← Chapters

အကြီးကြီး လုပ်ချင်ရင်တော့... သဘောထားကြီးကြီး ထားတတ်ရမယ်

Vol. 78 Ch. 1525

အကြီးကြီး လုပ်ချင်ရင်တော့... သဘောထားကြီးကြီး ထားတတ်ရမယ်

Vol. 78 Ch. 1525

~"ဟားဟား... ဒီအတိုင်း ပြန်ရောင်းလိုက်ရုံနဲ့ အမြတ်ငွေ သန်း (၁၀၀)၊ (၂၀၀) လောက် ရနိုင်တယ်ဆိုတော့... ခင်ဗျားတို့ လေလံအိမ်က တယ် ဟုတ်ပါလား..."

ယဲ့ဖန် မနေနိုင်တော့ဘဲ စနောက်လိုက်လေ၏။

"ညီလေးယဲ့ရာ... မင်းက အခုဆို စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်နေပြီလေ... သန်း (၁၀၀)၊ (၂၀၀) လောက်က မင်းအတွက်ဆို မုန့်ဖိုးလောက်ပဲ ရှိမှာပါ... ဒါနဲ့ ဒီနေ့ ဘာကိစ္စရှိလို့ ဖုန်းဆက်တာလဲ..."

"ဘာမှ ထွေထွေထူးထူးတော့ မရှိပါဘူးဗျာ... ပစ္စည်းကောင်း တစ်သုတ်လောက် ရထားလို့... အရည်အသွေးက တော်တော်လေး ကောင်းမွန်တယ်လို့ ထင်ရတာပဲ... ခင်ဗျား စိတ်ဝင်စားမလားလို့ မေးကြည့်တာပါ..."

ယဲ့ဖန်သည် ချန်းချုံရှန်း လန့်သွားမည် စိုးသဖြင့် လှည့်ပတ်ကာ ပြောလိုက်သည်။

"ညီလေးယဲ့ရဲ့ ပစ္စည်း ဆိုမှတော့ ဘယ်ဆိုးပါ့မလဲကွ... ငါ ချက်ချင်းပဲ ကျန်းကောရုံးခွဲကို လှမ်းပြောပြီး လူလွှတ်လိုက်မယ်..."

"ဟာ... Sotheby's က အဲ့ဒီလောက်တောင် စည်းလုံးသွားပြီလား... ကိုယ်တိုင် ပွပေါက်တိုးနေတာတောင် တခြားရုံးခွဲက လူတွေကို အခွင့်အရေး ပေးလိုက်တယ်ပေါ့... ခင်ဗျားက တော်တော် သဘောထားကြီးတာပဲ..."

"ဟားဟား... အကြီးကြီး လုပ်ချင်ရင်တော့ သဘောထား ကြီးကြီး ထားတတ်ရမယ်လေ... ငါတို့ နန်ယွဲ့ရုံးခွဲက အသားစားရရင် တခြား ညီအစ်ကို မောင်နှမတွေကိုလည်း ဟင်းရည်လေးတော့ တိုက်ရမှာပေါ့... ဒါမှ ငါတို့ လုပ်ငန်းတွေ လုပ်ရတာ ပိုအဆင်ပြေမှာ..."

ချန်းချုံရှန်းသည် Sotheby's နန်ယွဲ့ရုံးခွဲ၏ အထွေထွေမန်နေဂျာ ဖြစ်ခါစသာ ရှိသေးသော်လည်း၊ ပြောလိုက်သည့် စကားများကတော့ ခေါင်းဆောင်ကြီး တစ်ယောက်၏ လေယူလေသိမ်းမျိုး ပေါက်နေနေပြီ ဖြစ်၏။

"ကောင်းပြီလေ... ဒါပေမယ့် ဒီတစ်ခေါက် ပစ္စည်း အရေအတွက်က နည်းနည်း များတယ်နော်... ရာထူး နည်းနည်းကြီးတဲ့ လူလောက်ပဲ လွှတ်လိုက်ပါ... ရာထူးနိမ့်တဲ့လူဆိုရင် လုပ်ပိုင်ခွင့်အာဏာ မရှိမှာ စိုးရိမ်လို့..."

