ဆရာ့ကျေးဇူးကို ဘယ်လို ဆပ်မလဲ...
Vol. 78 Ch. 1523
~ယဲ့ဖန် ထုတ်ပေးလိုက်သော နားကပ်တစ်စုံသည် အလှအပ ရှုထောင့်သက်သက်မှ ကြည့်လျှင် ရွှီကျင်းရှင်းအား ပေးခဲ့သည့် ကျောက်စိမ်းလက်ကောက်ထက် ပို၍ လှပလေ၏။
ထိုအချက်က ဖူမာကျန်းဝူကို ကျေနပ်သွားစေသည်။ ဆရာ့စိတ်ထဲတွင် သူမ၏ နေရာသည် ရွှီကျင်းရှင်းထက် များစွာ သာလွန်ကြောင်း လက်ဆောင်ပစ္စည်း၏ လက်ရာမြောက်မှုကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်ဟု သူမ ယူဆလိုက်သည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ သူမ၏ အထင် မှားယွင်းနေခြင်းပင်။
ယဲ့ဖန်သည် ဤမိန်းကလေးနှစ်ယောက်၏ စိတ်နေစိတ်ထားကို ကောင်းကောင်း နားလည်ထားသူ ဖြစ်၏။
ရွှီကျင်းရှင်းသည် ရင့်ကျက်တည်ငြိမ်သော စရိုက်ရှိပြီး ရိုးရှင်းသော်လည်း ခန့်ညားသော ပစ္စည်းမျိုးကိုသာ နှစ်သက်တတ်သည်။ ထို့ကြောင့် ထိုကျောက်စိမ်းလက်ကောက်သည် သူမအတွက် အသင့်တော်ဆုံး ဖြစ်၏။
ဖူမာကျန်းဝူကမူ စိတ်ကူးယဉ်ဆန်သော ကလေးမလေးတစ်ယောက်လို ဖြစ်နေသေးရာ တောက်ပြောင်ပြီး လှပသော ပစ္စည်းများကိုသာ ပိုမိုနှစ်သက်တတ်သည်။
ဤသည်မှာ ယဲ့ဖန်၏ 'မိန်းမပရောဂျက်' ဆိုင်ရာ ကျွမ်းကျင်မှု တစ်စိတ်တစ်ဒေသပင်။
"သခင်... လှလားဟင်..."
ဖူမာကျန်းဝူသည် စောင့်မနေနိုင်တော့ဘဲ နားကပ်လေးကို ချက်ချင်းပင် တပ်ဆင်လိုက်လေ၏။
ထိုအချိန်တွင် သူမ၏ မျက်နှာလေးမှာ ချိုမြိန်စွာ ပြုံးရွှင်နေပြီး မျက်လုံးများကလည်း အရောင်တောက်နေသည်။ သူမ၏ အလှသည် ပြိုင်ဘက် ကင်းလောက်အောင်ပင် ဆွဲဆောင်မှု ရှိလွန်းလှသည်။
ယဲ့ဖန် ငေးကြည့်ရင်း မျက်စိထဲတွင် ရှန်ယွီ ဘုရင်ကို သေသည်အထိ သစ္စာစောင့်သိခဲ့သော သမိုင်းဝင် အလှမယ် ယွီကိုယ်လုပ်တော်ကို မြင်ယောင်လာသလို ခံစားလိုက်ရသည်။
ယဲ့ဖန်၏ ထိုကဲ့သို့ စိုက်ကြည့်နေသော အကြည့်ကြောင့် ဖူမာကျန်းဝူ၏ နှလုံးသားလေးမှာ ဒုန်းစိုင်း ခုန်လှုပ်လာရချေသည်။
သူမနှင့် ယဲ့ဖန် သိကျွမ်းလာသည်မှာ ကြာပြီဖြစ်သလို၊ လုပ်စရာ ရှိတာတွေလည်း လုပ်ပြီးခဲ့ကြပြီ ဖြစ်၏။ သို့သော် ယဲ့ဖန်သည် သူမကို ဤကဲ့သို့သော အကြည့်မျိုးဖြင့် တစ်ခါမှ မကြည့်ဖူးခဲ့ပေ။
ထိုအကြည့်ထဲတွင် မြတ်နိုးမှု၊ တပ်မက်မှုနှင့် လွမ်းဆွတ်မှု ခံစားချက်များ ရောပြွမ်းနေသည်။
"သခင်..."
