လူကို ဒီလိုကြီး လိမ်ရလားဟင်...
Vol. 78 Ch. 1527
~နန်ယွဲ့ပြည်နယ်နှင့် ကျန်းတုန်းပြည်နယ်တို့၏ အရှင်သခင် ယဲ့ဖန်သည် ဤမျှလောက် အရှက်မရှိလိမ့်မည်ဟု ကျူးရှောင်ကျောင်းနှင့် ဖူမာကျန်းဝူတို့ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ကြပေ။
သူ့ကိုယ်သူ အထိအခိုက် အနာအဆာလေးတောင် မရှိဘဲ၊ လုံခြုံရေးအဖွဲ့ဆီမှ ဆုကြေးရရန်အတွက် ဒဏ်ရာအပြင်းအထန် ရထားသည်ဟု လိမ်ပြောရဲသည်လေ။
ဒီလူက တကယ် ခွေးကျင့်ခွေးကြံ ကြံတာပဲ။
"ဘာလဲ... ဘာကြည့်ကြတာလဲ..."
ယဲ့ဖန်သည် သူတို့နှစ်ယောက်ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာလေ၏။ သူ့မျက်နှာတွင် ရှက်ရွံ့သည့် အရိပ်အယောင် လုံးဝမရှိ။
ကျူးရှောင်ကျောင်းက ရွံရှာသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ရှင် လူတစ်ဖက်သားကို ဒီလိုကြီး လိမ်ရလား... ကောင်းတဲ့အလုပ် ဟုတ်လို့လား..."
"မကောင်းပါဘူး..."
"မကောင်းမှန်းသိရင် ဘာလို့ လိမ်လဲ..."
"ငါက လိမ်လို့လား... ငါတို့က ဟိုလျှို့ဝှက်ဂိုဏ်းနဲ့ အသက်လု တိုက်ပွဲဝင်ခဲ့ကြတာ အမှန်ပဲလေ... မဟုတ်လို့လား... ငါက ဖြစ်စဉ်ကို နည်းနည်းလေး ပိုရှုပ်ထွေးအောင် ပြောပြလိုက်ရုံပါ..."
သူ မရှင်းပြလျှင် တော်သေးသည်။ ရှင်းပြလေလေ ၊ မိန်းကလေး နှစ်ယောက်မှာ ပြောစရာ စကား မရှိလေလေ ဖြစ်သွားရသည်။
ဒါက နည်းနည်းလေး ပိုရှုပ်ထွေးအောင် လုပ်တာတဲ့လား။
ဒါက ဇာတ်လမ်း တစ်ပုဒ်လုံးကို အသစ် ပြန်ရေးလိုက်တာလေ။
ဒီလူ ဇာတ်ညွှန်းရေးဆရာ မဖြစ်လာတာ နှမြောစရာ ကောင်းလှသည်။
"ရှင် မလိမ်ဘူးလို့ ငြင်းချင်သေးတာလား... ဒီတစ်ခေါက် ရှင် ဘာမှ မဆုံးရှုံးခဲ့ဘူးလေ... ဒဏ်ရာလည်း မရဘူး... ရှင့်တပည့်တွေလည်း အထိအခိုက် မရှိဘူး... အဲဒါကို ဘာလို့ သူတို့ကို အဲဒီလို သွားပြောရတာလဲ..."
ကျူးရှောင်ကျောင်းက ဆက်လက် မေးခွန်းထုတ်လိုက်သည်။
သို့သော် ယဲ့ဖန်က ယုံကြည်ချက်ရှိရှိဖြင့် ပြန်ဖြေလိုက်လေ၏။
"အထိအခိုက် အကျအဆုံး မရှိတာက ကိုယ့်ရဲ့ ခေါင်းဆောင်မှု ကောင်းလို့လေ... ကိုယ်သာ သူလျှိုကို ကြိုမဖော်ထုတ်နိုင်ခဲ့ရင်...ကိုယ်သာ ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ခဲ့ရင်... ကိုယ်တို့ အသက်ရှင်လျက် ပြန်ရောက်လာနိုင်ပါ့မလား... ဘယ်နှစ်ယောက် ပြန်ပါလာမလဲ... အသေအပျောက် မရှိဘဲ နေပါ့မလား..."
