သူတို့ လက်တွေ့ သိလိုက်ရနေပြီ ဖြစ်၏။

ရက်အနည်းငယ်လေးသာ ရှိသေးသည်။ ဖူမာ မျိုးနွယ်၏ သခင်မလေးသည် ပြင်ပလူတစ်ယောက်ဘက်သို့ ဇောင်းပေးနေပြီ မဟုတ်ပါလော။

အခြေအနေအားလုံးက သက်တောင့်သက်သာနှင့် ပေါ့ပါးနေသည်။ လူတိုင်း စကားပြော ရယ်မောနေကြ၏။

ရွှီကျင်းရှင်း တစ်ယောက်တည်းသာ စိတ်မကြည်မလင် ဖြစ်နေရှာသည်။

အထူးသဖြင့် ယဲ့ဖန်နှင့် ဖူမာကျန်းဝူတို့ ရင်းရင်းနှီးနှီး နေနေကြသည်ကို မြင်ရသောအခါ သူမ မျက်မှောင်ကြုတ်မိသွားသည်။

ဤတစ်ခေါက်ခရီးစဉ်တွင် ယဲ့ဖန်နှင့်အတူ အန္တရာယ်များစွာကို ဖြတ်သန်းခဲ့ပြီးနောက် ဤလူသားသည် မည်မျှ ပြတ်သားကြောင်း၊ ဉာဏ်ပညာ ကြီးမားကြောင်းနှင့် တာဝန်ယူစိတ် ရှိကြောင်းတို့ကို သူမ ကိုယ်တွေ့ ကြုံခဲ့ရသည်။

ဤလူသည် ယောကျာ်းကောင်း တစ်ယောက်တွင် ရှိသင့်သည့် အရည်အချင်း အားလုံးနီးပါးကို ပိုင်ဆိုင်ထားသည်ဟု ပြောလျှင် မမှားပေ။

အကယ်၍ အပြစ် တစ်ခု ပြောရမည် ဆိုလျှင် သူသည် မိန်းမကိစ္စ ရှုပ်လွန်းသည်ဟု ဆိုရပေမည်။

ဖူမာကျန်းဝူနှင့် ကျူးရှောင်ကျောင်းတို့ ကိစ္စကို ခဏထားလိုက်ဦး။ နှစ်ကြိမ်ခန့်သာ တွေ့ဖူးသေးသော လန်ရှင်းယွဲ့ပင်လျှင် သူ့အပေါ် စိတ်ဝင်စားနေသည့်ပုံ ပေါက်နေသည်။

ယဲ့ဖန်ကတော့ လန်ရှင်းယွဲ့ ဟန်ဆောင်နေသည်ဟု ထင်လိမ့်မည်။ သို့သော် မိန်းမချင်းမို့ သူမ ကောင်းကောင်း ခံစားမိနေသည်။ လန်ရှင်းယွဲ့သည် ယဲ့ဖန်ကို တကယ် နှစ်သက်နေခြင်း ဖြစ်၏။

'ဒီလို နှာဘူးကောင်ကိုမှ ချစ်မိတာ... ကိုယ့်အပြစ်နဲ့ကိုယ်ပဲ...'

ဤသို့ဖြင့် ရယ်မောလိုက်၊ နောက်ပြောင်လိုက်နှင့် နင်ဂျာများ၏ အကူအညီဖြင့် ရတနာများအားလုံးကို ဂိုဒေါင်ထဲသို့ ရွှေ့ပြောင်းပြီးသွားကြလေ၏။

ဤသည်မှာ ကြီးမားသော အောင်မြင်မှုကြီး တစ်ရပ်ပင်။

ရွှေ၊ ငွေ၊ ကျောက်စိမ်း ပစ္စည်းများချည်း သက်သက်ပင် တောင်ငယ်တစ်လုံးပမာ ပုံနေပြီ ဖြစ်၏။

လက်ရာမြောက်လှသော ကြေးထည်ပစ္စည်းများနှင့် ယန်ကျိုးဖိုကဲ့သို့သော ရှေးဟောင်းပစ္စည်းများလည်း အများအပြား ပါဝင်နေသေးသည်။