သူမ စကားစလိုက်စဉ်မှာပင် ယဲ့ဖန်သည် သူမ၏ နှုတ်ခမ်းကို လှမ်းပိတ်လိုက်လေ၏။
"ကျန်းဝူလေး... သခင်က မင်းအပေါ် ကောင်းရဲ့လား..."
"ကောင်းပါတယ်..."
ဖူမာကျန်းဝူက လိမ္မာစွာ ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို မင်းက သခင့်ကျေးဇူးကို ဘယ်လို ပြန်ဆပ်မှာလဲ..."
ယဲ့ဖန်၏ မျက်နှာပေါ်တွင် နတ်ဆိုး အပြုံး တစ်ခု ပေါ်လာပြီး သူ၏လက်တစ်ဖက်က သူမ၏ ခါးသိမ်သိမ်လေးကို ဖက်တွယ်ထားပြီး ဖြစ်နေသည်။
"ရှင်... ဒီ... ဒီနေရာကြီးမှာလား..."
ဖူမာကျန်းဝူသည် ဘေးဘီဝဲယာကို အကဲခတ်ကြည့်လိုက်သည်။
ဂိုဒေါင်ကို သန့်ရှင်းရေး လုပ်ထားသည် ဆိုသော်လည်း ဖုန်မှုန့်များက နေရာအနှံ့ ရှိနေဆဲပင်။
ထို့အပြင် ဘေးပတ်လည်တွင် ရှေးဟောင်းပစ္စည်းများ၊ လက်နက်များနှင့် ချပ်ဝတ် ဝတ်စုံများဖြင့် ပြည့်နှက်နေသည်။ ဤနေရာသည် ရိုမန့်တစ်ဆန်ဖို့ လုံးဝ မကောင်းသော နေရာမျိုး ဖြစ်၏။
သို့သော် ယဲ့ဖန်သည် သည်းမခံနိုင်တော့ပေ။ သူသည် သူမကို လှည့်လိုက်ပြီး စားပွဲ တစ်လုံးပေါ်သို့ တင်လိုက်လေတော့သည်။
"မင်းက ယွီကိုယ်လုပ်တော် ဖြစ်ချင်တယ်ဆို... ဒါဆိုရင်တော့ အတင်းအဓမ္မ သိမ်းပိုက်ခံရတဲ့ အရသာကို မြည်းစမ်းကြည့်ရမှာပေါ့..."
"သခင်... မလုပ်နဲ့နော်..."
ယဲ့ဖန်နှင့် ဖူမာကျန်းဝူတို့သည် ဂိုဒေါင်ထဲတွင် တစ်ညလုံး စူးစမ်းလေ့လာမှုများ၊ တိုက်ပွဲဝင်မှုများ ပြုလုပ်ကြပြီးနောက် အားအင်ကုန်ခမ်းကာ တစ်ယောက်ကို တစ်ယောက် ဖက်လျက် အိပ်ပျော်သွားကြလေ၏။
ပြန်နိုးလာသောအခါ နေ့လည်ခင်းပင် ရောက်နေပြီ ဖြစ်ပြီး နေဝင်ချိန် နီးကပ်နေပြီ ဖြစ်၏။
ယဲ့ဖန်သည် ဖုန်းမြည်သံ တရစပ် ကြားနေရသဖြင့် အိပ်ရာမှ နိုးလာခဲ့ခြင်း ဖြစ်၏။
သူသည် အိပ်မှုန်စုံမွှားဖြင့် ဖုန်းကို ကောက်ကိုင်ကြည့်လိုက်ရာ ကျူးရှောင်ကျောင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဖုန်းခေါ်ဆိုမှု အကြိမ် (၂၀) ကျော်ပင် Missed Call ဝင်နေသည်။ ဒီနေ့ သူ အိပ်ပျော်လွန်းသွားသဖြင့် မကြားလိုက်ရခြင်း ဖြစ်ပေမည်။
သူသည် ရင်ခွင်ထဲမှ ကျောက်စိမ်းတုံးလေးပမာ ဖြူဖွေးနုဖတ်နေသော ဖူမာကျန်းဝူကို ငုံ့ကြည့်လိုက်သည်။ သူမ၏ ဝမ်းဗိုက် အောက်ပိုင်းရှိ ဓားဒဏ်ရာလေးကို မြင်လိုက်ရ၏။
လန်ရှင်းယွဲ့ လက်ချက်ဖြင့် ရခဲ့သော အမာရွတ် ဖြစ်၏။ ကံကောင်းသည်မှာ ဒဏ်ရာ မပြင်းထန်လှပေ။ သူကိုယ်တိုင် ဆေးလိမ်းပေးထားသဖြင့် အမာရွတ် ကျန်ခဲ့မည် မဟုတ်ပေ။
သူသည် အဝတ်အစားများ ကောက်ဝတ်လိုက်ပြီး ဖုန်းကိုကိုင်ကာ ဂိုဒေါင်အပြင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။
"ဟယ်လို... ယဲ့ဖန်... ရှင် ဖုန်းကိုင်ပြီပေါ့လေ... ကျွန်မ.. ရှင့်ဆီ ဖုန်းခေါ်နေတာ ဘယ်နှစ်ခါ ရှိပြီလဲ... ဘာလို့ ဖုန်းမကိုင်တာလဲ... ကျွန်မက ရှင် တစ်ခုခု ဖြစ်သွားပြီ မှတ်လို့... ဘယ်လောက် စိတ်ပူနေရလဲ သိရဲ့လား... ကျွန်မကို ရင်ပူပြီး သေစေချင်နေတာလား ဟမ်..."
