← Chapters

မင်းကို ဥပဒေက ကယ်လိုက်တာပဲ...

Vol. 78 Ch. 1530

မင်းကို ဥပဒေက ကယ်လိုက်တာပဲ...

Vol. 78 Ch. 1530

~သို့သော် လူအများရှေ့ ရောက်နေသဖြင့် ယဲ့ဖန်သည် ပွဲမကြမ်းချင်ပေ။ ထို့ကြောင့် သူ၏ လှုပ်ရှားမှုကို အရှိန်ထိန်းထားလိုက်သည်။

သူသည် (၁၀) စက္ကန့်ကို လူတစ်ယောက်နှုန်း ရှင်းပစ်လိုက်သည်။ သွေးထွက်သံယို မဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းပြီး၊ လက်ကောက်ဝတ်များကို ချိုးကာ ပြန်မတိုက်ခိုက်နိုင်အောင် လုပ်လိုက်ရုံသာ ဖြစ်၏။

သို့သော် ဖူမာကျန်းဝူကတော့ အဲဒီလောက် သဘောမကောင်းပေ။ သူမ၏ တိုက်ကွက်တိုင်းတွင် သွေးထွက်သံယို ဖြစ်အောင် ဖန်တီးတတ်သည်။

သူမ လက်စသတ်လိုက်သည့် အချိန်တွင် သွေးချောင်းစီးနေသည် မဟုတ်သော်လည်း မြေကြီးပေါ်တွင် သွေးကွက်ကြီး အများအပြား ကျန်ရစ်နေခဲ့လေ၏။ တကယ့်ကို တုန်လှုပ်ဖွယ် မြင်ကွင်းပင်။

အနက်ရောင်စွပ်ကျယ်နှင့် လူသည် နောက်ဆုံးတွင် ကျန်ရစ်နေခဲ့သည်။ ဖူမာကျန်းဝူသည် သူ့ကို မတိုက်ခိုက်ဘဲ ယဲ့ဖန်အတွက် တမင် ချန်ထားပေးလိုက်ခြင်း ဖြစ်၏။

"ဘယ်လိုလဲ... ဆက်တိုက်ချင်သေးလား..."

ယဲ့ဖန်သည် ပြုံးလျက် သူ့ရှေ့သို့ လျှောက်လာပြီး လက်ယပ်ခေါ်လိုက်သည်။

ထိုလူမှာ ကြောက်လွန်း၍ သွေးပျက်မတတ် ဖြစ်နေပြီ။ ယဲ့ဖန်၏ မေးခွန်းကို ကြားသောအခါ သူသည် ဓားကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး ဒူးထောက်ချလိုက်တော့သည်။

"အစ်ကို... ကျွန်... ကျွန်တော် မှားပါတယ် အစ်ကိုရာ... အသက်ချမ်းသာပေးပါ..."

သူသည် ယဲ့ဖန်၏ လက်စွမ်းကို အရင်တုန်းက မြည်းစမ်းဖူးပြီးပြီ ဖြစ်၏။ ထို့ကြောင့် ဒီတစ်ခေါက် ခေါ်လာသော လူများမှာ ထောင်ထွက် လူမိုက်ကြီးများချည်း ဖြစ်၏။

ဒီလူတွေက ကျွမ်းကျင်ရုံသာမက ရက်စက်ကြမ်းကြုတ်သူများလည်း ဖြစ်၏။

သိုင်းပညာရှင် အများစုတောင်မှ ဒီလူတွေကို နိုင်ဖို့ မလွယ်ကူပေ။

သို့ရာတွင်၊ ဒီလို လူမိုက်ကြီးတွေကို တစ်ဖက်လူက မျက်တောင်တစ်ခတ်အတွင်း ရှင်းပစ်လိုက်လိမ့်မည်ဟု ဘယ်သူ ထင်ထားမည်နည်း။

သည်တစ်ခေါက်တော့ သံတိုင်ကို ကန်မိပြီ။

"ရပါတယ်ကွာ... လူဆိုတာ အမှားနဲ့ မကင်းဘူးလေ... ကိုယ့်အမှားကိုယ်သိပြီး ပြင်ဆင်တာလောက် ကောင်းတာ ဘယ်ရှိမလဲ..."