ယဲ့ဖန်က စေတနာဖြင့် သတိပေးလိုက်သည်။

"ညီလေးယဲ့ရာ... မင်းကလည်း စိုးရိမ်လွန်းနေပါပြီ... သန်းရာဂဏန်းလောက် ပရောဂျက်ဆိုရင် မန်နေဂျာ အဆင့်လောက်နဲ့တင် ဆုံးဖြတ်လို့ ရပါတယ်..."

ချန်းချုံရှန်းက ယဲ့ဖန် ရောင်းမည့် ပစ္စည်းသည် အများဆုံးရှိလှ သန်းရာဂဏန်းလောက်သာ ရှိမည်ဟု ထင်မှတ်ထားခြင်း ဖြစ်၏။

ဘာပဲပြောပြော ယဲ့ဖန် ကျန်းကောရောက်တာ ရက်ပိုင်းလောက်ပဲ ရှိသေးသည် မဟုတ်လား။

ရက်ပိုင်းလေးအတွင်း သန်းရာဂဏန်းတန်ဖိုးရှိသော ရှေးဟောင်းပစ္စည်း ရရှိခြင်းသည်ပင် အတော်လေး များပြားနေပြီဟု ဆိုရမည်။

သို့သော် ယဲ့ဖန်က ခေါင်းခါလိုက်လေ၏။

"ဒီတစ်ခေါက် ပစ္စည်းတန်ဖိုးက သန်းရာဂဏန်းလောက်နဲ့ ဘယ်ရမလဲဗျ..."

"သန်းရာဂဏန်းထက် များတယ်..."

ချန်းချုံရှန်း ကြောင်အသွားသည်။

"ဒါဆို... ဘီလီယံ (၁၀၀၀) ကျော်လောက် ရှိလို့လား..."

တကယ်သာ ထိုပမာဏမျိုး ဖြစ်နေလျှင်တော့ ကျန်းကောရုံးခွဲမှ လုပ်ဖော်ကိုင်ဖက်များကို လက်လွှဲပေးဖို့ တွန့်ဆုတ်မိသွားသည်။

ယွမ် (၁) ဘီလီယံကျော်တန် ပစ္စည်းဆိုလျှင် ကော်မရှင်ခ များပြားရုံသာမက၊ Sotheby's အတွင်း၌ သူ၏ မျက်နှာပန်း လှလာစေနိုင်သည် မဟုတ်ပါလော။

ဒါက ကိတ်မုန့်အကြီးကြီး ဖြစ်၏။

သို့သော် ယဲ့ဖန်က ဆက်ပြောလာပြန်သည်။

"ခင်ဗျား စိတ်ကူးကို နည်းနည်း ထပ်ချဲ့ကြည့်ပါဦး..."

"ဒါဆို... (၂) ဘီလီယံလား... ညီလေးယဲ့... မင်း ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်... မင်း ကျန်းကော ရောက်တာ ဘယ်နှစ်ရက် ရှိသေးလို့ (၂) ဘီလီယံတန် ပစ္စည်း ရနိုင်မှာလဲ..."

ချန်းချုံရှန်း ထိုင်ရာမှ ထလိုက်မိတော့သည်။

တကယ်သာ (၂) ဘီလီယံတန် ပစ္စည်းဆိုလျှင် သူကိုယ်တိုင် သွားရောက် ကိုင်တွယ်ရမည်။

ကျန်းကောက လုပ်ဖော်ကိုင်ဖက်တွေကို ဟင်းရည်တိုက်မယ် ဟုတ်လား။ ဟင်းရည်မပြောနှင့်၊ ရေတောင် မတိုက်နိုင်ပေ။

"ဟူး... ခင်ဗျားက Sotheby's နန်ယွဲ့ရုံးခွဲ မန်နေဂျာ ဖြစ်လာပြီဆိုတော့... အမြင်လေးဘာလေးများ ကျယ်လာမလားလို့... ဒီလောက်ပဲလား..."

