← Chapters

ချူချင်း၏တိုက်ခိုက်မှုပုံစံ

Vol. 47 Ch. 645

ချူချင်း၏တိုက်ခိုက်မှုပုံစံ

Vol. 47 Ch. 645

ဝှစ်....

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ချူချင်း၊ ယောင်ယောင်နှင့် ဇူယွမ်တို့မှာ အရှေ့သို့ တိုးထွက်လာကြသည်။ ချူချင်းတို့သုံးဦးမှာ ကျောင်းထိုက်ရှင်းတို့ထံသို့ အလျင်မြန်ဆုံး ပျံဝဲသွားကြ၏။

ကျောင်းထိုက်ရှင်းမှ တစ်ချက်မျှလှည့်ကြည့်ကာ စကားဆိုလိုက်သည်။ "ထွက်တော့ထွက်လာနိုင်သားပဲ။"

ကျန်းထိုက်ချင်မှာလည်း တစ်ချက်မျှ လှည့်ကြည့်လိုက်ပြီးနောက် သူမ၏ နီထွေးသော နှုတ်ခမ်းသားလေးများဖြင့် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "ချူချင်းနဲ့အတူ လာကြတာက ဇူရှောင်ယိုနဲ့ ဇူယွမ် ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ စိတ်ဝင်စားစရာကောင်းသားပဲ။ ငါက ချူချင်းနဲ့ပါလာမှာ ခုန်းရှန်နဲ့ လီချင်းချန်ပဲ ဖြစ်လိမ့်မယ် ထင်နေတာ။"

"ခုန်းရှန်နဲ့ လီချင်းချန်က စိတ်ဝိဉာဉ်စွမ်းအင် အားနည်းကြတယ်လေ။ အဲ့ဒါကြောင့် သူတို့သာ မြူခိုးထဲက ထွက်လာမယ်ဆိုရင် ချီစွမ်းအင်အမာဏ တော်တော်များများ သုံးရလိမ့်မယ်။ သူတို့က အစထဲက မင်းတို့နှစ်ယောက်ကို ယှဉ်နိုင်တဲ့သူတွေ မဟုတ်ဘူး။ သူတို့ရဲ့ ချီစွမ်းအင်တွေသာ သုံးလိုက်ရပြီဆို ဘယ်လိုမှကို နိုင်နိုင်ခြေရှိတော့မှာ မဟုတ်ဘူး။" ကျောင်းထိုက်ရှင်းမှ ပြုံးကာပြောလိုက်သည်။

ကျောင်းထိုက်ရှင်းမှာ ခုန်းရှန်နှင့် လီချင်းချန်တို့သာ မြူခိုးအတွင်းမှ ထွက်လာခဲ့ပါက ကျန်းထိုက်ချင်နှင့် ကျင်းချန်းဇယ်တို့အား ၎င်းတို့ကိုသတ်ပစ်ရန်အထိ အမိန့်ပေးရန်ပင် ကြံစည်ထားခြင်း ဖြစ်သည်။

သို့သော် ကျောင်းထိုက်ရှင်း၏ ခန့်မှန်းမှုမှာ လွဲချော်သွားရသည်။

မည်သို့ပင်ဆိုစေကာမူ အစီအစဉ်မှာ ပြောင်းလဲသွားခြင်း ရှိမည်မဟုတ်ပေ။ ကန်ရွှမ်းကလန်မှ ရွေးချယ်ခံများအားလုံးမှာ မြင့်မြတ်သောနန်းတော်၏ လက်ချက်ဖြင့် သေပွဲဝင်ကြရမည်သာ ဖြစ်သည်။ ထို့ကြောင့် ခုန်းရှန်နှင့် လီချင်းချန်နေရာအား အစားထိုး ဝင်ရောက်လာသော ဇူရှောင်ယိုနှင့် ဇူယွမ်မှာလည်း မရဏလမ်းသို့သာ စံမြန်းရမည် ဖြစ်သည်။

