ဒီမိန်းမက အလှပဂေးတော့ ဟုတ်ပါရဲ့... ဒါပေမဲ့ ပုံမှန်တော့ မဟုတ်ဘူး
Vol. 78 Ch. 1529
~"အ..."
'လက်ချောင်း ဆယ်ချောင်းက နှလုံးသားနဲ့ ဆက်စပ်နေတယ်' ဆိုသည့် စကားအတိုင်းပင်။ နာကျင်မှုက မည်မျှ ပြင်းထန်မည်ကို မှန်းဆကြည့်နိုင်သည်။ ထိုလူ၏ မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့လိမ်ကောက်သွားလေ၏။
သို့သော် သူ့လက်ကို လှုပ်လိုက်သည်နှင့် လက်နောက်ပြန်တွင် စိုက်နေသော တူချောင်းများက လှုပ်ခါသွားသဖြင့် နာကျင်မှုက ပိုဆိုးလာလေ၏။
ဒီတစ်ခေါက်တော့ ယဲ့ဖန်ပင် ခေါင်းနပန်း ကြီးသွားရသည်။
ရှေးခေတ်က နှိပ်စက်နည်း အများစုကို အမျိုးသမီးများက တီထွင်ခဲ့ကြသည် ဆိုသော်လည်း ယုံရခက်ခဲသည်။
အထင်ရှားဆုံးကတော့ အနောက်ဟန်မင်းဆက်မှ မိဖုရားလု တီထွင်ခဲ့သော 'လူဝက်' (Human Pig) အပြစ်ပေးနည်း ဖြစ်၏။ လူတစ်ယောက်၏ ခြေလက်များကို ဖြတ်၊ နားထဲသို့ ကြေးနီရည်များ လောင်းထည့်ပြီး နားပင်းအောင်လုပ်၊ ပြီးနောက် လျှာကို ဖြတ်ပြီး အိမ်သာကျင်းထဲ ပစ်ချထားလိုက်ခြင်း ဖြစ်၏။
တကယ်ကို ရက်စက်လွန်းလှသည်။
ကြည့်ရတာ မိန်းမတွေက လူနှိပ်စက်သည့် နေရာမှာ တကယ် ပါရမီပါကြပုံရသည်။
ကျူးရှောင်ကျောင်းသည် ယဲ့ဖန်၏ စိတ်ထဲတွင် ရက်စက်သော မိန်းမတစ်ယောက်အဖြစ် မှတ်တမ်းဝင်သွားသည်ကို မသိရှာဘဲ၊ ထိုလူကို ပြုံးစစဖြင့် ဆက်လက် စိုက်ကြည့်နေလေ၏။
"ဒီနေရာမှာ ဘယ်သူက ကောင်မစုတ်လေးလဲ... ဖြေစမ်း..."
"ကျွ... ကျွန်တော်... ကျွန်တော်ပါ..."
ထိုလူသည် ယခုအချိန်တွင် ခေါင်းမာရဲသည့် သတ္တိမရှိတော့သဖြင့် အလျင်အမြန် ဝန်ခံလိုက်ရရှာသည်။
"နောက်တစ်ခါ အပြင်ထွက်ပြီး မိန်းကလေးတွေကို စော်ကားရဲဦးမလား..."
"မလုပ်ရဲတော့ပါဘူး... မလုပ်ရဲတော့ပါဘူး... နောက်တစ်ခါ ဘယ်တော့မှ မလုပ်ရဲတော့ပါဘူးဗျာ..."
"နောက်တစ်ခါ အနိုင်ကျင့်တာ တွေ့ရင် ဘာဖြစ်မလဲ..."
"ကျွန်တော့်ကို အသေသာ သတ်ပစ်လိုက်ပါ..."
"အင်း... ဒါမှ ပေါ့..."
ကျူးရှောင်ကျောင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ့လက်ပေါ်မှ တူနှစ်ချောင်းကို ဆွဲထုတ်လိုက်လေ၏။
"သွားတော့... သောက်မြင်ကပ်တယ်..."