ကျူးရှောင်ကျောင်း၏ မေးခွန်းများက စက်သေနတ်ပစ်သလို တရစပ် ထွက်ပေါ်လာတော့သည်။
ယဲ့ဖန်သည် ဖုန်းကို နားနှင့်ခွာထားလိုက်ပြီး သူမ စိတ်ကျေနပ်သည်အထိ အော်ပါစေတော့ဟု လွှတ်ထားလိုက်ရသည်။
ဂိုဒေါင်၏ တည်နေရာသည် အလွန် ကောင်းမွန်လှသည်။ ဤနေရာမှနေ၍ အဝေးမှ ယန်ဇီမြစ်ကို လှမ်းမြင်နေရသည်။
ယခုအချိန်တွင် နေဝင်ဆည်းဆာ၏ ရောင်ခြည်နုနုသည် မြစ်ရေပြင်ပေါ်သို့ ဖြာကျနေသည်။ ဇာပဝါစကဲ့သို့ ပြေပြစ်သော မြစ်ရေပြင်ထက်တွင် အပျော်စီးသင်္ဘောကြီးများက မိုးနှင့်မြေ ထိစပ်ရာ မိုးကုတ်စက်ဝိုင်းဆီသို့ ဦးတည်ရွက်လွှင့်နေကြလေ၏။
ရှေးကဗျာ တစ်ပုဒ်ထဲကလိုပင်... 'ပြာလဲ့သော ကောင်းကင်အောက်မှ ရွက်လွှင့်သွားသော လှေငယ် တစ်စင်း၊ ကောင်းကင်အဆုံးထိ စီးဆင်းနေသော ယန်ဇီ မြစ်ရေပြင်' ဟူသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
"ဟေး... ရှင် ဘာလို့ ဘာမှ ပြန်မပြောတာလဲ..."
ကျူးရှောင်ကျောင်းသည် ပွစိပွစိ ပြော၍ ဝသွားပြီးနောက် ယဲ့ဖန် ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်နေသည်ကို သတိထားမိကာ ဒေါသတကြီး မေးလိုက်ပြန်သည်။
"အင်းပါ... အင်းပါ... မင်းပြောတာ ဟုတ်ပါတယ်..."
ယဲ့ဖန် အမြန် ပြန်ဖြေလိုက်ရ၏။
"ဟွန်း... သိရင် ပြီးတာပဲ..."
ကျူးရှောင်ကျောင်းသည် သူ့အဖြေကို ကျေနပ်သွားပုံ ရသည်။
"ဘယ်လိုလဲ...ရှင့်ရဲ့ စစ်ဆင်ရေးကြီး အဆင်ပြေရဲ့လား..."
"ဒါပေါ့... ပြေတာပေါ့... အဆင်မပြေရင် ငါက မင်းဆီ ဖုန်းဆက်နိုင်ပါ့မလား..."
"ဒါဆို ရှင် အခု ဘယ်မှာလဲ... ကျွန်မ လာခဲ့မယ်..."
"ကောင်းပြီလေ... လိပ်စာ ပို့ပေးလိုက်မယ်..."