ကျောင်းထိုက်ရှင်းမှ လက်ကိုဝေ့ယမ်းကာ စကားဆိုလိုက်သည်။ "သူတို့က အရမ်းသေချင်နေတယ် ဆိုတော့လည်း သူတို့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ကြတာပေါ့။"

ကျောင်းထိုက်ရှင်းမှာ ခံစားချက်ကင်းမဲ့နေသော မျက်ဝန်းများဖြင့် ချူချင်း၊ ဇူရှောင်ယိုနှင့် ဇူယွမ်တို့အား ကြည့်ရှုလိုက်သည်။

ကျန်းထိုက်ချင်နှင့် ကျင်းချန်းဇယ်တို့မှာလည်း ဇူယွမ်နှင့် ယောင်ယောင်အား သတ်ဖြတ်ဆော့ကစားတော့မည့်အလား အေးစက်ခက်ထန်စွာဖြင့် ကြည့်ရှုလိုက်ကြသည်။

ကျောင်းထိုက်ရှင်းတို့ လှည့်ကြည့်လာသည်ကို မြင်တွေ့လိုက်ရသောအခါ၌ ချူချင်းမှာလည်း ဇူယွမ်တို့အား ပျံဝဲနေခြင်းအား ရပ်တန့်ရန် လက်ကာပြကာ ပြောလိုက်သည်။ "ကျောင်းထိုက်ရှင်း မင်းကတကယ် စိတ်မရှည်ဘူးပဲ။"

ကျောင်းထိုက်ရှင်းမှ ပြုံးကာပြောလိုက်သည်။ "စိတ်မရှည်ပဲ သေချင်နေတဲ့သူက မင်းပါချူချင်းရယ်..."

ထိုစကားအား ဆိုပြီးသည်နှင့်တစ်ပြိုင်နက် ကျောင်းထိုက်ရှင်းမှာ ပြင်းထန်လှသော ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။

မီးခိုးရောင်ချီစွမ်းအင်များမှာ ကျောင်းထိုက်ရှင်း၏ ဦးခေါင်းထက်မှ ထွက်ပေါ်လာပြီးနောက် ကောင်းကင်ထက်ရှိ နေရောင်ခြည်ကိုပင် ဖုံးလွှမ်းသွားလေသည်။

စောင့်ကြည့်နေသောသူများမှာ အံ့အားတကြီးဖြင့် ကျောင်းထိုက်ရှင်း၏ပုံရိပ်အား ကြည့်ရှုလိုက်ကြသည်။ ကန်ရွှမ်းကောင်းကင်ဒေသ၏ အသန်မာဆုံး နံပါတ်တစ် ရွေးချယ်ခံ ကျောင်းထိုက်ရှင်းသည် သူ၏တုနှိုင်းမဲ့စွမ်းရည်များအား ယနေ့တွင် ထုတ်ဖော်ပြသတော့မည့်ဟန် ရှိသည်။

ကျောင်းထိုက်ရှင်းမှာ ချုချင်းအား လက်ညှိုးထိုးလျက် ခပ်ဖွဖွ ပြုံးလိုက်သည်။

ဝုန်း.....

ကျောင်းထိုက်ရှင်း၏ လက်ညှိုးထိပ်မှ ရေတံခွန်အလား များပြားလှသော မီးခိုးရောင်ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။ ကြမ်းတမ်းလှသော စွမ်းအင်ဖိအားများကြောင့် လေထုသည်ပင် ပြိုကွဲကုန်ရသည်။

ကျောင်းထိုက်ရှင်း ကျင့်ကြံထားသော ချီစွမ်းအင်အမျိုးအစားမှာ အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းလှကြောင်း သိသာလွန်းလှသည်။

မည်သို့သော သာမန်ရွေးချယ်ခံကမှ ကျောင်းထိုက်ရှင်း၏ တိုက်ခိုက်မှုအား ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။ စက္ကန့်မျှသော အချိန်အတွင်းမှာပင် အပိုင်းပိုင်းအစစ ဖြစ်သွားနိုင်ပေသည်။

