ခင်ဗျားက တအား အာဏာရှင်ဆန်တာပဲ
Vol. 78 Ch. 1524
ကျူးရှောင်ကျောင်း မော့ကြည့်လိုက်သည့်အခါ ယဲ့ဖန်သည် အောင့်ထားရသည့်ကြားမှ ရယ်ချင်နေသည်ကို တွေ့လိုက်ရသည်။ ဤအချက်က သူမကို ပို၍ ဒေါသထွက်သွားစေလေ၏။
"နင်နဲ့ ငါနဲ့ တစ်ပွဲတစ်လမ်း ရှင်းကြတာပေါ့..."
သူမသည် ကြောင်လက်သည်း ကုတ်မည့်ပုံစံဖြင့် ယဲ့ဖန်ဆီသို့ အော်ဟစ်ကာ ပြေးဝင်သွားလိုက်သည်။
ယဲ့ဖန်သည် သူမ၏ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲနေသော တိုက်ကွက်ကို ရင်ဆိုင်ရသည့်အခါ ခြေတစ်လှမ်းမျှသာ နောက်ဆုတ်ပေးလိုက်သည်။ ကျူးရှောင်ကျောင်းမှာ အဟုန်လွန်ကာ ပစ်မှတ်လွဲချော်သွားတော့၏။
သူမ၏ အရှိန်လွန်နေသော ခန္ဓာကိုယ်သည် ယဲ့ဖန်နှင့် ဖူမာကျန်းဝူတို့ အိပ်စက်ခဲ့သော နေရာသို့ တလိမ့်ခေါက်ကွေး ပြုတ်ကျသွားလေ၏။
"ဘယ်သူက ဒီလောက် စည်းကမ်းမရှိရတာလဲ... ကြမ်းပြင်ပေါ် တံတွေးထွေးသွားသေးတယ်..."
ကျူးရှောင်ကျောင်းသည် နာကျင်နေသော ဒူးခေါင်းကို လက်တစ်ဖက်ဖြင့် ပွတ်သပ်လိုက်ရာ၊ သူမ၏ လက်ပေါ်တွင် စေးကပ်ကပ် အရည်များ ပေကျံသွားလေ၏။
သူမသည် တစ်ယောက်ယောက်က သူမအပေါ် တံတွေးထွေးလိုက်သည်ဟု ထင်မှတ်ပြီး ရွံရှာသော မျက်နှာထား ဖြစ်သွားသည်။
ယဲ့ဖန်သည် ဖူမာကျန်းဝူကို အားနာစွာ လှမ်းကြည့်လိုက်သည်။ ဖူမာကျန်းဝူကမူ လျှာလေးတစ်လစ် ထုတ်ပြနေလေ၏။
ခုနက အလျင်စလို ရှင်းလင်းလိုက်ရသဖြင့် အချို့အရာများ ကျန်ရစ်ခဲ့ပုံရသည်။
ကျူးရှောင်ကျောင်းသည် နေရာမှထပြီး ယဲ့ဖန်နှင့် စာရင်းရှင်းရန် ပြင်လိုက်သည်။ ယဲ့ဖန်မှာ နောက်တစ်ခေါက် စွန့်စားခန်းထွက်လျှင် သူမကို ခေါ်သွားမည်ဟု ကတိပေးပြီး မနည်း တောင်းပန်လိုက်ရသည်။
ထိုအခါမှ ကျူးသခင်မလေး အနည်းငယ် ငြိမ်ကျသွားလေ၏။
"နင်တို့ ဒီတစ်ခေါက် တော်တော် ရလိုက်တာပဲ... ဒါပေမဲ့ ဒီလောက်များတဲ့ ရှေးဟောင်းပစ္စည်းတွေကို ဘယ်လို လုပ်မှာလဲ..."
ကျူးရှောင်ကျောင်းသည် ရှေးဟောင်းပစ္စည်း အပုံလိုက်ကြီးကို ကြည့်ကာ ချက်ချင်းပင် စိတ်ပူလာတော့သည်။
"မင်းမှာ အကြံကောင်း ရှိလို့လား..."