ယဲ့ဖန်သည် စကားရှည်ရှည်ဝေးဝေး ပြောမနေတော့ဘဲ လိပ်စာကို ချက်ချင်း ပို့ပေးလိုက်သည်။
ကျူးရှောင်ကျောင်းသည် အလွန် လျင်မြန်သူ ဖြစ်၏။ နာရီဝက်ခန့်အကြာတွင် ကားမောင်းပြီး ရောက်ချလာတော့သည်။
ကံကောင်းသည်မှာ ဖူမာကျန်းဝူလည်း နိုးနေပြီဖြစ်ပြီး သူတို့နှစ်ယောက်၏ 'တိုက်ပွဲ' အစအနများကို ရှင်းလင်းထားပြီး ဖြစ်နေသည်။
ကျူးရှောင်ကျောင်းသည် ဂိုဒေါင်ထဲတွင် ပုံထားသော ရှေးဟောင်းပစ္စည်း အမြောက်အမြားကို မြင်လိုက်ရသောအခါ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး စကားပင် မပြောနိုင်တော့ပေ။
"နင်... နင်တို့ ပြတိုက်တစ်ခုခုကို ဓားပြတိုက်လာကြတာလား..."
အချိန်တော်တော်ကြာမှ သူမ နှုတ်ဖျားမှ ထိုစကား ထွက်လာလေ၏။
သူမသည် ယဲ့ဖန်နှင့် ပေါင်းသင်းလာသည်မှာ ကြာပြီဖြစ်သလို၊ သူနှင့် စကားပြောရာတွင် အဆင်ပြေစေရန်အတွက် ရှေးဟောင်းပစ္စည်း ခွဲခြားခြင်း ပညာရပ်များကိုလည်း တိတ်တဆိတ် လေ့လာထားခဲ့သည်။
ကျွမ်းကျင်အဆင့် မရောက်သေးသော်လည်း အခြေခံအချက်အလက်များကိုတော့ အကဲဖြတ်နိုင်စွမ်း ရှိနေပြီ ဖြစ်၏။
သူမရှေ့တွင် ရှိနေသော ပစ္စည်းများသည် လက်ရာနှင့် ဒီဇိုင်းများကို ကြည့်ရုံဖြင့် စစ်မက်ဖြစ်ပွားရာခေတ် မှ ပစ္စည်းများ ဖြစ်ကြောင်း သိသာနေသည်။
ထိုအထဲမှ အများစုမှာ နိုင်ငံတော်အဆင့် ရတနာများ ဖြစ်ကြသည်။
ဤပစ္စည်းများကိုသာ ပြတိုက်ကြီးများသို့ ပို့လိုက်လျှင် ပြတိုက်၏ အသက်သွေးကြောများ ဖြစ်လာနိုင်လောက်သည်အထိ တန်ဖိုးကြီးမားလှသည်။
သို့သော် ယခုတွင်တော့ ထိုရတနာများသည် အမှိုက်ပုံသဖွယ် ပုံထပ်နေကြသည် မဟုတ်ပါလော။ တကယ့်ကို တုန်လှုပ်စရာပင်။
"ပြတိုက်တွေက ဒီလို ကောင်းမွန်တဲ့ ပစ္စည်းမျိုး ရနိုင်ပါ့မလား..."
ဖူမာကျန်းဝူသည် လျှောက်လာပြီး ကျူးရှောင်ကျောင်း၏ ပခုံးကို ဖက်လိုက်လေ၏။
"ကျန်းဝူလေး... နင် ဒီတစ်ခေါက် ဘာတွေ ကြုံခဲ့ရလဲဆိုတာ ငါ့ကို မြန်မြန် ပြောပြစမ်းပါ..."
