← Chapters

ခင်ဗျား ထပ်ပြီး စွမ်းဆောင်လိုက်ပြန်ပြီလား...

Vol. 78 Ch. 1526

ခင်ဗျား ထပ်ပြီး စွမ်းဆောင်လိုက်ပြန်ပြီလား...

Vol. 78 Ch. 1526

~"ရှင် ဒီနေ့မှ ဘာလို့ စကားတွေ နွဲ့နေရတာလဲ... ကျွန်မကို တစ်ခုခု ခိုင်းစရာ ရှိလို့မလား..."

ချန်းဖေးအယ်သည် ယဲ့ဖန်နှင့် ဆက်ဆံခဲ့ဖူးသည်မှာ ကြာပြီ ဖြစ်၍ ဤလူ့ အကြောင်း ကောင်းကောင်း သိနေသည်။

အကြောင်းမရှိ အကြောင်းရှာပြီး လာကောင်းနေပြီ ဆိုလျှင် တစ်ခုခု မရိုးမသား ကြံစည်နေပြီ ဆိုတာ သေချာသည်။

"ကိုယ်က အဲဒီလို လူစားမျိုးမို့လို့လားဗျာ... ဘယ်ဟုတ်ပါ့မလဲ... မင်း အရမ်းတော်တယ်လို့ တကယ် တွေးမိလို့ပါ... မင်းရဲ့ ခေါင်းဆောင်တွေက ရာထူးမတိုးပေးတာ တကယ် မဖြစ်သင့်ဘူးကွ..."

"တော်ပါ... လိုရင်းကိုပဲ ပြောစမ်းပါ... ဘာကူညီပေးရမလဲ..."

ချန်းဖေးအယ်၏ လေသံမှာ အနည်းငယ် သတိထားနေပုံ ပေါက်သွားသည်။

ယဲ့ဖန် တွန့်ဆုတ်သွားသည်။

"မင်း အရင်ပြောပါ... မင်းက စပြီး ဖုန်းဆက်တာလေ... ဆွေးနွေးစရာ ရှိလို့ နေမှာပေါ့..."

"ကျွန်မ ဆက်တာက ရှင့်ကို ဂုဏ်ပြုချင်လို့ပါ... ရှင် စွမ်းဆောင်ရည်ကောင်း တစ်ခု ထပ်ရပြန်ပြီလေ..."

"နောက်ထပ် စွမ်းဆောင်ရည်ကောင်း ဟုတ်လား... ကိုယ် ဘာလို့ မသိရတာလဲ..."

ယဲ့ဖန် ကြောင်အသွားသည်။

"ရှင် ဖမ်းပေးလိုက်တဲ့ ဓားပြဂိုဏ်းလေ... စုံစမ်းကြည့်လိုက်တော့ အဲဒီဂိုဏ်းက ယွမ်သန်းဆယ်ချီ ခိုးထားတဲ့အပြင် လူသတ်မှုကြီးတွေလည်း အများကြီး ကျူးလွန်ထားတာ... သူတို့ လုပ်ရပ်တွေက ရက်စက်လွန်းပြီး အကျိုးသက်ရောက်မှုကလည်း အရမ်း ဆိုးရွားတယ်... တစ်နိုင်ငံလုံးက ဝရမ်းထုတ်ထားတဲ့ အဖွဲ့လေ..."

သူမ ရှင်းပြတာကို နားထောင်ပြီး ယဲ့ဖန် ကြောင်သွားသည်။

သူက သူ သတ်ခဲ့သော မျိုးရိုးဗီဇ ပြုပြင်ထားသူ အယောက် (၂၀) ကျော်အကြောင်း ပြောနေသည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။

ထိုဓားပြအဖွဲ့လေး ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဒါက မရည်ရွယ်ဘဲ စိုက်လိုက်သည့် မိုးမခပင်က အညွန့်တလူလူ ဖြစ်ထွန်းလာသည်နှင့် တူနေသည်။

"အော်..ကိုယ်က စွမ်းဆောင်ရည်ကောင်း ရသွားပြီဆိုတော့... ဆုကြေးကော ရမှာလား..."