"ဟင့်အင်း၊ တစ်ခုနှစ်ခုလောက် ဆိုရင်တော့ ကျွန်မက ကူစဉ်းစားပေးလို့ ရသေးတယ်... ဒီလောက် အများကြီးကို ကျွန်မက ဘာလုပ်ပေးနိုင်မှာလဲ..."
ကျူးရှောင်ကျောင်း ချက်ချင်း ခေါင်းခါပြလိုက်သည်။
ပြတိုက်ဖွင့်၍ ရမည့် ပမာဏလောက် ရှိသော ပစ္စည်းများကို သူတို့နှစ်ယောက်တည်း အစွမ်းအစဖြင့် မည်သို့ ရှင်းထုတ်နိုင်မည်နည်း။
"ပုံမှန်ဆိုရင် မင်းက လေပေါတာ ငါမြင်ဖူးတယ်... ငါက မင်းကို တော်တော် အစွမ်းထက်မယ် ထင်နေတာ... တကယ်တမ်းကျတော့ ဘာမှ သုံးစားမရပါလား..."
ယဲ့ဖန်က မညှာမတာ လှောင်ပြောင်လိုက်သည်။
ကျူးရှောင်ကျောင်း ပေါက်ကွဲသွားပြန်တော့၏။
"ရှင်က ကျွန်မကို အသုံးမကျဘူး ပြောတာလား... ရှင့်မှာ နည်းလမ်း ရှိရင် ရှင့်ဘာသာ ရှင်းလိုက်လေ...ကျွန်မကို ဘာလာမေးနေလဲ..."
"ကျွန်မမှာ နည်းလမ်း ရှိတာပေါ့..."
"ဟွန်း... ကြွားမနေနဲ့..."
"ဒါဆို ကျွန်မတို့ လောင်းကြေးထပ်မလား..."
"ဘာလောင်းကြေးလဲ..."
"ငါသာ ဒီပစ္စည်းတွေကို ရှင်းထုတ်နိုင်ရင်... မင်းက ကျန်းဝူလို ဝတ်စားဆင်ယင်ပြီး ငါ့အမိန့်ကို (၃) ရက်တိတိ နာခံရမယ်... လုပ်ရဲလား..."
ယဲ့ဖန်သည် စိန်ခေါ်လိုသော အကြည့်ဖြင့် ကြည့်လိုက်လေ၏။
ကျူးရှောင်ကျောင်း တွန့်ဆုတ်သွားသည်။
"(၃) ရက်တောင်လား... မများလွန်းဘူးလား..."
"မလုပ်ရဲရင်လည်း နေပေါ့..."
ယဲ့ဖန် လှည့်ထွက်ရန် ပြင်လိုက်သည်။
"ဘယ်သူက မလုပ်ရဲဘူး ပြောလို့လဲ... ဒါပေမဲ့ ရှင်းရှင်းပြောထားမယ်နော်... ကျွန်မက ရှင့်အမိန့်ကို နာခံမယ်... ဒါပေမယ့် ရှင်က ကျွန်မအသားကို လာထိလို့မရဘူး... ပြီးတော့... ကျွန်မကို ဟိုလို ဒီလို လာလုပ်လို့ မရဘူး..."
ကျူးရှောင်ကျောင်း အလျင်အမြန် တားဆီးလိုက်သည်။
"ဟိုလို ဒီလို ဆိုတာ ဘာလဲ..."
ယဲ့ဖန် ပြုံးစစဖြင့် မေးလိုက်သည်။
"ရှင် နားလည်ပါတယ်..."
"ဒါတော့ ငါ တကယ် နားမလည်တာ... ရှင်းအောင် ပြောပြပါလား..."
"ရှင်... ရှင် တမင် သက်သက် လုပ်နေတာမလား..."
ကျူးရှောင်ကျောင်း ဒေါသထွက်ပြီး သူ့ကို သတ်ချင်စိတ် ပေါက်သွားပြန်သည်။
ယဲ့ဖန် အလျင်အမြန် လက်မြှောက် အရှုံးပေးလိုက်ရသည်။
"ကောင်းပါပြီ... ကောင်းပါပြီ... ငါ မင်းကို အဲဒီလို မလုပ်ပါဘူးလို့ ကတိပေးပါတယ်... ဟုတ်ပြီလား..."