ကျူးရှောင်ကျောင်းသည် စပ်စုချင်စိတ်ဖြင့် သူမလက်ကို ဆွဲကာ ကလေးတစ်ယောက်လို မေးလိုက်တော့သည်။
ဖူမာကျန်းဝူသည် လျှို့ဝှက်ရတနာသိုက်ထဲသို့ မည်သို့ ဝင်ရောက်ခဲ့ကြပုံ၊ အန္တရာယ်များကို မည်သို့ ကျော်ဖြတ်ခဲ့ကြပုံတို့ကို တစ်လုံးမကျန် ပြန်ပြောပြလိုက်လေ၏။
သူမ၏ စကားပြောစွမ်းရည်မှာ အတော်လေး ကောင်းမွန်လှသည်။ ရင်တမမ ဖြစ်စရာကောင်းသော အခန်းကဏ္ဍများကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ပြောပြနိုင်သဖြင့် နားထောင်သူကို အခင်းဖြစ်ပွားရာ နေရာသို့ ရောက်သွားသလို ခံစားရစေသည်။
ယဲ့ဖန် ဂျွမ်းထိုးခုံပြားပေါ် ပြုတ်ကျသွားသည့်အကြောင်း ပြောပြသောအခါ၊ ယဲ့ဖန်က ဘေးနားတွင် အကောင်းပကတိ ရပ်နေသည်ကို မြင်ရက်သားနှင့် ကျူးရှောင်ကျောင်းမှာ စိတ်ပူသွားမိရှာသည်။
ရတနာများကို အောင်မြင်စွာ သယ်ထုတ်လာနိုင်ခဲ့ကြောင်း ပြောပြလိုက်မှသာ သူမ သက်ပြင်းချနိုင်တော့သည်။
သို့သော် ဖူမာကျန်းဝူ၏ ဇာတ်လမ်းက မဆုံးသေး။ လန်ရှင်းယွဲ့၏ အထောက်အထားကို ယဲ့ဖန် ဖော်ထုတ်လိုက်ပုံနှင့် နှစ်ဖက် တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပုံများကို ဆက်လက် ပြောပြလေ၏။
ကျူးရှောင်ကျောင်း၏ ရင်ထဲတွင် ဗြောင်းဆန်နေတော့သည်။ သူမသည် အသက်ကိုပင် ပြင်းပြင်း မရှူရဲတော့ပေ။
ဖူမာကျန်းဝူက သူမအဖြစ် ရုပ်ဖျက်ပြီး မျိုးရိုးဗီဇ ပြုပြင်ထားသူတစ်ယောက်ကို သတ်ဖြတ်ခဲ့ကြောင်း ကြားရသောအခါ...
သူမသည် ကိုယ်တိုင် ပါဝင်ကူညီခဲ့ရသလိုမျိုး ဝမ်းသာအားရ အော်ဟစ်လိုက်မိလေ၏။
မိန်းကလေးနှစ်ယောက် စကားကောင်းနေကြချိန်တွင် ယဲ့ဖန်ကတော့ ဘေးနားတွင် သမ်းဝေနေမိ၏။
'ရှန်ယွီ ဘုရင် ချန်ထားခဲ့တဲ့ ရတနာသိုက်ကို အထိအခိုက်အနာအဆာ မရှိဘဲ ယူလာနိုင်ခဲ့တာ မဟုတ်လား...'
'အတွင်းအား အစပျိုးအဆင့်လောက်ရှိတဲ့ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့လူ အယောက် (၂၀) လောက်ကို သတ်ခဲ့တာပဲ မဟုတ်လား...'
'ဒါက ဘာများ ကြွားစရာ ရှိလို့လဲ...'
"ဟွန်း... ရှင်ကတော့လေ..."
ဖူမာကျန်းဝူ၏ ပြောပြချက်များကို နားထောင်ပြီးနောက် ကျူးရှောင်ကျောင်းသည် ယဲ့ဖန်ကို မျက်စောင်းထိုးကာ ကြည့်လိုက်လေ၏။
ဒီလောက် စိတ်လှုပ်ရှားစရာကောင်းသည့် ခရီးစဉ်ကို သူမ လွဲချော်ခဲ့ရသည်။ ဒါတွေအားလုံး ဒီလူ့ကြောင့် ဖြစ်၏။
ကျူးသခင်မလေး တွေးလေ ဒေါသထွက်လေ ဖြစ်လာပြီး ယဲ့ဖန်၏ ခြေသလုံးကို လှမ်းကန်ပစ်လိုက်တော့သည်။
ယဲ့ဖန်ကတော့ ကြိုမြင်နေပြီးသား ဖြစ်သော်လည်း ရှောင်မနေတော့။
"အ..."
ကျူးရှောင်ကျောင်းခမျာ ကန်လိုက်မိသော်လည်း ဘိလပ်မြေတိုင်ကို ကန်မိလိုက်သလို ခံစားလိုက်ရပြီး သူမမျက်နှာလေး ရှုံ့မဲ့သွားလေတော့သည်။