အမျိုးသမီးနှစ်ဦး
Vol. 47 Ch. 646
စောင့်ကြည့်နေကြသူများမှာ ချူချင်း၏ ဆံနွယ်ရှည်များအား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုနေမိကြသည်။
ချူချင်းမှာ ပုံမှန်ကဲ့သို့ ပျင်းရိနေဟန်မရှိပဲ မျက်ဝန်းများမှာ အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်နေလျက် ရှိသည်။
"မင်းရဲ့ ဒီပုံစံကိုတောင် မမြင်ရတာကြာပြီနော် ချုချင်း။" ကျောင်းထိုက်ရှင်းမှ အသိအမှတ်ပြုဟန်ဖြင့် ပြောလိုက်သည်။
ချူချင်းမှ ရယ်မောကာ ပြောလိုက်သည်။ "ကျောင်းထိုက်ရှင်း အရင်တစ်ခါက မင်းကံကောင်းလို့ နိုင်သွားတာနော်။ ဒီတစ်ခါတော့ ကံတရားက မင်းဖက်ကပါမယ် မထင်နဲ့။"
"မင်းပြောသလို ဖြစ်လာပါ့မလား။" ကျောင်းထိုက်ရှင်းမှာ အလေးပင်မထားဟန်ဖြင့် ပြောလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခွင်လုံးတွသ် သူ့အားဖိအားပေးနိုင်သူမှာ ချူချင်းတစ်ယောက်သာရှိကြောင်း ကျောင်းထိုက်ရှင်းမှ ကောင်းစွာနားလည်ထားသည်။
ထို့ကြောင့် ယနေ့ရင်ဆိုင်တိုက်ခိုက်ရမည့် တိုက်ပွဲအား ကျောင်းထိုက်ရှင်းမှ ပေါ့ပေါ့တန်တန် သဘောထားရဲခြင်း မရှိပေ။
ကျောင်းထိုက်ရှင်းမှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်ပြီးနောက် လက်နှစ်ဖက်ကို အတူတကွချိတ်ဆက်ကာ မီးခိုးရောင်ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ ကျောင်းထိုက်ရှင်း၏ လက်ဝါးထက်မှ မီးခိုးရောင်ချီစွမ်းအင်များမှာ အလင်းအစက်အပြောက်များအသွင်ဖြင့် ဆန်းကြယ်စွာ ထွက်ပေါ်လာလေသည်။
"မြေအောက်ကမ္ဘာရဲ့စွမ်းအင်..."
ကျောင်းထိုက်ရှင်း၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်နေလျက် ရှိသည်။ သူသည် မျက်တောင်ပင်မခတ်ပဲ လက်အားခါယမ်းလျက် အလင်းအစက်အပြောက်များအား ချူချင်းထံသို့ ပစ်လွှတ်လိုက်သည်။
မီးခိုးရောင် အလင်းအစက်အပြောက်များမှာ အဖျက်စွမ်းအား အလွန်ပင် ကြီးမားလှပြီး ထိမိလိုက်သည်နှင့်တစ်ပြိုင်နက် အသွေးအသားများအား လှိုက်စားသွားမည် ဖြစ်သည်။
ချူချင်းမှာ အလင်းအစက်အပြောက်များအား ကြည့်ရှုလိုက်ပြီးနောက် သူ၏ဆံနွယ်များမှာ ရှည်ထွက်လာပြီးနောက် ဆံခြည်မျှင် တစ်ခုချင်းစီမှာ လှံများအလား ခုခံမည့်အသွင် ဖြစ်ပေါ်သွားသည်။
ချပ်...
ကောင်းကင်ထက်၌ အသင်္ချေမျှသော ဆံခြည်မျှင်များနှင့် အလင်းအစက်အပြောက်များ ထိတွေ့သွားကြသည်။
ဝုန်း....
သို့သော် ထိုတိုက်ခိုက်မှုမှာ ဟန်ပြသဘောမျှသာ ဖြစ်သည်။ ချူချင်းနှင့် ကျောင်းထိုက်ရှင်းတို့မှာ တစ်ဦးကိုတစ်ဦး အေးစက်ခက်ထန်စွာ ကြည့်ရှုလိုက်ကြပြီးနောက် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ကာ စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် တိုက်ရိုက်တိုက်ခိုက်ကြလေတော့သည်။
ဝုန်း.....
ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာ ပတ်ဝန်းကျင်တစ်ခွင်လုံးအား ဖုံးလွှမ်းသွားလေသည်။
.......