ဇူယွမ်မှာ ထိုမီးခိုးရောင် စွမ်းအင်လုံးကြီးအား ကြည့်ရှုနေရင်းဖြင့် ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားရသည်။ ထိုမီးခိုးရောင် စွမ်းအင်လုံးကြီးသည် ချူချင်းအား ချိန်ရွယ်တိုက်ခိုက်ခြင်း မဟုတ်ပဲ ဇူယွမ်ထံသို့ ရုတ်ချည်းဆိုသလို ဝေ့ဝဲလာသောကြောင့် ဖြစ်သည်။

ကျောင်းထိုက်ရှင်းမှာ မည်သည့်အသိပေးချက်မှ ပြုလုပ်ခြင်းမရှိပဲ ဇူယွမ်အား ရုတ်တရက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

မီးခိုးရောင်စွမ်းအင်လုံးကြီး၏အရှိန်မှာ အလွန်ပင် လျင်မြန်လွန်းလှပြီး အသက်ရှူချိန် အနည်းငယ်မျှသော အချိန်အတွင်းမှာပင် ဇူယွမ်ထံသို့ ရောက်ရှိလာတော့မည် ဖြစ်သည်။ သို့သော် ဇူယွမ်၏ အမူအရာမွာ အလွန်ပင် တည်ငြိမ်နေလျက်ရှိပြီး တစိုးတစိမျှပင် ကြောက်ရွံ့ထိတ်လန့်ခြင်း မရှိချေ။

ဝှစ်....

မီးခိုးရောင်စွမ်းအင်လုံးမှ ဇူယွမ်ထံသို့ ရောက်ရှိတော့မည့် အချိန်မှာပင် ပုံရိပ်တစ်ခု ဇူယွမ်ရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာကာ ထိုစွမ်းအင်လုံးအား ရိုက်ချပစ်လိုက်သည်။

ဝုန်း....

စွမ်းအင်နှစ်ခု ထိတွေ့သွားပြီးနောက် မုန်တိုင်းအလား ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များစွာ ထွက်ပေါ်လာသည်။

ဇူယွမ်၏ရှေ့တွင် ရှိနေသော ပုံရိပ်မှာ အနည်းငယ်မျှပင် တုန်လှုပ်သွားခြင်း မရှိပေ။ ထိုသူ၏ဦးခေါင်းမှာလည်း အလင်းပြန်နိုင်လောက်သည်အထိပင် ချောမွတ်ပြောင်လက်နေလေသည်။ ထိုသူမှာ နှစ်ယောက်မရှိနိုင်သော ချုချင်းပင် ဖြစ်သည်။

ချူချင်းမှာ မျက်မှောင်ကျုံ့လျက် ကျောင်းထိုက်ရှင်းအားကြည့်ကာ ပြောလိုက်သည်။ "ကျောင်းထိုက်ရှင်း ငါသတိထားမိသလောက်တော့ မင်းတို့ကအမြဲ ဇူယွမ်ကို သတ်ချင်နေသလိုပဲနော်။"

ကြီးမြတ်သောရှန်းဟွတောင်တန်း၏ အပြင်ဖက်တွင် ရှိစဉ်အခါ၌ ကျင်းချန်းဇယ်မှာ ဇူယွမ်အားသတ်ဖြတ်ရန် ကြိုးစားခဲ့ဖူးသည်။ ယခုအခါတွင် ကျောင်းထိုက်ရှင်းကပါ ကန်ရွှမ်းကောင်းကင်ဒေသ၏ နံပါတ်တစ် ရွေးချယ်ခံဟူသော ဂုဏ်ပုဒ်အား ထိန်းသိမ်းခြင်းမရှိပဲ ဇူယွမ်အား လူအများရှေ့၌ပင် အလစ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်လေသည်။