ကျူးရှောင်ကျောင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"နောက်တစ်ခု ရှိသေးတယ်...ရှင် နိုင်ချင်ရင် ဒီပစ္စည်းတွေကို ဒီညသန်းခေါင် မတိုင်ခင် အပြီးရှင်းထုတ်ရမယ်... အချိန်ကျော်သွားရင် တစ်မိနစ်ပဲ ကျော်ကျော်... ရှင် ရှုံးပြီ..."
"မင်းက နည်းနည်း လွန်မနေဘူးလား..."
ယဲ့ဖန် စိတ်ရှုပ်သွားသည်။
"အခု ညနေ (၆) နာရီ ထိုးနေပြီ... ဒီနေ့အတွက် (၆) နာရီပဲ ကျန်တော့တာလေ... ဒီလောက်များတဲ့ ပစ္စည်းတွေကို ဘယ်လို ရှင်းထုတ်မလဲ..."
"ငါ မသိဘူး... မလောင်းရဲရင်လည်း အရှုံးပေးလိုက်..."
ကျူးရှောင်ကျောင်းသည် ခါးထောက်ကာ မောက်မာစွာ ကြည့်လိုက်လေ၏။
သူမ၏ မျက်နှာပေးကို ကြည့်ပြီး ယဲ့ဖန် ဒေါသထွက်လွန်းအားကြီး၍ ရယ်မောမိလိုက်သည်။
"ကောင်းပြီလေ... ဒီနေ့မှ ဒီနေ့ပဲ... မင်းကို ငါ ဘယ်လို ကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်နေလိုက်..."
ထို့နောက် သူသည် ဖုန်းကို ထုတ်ကာ လင်းချန်ချန် ထံသို့ ခေါ်လိုက်လေ၏။
ဖုန်းကို ချက်ချင်း ကိုင်လိုက်သည်။
"ဟယ်လို... သူဌေး... ရှင် ပိုင်တဲ့ ရှေးဟောင်းပစ္စည်းဆိုင် တစ်ဆိုင် ရှိသေးတယ်ဆိုတာ သတိရသေးတယ်ပေါ့လေ... ကျွန်မကတော့ ရှင် မေ့နေပြီတောင် ထင်နေတာ..."
လင်းချန်ချန်၏ လေသံတွင် မကျေနပ်မှုများ ပြည့်နှက်နေသည်။ ဆိုင်ကို ပစ်ထားသော ယဲ့ဖန်ကို သူမ စိတ်ဆိုးနေပုံရသည်။
"ဘာလို့ စကားတွေ ဒီလောက် များနေရတာလဲ... ငါက မင်းကို လစာ နည်းနည်းပဲ ပေးထားလို့လား... ဒါမှမဟုတ် ခံစားခွင့်တွေ လျော့နေလို့လား... သူဌေးကို ဒီလို လာရိုင်းနေရတာလားရော... မင်းလစာကို ဖြတ်ပစ်လိုက်ရင် ဘယ်လိုနေမလဲကွ..."
ယဲ့ဖန်က ချက်ချင်းပင် သူဌေးစတိုင်လ် ဖမ်းလိုက်သည်။
လင်းချန်ချန် ချက်ချင်း လျှောချလိုက်ရသည်။
"တောင်းပန်ပါတယ် သူဌေး... ခုနက ကျွန်မ မှားသွားပါတယ်... ဘာကိစ္စ ရှိလို့လဲဟင်... ပြောသာ ပြောပါ... ကျွန်မ သေချာပေါက် ကူညီပေးပါ့မယ်..."
"ဒါမှ ငါ့လူပေါ့..."
ယဲ့ဖန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"မင်း အခု အားလား..."
"မအားဘူးလို့ ပြောလို့ ရမလား..."
"မရဘူး..."