ဇူယွမ်မှာ စွမ်းအင်လှိုင်းဂယက်များထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ဖိအားကို ခံစားနေရသည်။ ချူချင်းနှင့် ကျောင်းထိုက်ရှင်းတို့၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ မျှော်မှန်းထားသည်ထက်ပင်ပို၍ သန်မာလွန်းလှ၏။
"ကန်ရွှမ်းကောင်းကင်ဒေသက အတော်ဆုံး ရွေးချယ်ခံနှစ်ယောက်ရဲ့ စွမ်းအင်အစစ်အမှန်ဆိုတာ ဒါမျိုးလား..." ဇူယွမ်မှ တိုးညင်းစွာ ရေရွတ်လိုက်မိသည်။ ရိုးသားစွာ ဝန်ခံရမည်ဆိုပါက ဇူယွမ်အတွက် ကျောင်းထိုက်ရှင်းအား အနိုင်ရနိုင်ရန် များစွာကြိုးစားရဦးမည် ဖြစ်သည်။
မူလစဦး နဝမအဆင့်သို့သာ တက်ရောက်နိုင်ခဲ့ပါက ဇူယွမ်မှာ ကျောင်းထိုက်ရှင်းအား ဂရုပင်စိုက်နေရန် မလိုအပ်တော့ဟု အခိုင်အမာ ယုံကြည်ထားလေသည်။
ဇူယွမ်မှာ အတွေးစများအား လျင်မြန်စွာ ဖြတ်တောက်ပစ်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ယခုဇူယွမ် ရင်ဆိုင်ရမည့်သူမှာ ကျောင်းထိုက်ရှင်း မဟုတ်သောကြောင့်ပင် ဖြစ်သည်။
"ကျောင်းထိုက်ရှင်းနဲ့ ချူချင်းကတော့ တိုက်ခိုက်နေကြပြီ။" ကျန်းထိုက်ချင်မှ နောက်တွင်လိုက်ပါလာသော ဇူယွမ်နှင့်ယောင်ယောင်တို့၏ ပုံရိပ်အားကြည့်ကာ ကျင်းချန်းဇယ်အား စကားဆိုလိုက်သည်။ "ကြွက်နှစ်ကောင် ငါတို့နောက်ကို လိုက်နေတယ်။ သူတို့ကို မသတ်ပစ်ရင် ငါတို့လည်း ကျောက်စိမ်းပြားကို အေးအေးဆေးဆေး ယူလို့ရမှာ မဟုတ်ဘူး။"
ကျင်းချန်းဇယ်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "အဲ့ဒါဆိုလည်း အဲ့ကြွက်တွေကို သတ်ပစ်လိုက်ကြတာပေါ့။"
ကျင်းချန်းဇယ်မှ ကျန်းထိုက်ချင်အားကြည့်ကာ မေးလိုက်သည်။ "နင်ဘယ်သူ့ကို ကစားချင်လဲ..."
ကျန်းထိုက်ချင်မှာ သူမ၏နီထွေးသော နှုတ်ခမ်းအစုံကို တွန့်ကွေးနေအောင်ပြုံးကာ ပြောလိုက်သည်။ "လီချင်းချန်ကပြောဖူးတယ်။ ဇူရှောင်ယိုက တကယ်အရည်အချင်းရှိတယ်တဲ့။ သူမနဲ့ငါ ဘယ်သူပိုသာလဲဆိုတာ စမ်းကြည့်ချင်တယ်...ဟီးဟီး..."