ထိုလူသည် နောက်တစ်ကြိမ် အော်ဟစ်လိုက်ပြီး နောက်လှည့်မကြည့်ဘဲ ထွက်ပြေးသွားတော့သည်။
ကျူးရှောင်ကျောင်းသည် ကျန် (၄) ယောက်၏ လက်များမှ တူများကိုလည်း ဆွဲထုတ်ပေးလိုက်ရာ သွေးများ ပန်းထွက်လာလေ၏။
(၅) ယောက်စလုံး မျက်တောင်တစ်ခတ်အတွင်း ပျောက်ချင်းမလှ ပျောက်သွားကြတော့သည်။
"သူဌေး... ဘီယာ နောက်ထပ် (၃) ပုလင်းလောက် ထပ်ချပေးပါဦး..."
ကျူးရှောင်ကျောင်း လှည့်လာပြီး ဆိုင်ရှင်ကို ချိုသာစွာ ပြုံးပြလိုက်သည်။ သူမသည် ရုပ်ရှင်ထဲက လူသတ်သမားမလေးတွေလို တူမှာ ပေနေသော သွေးတွေကို လျှာနှင့် လှမ်းလျက်ပြလိုက်ချင်၏။
သို့သော် ထိုသွေးများက ဟိုလူယုတ်မာကောင်တွေ၏ သွေး ဖြစ်နေကြောင်း တွေးမိလိုက်သောအခါ ချက်ချင်းပင် ရွံရှာသွားပြီး လက်လျော့လိုက်ရသည်။
သို့သော် ဆိုင်ရှင်ကတော့ ကြောက်လန့်တကြား ဖြစ်နေရှာ၏။ သူသည် တုန်တုန်ရီရီဖြင့် ဘီယာသွားယူပေးလိုက်သည်။
သူတို့ သုံးယောက် ပြန်ထိုင်လိုက်ကြသော်လည်း မည်သူကမျှ ကျူးရှောင်ကျောင်း၏ အလှကို မငေးရဲကြတော့ပေ။
'ဒီမိန်းမက အလှပဂေးတော့ ဟုတ်ပါရဲ့... ဒါပေမဲ့ ပုံမှန်တော့ မဟုတ်ဘူးဟေ့...'
"သူတို့ ပြန်လာမယ် ထင်လား..."
ယဲ့ဖန်သည် အသားကင်ကို အေးဆေးစွာ စားရင်း မေးလိုက်သည်။
"ဒီလောက်တောင် အရိုက်ခံထားရတာ... ပြန်လာရဲပါဦးမလား..."
ကျူးရှောင်ကျောင်းကတော့ ယဲ့ဖန်ပြောသလို ဖြစ်လာနိုင်ခြေ မရှိဟု ထင်နေသည်။
ခုနက သင်ခန်းစာ ကောင်းကောင်း ရသွားကြပြီပဲ။ မှတ်လောက်သားလောက် ရှိသွားမှာပါ။
"ဟားဟား... ခွေးမြီးကောက် ကျည်တောက်စွပ်လို့ ရပါ့မလား... ငါထင်တယ်... နောက် (၅) မိနစ်အတွင်း သူတို့ လက်စားချေဖို့ ပြန်ရောက်လာလိမ့်မယ်..."
ယဲ့ဖန်က သေချာပေါက် ကောက်ချက်ချလိုက်သည်။
"ကောင်းပြီလေ... ဒါဆို လောင်းကြေး ထပ်ကြတာပေါ့... (၅) မိနစ်အတွင်း သူတို့ ပြန်မလာရင်... ဟို (၃) ရက် ဒဏ်ပေးတာကို ပယ်ဖျက်ပေးရမယ်... ဘယ်လိုလဲ..."
ကျူးရှောင်ကျောင်းသည် ကျွန်ဘဝမှ လွတ်မြောက်ရန် အခွင့်အရေးကို ချက်ချင်း အရယူလိုက်သည်။
"တကယ်လို့ သူတို့ (၅) မိနစ်အတွင်း ပြန်ရောက်လာရင်... မင်း ငါ့ခြေထောက်ကို ဆေးပေးရမယ်..."