ယဲ့ဖန်၏ မေးခွန်း (၃) ခု ဆက်တိုက် မေးလိုက်သောအခါ ကျူးရှောင်ကျောင်း ဘာမှ ပြန်မပြောနိုင်တော့ပေ။
ဒီလူ ရမ်းသမ်းပြောနေမှန်း သိသော်လည်း၊ သူ ပြောသည့် စကားများတွင် အချက်အလက် ခိုင်လုံမှု ရှိနေသည်ကိုတော့ ဝန်ခံရမည်။
ဒီတစ်ခေါက် ယဲ့ဖန်သာ ကြိုတင်ပြင်ဆင်မှု မလုပ်ထားခဲ့လျှင် သူတို့ တစ်ဖွဲ့လုံး ပြုတ်သွားနိုင်သည်။
တစ်ဖက်ရန်သူက အတွင်းအား အစပျိုးအဆင့်ရှိသော မျိုးရိုးဗီဇ ပြုပြင်ထားသူ အယောက် (၂၀) ကျော်ကို လွှတ်လိုက်သည် မဟုတ်ပါလော။ သူတို့က အနိုင်ယူဖို့ သံန္နိဋ္ဌာန်
ချထားကြောင်း သိသာလှသည်။
ဘာကာကွယ်မှုမှ မရှိဘဲ ယဲ့ဖန် တစ်ယောက်တည်းဆိုလျှင် လွတ်မြောက်ဖို့ ခက်ခဲပေလိမ့်မည်။
"ကဲပါ... စကားတွေ များမနေနဲ့တော့... ငါက ရှေးဟောင်းပစ္စည်းတွေကို ရှင်းထုတ်ပြီးသွားပြီ... မင်း ကတိအတိုင်း လုပ်ပေးရတော့မယ်လေ..."
ယဲ့ဖန်သည် ထိုအကြောင်းကို ဆက်မငြင်းတော့ဘဲ ကျူးရှောင်ကျောင်းကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
ကျူးရှောင်ကျောင်း မျက်နှာပျက်သွားရှာသည်။
"(၃) ရက်က များလွန်းတယ်ဟာ... (၁) ရက်လောက် လျှော့ပေးလို့ မရဘူးလား..."
"မရဘူး..."
ယဲ့ဖန် ခေါင်းခါကာ ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။
"(၃) ရက်ဆို (၃) ရက်ပဲ... အခုကစပြီး အချိန်မှတ်ပြီ... သွား... မြန်မြန်သွားပြီး မိတ်ကပ်လိမ်းတော့..."
"ကျန်းဝူလေး... နင် တစ်ခုခု ဝင်ပြောပေးပါဦး... ငါတို့က သူငယ်ချင်းတွေလေ... နင် ငါ့ကို ဒီအတိုင်း ပစ်ထားလို့ မရဘူးနော်... သူက ငါ့ကို နည်းမျိုးစုံနဲ့ နှိပ်စက်တော့မှာ..."
ကျူးရှောင်ကျောင်းသည် ဖူမာကျန်းဝူ၏ လက်ကို ဆွဲကာ အသနားခံလိုက်ရှာသည်။
"ရှောင်ကျောင်းလေးရယ်... အရှုံးဆိုတာ ဝန်ခံတတ်ရတယ်လေ... ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ငါက နင့်ပုံစံ ဖမ်းခဲ့ရပြီးပြီ... အခု နင့်အလှည့် ရောက်ပြီပေါ့... ကံကောင်းပါစေနော်..."
ဖူမာကျန်းဝူသည် သူမနှင့် မဆိုင်သလို နေလိုက်ရုံသာမက၊ အနည်းငယ်ပင် ဝမ်းသာနေသည့်ပုံ ပေါက်နေသည်။
ကျူးရှောင်ကျောင်း ရုပ်ဖျက်တာကို ကြည့်ချင်နေသည်မှာ ကြာပြီ မဟုတ်ပါလော။
"နင်တို့... နင်တို့ ပေါင်းပြီး ငါ့ကို အနိုင်ကျင့်ကြတယ်..."
ကျူးရှောင်ကျောင်းသည် အသည်းနှလုံး မရှိသော သခင်နှင့် တပည့်ကို လက်ညှိုးထိုးကာ ဝမ်းနည်းပက်လက် အော်ဟစ်လိုက်တော့သည်။
"အနိုင်ကျင့်တော့ ဘာဖြစ်လဲ..."
"ဟုတ်တယ်... အနိုင်ကျင့်တာ... မကျေနပ်ရင် ပြန်လုပ်လေ..."