"ရှင်က တအား ပိုက်ဆံမက်တာပဲ... ဆုကြေး မရရင် လူဆိုး မဖမ်းတော့ဘူးလား..."

ချန်းဖေးအယ်က သူ့ကို အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။

"ဆုကြေးကို မျှော်လင့်ထားတာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ မင်းက ကိုယ့်ကို စွမ်းဆောင်ရည်ကောင်း ရထားတယ်လို့ ပြောတယ်လေ... မင်းတို့က ဆုချလို့ ကိုယ် မယူရင် အဲဒါ ကိုယ့်အပြစ်... ဒါပေမယ့်.. မင်းတို့က ဆုမချရင်ကျတော့ အဲဒါ မင်းတို့ အပြစ် ဖြစ်သွားပြီ..."

ယဲ့ဖန်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

ချန်းဖေးအယ် မျက်စောင်းထိုးနေမည်ကို မြင်ယောင်ကြည့်၍ ရ၏။

"စိတ်မပူပါနဲ့... ဆုကြေး ရမှာပါ... ဒီဂိုဏ်းက အရမ်း အန္တရာယ်များပြီး ဂယက်ရိုက်ခတ်မှုကလည်း ကြီးလွန်းတော့... အထက်လူကြီးတွေက ရှင့်ကို ဆုကြေး ယွမ် (၁၀) သန်းနဲ့ ဒုတိယ အဆင့် ဂုဏ်ပြုဆု ချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်တယ်..."

ယဲ့ဖန် စကားမပြောနိုင်တော့ပေ။

လုံခြုံရေးအဖွဲ့က ဒီလောက် ရက်ရောလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဆုကြေး ယွမ် (၁၀) သန်းတောင် ပေးသည်တဲ့။

(၁၀) သန်း ဆိုသည်မှာ လက်ရှိ သူ့ပိုင်ဆိုင်မှုနှင့် ယှဉ်လျှင် သမုဒ္ဒရာထဲက ရေတစ်စက် ပမာဏသာ ရှိသော်လည်း...

ယင်ကောင် ဘယ်လောက်ပဲ သေးသေး အသားတော့ အသားပဲလေ။ ပိုက်ဆံ ပိုရတာကို ဘယ်သူက ငြင်းမှာလဲ။

"ကဲ... ကျွန်မ ပြောစရာ ကုန်ပြီ... ရှင် ခုနက ပြောချင်တာ ဘာလဲ... ပြောတော့..."

ချန်းဖေးအယ်သည် အလုပ်ကိစ္စ ပြောပြီးသွားပြီမို့ လေသံက ပေါ့ပါးသွားသည်။

ယဲ့ဖန် ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။

"ဪ... ဟုတ်သားပဲ... မေးစရာ ရှိလို့... အခု ကိုးပြည်ထောင် ဖိုနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ရှာတွေ့ရင် ဆုကြေး ရှိလားဟင်..."

"ကိုးပြည်ထောင် ဖို ဟုတ်လား... ရှင့်ဆီမှာ သဲလွန်စ ရထားပြန်ပြီလား..."

ချန်းဖေးအယ်သည် မူလက စိတ်မဝင်စားသလို ဖြစ်နေသော်လည်း ဖိုအကြောင်း ကြားလိုက်ရသည့်အခါ ချက်ချင်း တက်ကြွသွားလေ၏။

"ကိုယ့်မေးခွန်းကို အရင် ဖြေပါဦး..."