ယဲ့ဖန်က နောက်ထပ် ထူးဆန်းသော လောင်းကြေးတစ်ခုကို အဆိုပြုလိုက်သည်။
ကျူးရှောင်ကျောင်း ဒေါသထွက်လွန်း၍ လက်သီးဆုပ်ထားမိသော်လည်း၊ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်လေ၏။
"ကောင်းပြီ... သဘောတူတယ်..."
ပြောပြီးသည်နှင့် သူမသည် ဖုန်းကို ထုတ်ကာ အချိန်မှတ်ရန် ပြင်လိုက်သည်။ အရှက်မရှိသော စကားကိုလည်း ထည့်ပြောလိုက်သေးသည်။
"ခုနက အချိန်မှတ်ဖို့ မေ့သွားလို့... စက္ကန့် (၃၀) ပိုပေါင်းမယ်နော်..."
ယဲ့ဖန် ပြုံးရုံသာ ပြုံးနေလိုက်သည်။ စက္ကန့် (၃၀) လောက်ကို သူ ဂရုမစိုက်ပေ။
ဖုန်းပေါ်ရှိ အချိန်မှတ်နာရီ (၄) မိနစ်သို့ ရောက်သောအခါ၊ ဓားရှည်များကိုယ်စီ ကိုင်ဆောင်ထားသော လူအုပ်ကြီးတစ်စု အော်ဟစ်ကာ ပြေးဝင်လာကြသည်ကို တွေ့လိုက်ရလေ၏။
ကြည့်ရတာ အနည်းဆုံး လူ (၁၀) ယောက်မက ရှိမည့်ပုံပင်။
လမ်းသွားလမ်းလာများလည်း ဘေးမသီ ရန်မခအောင် အလုအယက် ရှောင်ဖယ်ပေးလိုက်ကြရသည်။
"မင်း ရှုံးပြန်ပြီ..."
ယဲ့ဖန် ပြုံးကာ ကျူးရှောင်ကျောင်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ခွက်ထဲမှ ဘီယာကို မော့သောက်လိုက်လေ၏။
ကျူးရှောင်ကျောင်း ဒေါသတကြီး မျက်စောင်းထိုးလိုက်သည်။
ရှေ့ဆုံးမှ လာနေသူမှာ ခုနက အနက်ရောင်စွပ်ကျယ်နှင့် လူပင် ဖြစ်၏။
သူ့လက်နှစ်ဖက်စလုံး ပတ်တီးစီးထားသည်။ ညာဘက်လက်တွင် ဓားရှည် တစ်ချောင်းကို ကိုင်ထားပြီး အားကုန် ပြေးဝင်လာခြင်း ဖြစ်၏။
"ကောင်းပြီ... မင်းတို့ မပြေးသေးဘူးပေါ့... ဒါဆို ဒီနေ့ ဒီနေရာက မင်းတို့ရဲ့ သင်္ချိုင်းမြေ ဖြစ်သွားစေရမယ်..."
အနက်ရောင်စွပ်ကျယ်နှင့် လူသည် သူတို့သုံးယောက်ကို မီးဝင်းဝင်းတောက်မတတ် စိုက်ကြည့်ရင်း ကြိမ်းဝါးလိုက်လေ၏။
ယဲ့ဖန် သက်ပြင်းချလိုက်မိ၏။
"လူတိုင်းက ထမင်းစားဖို့ လာကြတာပဲဟာ... ဘာလို့ သတ်မယ် ဖြတ်မယ် လုပ်နေကြရတာလဲ... ဒီလိုလုပ်ပါလား၊ ကျွန်တော့်မျက်နှာကို ထောက်ပြီး ယွမ် (၁) သန်းပေးရင် ဒီကိစ္စကို ကျေအေးနိုင်တယ်..."
"တကယ်လား..."