ကျင်းချန်းဇယ်မှ ရှုံ့မဲ့ကာ ပြောလိုက်သည်။ "အဲ့တော့ ငါကဇူယွမ်ကို ကိုင်တွယ်ရမှာပေါ့လေ။ စိတ်ဝင်စားဖို့ မကောင်းတော့ဘူး။ အဲ့ကောင်လေးက ငါဆော့ဖို့လောက်တောင် အရည်အချင်းရှိတာမှ မဟုတ်ပဲ။"
"ဟီးဟီး....နင်ကငါ့ထက်နိမ့်တယ်လေ။ အဲ့တော့ ငါရွေးလို့ကျန်တဲ့ဟာပဲ နင်ယူသင့်တာပေါ့။"
ကျင်းချန်းဇယ်မှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် ဇူယွမ်၏ပုံရိပ်အားကြည့်ကာ ပြောလိုက်သည်။ "ရွေးစရာမရှိတော့ဘူးဆိုတော့လည်း ဘယ်တက်နိုင်ပါ့မလဲ။ သူ့ကိုဖမ်းပြီးတော့ပဲ ခြေတွေလက်တွေ ဖြတ်ထားလိုက်တာပေါ့။"
"သူ့ကို ငါကစားလို့ရအောင် အသေတော့ မသတ်နဲ့ဦးနော်။ အဲ့ကောင်လေးရဲ့ သွေးတွေအကုန်လုံးကို တစ်စက်ချင်းစီ ဖောက်ထုတ်ပြမယ်ဆိုပြီး ငါလီချင်းချန်းကို ပြောဖူးလို့။" ကျန်းထိုက်ချင်မှ ပြုံးကာပြောလိုက်သည်။
ကျင်းချန်းဇယ်မှ ခေါင်းညိတ်ပြလိုက်သည်။
ကျန်းထိုက်ချင်မှာ ကျောက်ဆောင်တစ်ခုပေါ်သို့ ပျံဝဲသွားလိုက်သည်။ ထို့နောက် သူမ၏နီထွေးသော နှုတ်ခမ်းအစုံအားဖွင့်ဟကာ သွေးနီရောင်ချီစွမ်းအင်အလင်းမျှင်တစ်ခုအား ထုတ်လွှတ်လိုက်သည်။
ထိုသွေးနီရောင်အလင်းမျှင်မှာ သွေးချီများအား ထုတ်ပိုးရစ်ပတ်ထားခြင်းဖြစ်ပြီး လက်မအရွယ်ခန့်ရှိသော အပ်တစ်ချောင်း ပါဝင်နေလျက် ရှိသည်။
ထိုအပ်မှာ သွေးအဆိပ်များဖြင့် စီရင်ထားခြင်းဖြစ်ကာ ထိုးစိုက်မိသည်နှင့်တစ်ပြိုင်နက် သေဆုံးရခြင်းထက်ဆိုးသော နာကျင်မှုအား ခံစားရမည် ဖြစ်သည်။
ကျန်းထိုက်ချင်မှာ ထိုအပ်အား ယောင်ယောင့်ထံ ပစ်လွှတ်လိုက်လေသည်။
ယောင်ယောင်မှာ ထိုအပ်အား အာရုံခံမိပါသော်လည်း အနည်းငယ်မျှပင် အမူအရာ ပျက်ယွင်းသွားခြင်းမရှိပဲ တည်ငြိမ်နေဆဲပင် ဖြစ်သည်။ ယောင်ယောင်မှာ မျက်ခုံးနှစ်ခုအကြားရှိ စိတ်ဝိဉာဉ်စွမ်းအင်အား နိုးထစေလိုက်သည်။ ထို့နောက် စိတ်ဝိဉာဉ်စွမ်းအင်အားများကို စိတ်ဝိဉာဉ်သွေးအပ်အဖြစ်သို့ ပြောင်းလဲလိုက်၏။
ဒေါင်....
အပ်နှစ်ခုမှာ လေထုအတွင်း ထိတွေ့မိသွားကြပြီးနောက် ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်သွားရသည်။
"ကန်ရွှမ်းကလန်က ဂျူနီယာညီမတော်လေး ငါနဲ့အတူ လာကစားပါလား..." ကျန်းထိုက်ချင်မှ ပြုံးကာပြောလိုက်သည်။
ယောင်ယောင်မှာ ကျန်းထိုက်ချင်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "ဒီမိန်းကလေးကို ငါနဲ့ထားခဲ့လိုက်။"
ဇူယွမ်မှ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "ကျွန်တော် ကျင်းချန်းဇယ်ဆီ သွားလိုက်မယ်။"
ယောင်ယောင်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် ကျန်းထိုက်ချင်ရှိနေသော ကျောက်ဆောင်ပေါ်သို့ ပျံဝဲသွားသည်။ ဇူယွမ်မှာလည်း ကျင်းချန်းဇယ်ရှိရာသို့ ပျံဝဲသွားလိုက်၏။