"ရှင်က တကယ့်ကို အာဏာရှင်ပဲ... အခုက ရုံးဆင်းချိန် ရောက်နေပြီလေ... ဥပဒေအရ ကြည့်ရင် ရှင့်အမိန့်ကို ကျွန်မ ငြင်းပိုင်ခွင့် ရှိတယ်..."
လင်းချန်ချန်သည် သွေးစုပ်ကောင် သူဌေးကို ချက်ချင်း ဆန္ဒပြလိုက်သည်။
"ဟုတ်လား... မင်းက ဥပဒေအကြောင်းပါ လာပြောနေတာပေါ့လေ... ငါ့အမိန့်ကို ငြင်းရဲရင် ဒီလအတွက် လစာ မလိုချင်တော့ဘူးလို့ မှတ်လိုက်မယ်..."
ယဲ့ဖန်က ပြောင်ပြောင်တင်းတင်းပင် ခြိမ်းခြောက်လိုက်သည်။
ဘဝသမားလေး လင်းချန်ချန်ခမျာ အရှုံးပေးရုံမှတစ်ပါး အခြားမရှိတော့။
"တောင်းပန်ပါတယ် သူဌေး... နောက် မလုပ်တော့ပါဘူး... ရှင့်မှာ ဘာအမိန့်ရှိလဲသာ ပြောပါ... ကျွန်မ အကုန် လက်ခံပါတယ်..."
ယဲ့ဖန် ကျေနပ်စွာ ပြုံးလိုက်သည်။
"အဲဒါမှပေါ့... မင်းလက်ထဲမှာ ဘာအလုပ်ပဲ ရှိရှိ အကုန်ချထားခဲ့လိုက်... ပြီးရင် အမြန်ဆုံး လေယာဉ်နဲ့ ကျန်းကော ကို အခုချက်ချင်း လာခဲ့..."
"အခုလား..."
"ဟုတ်တယ်... အခုချက်ချင်း... ဒီည သန်းခေါင်မတိုင်ခင် မင်းကို မတွေ့ရင် နောက်ရက်တွေလည်း လာစရာ မလိုတော့ဘူး... နုတ်ထွက်စာသာ တင်လိုက်တော့..."
"ရှင်က တအား အာဏာရှင်ဆန်တာပဲ... ရှင်လိုလူမျိုး ဘယ်လိုလုပ် ရှိနေနိုင်တာလဲ... ကျွန်မ ကန့်ကွက်တယ်..."
"အိုး…မင်းရဲ့ ကန့်ကွက်ချက် ပယ်ချခံလိုက်ရပြီ... မင်းမှာ အချိန် (၆) နာရီ... မဟုတ်ဘူး... တိတိကျကျ ပြောရရင် (၅) နာရီနဲ့ (၄၂) မိနစ် ကျန်သေးတယ်... မင်း သဘောပဲ..."
ယဲ့ဖန် ပြောပြီးသည်နှင့် သူမကို ပြန်ပြောခွင့် မပေးတော့ဘဲ ဖုန်းချလိုက်လေ၏။
သူသည် အရည်အသွေးမြင့် ရတနာအချို့ကို 'မေပယ်ရွက်အဆောင်' တွင် ပြသရန်အတွက် ဖယ်ထားရန် စိတ်ကူးထားသည်။
စစ်မက်ဖြစ်ပွားရာခေတ်မှ ဤရှေးဟောင်းပစ္စည်းများနှင့်ဆိုလျှင် မေပယ်ရွက်အဆောင်သည် အဆင့်အတန်း တစ်ခုသို့ သေချာပေါက် မြင့်တက်သွားပေလိမ့်မည်။
နန်ယွဲ့ပြည်နယ်ရှိ မည်သည့် ရှေးဟောင်းပစ္စည်းဆိုင်တွင်မှ ဤအဆင့်အတန်း ရှိသော ပစ္စည်းမျိုး မရှိနိုင်ပေ။