အနက်ရောင်စွပ်ကျယ်နှင့် လူသည် ထိုစကားကို ကြားသောအခါ စိတ်ဝင်စားသွားလေ၏။
သူက ဒဏ်ရာအနည်းငယ်သာ ရထားခြင်း ဖြစ်၏။ တကယ်လို့ တစ်ဖက်လူက ယွမ် (၁) သန်းပေးပြီး ကျေအေးချင်တယ်ဆိုလျှင် စဉ်းစားပေးလို့ ရသည်လေ။
"ဒါဆို... ခင်ဗျား သဘောတူတယ်ပေါ့..."
ယဲ့ဖန် ပြုံးလိုက်သည်။
"ကောင်းပြီလေ... ပိုက်ဆံပေးပြီး ပြဿနာရှင်းတာက လူလည်တွေရဲ့ အလုပ်ပဲ... ငါ လက်ခံတယ်..."
ထိုလူသည် ဓားကို ပြန်သိမ်းလိုက်ပြီး ယဲ့ဖန် ပိုက်ဆံပေးမည့်အလာကို စောင့်နေလိုက်သည်။
ယဲ့ဖန်လည်း တော်တော်ကြာအောင် စောင့်နေသော်လည်း၊ ထိုလူက ငူငူငိုင်ငိုင် ရပ်နေသည်ကို မြင်သောအခါ စိတ်မရှည်တော့ပေ။
"ဘာရပ်လုပ်နေတာလဲ... ပိုက်ဆံပေးလေ..."
"ဘာ... ဘာသဘောလဲ..."
ထိုလူ ကြောင်သွားသည်။ တစ်ခုခု လွဲနေပြီဆိုတာ သူ သတိထားမိလိုက်သည်။
"ဘာသဘောလဲ ဟုတ်လား... ခုနကပဲ သဘောတူထားတယ်လေ... ခင်ဗျားက ကျွန်တော့်ကို (၁) သန်းပေးရင် ဒီကိစ္စကို ကျေအေးပေးမယ်လို့ ပြောထားတာ မဟုတ်ဘူးလား... ဘာလဲ... ကတိဖျက်ချင်တာလား..."
ယဲ့ဖန် မကျေမနပ် ပြောလိုက်သည်။
"ဟေ့ကောင်... မင်း ငါ့ကို လာကစားနေတာလား... ဘယ်သူက ဘယ်သူ့ကို ပေးရမှာလဲကွ..."
ထိုလူသည် ဓားကို ပြန်ထုတ်လိုက်ပြီး ခြိမ်းခြောက်လိုက်သည်။
"ဒါ အဓိပ္ပာယ်မရှိဘူးလေ... ကျွန်တော်က ခင်ဗျားတို့ အသက်ကို ချမ်းသာပေးမှာဆိုတော့... ခင်ဗျားတို့ကပဲ ကျွန်တော့်ကို ပိုက်ဆံပေးရမှာပေါ့..."
ယဲ့ဖန်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားပြီး ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာလေ၏။
ကျူးရှောင်ကျောင်းနှင့် ဖူမာကျန်းဝူတို့ ပါးစပ်အုပ်ကာ ရယ်မောလိုက်ကြသည်။ ယဲ့ဖန်က သူတို့ကို တမင် သက်သက် ကစားနေမှန်း သိသာလှသည်။
"သေစမ်း... မင်းတို့ သုံးကောင် တကယ် အသက်မရှင်ချင်တော့ဘူးနဲ့ တူတယ်... စကားမများနဲ့တော့... ခုတ်ထစ်ပစ်လိုက်..."