ယဲ့ဖန်နှင့် ဖူမာကျန်းဝူတို့သည် သူမကို တစ်လှည့်စီ တွန်းထိုးကာ ထောင့်ကပ်သွားအောင် လုပ်လိုက်ကြသည်။
ကျူးရှောင်ကျောင်းမှာ ကျောင်းတွင် အနိုင်ကျင့်ခံရသော ကလေးငယ် တစ်ယောက်လို ဖြစ်နေရှာသည်။ ဝမ်းနည်းလွန်းသဖြင့် ငိုချင်စိတ် ပေါက်လာသည်။
သူမသည် မောက်မာပြီး ရုပ်ဆိုးလှသော သခင်နှင့် တပည့်၏ မျက်နှာများကို ကြည့်လိုက်မိ၏။
အခုမှ သူမ နားလည်လိုက်တော့သည်။
‘ဘာ သူငယ်ချင်းကောင်းလဲ။
ဘာ ပြင်ပရန်သူကို အတူတူ တိုက်ထုတ်မယ်လဲ။
အားလုံးက လိမ်ညာမှုတွေ ချည်းပဲ။
ဒီနေ့ကစပြီး ဘယ်သူ့ကိုမှ မယုံတော့ဘူး။’
အချိန် အနည်းငယ် နောက်ကျနေပြီ ဖြစ်သောကြောင့် ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို ဖူမာကျန်းဝူနှင့် တူအောင် မိတ်ကပ်မလိမ်းခိုင်းတော့ဘဲ၊ Maid Outfit ကိုသာ ဝတ်ခိုင်းလိုက်သည်။
[သာမန် အိမ်ဖော်ဝတ်စုံ (Cleaning uniform) မျိုး မဟုတ်ဘဲ၊ ဂျပန် ပေါ့ပ်ယဉ်ကျေးမှု (Anime/Manga) နဲ့ မိတ်ကဖေး (Maid Cafe) တွေမှာ ဝတ်ဆင်လေ့ရှိတဲ့ ဝတ်စုံဒီဇိုင်းကို ဆိုလိုတာ ဖြစ်ပါတယ်။
မူလက ပြင်သစ် အိမ်ဖော်ဝတ်စုံ (French Maid) ကို အခြေခံထားပေမယ့် ဂျပန်စတိုင်မှာတော့ ပိုပြီး "ချစ်စရာကောင်းအောင်" ပြင်ဆင်ထားတတ်ပါတယ်။ အများအားဖြင့် အနက်ရောင် ဂါဝန်ပေါ်မှာ အဖြူရောင် ဧည့်ခံခါးစည်း (Apron) ဝတ်ဆင်ထားလေ့ ရှိပါတယ်။
ဇာနားကွပ် (Frills) တွေ၊ ဖဲပြား (Ribbons) တွေ အများကြီး ပါဝင်တတ်ပါတယ်။
ခေါင်းဆောင်း - ခေါင်းမှာ ဇာနားကွပ်ပါတဲ့ ခေါင်းစည်း (Headband/Headdress) တပ်ဆင်ရပါတယ်။
စကတ်အရှည်ကတော့ ပုံမှန်အားဖြင့် ဒူးအထက် (သို့မဟုတ်) ပေါင်လယ်လောက်အထိ တိုတဲ့ စကတ်ကားကားလေးတွေ ဖြစ်တတ်ပါတယ်။
ဒီဝတ်စုံက တကယ့် အိမ်မှုကိစ္စ လုပ်ဖို့ထက် Cosplay (ဒါမှမဟုတ်) ဖျော်ဖြေရေး သဘော ပိုဆန်ပါတယ်။]
ကျူးရှောင်ကျောင်းသည် ဒီလို အဝတ်အစားမျိုး တစ်ခါမှ မဝတ်ဖူးသဖြင့် အလွန် ရှက်ရွံ့နေရှာသည်။
ပုံမှန်အချိန်တွင် သွက်လက် တက်ကြွနေသော ကျူးရှောင်ကျောင်းသည် အိမ်ဖော် ဝတ်စုံ ဝတ်လိုက်သောအခါ ဆွဲဆောင်မှု တစ်မျိုး ဖြစ်သွားသည်မှာတော့ အမှန်ပင်။
"ဘာကြည့်တာလဲ... ထပ်ကြည့်ရင် မျက်လုံးကို ဖောက်ထုတ်ပစ်မယ်..."