ယဲ့ဖန်သည် သဘောထားကြီးစွာဖြင့် လက်ကာပြလိုက်သည်။

ထိုလူ ချက်ချင်း ဝမ်းသာသွားသည်။ သူ့စကားကို နားထောင်ကြည့်ရတာ လွှတ်ပေးမယ့် သဘော ရှိနေသည် မဟုတ်ပါလော။

ဝမ်းသာတာအပြင် သူ၏ စိတ်ထဲတွင် ယဲ့ဖန်ကို လှောင်ပြောင်လိုက်မိသေးသည်။

'မင်းက တကယ့် ငအပဲ... ဒီလောက်နဲ့တင် ငါက မင်းကို ကျေးဇူးတင်မယ် ထင်နေလား... သွားသေလိုက်...'

သို့သော် သူ ပျော်လို့ မဆုံးသေးခင်မှာပင် ယဲ့ဖန်က ဆက်ပြောလိုက်သည်။

"ငါက စီးပွားရေးသမားလေ... သတ်တာ ဖြတ်တာတွေ ဝါသနာမပါဘူး... လူတွေနဲ့ စီးပွားရေး လုပ်ရတာကိုပဲ သဘောကျတာ... ဒီလိုလုပ်... ငါတို့ သူငယ်ချင်း ဖြစ်သွားပြီဆိုတော့ စီးပွားရေးလေး တစ်ခုလောက် လုပ်ကြမလား..."

ထိုလူသည် စိတ်ထဲတွင် မထီမဲ့မြင် ပြုလိုက်မိသော်လည်း အပြင်တွင်တော့ မပြရဲပေ။ သူသည် ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်ရသည်။

"ဘာ... ဘာစီးပွားရေးလဲဗျ..."

"နေပါဦး... မင်း နာမည်တောင် မမေးရသေးဘူး..."

"ကျွန်တော့်နာမည်က လျိုခွမ်းဟိုင် ပါ..."

"အစ်ကိုဟိုင်ပေါ့... ထိုင်ပါဦးဗျာ..."

ယဲ့ဖန်သည် သူ့ကို အတင်းဆွဲပြီး ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်လေ၏။

ကျူးရှောင်ကျောင်းနှင့် ဖူမာကျန်းဝူတို့သည် ဘေးမှနေ၍ စပ်စုချင်စိတ်ဖြင့် ကြည့်နေကြသည်။ ဒီကောင် ဘာလုပ်ဦးမလဲ မသိဘူး။

"အစ်ကိုဟိုင်... ဆေးလိပ်သောက်ပါဦး..."

ယဲ့ဖန်သည် ဟွားဇီ စီးကရက် တစ်ဘူးကို ထုတ်ပြီး လျိုခွမ်းဟိုင်ကို တစ်လိပ် ကမ်းပေးလိုက်သည်။

လျိုခွမ်းဟိုင်သည် ယဲ့ဖန်၏ အမူအရာကို ကြည့်ပြီး သူ့ကို တစ်ခုခု အကူအညီ တောင်းတော့မည်ဟု ထင်မှတ်လိုက်သည်။ ထို့ကြောင့် စိတ်အနည်းငယ် အေးသွားသည်။

"ကျွန်တော် ဆေးလိပ် မသောက်တော့ဘူးဗျ... ဖြတ်လိုက်ပြီ..."

"သောက်ထားလိုက်ပါ... မဟုတ်ရင် နောက်ဆို သောက်ခွင့်ရမှာ မဟုတ်တော့ဘူး..."

ယဲ့ဖန်သည် စီးကရက်ကို သူ့ပါးစပ်ထဲ အတင်း ထိုးထည့်လိုက်ပြီး မီးပါ ညှိပေးလိုက်လေ၏။

လျိုခွမ်းဟိုင် နားမလည်တော့ပေ။

"ခင်ဗျား ပြောတဲ့ စီးပွားရေး ဆိုတာ ဘာလဲဗျ..."