ယဲ့ဖန်သည် သူ့အသံထဲတွင် အထင်သေးမှုကို ဖုံးကွယ်မထားပေ။

"(၂) ဘီလီယံတောင် မလောက်သေးဘူးလား... ငါ... ညီလေးယဲ့ရာ... ငါ့ကို နောက်မနေပါနဲ့တော့... ဒီတစ်ခေါက် ပစ္စည်းက ဘယ်လောက်တန်လို့လဲ... အတိအကျသာ ပြောလိုက်ပါတော့ကွာ..."

ချန်းချုံရှန်း၏ လေသံမှာ တောင်းပန်တိုးလျှိုးသည့်ဘက်သို့ ရောက်သွားရှာသည်။ ဤမျှ နှိပ်စက်မှုကို သူ ဆက်ပြီး သည်းမခံနိုင်တော့။

ယဲ့ဖန်၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားလေ၏။

"ကျွန်တော့်မှာ ပစ္စည်းဘယ်လောက်ရှိလဲ ဆိုတာကို ခင်ဗျား မမေးသင့်ဘူး... ခင်ဗျား မေးရမှာက... ခင်ဗျားတို့ Sotheby's ရဲ့ ဗိုက်က ဘယ်လောက် ဆံ့သလဲ ဆိုတာကိုပဲ... ဒီတစ်ခေါက်တော့ ခင်ဗျားတို့ စားနိုင်သလောက် ကျွန်တော် ကျွေးမယ်..."

"ညီလေးယဲ့... မင်း နည်းနည်းတော့ လေကြီးလွန်းနေပြီ ထင်တယ်... Sotheby's ရဲ့ အင်အားကို မင်း မသိတာလည်း မဟုတ်ဘဲနဲ့... ငါတို့က နှစ်ပေါင်း (၂၅၀) ကျော် သက်တမ်းရှိတဲ့ ကမ္ဘာကျော် လေလံအိမ်ကြီးနော်..."

"တော်ပါ... တော်ပါ... ခင်ဗျားဆီက သမိုင်းကြောင်းတွေ လာနားထောင်နေတာ မဟုတ်ဘူး... ကျွန်တော် သိချင်တာက တစ်ခါတည်းနဲ့ ပစ္စည်းဘယ်လောက်ဖိုး ဝယ်နိုင်လဲ ဆိုတာပဲ..."

ယဲ့ဖန် စိတ်မရှည်တော့ပေ။

"တရုတ်ပြည်တွင်းက Sotheby's ရဲ့ အင်အားနဲ့ဆိုရင်တော့... ဖြစ်နိုင်တာက... ယွမ် (၁၀) ဘီလီယံဖိုးလောက်တော့ ဝယ်နိုင်လောက်ပါတယ်..."

"ကောင်းပြီလေ... ဒါဆိုရင် ကျွန်တော် ခင်ဗျားကို (၁၀) ဘီလီယံဖိုး ရောင်းပေးမယ်... ကျန်းကောက တာဝန်ရှိသူကို ဆက်သွယ်ပြီး ပစ္စည်းလာစစ်ခိုင်းလိုက်တော့..."

"ဘုန်း..."

ယဲ့ဖန်၏ ရဲတင်းသော စကားသံအဆုံးတွင် တစ်ဖက်မှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက် ဖင်ထိုင်လျက်သား လဲကျသွားသည့် အသံမျိုးပင်။

ခဏအကြာတွင် ချန်းချုံရှန်း၏ အသံ ပြန်ထွက်လာသည်။

"ယဲ့... ယဲ့ဘိုးဘေး..."

"အဲဒီလောက်ထိ ယဉ်ကျေးစရာ မလိုပါဘူးဗျာ... ဘာလို့ ဘိုးဘေးတွေ ဘာတွေ လာခေါ်နေတာလဲ... ဦးလေးလို့ပဲ ခေါ်ပါ..."