အမှန်စင်စစ် ပစ္စည်းအများစုမှာ ရှေးဟောင်းပစ္စည်းဟူသော အဆင့်ကိုပင် ကျော်လွန်ကာ ယဉ်ကျေးမှု အမွေအနှစ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

လက်နက်နှင့် ချပ်ဝတ် ဝတ်စုံများဆိုလျှင် ရေတွက်၍ပင် ကုန်နိုင်မည်မထင်။

ထိုအထဲမှ တစ်ခုခုကို ထုတ်ပြလိုက်လျှင် ရှေးဟောင်းပစ္စည်းလောက တစ်ခုလုံး ငလျင်လှုပ်သွားစေနိုင်လောက်သည့် ရတနာများ ဖြစ်၏။

ရွှီကျင်းရှင်း၊ ဖူမာကျန်းဝူနှင့် နင်ဂျာ (၁၀) ယောက်တို့မှာ ပါးစပ်အဟောင်းသား ဖြစ်နေကြရှာသည်။

သူတို့သည် ဗဟုသုတ နည်းပါးသူများ မဟုတ်သော်လည်း ဤမျှကြီးကျယ်သော မြင်ကွင်းမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။

တန်ဖိုးဖြတ်မရနိုင်သော ရှေးဟောင်းပစ္စည်းများက အမှိုက်ပုံသဖွယ် ပုံထပ်နေကြသည် မဟုတ်ပါလော။

ရှေးဟောင်းပစ္စည်း ရူးသွပ်သူများသာ ဒါကို သိသွားလျှင် ရူးသွပ်သွားကြမည်မှာ မလွဲပေ။

ယခု လျှို့ဝှက်ရတနာသိုက် ခရီးစဉ်မှ ရရှိလိုက်သော အကျိုးအမြတ်သည် ရှေးဟောင်းသုတေသနဆိုင်ရာ တွေ့ရှိမှုကြီးတစ်ခုနှင့် ညီမျှသည်ဟု ဝန်ခံရပေမည်။

ရွှီကျင်းရှင်းသည် ခေတ္တမျှ ဆက်နေပြီးနောက် ပြန်ရန် ပြင်ဆင်လိုက်လေ၏။

"ခဏလေး..."

ယဲ့ဖန်သည် ရှေးဟောင်းပစ္စည်းပုံကြီးဆီသို့ လျှောက်သွားလိုက်သည်။ ခေတ္တမျှ ရှာဖွေပြီးနောက် ပစ္စည်းတစ်ခုကို ယူကာ ပြန်လျှောက်လာခဲ့၏။

"ဒီကျောက်စိမ်းကို မင်း ယူသွားလိုက်ပါ... ဒီခရီးစဉ်အတွက် အမှတ်တရပေါ့..."

ရွှီကျင်းရှင်း လှမ်းယူလိုက်သောအခါ ကောက်ပဲသီးနှံပုံသဏ္ဍာန် အကွက်ဖော်ထားသော ကျောက်စိမ်းလက်ကောက် တစ်ကွင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။ လက်ဖဝါးအရွယ်အစားခန့် ရှိပြီး ရိုးရှင်းသော်လည်း ခန့်ညားသော ဒီဇိုင်းကြောင့် အလွန် လက်ရာမြောက်လှသည်။

"ဒီလက်ကောက်က ယွီကိုယ်လုပ်တော် ဝတ်ဆင်ခဲ့ဖူးတဲ့ ပစ္စည်းပဲ... သမိုင်းတန်ဖိုးကြီးမားတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုလို့ ပြောလို့ရတယ်..."

ယဲ့ဖန်က ရှင်းပြလိုက်သည်။

ရွှီကျင်းရှင်းသည် ကျောက်စိမ်း၏ နောက်ကျောဘက်ကို လှန်ကြည့်လိုက်ရာ ချူခေတ်စာလုံးဖြင့် "ယွီ" ဟူသော စာလုံးကို ထွင်းထုထားသည်ကို တွေ့လိုက်ရသည်။

"ဒါက ဘာသဘောလဲ... 'နှုတ်ဆက်ပါတယ် ကိုယ်လုပ်တော်' ဆိုတဲ့ ဇာတ်လမ်းလား..."