ယဲ့ဖန်သည် ပတ်တီးစည်းထားသော သူ့လက်များကို စိုက်ကြည့်လိုက်သည်။ မျက်နှာတွင်တော့ အန္တရာယ်ကင်းမည့်ပုံစံ အပြုံးတစ်ခု ပေါ်နေလေ၏။

"အစ်ကိုဟိုင်... မင်းလက်တွေက ဘယ်လောက်တန်လဲ..."

လျိုခွမ်းဟိုင် မျက်နှာပျက်သွားသည်။

"ခင်ဗျား... ခင်ဗျား ဘာလုပ်မလို့လဲ..."

"အထင်မလွဲပါနဲ့ဗျာ... ဒီလိုပါ... မူလကတော့ အပြစ်ပေးတဲ့အနေနဲ့ မင်းလက်တွေကို ဖြတ်ပစ်မလို့ပါပဲ... ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ မင်းလက်တွေကို ငါ ယူထားလို့လည်း ဘာမှ သုံးစားလို့ရမှာ မဟုတ်ဘူး... အဲဒါကြောင့် မင်းကိုပဲ ပြန်ရောင်းပေးမလို့... မင်းက ဒီအတိုင်း ပြန်ဝယ်မလား... ဒါမှမဟုတ် ဖြတ်ပြီး ပါကင်လှလှလေး ထုပ်ပေးမှ ပြန်ဝယ်မလား..."

ယဲ့ဖန်၏ လေသံမှာ အလွန် တည်ငြိမ်နေပြီး တကယ် စီးပွားရေး ဆွေးနွေးနေသကဲ့သို့ ဖြစ်နေသည်။

သို့သော် လျိုခွမ်းဟိုင်မှာတော့ ကြက်သီးမွေးညှင်းများ ထကုန်ပြီ ဖြစ်၏။ သူ ထရပ်မည် လုပ်လိုက်သော်လည်း ယဲ့ဖန်က ပခုံးကို ဖိချထားသဖြင့် ပြန်ထိုင်လိုက်ရသည်။

"ခင်ဗျား... ဒါ ဥပဒေစိုးမိုးတဲ့ နိုင်ငံနော်... လူသတ်ရင် ဥပဒေနဲ့ ငြိစွန်းလိမ့်မယ်..."

လျိုခွမ်းဟိုင် အလျင်အမြန် ခြိမ်းခြောက်လိုက်သည်။

ယဲ့ဖန် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တာပေါ့... မင်းကို ဥပဒေက ကယ်လိုက်တာပဲ... ဒါကြောင့် ငါက စီးပွားရေး ဆွေးနွေးနေတာလေ... အရောင်းအဝယ် မဖြစ်ခဲ့ရင်တောင် မေတ္တာတရား ဆိုတာ ရှိသေးတာပဲ... ကဲ... ဈေးခေါ်မှာလား၊ မခေါ်ဘူးလား... မခေါ်ရင်တော့ ငါ့ပစ္စည်း ငါပြန်သိမ်းတော့မယ်..."

လျိုခွမ်းဟိုင်သည် သူ့လက်ကို အတင်းပြန်ရုပ်လိုက်မိ၏။ တစ်ကိုယ်လုံးလည်း ချွေးစေးများ ပြန်နေနေပြီ ဖြစ်၏။

"ပေး... ပေးမယ်... ကျွန်တော် ဈေးပေးပါ့မယ်... (၅)... လက်တစ်ဖက်ကို (၅) သောင်း ပေးမယ်..."

ယဲ့ဖန်၏ နှုတ်ခမ်းထောင့်စွန်းတွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။

"အစ်ကိုဟိုင်ရဲ့ လက်က တစ်သိန်းပဲ တန်တာလား... နည်းလွန်းတယ် ထင်တယ်... ငါကတော့ (၂) သိန်း ပေးမယ်..."

"ကျွ... ကျွန်တော် (၃) သိန်း ပေးမယ်..."

"(၄) သိန်း..."

"ကျွ... ကျွန်တော် (၅) သိန်း ပေးမယ်..."