ကျန်းထိုက်ချင်မှာ ယောင်ယောင်အား ခေါင်းစခြေဆုံး ကြည့်ရှုလိုက်ပြီးနောက် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "တော်တော်လှတဲ့ မိန်းကလေးပါလား။ မိန်းကလေးအချင်းချင်းတောင် ရင်သပ်ရှုမောဖြစ်ရတဲ့ အလှမျိုးပဲ။ နင်က တအားလှတော့ ငါ့မှာဘာမှတောင် မလုပ်ရက်တော့ဘူး။"
ကျန်းထိုက်ချင်သည် သူမ၏အလှအပနှင့်ပက်သတ်၍ လွန်စွာယုံကြည်ချက်ရှိသူ ဖြစ်သည်။ လီချင်းချန်နှင့် နှိုင်းယှဉ်လျှင်ပင် မည်သည့်အခါမှ သိမ်ငယ်သည်ဟု မခံစားခဲ့ရပေ။ သို့သော် ယခုယောင်ယောင်အား မြင်တွေ့လိုက်ရသောအခါ၌ နတ်မိမယ်တမျှလှပသော ပြစ်မျိုးမှဲ့မထင် နတ်ဘုရားများ ထုဆစ်လိုက်သည့် သူယောင်မယ်လေးအား မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသော ခံစားချက်မျိုးဖြင့် စိတ်နှလုံးအတွင်း အားကျမနာလိုခြင်းများ တရိပ်ရိပ် တက်လာရလေသည်။
ထို့ကြောင့်ပင် ကျန်းထိုက်ချင်မှာ ယောင်ယောင်အား ပို၍သတ်ဖြတ်ချင်လာရသည်။ အထူးသဖြင့် အစိတ်အပိုင်း တစ်ခုချင်းစီ အချိုးအစားကျစွာ လှပသေသပ်လွန်းလှသော ယောင်ယောင်၏ အေးစက်စက် မျက်နှာလေးအား သွေးအေးအေးဖြင့် ဖျက်စီးချင်စိတ် ပေါက်မိနေ၏။
"အဲ့တော့ ကျန်းထိုက်ချင်ဆိုတာ နင်ပေါ့။"
ကျန်းထိုက်ချင်မှ ပြုံးကာပြောလိုက်သည်။ "ဟုတ်တယ် ငါပဲ..."
ယောင်ယောင်မှ အေးစက်စွာ စကားဆိုလိုက်သည်။ "ငါလီချင်းချန်းဆီကနေ ကြားခဲ့တယ်။ နင်က ဇူယွမ်ရဲ့သွေးတွေကို တစ်စက်ချင်းစီ ဖောက်ထုတ်ပစ်မယ်လို့ ပြောတယ်ဆို..."
ကျန်းထိုက်ချင်မှာ ယောင်ယောင်မှ ထိုအကြောင်းအရာအား မေးမြန်းလာလိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် အနည်းငယ် အံ့အားသင့်ရပြီးနောက် ပြုံးကာပြောလိုက်သည်။ "ဟုတ်တယ်။ ဒါနဲ့အဲ့ကောင်လေးက နင့်အချစ်ကလေးလား။"
"အဲ့ကောင်လေး ငါ့လက်ထဲ ရောက်လာပြီးရင်တော့ သူ့ရဲ့သွေးတွေကို တစ်စက်ချင်းစီ ဖောက်ထုတ်ပြီး ကစားချင်တာ အမှန်ပဲ။"
ကျန်းထိုက်ချင်မှ ယောင်ယောင်အားကြည့်ကာ ပြောလိုက်သည်။ "ဟီးဟီး....နင်စိတ်ဆိုးနေပြီလား။ စိတ်မပူပါနဲ့။ ဘာလို့လဲဆိုတော့ အဲ့ကောင်လေးနဲ့နင်နဲ့ နှစ်ယောက်လုံးက အတူတူ ဇာတ်သိမ်းရမှာမို့လို့ပဲ။"
ယောင်ယောင်မှာ ကျန်းထိုက်ချင်အား ကြည့်ရှုလိုက်ပြီးနောက် အေးစက်တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါက သွေးဖောက်ထုတ်တာကို စိတ်မဝင်စားဘူး။ ဒါပေမယ့်.....စိတ်ဝိဉာဉ်ကို ဆွဲထုတ်ဖို့တော့ စိတ်ဝင်စားတယ်။"
ယောင်ယောင်မှာ ဖြည်းညင်းစွာဖြင့် စိတ်ဝိဉာဉ်မီးတောက်အား ထွက်ပေါ်စေလိုက်သည်။
"ဖြောက်..."
ယောင်ယောင်မှာ လက်ဖြောက်တီးလိုက်သည်နှင့်တစ်ပြိုင်နက် စိတ်ဝိဉာဉ်မီးတောက်မှာ သူမ၏လက်ဝါးပေါ်သို့ ရောက်ရှိလာသည်။
ပတ်ဝန်းကျင်တစ်ခွင်လုံးမှာလည်း သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ပျံ့နှံလွှမ်းခြုံနေလေတော့သတည်း...