ဇူယွမ်မှာ မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံနှစ်ဦးအား သတ်ဖြတ်ကာ ရန်ငြိုးများကို ရှည်စေခဲ့ပါသော်လည်း ကျောင်းထိုက်ရှင်းနှင့် ကျင်းချန်းဇယ်တို့၏ ပုံမှန်မဟုတ်သော လုပ်ရပ်များမှာ သံသယဖြစ်စရာကောင်းနေ၏။

ကျောင်းထိုက်ရှင်းမှ ရယ်မောကာ စကားဆိုလိုက်သည်။ "ငါသူ့ကို သတ်ချင်တယ်ဆိုတာ အမှန်ပဲ။ ဘာလို့လဲဆိုတော့ သူကအနာဂတ်မှာ ငါတို့မြင့်မြတ်သောနန်းတော်အတွက် ဆူးညှောင့်ခလုတ်တစ်ခု ဖြစ်လာနိုင်တယ်။ အဲ့ဒါကြောင့် သူ့ကိုစောစောစီးစီး အပြတ်ရှင်းထားရမှာ ငါလုပ်သင့်တဲ့အရာပဲ။"

ချူချင်းမှ ပြုံးကာပြောလိုက်သည်။ "ငါ့ရဲ့ဂျူနီယာညီတော်လေးကို အဲ့လိုမြင့်မြင့်တွေးပေးတဲ့အတွက် ငါကမင်းကို ကျေးဇူးတောင် တင်ပေးရဦးမယ့် သဘောလား။" ထို့နောက် ချူချင်း၏ အပြုံးများ ပျောက်ကွယ်သွားကာ အေးစက်ခက်ထန်စွာဖြင့် ကျောင်းထိုက်ရှင်းအား သတိပေးစကားဆိုလိုက်သည်။ "ငါရှိနေသမျှ သူ့ကိုထိလို့ရမယ်လို့တောင် မထင်နဲ့။"

ကျောင်းထိုက်ရှင်းမှ ချုချင်းအားကြည့်ကာ ပြောလိုက်သည်။ "အဲ့ဒါဆိုလည်း မင်းကျင့်ကြံထားတဲ့ ရှေးဟောင်းဟွမ်းဝူချီက သူ့ကိုကာကွယ်နိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့။"

"ငါကလည်း မင်းရဲ့မြင့်မြတ်သောမြေအောက်ကမ္ဘာအရိုးချီတွေက ဘယ်လောက်ထိ တိုးတက်လာလဲဆိုတာ သိချင်နေတာ။" ချုချင်းမှ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ငါ့ရဲ့တိုးတက်မှုက မင်းကိုစိတ်ကျေနပ်မှုပေးနိုင်မယ် ထင်ရတာပဲ။"

ကျောင်းထိုက်ရှင်းမှ ပြုံးကာပြောလိုက်သည်။ သို့သော် သူ၏မျက်ဝန်းများမှာ အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်နေလျက် ရှိသည်။ ကျောင်းထိုက်ရှင်းမှာ လက်နှစ်ဖက်အား ချိတ်ဆိတ်လိုက်ပြီးနောက် ပြင်းထန်လှသော မီးခိုးရောင်ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။

ဝုန်း....

ပတ်ဝန်းကျင်တလျှောက် မီးခိုးရောင်ချီစွမ်းအင်များ ပျံ့နှံလွှမ်းခြုံသွားရပြီးနောက် လေထုသည်ပင် အေးခဲလာသည်ဟု ထင်မှတ်ရသည်။

ကျောင်းထိုက်ရှင်းမှာ ကျန်းထိုက်ချင်နှင့် ကျင်းချန်းဇယ်အားကြည့်ကာ ပြောလိုက်သည်။ "မင်းတို့နှစ်ယောက်က ကျောက်စိမ်းပြားဆီ အရင်သွားနှင့်လိုက်။"

ကျန်းထိုက်ချင်နှင့် ကျင်းချန်းဇယ်တို့မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားကြသည်။