"(၇) သိန်း..."

"(၈) သိန်း... ကျွန်တော့်မှာ တကယ်ပဲ ဒီလောက်ပဲ ရှိတော့တာပါ... ကျေးဇူးပြုပြီး လွှတ်ပေးပါတော့..."

လျိုခွမ်းဟိုင်သည် (၈) သိန်းအထိ အော်လိုက်ပြီးနောက် ချက်ချင်းပင် အရှုံးပေးလိုက်ရရှာသည်။

ယဲ့ဖန်သည် သဘောထားကြီးစွာဖြင့် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ... (၈) သိန်း ဈေးတည့်တယ်... ဘာပဲဖြစ်ဖြစ် ဒါက ငါတို့ ပထမဆုံး စီးပွားရေး လုပ်တာဆိုတော့... လျှော့ပေးလိုက်ပါ့မယ်..."

လျိုခွမ်းဟိုင်ခမျာ ခေါင်းကို ကြက်ပေါက်စလို တငြိမ့်ငြိမ့် လုပ်နေရရှာသည်။

"ကဲ... အခု ခြေထောက်ဈေး ဆွေးနွေးကြတာပေါ့..."

ယဲ့ဖန်၏ အပြုံးသည် တောက်ပနေဆဲ ဖြစ်သော်လည်း၊ လျိုခွမ်းဟိုင်၏ မျက်လုံးထဲတွင်တော့ မာရ်နတ်ထက် အဆပေါင်းသောင်းချီ ကြောက်စရာကောင်းနေသည်။

သူတို့နှစ်ယောက် ဈေးဆက်ညှိကြပြန်သည်။

နောက်ဆုံးတွင် ယဲ့ဖန်သည် လျိုခွမ်းဟိုင်၏ ခြေထောက်နှစ်ဖက်၊ ခေါင်း၊ နှင့် လိင်အင်္ဂါတို့ကို (၁.၂) သန်း၊ (၂) သန်း နှင့် (၁) သန်း အသီးသီး ဈေးဖြတ်ပြီး စုစုပေါင်း (၅) သန်းဖြင့် ရောင်းချလိုက်လေ၏။

သူ့ကိုယ်သူ တော်တော် သဘောကောင်းသည်ဟု ခံစားမိလိုက်သည်။

စိတ်နည်းနည်း မည်းလိုက်မည် ဆိုလျှင် လျိုခွမ်းဟိုင်၏ နှလုံး၊ အသည်း၊ အဆုတ်၊ ကျောက်ကပ်တွေကိုပါ တစ်စစီ ခွဲထုတ်ပြီး ဈေးပိုရအောင် ရောင်းပစ်လိုက်၍ ရသေးသည်။

ယဲ့ဖန်၏ အကြည့်အောက်တွင် လျိုခွမ်းဟိုင်သည် ယွမ် (၅) သန်းကို မလွှဲမရှောင်သာ လွှဲပေးလိုက်ရရှာသည်။

ငွေရပြီးနောက် ယဲ့ဖန်သည် ထိုလူ၏ ပခုံးကို ကျေနပ်စွာ ပုတ်လိုက်လေ၏။

"ထမင်းစားထွက်လာရင်း ဒီလောက် အရောင်းအဝယ်ကြီး ဖြစ်မယ်လို့ မထင်ထားဘူး... အစ်ကိုဟိုင်က တကယ် သဘောကောင်းတာပဲ... နောက်တစ်ခါ ဒီလို အခွင့်အရေးမျိုး ရှိရင် လာရှာဦးနော်..."

လျိုခွမ်းဟိုင်သည် စိတ်ထဲတွင် ယဲ့ဖန်၏ ဘိုးဘေးစဉ်ဆက်ထိအောင် ဆဲဆိုနေပြီ ဖြစ်သော်လည်း၊ အပြင်ပန်းတွင်တော့ ပြုံးပြလိုက်ရသည်။

"မလာရဲတော့ပါဘူး... မလာရဲတော့ပါဘူးဗျာ..."

"ဒါဆို... ဂရုစိုက်ပြီး ပြန်ကြနော်..."