ယဲ့ဖန်သည် ချက်ချင်း အဖြေမပေးဘဲ ဆုကြေး အကြောင်းကို အရင် မေးလိုက်သည်။

ချန်းဖေးအယ်သည် ဤလူ အကျိုးမရှိဘဲ အလုပ်လုပ်မည့်သူ မဟုတ်ကြောင်း သိနေသဖြင့် သက်ပြင်းချလိုက်ရသည်။

"ရှိပါတယ်... ရှင်ပေးတဲ့ သတင်းက ခိုင်လုံမယ်ဆိုရင် ဆုကြေးက ယွမ်သန်းဆယ်ချီ ရှိပါတယ်..."

"ဒါဆို... ယန်ကျိုး ဖို အစစ်ကို အပ်မယ် ဆိုရင် ဘယ်လောက် ရမလဲ..."

ယဲ့ဖန်က ဆက်မေးလိုက်သည်။

"ရှင်သာ ဖိုတစ်လုံးကို အပ်နှံနိုင်မယ်... ကျွမ်းကျင်သူတွေကလည်း အစစ်လို့ အတည်ပြုပေးမယ်ဆိုရင်... ဆုကြေးက အနည်းဆုံး ဘီလီယံ (၂၀) အထက်မှာ ရှိပါတယ်..."

ချန်းဖေးအယ်က စိတ်ရှည်လက်ရှည် ဖြေကြားပေးလိုက်သည်။

ယဲ့ဖန်က ဖုန်းကို Speaker ဖွင့်ထားသဖြင့် ကျူးရှောင်ကျောင်းနှင့် ဖူမာကျန်းဝူတို့ပါ ကြားလိုက်ကြသည်။

မိန်းကလေးနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြပြီး အံ့အားသင့်နေသော မျက်နှာများကို မြင်လိုက်ကြရသည်။

ကြည့်ရတာ သာမန် ကြေးအိုးကြီးတစ်လုံးလို ဖြစ်နေတဲ့ အရာက ဘီလီယံ (၂၀) တောင် တန်တယ် ဟုတ်လား။

ဒါက နည်းနည်းတော့ မများလွန်းဘူးလား။

"ရှင်...ဘာကို ဆိုလိုတာလဲ... နောက်ထပ် ဖို တစ်လုံး ရထားတာလား..."

ချန်းဖေးအယ်၏ တုံ့ပြန်မှုက အတော်လေး နောက်ကျနေသည်။ အခုမှ ယဲ့ဖန်၏ စကားကို သဘောပေါက်ပြီး အသံများပင် တုန်ရီလာလေ၏။

ကိုးပြည်ထောင် ဖို မည်မျှ ရှားပါးကြောင်း သူမ ကောင်းကောင်း နားလည်သည်။

အရင်တုန်းက ယွီကျိုး ဖို ကို ဂျပန်မှ ပြန်သယ်လာတုန်းက သူမနှင့် ယဲ့ဖန် အတော်လေး ဒုက္ခရောက်ခဲ့ကြရသည်။

နောက်ဆုံး ပြည်တွင်းကို ပြန်သယ်လာသည့် အခါမှာတောင် ပုံမှန် လမ်းကြောင်းက မသွားရဲဘဲ မှောင်ခိုလမ်းကြောင်းကနေ သယ်ခဲ့ရသည် မဟုတ်ပါလော။

ယဲ့ဖန်သာ တကယ် နောက်ထပ် ဖို တစ်လုံး ရှာတွေ့ခဲ့သည်ဆိုလျှင် နိုင်ငံတော်အတွက် ကြီးမားသော စွမ်းဆောင်ရည်တစ်ရပ် ဖြစ်ပေလိမ့်မည်။

သူမ အလွန် စိတ်လှုပ်ရှားနေကြောင်း ယဲ့ဖန် ခံစားမိလိုက်သည်။

ထိုအချိန်တွင် သူ ရုတ်တရက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

သူ ဇာတ်လမ်းတစ်ပုဒ် ဆင်ရမည်။ လူတွေကို မျက်ရည်ကျသွားစေနိုင်လောက်သည့် ဇာတ်လမ်းမျိုး ဖြစ်ရမည်။