ဤမျှ တန်ဖိုးကြီးသော ပစ္စည်းများသာ ရှိလျှင် မေပယ်ရွက် အဆောင်သည် နန်ယွဲ့ပြည်နယ်၏ နံပါတ်တစ် ရှေးဟောင်းပစ္စည်း အမှတ်တံဆိပ် ဖြစ်လာရန်မှာ အချိန်မရွေး ဖြစ်လာနိုင်သည့် ကိစ္စ ဖြစ်၏။
ကျူးရှောင်ကျောင်းနှင့် ဖူမာကျန်းဝူတို့သည် ဘေးမှ ကြည့်နေရင်း နှုတ်ခမ်းမဲ့လိုက်မိကြသည်။
ဒီလူက တကယ်ကို အာဏာရှင်ဆန်လွန်းသည်။ နန်ယွဲ့ပြည်နယ်မှ လူတစ်ယောက်ကို ကျန်းကောအထိ အခုချက်ချင်း လာခိုင်းသည်တဲ့။ ပြီးတော့ သန်းခေါင်မတိုင်ခင် ရောက်ရမည်တဲ့။
ဒါက ဓားပြတိုက်တာနှင့် ဘာမှ မခြားနားပေ။
သူတို့သည် တစ်ခါမှ မမြင်ဖူးသော လင်းချန်ချန်အတွက် စိတ်မကောင်း ဖြစ်မိကြသည်။
'သနားစရာ မိန်းမ... ဘာလို့ ဒီလို သွေးစုပ်ကောင် သူဌေးဆီမှာ အလုပ်လုပ်မိပါလိမ့်...'
ယဲ့ဖန်ကတော့ သူတို့ ဘာတွေးနေမှန်း မသိပေ။ လင်းချန်ချန်နှင့် ဖုန်းပြောပြီးနောက် ချန်းချုံရှန်း ဆီသို့ ဆက်လိုက်ပြန်သည်။
စီးပွားရေး အကွက်ကောင်း တစ်ခု ရနေချိန်တွင် ဒီသူငယ်ချင်းကောင်းကို သူ မေ့ထား၍ မဖြစ်ပေ။
"ဟေး... ညီလေးယဲ့... ကျန်းကောမှာ ပျော်နေလားကွ..."
ချန်းချုံရှန်း၏ ရွှင်မြူးသော အသံက ဖုန်းထဲမှ ချက်ချင်း ထွက်ပေါ်လာသည်။ သူ စိတ်ပျော်ရွှင်နေသည်မှာ သိသာလှသည်။
"အစ်ကိုချန်း... ဘာတွေများ ကံကောင်းနေတာလဲ... ကျွန်တော့်ကိုလည်း ပြောပြပါဦး..."
ယဲ့ဖန်သည် ရှေးဟောင်းပစ္စည်းအကြောင်း တန်းမပြောဘဲ အခြား အကြောင်းအရာဖြင့် စကားစလိုက်သည်။
"ဟားဟား... ဘာမှ မဟုတ်ပါဘူးကွာ... ပစ္စည်းကောင်း တစ်သုတ် ရထားလို့ပါ... ဒီလအတွက် KPI ပြည့်သွားပြီလေ..."
"အစ်ကိုချန်းရဲ့ လေသံကို ကြည့်ရတာ ပစ္စည်းက တော်တော် ဟုတ်မယ့်ပုံပဲ... ဘယ်ခေတ်ကလဲ... ဘယ်လောက် ပေးလိုက်ရလဲ..."
"ထန်ခေတ်က သုံးရောင်ခြယ် ကြွေထည်တွေကွ... စုစုပေါင်း ယွမ်သန်း (၄၀၀) ကျော်လောက် ပေးလိုက်ရတယ်... ပြန်ရောင်းရင်တော့ သန်း (၅၀၀)၊ (၆၀၀) လောက် ရလောက်တယ်..."
တကယ်တမ်းတွင် ဤအရာများသည် စီးပွားရေး လျှို့ဝှက်ချက်များ ဖြစ်သော်လည်း ချန်းချုံရှန်းက ဘာမှ ဖုံးကွယ်မထားပေ။ ဤသည်က ယဲ့ဖန်အပေါ် ထားရှိသော သူ့ယုံကြည်မှုကို ပြသနေခြင်းပင်။