"ညီလေးယဲ့... မင်း ငါ့ကို နောက်နေတာ မဟုတ်ဘူးနော်... (၁၀) ဘီလီယံ... (၁၀) ဘီလီယံ ဆိုတာ သေချာလို့လား..."

ချန်းချုံရှန်းသည် ယခုထိ မယုံနိုင်သေးဘဲ ထပ်ခါတလဲလဲ မေးမြန်းနေမိ၏။

"ခင်ဗျား ခုထိ မယုံသေးဘူးလား..."

ယဲ့ဖန်က စိတ်ပျက်စွာ မေးလိုက်သည်။

"ငါက မင်းကို ယုံလွန်းလို့ ထပ်မေးနေတာပေါ့ကွ... တခြားလူသာ လာပြောရင် လိမ်တာပဲဆိုပြီး ရဲတိုင်လိုက်ပြီ..."

ချန်းချုံရှန်း ရယ်ရခက် ငိုရခက် ဖြစ်နေသည်။

"ကဲ... ဒါဆို ထပ်ပြောမယ်... တကယ်ပဲ (၁၀) ဘီလီယံကျော်တန် ရှေးဟောင်းပစ္စည်းတွေပါ... အားလုံးက စစ်မက် ဖြစ်ပွားရာခေတ်က ပစ္စည်းတွေချည်းပဲ..."

"ကောင်းပြီ... ကောင်းပြီ... ငါကိုယ်တိုင် ကျန်းကောကို လာခဲ့မယ်..."

"ခင်ဗျားကိုယ်တိုင် လာစရာ မလိုပါဘူး... ကျန်းကောက ခင်ဗျား လုပ်ဖော်ကိုင်ဖက်တွေကို ဟင်းရည်လေး ဘာလေး တိုက်လိုက်ပါ..."

"မရဘူး... ဟင်းရည် မပြောနဲ့... ရေတောင် မတိုက်နိုင်ဘူး... ဘယ်သူက သူတို့ကို အဲ့ဒီလောက် အသုံးမကျခိုင်းလို့လဲ..."

"ဒီလိုတော့ တစ်ကိုယ်ကောင်း မဆန်နဲ့လေ... အကြီးကြီး လုပ်ချင်ရင်တော့ သဘောထား ကြီးကြီး ထားတတ်ရမယ် မဟုတ်လား..."

"သဘောထားကြီးတာတွေ ဘာတွေ နားမလည်တော့ဘူး..."

ကျူးရှောင်ကျောင်းမှာ ဘေးမှ နားထောင်ရင်း ကြက်သေသေနေမိ၏။

ယဲ့ဖန်က ဖုန်းတစ်ချက် ဆက်ရုံဖြင့် (၁၀) ဘီလီယံ တန်ဖိုးရှိ ပစ္စည်းများကို ရောင်းထုတ်လိုက်နိုင်သည် မဟုတ်ပါလော။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှေးဟောင်းပစ္စည်းပုံကြီး၏ တစ်ဝက်ကျော်ကျော်လောက် ရှင်းသွားခဲ့နေပြီ ဖြစ်၏။

ကြည့်ရတာ သူမ ရှုံးတော့မည့်ပုံ ပေါက်နေသည်။

ချန်းချုံရှန်းနှင့် ဖုန်းပြောပြီးနောက် ယဲ့ဖန်သည် သူမကို ကြည့်ကာ ပြုံးလိုက်လေ၏။

"ဘယ်လိုလဲ... ယုံပြီလား..."

ကျူးရှောင်ကျောင်းသည် နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမ စိတ်ထဲတွင် အထင်ကြီးနေပြီ ဖြစ်သော်လည်း အရှုံးတော့ မပေးချင်သေး။

"ရှင် အကုန်လုံး ရှင်းထုတ်နိုင်တာမှ မဟုတ်သေးတာ... ဟိုမှာ ဖို ကျန်နေသေးတယ်လေ..."