"ကျောင်းထိုက်ရှင်းကို ငါနဲ့ထားခဲ့လိုက်။ ကျန်းထိုက်ချင်နဲ့ ကျင်းချန်းဇယ်ကိုတော့ မင်းတို့ကိုင်တွယ်နိုင်တယ်မလား။" ချူချင်းမှ ဇူယွမ်နှင့် ယောင်ယောင်အားကြည့်ကာ မေးလိုက်သည်။

ယောင်ယောင်မှာ တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဇူယွမ်မှာလည်း မျက်မှောင်ကျုံ့လျက် ကျင်းချန်းဇယ်၏ပုံရိပ်အားကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။

"သွားရအောင်။"

ဇူယွမ်မှာ ယောင်ယောင်နှင့်အတူ ကျန်းထိုက်ချင်နှင့် ကျင်းချန်းဇယ်နောက်သို့ လျင်မြန်စွာ လိုက်ပါသွားသည်။

ကျောင်းထိုက်ရှင်းမှာ ဇူယွမ်တို့အား တစ်ချက်မျှသာ ကြည့်ရှုလိုက်ပြီးနောက် ပိတ်ဆို့တားဆီးခြင်းပင် မပြုချေ။ အဘယ့်ကြောင့်ဆိုသော် ကျောင်းထိုက်ရှင်းမှာ ကျန်းထိုက်ချင်နှင့် ကျင်းချန်းဇယ်တို့အပေါ် အပြည့်အဝ ယုံကြည်ချက်ရှိသောကြောင့် ဖြစ်သည်။

ဇူယွမ်နှင့် ယောင်ယောင်တို့ ထွက်ခွာသွားပြီးသည့်နောက် ကျောင်းထိုက်ရှင်းမှာ စိတ်အေးလက်အေးရှိနေဟန်ဖြင့် လက်ပိုက်လျက် ချုချင်းအားကြည့်ကာ ပြောလိုက်သည်။ "မင်းသူတို့အတွက် စိတ်မပူဘူးလား။ သူတို့က ကိုယ့်သေလမ်း ကိုယ်ရှာနေတာနော်။"

"ကျောင်းထိုက်ရှင်း ယုံကြည်ချက်ရှိတာကောင်းပေမယ့် ဘဝင်မြင့်တာကတော့ မကောင်းဘူးသိလား။"

ကျောင်းထိုက်ရှင်းမှာ ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက်   မီးခိုးရောင်ချီစွမ်းအင်များအား စုစည်းစေကာ ချီကြယ်ပွင့်ကောင်းကင်ယံ ဖြစ်ပေါ်စေလိုက်သည်။

စောင့်ကြည့်နေသောသူများမှာ ချီကြယ်ပွင့်တစ်သိန်းပါဝင်သော ကျောင်းထိုက်ရှင်း၏ ချီကြယ်ပွင့်ကောင်းကင်ယံအား အံ့အားသင့်စွာဖြင့် ကြည့်ရှုလိုက်ကြသည်။

ချူချင်းမှာလည်း ကျောင်းထိုက်ရှင်း၏ ချီကြယ်ပွင့်ကောင်းကင်ယံအား ကြည့်ရှုလိုက်ပြီးနောက် အမူအရာများ လေးနက်ခက်ထန်သွားရသည်။

"ဟူး....."

ချူချင်းမှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်ပြီးနောက် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ အဝါရင့်ရောင် ချီစွမ်းအင်များမှာ မိုးကုပ်စက်ဝိုင်းအား လွှမ်းခြုံသွားလေသည်။

အဝါရင့်ရောင် ချီစွမ်းအင်များအား ပတ်ဝန်းကျင်အား လွှမ်းမိုးသွားပြီးနောက် ချီကြယ်ပွင့် ကိုးသောင်းငါးထောင်ပါဝင်သော ချီကြယ်ပွင့်ကောင်းကင်ယံတစ်ခု ဖြစ်ပေါ်လာသည်။