အနက်ရောင်စွပ်ကျယ်နှင့် လူသည် ဒေါသ အကြီးအကျယ် ထွက်သွားပြီး နောက်မှ လူအုပ်ကြီးကို အမိန့်ပေးလိုက်တော့သည်။
စကား တစ်ခွန်းမှ မဆိုတော့ဘဲ လူအုပ်ကြီးသည် ဓားများကိုယ်စီဖြင့် သူတို့ သုံးယောက်ဆီသို့ ပြေးဝင်လာကြလေ၏။
ဘေးပတ်ဝန်းကျင်မှ လူများကတော့ တကယ် တိုက်ပွဲ ဖြစ်တော့မည်ကို မြင်သောအခါ အဝေးသို့ ထွက်ပြေးကုန်ကြသည်။
အသားကင် ဆိုင်ပိုင်ရှင်ပင်လျှင် ကြောက်လွန်း၍ ဆိုင်တံခါးကို ဆွဲပိတ်လိုက်လေ၏။
"စုစုပေါင်း (၁၂) ယောက် ရှိတယ်... တစ်ယောက်ကို (၄) ယောက်စီ ကိုင်လိုက်ကြ..."
ယဲ့ဖန်သည် နောက်ဆုံး အချိန်ကျမှ နေရာ ခွဲဝေပေးလိုက်သည်။
"နောက်နေတာလား...ကျွန်မကပါ တိုက်ရမှာလား..."
ကျူးရှောင်ကျောင်း ကြောင်အသွားသည်။
"ဒါပေါ့... ပြဿနာ အကုန်လုံးကို မင်းပဲ ရှာခဲ့တာလေ... မင်းလည်း ပါရမှာပေါ့... မင်း လုပ်တဲ့ အမှိုက်ကို ငါတို့က လိုက်ရှင်းရမှာလား..."
ယဲ့ဖန် ပြောပြောဆိုဆိုနှင့် သူမကို ဆွဲခေါ်လိုက်ပြီး ဓားချက် တစ်ခုကို ရှောင်ပေးလိုက်သည်။
"ဒါပေမဲ့... ကျွန်မက သူတို့ကို မနိုင်ဘူးလေ..."
ကျူးရှောင်ကျောင်းသည် ချက်ချင်းပင် ခံစစ်အနေအထား ယူလိုက်သည်။
"ငါ့အကူအညီ လိုချင်ရင်တော့ ရတယ်... ငါက မင်းအစား တစ်ယောက် ကူရှင်းပေးရင်... မင်းက ငါ့ခြေထောက်ကို တစ်ခါ ဆေးပေးရမယ်... (၄) ယောက်ဆိုတော့ (၄) ခါပေါ့..."
ယဲ့ဖန်သည် သူမကို ဘေးသို့ ဆွဲရှောင်ရင်း ဈေးညှိလိုက်သည်။
"(၄) ခါက များလွန်းတယ်ဟာ... အများဆုံး (၂) ခါပဲ..."
"မရဘူး... ဒါဆို မင်းဘာသာမင်း ရှင်းလိုက်..."
"(၃) ခါ... (၃) ခါ... တကယ်ပဲ... ဒီထက်တော့ ပိုမရတော့ဘူး..."
"ကောင်းပြီ... သဘောတူတယ်..."
သူတို့ နှစ်ယောက်သည် ဘေးတွင် မည်သူမှ မရှိသကဲ့သို့ ဈေးညှိနေကြသည်။ ဓားကိုင်ထားသော လူမိုက် (၁၂) ယောက်ကို လုံးဝ အဖက်မလုပ်ကြပေ။
ထိုလူမိုက်များသည် အကြီးအကျယ် စော်ကားခံလိုက်ရသလို ခံစားလိုက်ရပြီး ပို၍ ရူးသွပ်လာကြတော့သည်။
"သတ်ကြ..."
ယဲ့ဖန်သည် ဘေးမှ ဖူမာကျန်းဝူကို လှမ်းခေါ်လိုက်ပြီး ရှေ့သို့ ပြေးထွက်သွားလိုက်၏။
တကယ်တမ်းတွင် သူ၏ စွမ်းရည်နှင့်ဆိုလျှင် ဤ (၁၂) ယောက်လောက်ကို တစ်ကိုယ်တော် ရှင်းပစ်လိုက်၍ ရနေသည် မဟုတ်ပါလော။