သူမသည် လက်ညှိုးထိုးကာ ယန်ကျိုးဖိုကို ပြလိုက်သည်။

ဤဖိုက ရှင်းထုတ်ရ အခက်ခဲဆုံး ဖြစ်ကြောင်း သူမ သိနေသည်။

အဘယ်ကြောင့် ဆိုသော် ဤအဆင့် ရှိသော ရတနာသည် ရှေးဟောင်းပစ္စည်း မဟုတ်တော့ပေ။ နိုင်ငံတော် အဆင့် ရတနာအဖြစ် သတ်မှတ်ခံရမည့် ပစ္စည်း ဖြစ်၏။

Sotheby's တောင်မှ ဝယ်ယူနိုင်စွမ်း ရှိချင်မှ ရှိလိမ့်မည်။

ဝယ်ယူနိုင်စွမ်း ရှိလျှင်တောင်မှ ဝယ်ရဲမည့် သတ္တိ ရှိမည်မဟုတ်။

အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်အဆင့် ရတနာများကို ရောင်းဝယ်ဖောက်ကားခြင်းအား ဥပဒေဖြင့် တားမြစ်ထားသောကြောင့် ဖြစ်၏။

စည်းကမ်းချိုးဖောက်မိလျှင် ပြင်းထန်စွာ အပြစ်ပေးခံရမည် ဖြစ်၏။

"ငါ ဒီကောင်ကြီးကို မေ့နေတာပဲ..."

ယဲ့ဖန်သည် လျှောက်သွားပြီး ကြေးဖိုကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိ၏။

ကျူးရှောင်ကျောင်း ပြန်လည် ကျေနပ်သွားပြန်သည်။

"တွေ့လား...ကျွန်မ ပြောသားပဲ... ရှင် အရှုံးပေးလိုက်ပါတော့..."

ယဲ့ဖန် သူမကို မျက်စောင်းထိုးလိုက်သည်။

"ဘယ်သူက အရှုံးပေးမယ် ပြောလို့လဲ... လမ်းစဆိုတာ အမြဲ ရှိစမြဲပဲ... မကြားဖူးဘူးလား..."

"ဒါဆို ရှင်းထုတ်ပြလေ..."

ကျူးရှောင်ကျောင်းသည် မေးငေါ့ကာ စိန်ခေါ်လိုက်သည်။

ထိုအချိန်တွင် ယဲ့ဖန်၏ ဖုန်း ရုတ်တရက် မြည်လာလေ၏။

ကောက်ကိုင်ကြည့်လိုက်ရာ ချန်းဖေးအယ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ယဲ့ဖန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတော့သည်။

အိပ်ချင်နေတုန်း ခေါင်းအုံးလာပေးသည် ဆိုတာ ဒါမျိုးကို ပြောတာပဲ။

သူ ဖုန်းဆက်မည် လုပ်နေတုန်း သူမက အရင် ဆက်လာသည် မဟုတ်ပါလော။

"ဟယ်လို... ခေါင်းဆောင်ကြီး... ဘာများ အမိန့်ပေးစရာ ရှိလို့လဲ..."

"ဟွန်း... ဘယ်သူက ရှင့်ခေါင်းဆောင်လဲ..."

ချန်းဖေးအယ်သည် ယဲ့ဖန်၏ အခေါ်အဝေါ်ကြောင့် မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။

"ကိုယ် ကလည်း အခု လုံခြုံရေးအဖွဲ့ဝင် ဖြစ်နေပြီလေ... မင်းကို ခေါင်းဆောင်လို့ ခေါ်ရမှာပေါ့..."

"ရှင်က လုံခြုံရေးအဖွဲ့ရဲ့ အထူးကျွမ်းကျင်သူပဲ ရှိသေးတာ... တိတိကျကျ ပြောရရင် တရားဝင် အဖွဲ့ဝင် မဟုတ်သေးဘူး... အဖွဲ့ဝင် ဟုတ်ရင်တောင်မှ ကျွန်မက ရှင့်ကို ခေါင်းဆောင်လို့ မရဘူး..."

"ရပါတယ်... ဘာပဲဖြစ်ဖြစ် ကိုယ့်စိတ်ထဲမှာတော့ မင်းက ခေါင်းဆောင်ပါပဲ…”

All Chapters