သူမသည် ယဲ့ဖန်ကို မော့ကြည့်ကာ နောက်ပြောင်လိုက်လေ၏။

"ဒီကိစ္စကို စနောက်လို့ မရဘူးလေ... 'နုတ်ဆက်ပါတယ် ကိုယ်လုပ်တော်' ဇာတ်လမ်းက နိဂုံးမကောင်းဘူး မဟုတ်လား..."

ယဲ့ဖန်က ပြန်လည် စနောက်လိုက်သည်။

"အကျိုးဆောင်မရှိဘဲ ဆုလာဘ်မယူသင့်ပါဘူး... ဒီလောက် ဈေးကြီးတဲ့ ပစ္စည်းကို ကျွန်မ လက်မခံရဲပါဘူးရှင်..."

ရွှီကျင်းရှင်းက ပြန်ပေးရန် ပြင်လိုက်သည်။

"ယူထားလိုက်ပါ... တင်တောင်းလက်ဆောင်လို့ပဲ သဘောထားလိုက်ပေါ့..."

"ရှင်..."

ရွှီကျင်းရှင်း၏ မျက်နှာလေး ရဲခနဲ ဖြစ်သွားပြီး ဘေးလူများကို အားနာစွာ လှမ်းကြည့်လိုက်မိ၏။

နင်ဂျာအုပ်စုမှာမူ ထိုနေရာမှ အလျင်အမြန်ပင် ထွက်ပြေးသွားကြနေပြီ ဖြစ်၏။

ဖူမာကျန်းဝူကတော့ ဘေးတွင် ရပ်နေဆဲ။ သူမ၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မပေါ်လွင်ပေ။

"ကျွန်တော် နောက်လိုက်တာပါဗျာ... ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက် ခင်ဗျားလည်း အသက်နဲ့ရင်းပြီး စွန့်စားခဲ့ရတာပဲ... လက်ဗလာနဲ့တော့ အပြန်မခိုင်းနိုင်ပါဘူး... ယူသွားလိုက်ပါ..."

ယဲ့ဖန်က လေးနက်စွာ ပြောလိုက်သည်။

ရွှီကျင်းရှင်းလည်း ထပ်ပြီး ဟန်ဆောင်မနေတော့။ ကျောက်စိမ်းလက်ကောက်ကို အိတ်ကပ်ထဲသို့ ဂရုတစိုက် ထည့်လိုက်လေ၏။

"ဒါဆို... ကျွန်မ ပြန်တော့မယ်နော်..."

သူမ၏ လှပသော မျက်ဝန်းများသည် ယဲ့ဖန်ကို စိုက်ကြည့်နေကြသည်။ ခွဲခွာရမှာကို နှမြောတသ ဖြစ်နေသည့်ပုံပင်။

"ဘာလို့ နုတ်ဆက်ပွဲနဲ့ တူနေရတာလဲ... ဒါက အပြီးအပိုင် ခွဲခွာတာမှ မဟုတ်တာ... သံယောဇဉ် ဖြတ်ရခက်သလို လုပ်မနေပါနဲ့ဗျာ..."

ယဲ့ဖန်သည် ခဏမျှ တည်ငြိမ်နေရာမှ ပြန်လည် နောက်ပြောင်လိုက်ပြန်သည်။

ရွှီကျင်းရှင်းလည်း ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်သည်။ ထို့နောက် ဘာစကားမျှ ထပ်မဆိုတော့ဘဲ လှည့်ထွက်သွားလေတော့သည်။

ယဲ့ဖန်သည် သူမ ဂိုဒေါင်ထဲမှ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေမိ၏။ ထို့နောက် လှည့်ထွက်ကာ ရှေးဟောင်းပစ္စည်းများကို သိမ်းဆည်းရန် ပြင်လိုက်သည်။

ထိုအချိန်ကျမှ ဖူမာကျန်းဝူက ဘေးနားမှနေ၍ သူ့ကို စိုက်ကြည့်နေကြောင်း သတိထားမိလိုက်သည်။

"ဘာဖြစ်လို့လဲ..."