ယဲ့ဖန်က ခြေအိတ်အနက်ရောင် စွပ်ထားသော သူမ၏ ပေါင်တံများကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ကျူးရှောင်ကျောင်း ပို၍ ရှက်သွားကာ မြေကြီးထဲသာ ဝင်ပုန်းချင်စိတ် ပေါက်သွားသည်။
ယဲ့ဖန် အကြည့်ပြန်ရုတ်လိုက်ပြီး ဗိုက်ကို ပွတ်လိုက်သည်။
"ငါ ဗိုက်ဆာနေပြီ... အပြင်ထွက်ပြီး တစ်ခုခု သွားစားကြမလား..."
ဖူမာကျန်းဝူကတော့ သေချာပေါက် လိုက်စားချင်သည်။ သူမနှင့် ယဲ့ဖန်သည် မနေ့ညကတည်းက ဘာမှ မစားရသေးသဖြင့် တကယ်ပင် ဗိုက်ဆာနေကြပြီ ဖြစ်၏။
သို့သော် ကျူးရှောင်ကျောင်းက ခေါင်းကို အတင်း ခါလိုက်သည်။
"ရှင်တို့ပဲ သွားစားကြပါ... ကျွန်မ မဆာဘူး..."
သူမ စကားဆုံးသည်နှင့် သူမ၏ ဗိုက်ထဲမှ 'ဂွီ' ဟူသော အသံ ထွက်ပေါ်လာလေ၏။
တကယ်တမ်းတွင် ယဲ့ဖန်တို့ ရတနာသိုက်ထဲ ဝင်သွားကတည်းက သူမ ဘာမှ သိပ်မစားနိုင်ခဲ့ပေ။ စိတ်ပူနေရသဖြင့် အစားမဝင်ခဲ့ခြင်း ဖြစ်၏။ ယခုတော့ ဗိုက်ဆာလွန်း၍ သေတော့မလို ဖြစ်နေတော့၏။
သို့သော် သူမက ဒီပုံစံကြီးနှင့်လေ။ အပြင်ထွက်စားဖို့ မျက်နှာ ဘယ်နား သွားထားရမည်နည်း။
"တကယ် မလိုက်ဘူးပေါ့... ငါတို့က ပါဆယ် ဝယ်မလာပေးဘူးနော်..."
ယဲ့ဖန်က တစ်ဝက် မျှားခေါ်၊ တစ်ဝက် ခြိမ်းခြောက်လိုက်သည်။
ကျူးရှောင်ကျောင်းသည် နှုတ်ခမ်းကို တင်းတင်း စေ့ထားလိုက်သည်။ စိတ်ထဲတွင် ဒွန်တွဲနေသည့်ပုံပင်။
ယဲ့ဖန်နှင့် ဖူမာကျန်းဝူတို့ ဂိုဒေါင် အပြင်ဘက်သို့ ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ၊ နောက်ဆုံးတွင် သူမသည် ဗိုက်ဆာမှုကို အရှုံးပေးလိုက်ရပြီး အမြန် ပြေးလိုက်သွားရလေတော့သည်။
ဂိုဒေါင်အနီးတွင် စားသောက်ဆိုင်တန်း တစ်ခု ရှိသည်။
သူတို့ သုံးယောက် ရောက်သွားသောအခါ လမ်းပေါ်တွင် လူများ ပြည့်နှက်နေပြီ ဖြစ်၏။ လူငယ်စုံတွဲ အများအပြားလည်း လက်ချင်းချိတ်ကာ လျှောက်လည်နေကြသည်။
ထိုအထဲတွင် လှပသော မိန်းကလေးများ ပါဝင်နေသဖြင့် အကြည့်များစွာကို ဖမ်းစားထားကြသည်။
သို့သော် သူတို့သုံးယောက် ရောက်လာသောအခါ အားလုံး၏ အာရုံစိုက်မှုက သူတို့ဆီသို့ ချက်ချင်း ရောက်ရှိလာတော့သည်။
ကျူးရှောင်ကျောင်းနှင့် ဖူမာကျန်းဝူတို့ နှစ်ယောက်စလုံးက နတ်သမီးအလား လှပသူများ ဖြစ်ကြ၏။
အထူးသဖြင့် ကျူးရှောင်ကျောင်းက ယောကျာ်းလေးများကို စိတ်ကူးယဉ်စေနိုင်သည့် Maid outfit ကြီးကို ဝတ်ထားသည် မဟုတ်ပါလော။