ချူချင်း၏ ချီကြယ်ပွင့်မှာလည်း တစ်သိန်းပမာဏသို့ ရောက်ရှိရန် လွန်စွာနီးကပ်နေပြီဖြစ်ကာ ကျောင်းထိုက်ရှင်းထက် အားနည်းခြင်း မရှိပေ။

ဇူယွမ်မှာ ချူချင်း၏ ချီကြယ်ပွင့်ပမာဏသည် ခြောက်သောင်း သို့မဟုတ် ခုနစ်သောင်းမျှသာ ရှိလိမ့်မည်ဟု ထင်မှတ်ခဲ့မိပါသော်လည်း ယခုအခါတွင် ကန်ရွှမ်းကလန်၏ နံပါတ်တစ် ရွေးချယ်ခံအား လျှော့တွက်ခဲ့မိခြင်းသာဖြစ်ကြောင်း သိရှိသွားရသည်။

အံ့အားသင့်စရာ အကောင်းဆုံးအချက်မှာ ပြောင်လက်နေသော ချုချင်း၏ ဦးခေါင်းထက်မှ  အနက်ရောင်ဆံနွယ်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အနက်ရောင်ဆံနွယ်များမှာ ချူချင်း၏ ကျောလယ်ထိ ရှည်လျားပြီးသော အချိန်မှသာ ရပ်တန့်သွား၏။

ချူချင်း၏ ဆံနွယ်များမှာ ပျော့ပြောင်းခြင်းမရှိပဲ  ချွန်ထက်နေသည့် ဓားသွားများအလား ချွန်မြထက်ရှနေဟန် ရှိသည်။

အဝေးမှ ကြည့်ရှုနေကြသော ခုန်းရှန်၊ လီချင်းချန်နှင့် အခြားသော ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများမှာ ချူချင်းကိုကြည့်ကာ အလွန်ပင် အံ့အားသင့်သွားကြရသည်။

"ချူချင်းကို ဒီပုံစံနဲ့ မမြင်ရတာ ကြာပြီပဲ။"

ချူချင်းမှာ ရှေးဟောင်းဟွမ်းဝူချီအား ကျင့်ကြံသောကြောင့် မည်သည့်အမွှေးမှမရှိပဲ ဦးခေါင်းမှာ အမြဲတစေ ပြောင်လက်နေရခြင်း ဖြစ်သည်။ သို့သော် သူ၏ချီစွမ်းအင်များအား အပြည့်အဝ အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် ဤအသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားလေ့ ရှိ၏။ လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများမှာ ထိုသို့ဆံနွယ်ရှည်များဖြင့် ကြမ်းတမ်းခက်ထန်သော အသွင်အပြင်အား ချူချင်း၏ တိုက်ခိုက်မှုပုံစံဟု ခေါ်ဆိုကြလေ့ ရှိသည်။

နှစ်ပေါင်းများစွာအတွင်း ချူချင်း ထိုပုံစံသို့ ပြောင်းလဲခဲ့သည်မှာ အကြိမ်ရေ အနည်းငယ်မျှသာ ရှိ၏။

ချူချင်းမှာ ဤတစ်ကြိမ်တိုက်ပွဲ၌ ကျောင်းထိုက်ရှင်းအား အသေအကြေ တိုက်ခိုက်တော့မည့်ဟန် ရှိသည်။

စောင့်ကြည့်နေကြသောသူများမှာလည်း မျက်တောင်ပင်မခတ်နိုင်လောက်အောင် စိတ်ဝင်စားနေကြရသည်။

ရှန်ဇူတိုက်ကြီး၏ ပထမမြောက်နှင့် ဒုတိယမြောက် အထူးချွန်ဆုံး ရွေးချယ်ခံနှစ်ဦး၏ သမိုင်းတွင်မည့် ယှဉ်ပြိုင်တိုက်ခိုက်ပွဲမှာ စတင်တော့မည်ပင် ဖြစ်လေတော့သတည်း.....

All Chapters