လျိုခွမ်းဟိုင်သည် တစ်စက္ကန့်လေးတောင် ဆက်မနေရဲတော့ဘဲ သူ့လူများကို ခေါ်ကာ အမြန်ဆုံး ထွက်ပြေးသွားတော့သည်။

"ရှင် တော်တော် ဟုတ်ပါလား... ဓားပြတိုက်တာကိုတောင် ဒီလောက် သန့်ရှင်းသပ်ရပ်အောင် လုပ်တတ်တယ်ပေါ့... ငါတော့ တကယ် လေးစားသွားပြီ..."

ကျူးရှောင်ကျောင်းသည် နောက်ဆုံးတွင် ဝင်ပြောလိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် အားကျမှုများ ပြည့်နှက်နေလေ၏။

"ပေါက်ကရ မပြောစမ်းပါနဲ့... ဘာ ဓားပြတိုက်တာလဲ... ငါတို့က စီးပွားရေး ဆွေးနွေးလိုက်ကြတာပါ..."

ယဲ့ဖန်သည် ပြန်ထိုင်လိုက်ပြီး အသားကင်ကို ဆက်စားနေလိုက်သည်။

ကျူးရှောင်ကျောင်းလည်း သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။

"ဒီလောက် ငွေတွေအများကြီး ရထားတာ... ဒီလောက်နဲ့ ပြီးရောလား... ဆိုင်ကြီးကြီး တစ်ဆိုင်လောက် သွားစားကြမယ်လေ..."

"မပူပါနဲ့... နောက်ထပ် စီးပွားရေးတွေ လာဦးမှာ..."

ယဲ့ဖန်သည် ဘီယာခွက်ကို ချလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားသည်။

"ရှင် ပြောချင်တာက... လျိုခွမ်းဟိုင်က လက်စားချေဖို့ ထပ်လာဦးမယ် ပေါ့... မဖြစ်နိုင်ပါဘူးဟာ... လူတစ်ယောက်က တစ်နေရာတည်းမှာ (၃) ခါလောက် လဲကျလောက်အောင် အဲဒီလောက်ထိ တုံးပါ့မလား..."

ကျူးရှောင်ကျောင်းကတော့ ဒီတစ်ခေါက် ယဲ့ဖန် မှန်းဆချက် လွဲလိမ့်မည်ဟု ထင်နေသည်။

ဒီလောက်ထိ တုံးသည့် လူ ရှိပါ့မလားလေ။

"လူတစ်ယောက် တုံးပြီဆိုရင်... သူ့ရဲ့ တုံးအမှုက မင်းရဲ့ စိတ်ကူးဉာဏ်ကိုတောင် ကျော်လွန်သွားနိုင်တယ်... လောင်းမလား... ဒီတစ်ခေါက် ခြေထောက်ဆေးစရာ မလိုဘူး... အတွင်းခံ ဘောင်းဘီကို တိုက်ရိုက် လျှော်ပေးရမယ်... ဘယ်လိုလဲ..."

ယဲ့ဖန်က မျက်ခုံးပင့်ပြလိုက်သည်။

"မလောင်းဘူး... ရှင်နဲ့ လောင်းရင် ကျွန်မ ဘယ်တုန်းက နိုင်ဖူးလို့လဲ..."

ကျူးရှောင်ကျောင်း ဒီတစ်ခေါက် သင်ခန်းစာ ရသွားပြီ ဖြစ်၏။

ယဲ့ဖန် အကွက်ထဲ ဝင်မတိုးတော့ပေ။

ယဲ့ဖန် ပျင်းသွားမိ၏။

‘ဒီကောင်မလေးတွေက သူ့ဘေးနားမှာ နေတာကြာလာတော့ ဉာဏ်တွေ များလာကြပြီ။ လိမ်ရတာ မလွယ်တော့ဘူး..’

‘ကြည့်ရတာ... အရည်အသွေးမြင့်တဲ့ သားကောင်အသစ်တွေကို ရှာဖွေရတော့မယ့် ပုံပဲ…’

All Chapters