ယဲ့ဖန်သည် သူ့မျက်နှာပေါ်တွင် တစ်ခုခု ပေနေသလားဟု ထင်ကာ လက်ဖြင့် စမ်းသပ်လိုက်မိ၏။

"ဟွန်း... 'နှုတ်ဆက်ပါတယ် ကိုယ်လုပ်တော်' ဟုတ်လား... ဒါဆို သခင်က ရှန်ယွီ ဘုရင်ပေါ့... သူက ယွီကိုယ်လုပ်တော်ပေါ့... ဒါဆို ကျွန်မက ဘာလဲ... ဘုရင်ကြီးရဲ့ အစေခံမလေးလား..."

ကောင်မလေး၏ မေးခွန်းတွင် သဝန်တိုစိတ်များ အထင်းသား ပေါ်လွင်နေလေ၏။

ယဲ့ဖန် ခေါင်းကိုက်သွားပြီး သူမလက်ကို အမြန်ဆွဲကိုင်လိုက်ရသည်။

"ဘယ်ကလာ... မင်းကမှ ကိုယ့်ရဲ့ ယွီကိုယ်လုပ်တော် အစစ်ပါကွ..."

"ဟွန်း... ယုံပါဘူး... ခုနက သူ့ကျတော့ လက်ဆောင်ပေးပြီး ကျွန်မကျတော့ မပေးဘူး..."

ဖူမာကျန်းဝူသည် မျှော်လင့်ချက် မျက်လုံးလေးများဖြင့် မော့ကြည့်လိုက်လေ၏။

ယဲ့ဖန်သည် နားမလည်ချင်ယောင် ဆောင်လိုက်၏။

"မင်းက ဒီလိုပစ္စည်းတွေကို စိတ်မဝင်စားဘူးဆိုတာ ကိုယ် သိပါတယ်... ဒါကြောင့် ကိုယ်က မင်းကို ထမင်းလိုက်ကျွေးမလို့..."

"ဘယ်သူပြောလဲ စိတ်မဝင်စားဘူးလို့... ကျွန်မလည်း သူ့လို လက်ကောက်မျိုး လိုချင်တယ်..."

ဖူမာကျန်းဝူ ဂျီကျလိုက်တော့သည်။

ယဲ့ဖန် ခေါင်းပိုကိုက်သွားရသည်။

"လက်ကောက်က တစ်ကွင်းတည်း ရှိတာလေ... ဘယ်လိုလုပ်ပြီး ထပ်တူညီတဲ့ နောက်တစ်ကွင်း ရှိနိုင်မှာလဲ..."

"မသိဘူး... လိုချင်တယ်... လိုချင်တယ်..."

ဖူမာကျန်းဝူသည် ဝမ်းနည်းပက်လက် မျက်နှာပေးဖြင့် စိုက်ကြည့်နေပြီး မျက်ရည်များပင် ဝဲလာချေပြီ။

ယဲ့ဖန် ဆက်ပြီး စ၍ မဖြစ်တော့မှန်း သိလိုက်သည်။ ဒီကောင်မလေးသာ ငိုလျှင် ဘယ်လိုချော့ရမှန်း သိတာမဟုတ်။

"စတာပါကွာ... ဘာလို့ အတည်ယူနေတာလဲ... စိတ်မပူပါနဲ့... မင်းအတွက် လက်ဆောင်က အဆင်သင့် ရှိပြီးသားပါ..."

ပြောပြောဆိုဆိုနှင့် သူသည် မျက်လှည့်ပြလိုက်သလို လက်ကို ဖြန့်လိုက်ရာ၊ လက်ဖဝါးပေါ်တွင် လက်ရာမြောက်လှသော နားကပ်တစ်စုံ ပေါ်ထွက်လာလေ၏။

ထိုနားကပ်ကို ရှေးဟောင်းကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး ရွှေမျှင်လေးများဖြင့် ကွပ်ထားသည်။ ပြောမပြတတ်အောင် လှပလွန်းလှပေသည်။

ဖူမာကျန်းဝူ မြင်လိုက်သည်နှင့် မျှော်လင့်ထားသည့်အတိုင်း ဝမ်းသာအားရ ဖြစ်သွားရှာသည်။

"ဒါ... ဒါ တကယ်ပဲ ကျွန်မအတွက်လား..."

"လှလိုက်တာရှင်...”

All Chapters