ဒီလို မြင်ကွင်းမျိုးက လူအများ၏ အကြည့်ကို (၁၀၀) ရာခိုင်နှုန်း ဖမ်းစားနိုင်သည်မှာ သေချာလှသည်။
ကျူးရှောင်ကျောင်းအတွက်မူ ဤသည်မှာ လူမှုရေးအရ အကြီးအကျယ် အရှက်ကွဲရခြင်းပင်။
လူတွေ ကြည့်လေလေ၊ သူမ ယဲ့ဖန်ကို မုန်းလေလေ ဖြစ်လာသည်။
နောက်ဆုံးတွင် ဒီလူ့ကို မြေကြီးပေါ် ဖိချပြီး လည်ပင်းညှစ်သတ်ပစ်ချင်စိတ် ပေါက်လာသည်။ ပြီးတော့ အရိုးတွေကို ကြိတ်ချေပြီး အရိုးပြာတွေကိုပါ လွင့်ပစ်လိုက်ချင်သည်။
ဒီလူ တမင်သက်သက် လုပ်တာ သေချာသည်။
သာမန် စားသောက်ဆိုင် တစ်ဆိုင်ဆိုင်မှာ ဝင်စားလို့ ရရဲ့သားနဲ့၊ ဘာလို့ လူရှုပ်တဲ့နေရာကိုမှ ရွေးရတာလဲ။
သူမကို တမင် အရှက်ခွဲချင်လို့ မဟုတ်ပါလော။
ကျူးရှောင်ကျောင်း စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ အမြန်ဆုံး စားပြီး ဒီနေရာကနေ အမြန်ဆုံး ပျောက်ကွယ်သွားဖို့ပင်။
သူတို့ သုံးယောက်သည် လမ်းဘေးဆိုင် တစ်ဆိုင်တွင် ဝင်ထိုင်လိုက်ပြီး ဘီယာနှင့် အသားကင် အချို့ မှာလိုက်ကြသည်။
"ဟေ့... ကိုယ့်နေရာကိုယ် သိစမ်းပါ... ဒီမှာ မင်း ထိုင်စရာ နေရာ ရှိလို့လား..."
ကျူးရှောင်ကျောင်း ဝင်ထိုင်မည် လုပ်နေသည်ကို ယဲ့ဖန် မြင်လိုက်ပြီး မကျေမနပ် ပြောလိုက်သည်။
ကျူးရှောင်ကျောင်း မျက်စောင်းထိုးလိုက်၏။
"ရှင် သိပ်မလွန်နဲ့နော်..."
"ဟ... ပြန်တောင် ပြောရဲသေးတယ်..."
ယဲ့ဖန်သည် စားပွဲကို 'ဘုန်း' ခနဲ မြည်အောင် ရိုက်လိုက်သည်။
"လိမ္မာစမ်း... သခင်ကို အရင် ပြုစုပေး... ငါတို့ စားပြီးမှ မင်း စားရမယ်..."
ကျူးရှောင်ကျောင်း ဒေါသထွက်လွန်း၍ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိ၏။
သို့သော် ဒီကောင့်အစွမ်းကို ပြန်တွေးမိလိုက်သောအခါ ကျောက်ခဲကို ကြက်ဥနှင့် ပေါက်မည့် အကြံကို စွန့်လွှတ်လိုက်ရရှာသည်။
လမ်းသွားလမ်းလာများသည် နတ်သမီး တစ်ပါးလို လှပသော ကျူးရှောင်ကျောင်းက maid ဝတ်စုံ ဝတ်ဆင်ပြီး ယောကျာ်း တစ်ယောက်ကို ခစား ပြုစုနေသည်ကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျကုန်ကြသည်။
သူတို့အတွက်ဆိုလျှင် ဒီအဆင့် ရှိသော နတ်သမီးမျိုးကို ဝတ်ပြု ကိုးကွယ်ဖို့တောင် တန်းစီ၍ ရနိုင်မည် မဟုတ်ပေ။
သို့ရာတွင်၊ ဒီလူ့ရှေ့မှာကျတော့ သူမခမျာ ရေနွေးကြမ်း ငှဲ့ပေးရုံလောက်ပဲ တတ်နိုင်ရှာသည်။
လူအချင်းချင်း ဘာလို့ ဒီလောက် ကွာခြားနေရတာလဲ။