ဒီ ယန်ကျိုး ဖိုကို ဒဏ္ဍာရီဆန်ဆန် အရောင်တင်ပေးလိုက်သည်ဟု သဘောထားလိုက်တော့မည်။

ထို့နောက် ယဲ့ဖန်သည် စိတ်လှုပ်ရှားဖွယ်ကောင်းသော ဇာတ်လမ်းတစ်ပုဒ်ကို စတင် ပြောပြလိုက်တော့သည်။

သူ ငယ်ငယ်က ကြည့်ဖူးသမျှ စစ်ကားတွေထဲက နည်းလမ်းတွေကို အကုန်ထုတ်သုံးပြီး ပြောပြလိုက်ခြင်း ဖြစ်၏။

တရုတ်ပြည်၏ အမျိုးသား ရတနာကို ကာကွယ်ရန်အတွက် သူနှင့် သူ့အဖွဲ့သားများသည် ရန်သူများနှင့် အသက်လု တိုက်ပွဲဝင်ခဲ့ကြရပုံ၊ ဖြစ်စဉ်တစ်ခုလုံး မည်မျှ ကြေကွဲစရာ ကောင်းပုံများကို ဖွဲ့နွဲ့ပြောပြလိုက်သည်။

ဘာမှ မဖြစ်ဘဲ ကောင်းမွန်နေသော သူ့ကိုယ်သူလည်း ဒဏ်ရာအပြင်းအထန် ရထားသည်ဟု ပြောလိုက်သည်။

မူလက အဖွဲ့သား တစ်ယောက်မှ မသေဆုံးခဲ့သော်လည်း၊ ယခုတော့ အဖွဲ့သား အများအပြား သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ မရေမတွက်နိုင်အောင် ရှိကြောင်း ပြောလိုက်လေ၏။

ချန်းဖေးအယ် နားထောင်ပြီးနောက် သူမ၏ အသံမှာ တကယ်ပင် ဆို့နင့်သွားရှာသည်။

"ဒီ ယန်ကျိုး ဖိုအတွက် ရှင် ဒီလောက်ထိ ပေးဆပ်ခဲ့ရမယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး... ပေးဆပ်သွားကြတဲ့ သူရဲကောင်းတွေကို ကျွန်မကိုယ်စား ဂါရဝပြုပေးပါ... နိုင်ငံတော်က သူတို့ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး..."

ယဲ့ဖန်သည် သူမ၏ စိတ်ဓာတ်မြှင့်တင်ပေးသော စကားများကို ကြားရသောအခါ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။

"ဒီလောက်ပဲလား... တခြား ဘာမှ မရှိတော့ဘူးလား..."

"တခြား ဘာရှိရဦးမှာလဲ... ရှင် ဘာကို ဆိုလိုတာလဲ..."

ချန်းဖေးအယ် နားမလည် ဖြစ်သွားသည်။

သူမ နားမလည်ချင်ယောင် ဆောင်နေသည်ဟု ယူဆပြီး ယဲ့ဖန် ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။

"ကိုယ့် လူတွေက နိုင်ငံတော် ရတနာကို ကာကွယ်ရင်း အသက်ပေးလိုက်ရတာလေ... လုံခြုံရေးအဖွဲ့က နစ်နာကြေးလေး ဘာလေး မပေးနိုင်ဘူးလား..."

ချန်းဖေးအယ် နောက်ဆုံးတော့ သဘောပေါက်သွားပြီး တွန့်ဆုတ်သွားသည်။

"ဒါပေမဲ့ သူတို့က လုံခြုံရေး အဖွဲ့ဝင်တွေမှ မဟုတ်တာ..."

"သူတို့ကလည်း နိုင်ငံတော် ရတနာကို ကာကွယ်ရင်း အသက်ပေးသွားကြတဲ့ ဖြောင့်မတ်သူတွေပဲလေ... ခင်ဗျားတို့က ဘာမှ ကျေးဇူးတုံ့ပြန်မှု မပြဘူးဆိုရင်... နိုင်ငံနဲ့ လူမျိုးအတွက် အသက်ပေးလှူချင်တဲ့ တခြား ဖြောင့်မတ်သူတွေရဲ့ စိတ်နှလုံးကို ရိုက်ချိုးလိုက်သလို မဖြစ်ဘူးလား... သူရဲကောင်းတွေကို သွေး၊ ချွေး၊ မျက်ရည် ကျရုံသက်သက်နဲ့ ပြီးသွားစေလို့ ဘယ်ဖြစ်မလဲ... စဉ်းစားကြည့်ပါဦး..."

"တော်ပါ... တော်ပါ... ရှင့်ရဲ့ စွပ်စွဲချက်ကြီးတွေကို ကျွန်မ မခံနိုင်တော့ဘူး..."

ချန်းဖေးအယ်သည် သူ၏ ကိုယ်ကျင့်တရားဆိုင်ရာ ပြန်ပေးဆွဲမှုကို မခံနိုင်တော့ပေ။ ဆုမချလျှင် သူမသည် သစ္စာမရှိ၊ တရားမျှတမှု မရှိ၊ နှလုံးသား မရှိသော လူယုတ်မာမကြီး ဖြစ်တော့မည့်ပုံ ပေါက်နေသည်။

သူမ ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

"အထက်ကို တင်ပြပေးပါ့မယ်... အတည်ပြု မပြု ဆိုတာကတော့ ကျွန်မ ပိုင်းဖြတ်လို့ မရဘူးလေ..."

"ဒါဆိုရင်တော့ သေသွားတဲ့ ညီအစ်ကိုတွေ ကိုယ်စား ကျေးဇူးတင်ပါတယ်ဗျာ... အဟွတ်... အဟွတ်... မရတော့ဘူး... စကား ဆက်မပြောနိုင်တော့ဘူး... မနေ့ညက ဒဏ်ရာပြင်းထန်သွားပြီး အတွင်းအားတွေ တော်တော် ထိခိုက်သွားတယ်... အချိန်အကြာကြီး တံခါးပိတ် ကျင့်ကြံပြီး ကုသမှ ရတော့မယ်..."

ပိုပြီး ပီပြင်သွားစေရန်အတွက် ယဲ့ဖန်သည် ချောင်းအနည်းငယ် ဟွတ်ပြလိုက်သေးသည်။

ချန်းဖေးအယ် ဆဲချင်စိတ် ပေါက်သွားသည်။

ဒီလူ့ သရုပ်ဆောင်ချက်က တကယ်ကို ညံ့ဖျင်းလွန်းသည်။

ခုနလေးတင် အသံက အားပါနေပြီးတော့၊ အခုကျမှ သေခါနီး လူမမာလို ဖြစ်သွားရသည်တဲ့။

သူမကို အရူး လုပ်နေတာလား။

သို့သော် သူမ ဘာမှ ထုတ်မပြောတော့ပေ။

ယန်ကျိုး ဖိုကို ရဖို့ ဆိုတာ ဘယ်လွယ်ပါ့မလဲ။

ယဲ့ဖန် ပြောသလောက် အတိအကျ မဟုတ်လျှင်တောင်မှ သူ အများကြီး ပေးဆပ်ခဲ့ရမှာတော့ သေချာသည်။ သူ့ကို ပြန်လည် ကုစားပေးသင့်သည်က ဖြစ်သင့်သော ကိစ္စ ဖြစ်၏။

ယဲ့ဖန်သည် စကား ဆက်မပြောတော့ဘဲ ဖုန်းချလိုက်လေ၏။

ကျူးရှောင်ကျောင်းနှင့် ဖူမာကျန်းဝူတို့၏ မျက်နှာများကို လှမ်းကြည့်လိုက်သည့်အခါ နှစ်ယောက်စလုံး ကြက်သေသေပြီး ငေးကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

All Chapters