← Chapters

ငါတို့အဖွဲ့ ဒီမှာပဲ စခန်းချကြမယ်

Vol. 12 Ch. 147

ငါတို့အဖွဲ့ ဒီမှာပဲ စခန်းချကြမယ်

Vol. 12 Ch. 147

သခင်မကြီးမော့သည် အလွန်လိမ္မာပါးနပ်သည်။ မော့ယွင်ဖုန့်တို့လင်မယား မတွေ့ဖြစ်တာ နှစ်အတော်ကြာပြီမို့ ပြောစရာတွေ အများကြီး ရှိနေမှာကို နားလည်သဘောပေါက်ပြီး မော့ကျိုးယွီတို့လင်မယားအား ဆွဲခေါ်သွား၍ ရှောင်ပေးခဲ့သည်။

မတ်တပ်ရပ်ရန်နေရာရှာပြီးနောက် သခင်မကြီးမော့သည် သူမ၏ မျက်လုံးများမှ မျက်ရည်များကို သုတ်ဖယ်ပြီး မေးမြန်းခဲ့သည်၊ “ကျိုးယွီ၊ နင့်တတိယအစ်ကိုကို ဘယ်လိုရှာတွေ့ခဲ့တာလဲ။”

မော့ကျိုးယွီက သူ မော့ယွင်ဖုန့်ကို ဘယ်လိုရှာတွေ့ခဲ့ကြောင်း အတိအကျ ပြန်ပြောပြခဲ့သည်။

သခင်မကြီးမော့အတွက် မော့ကျိုးယွီ၏ စကားများထဲမှ အချက်အလက်ပမာဏသည် အလွန်ကြီးမားသည်။

စတုတ္ထသား မော့ရှိုးယန်းသည် နန်ဟန်ကြောင့် သေဆုံးသွားခဲ့ပြီး တတိယသား မော့ယွင်ဖုန့်ကို နန်ဟန်နှင့် တောင်ပိုင်းရှင်းကျန်းလူမျိုး၏ တော်ဝင်နည်းပြဆရာတို့ လေးနှစ်ကြာ ပူးတွဲချုပ်ကိုင်ခဲ့သည်။

သူမ၏ သားအကြီးဆုံး မော့ကျွင်းလွေ့နှင့် ဒုတိယသား မော့ကျားချန်တို့သည် အသက်ရှင်နေသေးသော်လည်း သူတို့၏ တည်နေရာကို လတ်တလော မသိရသေးပါဘူး။

မော့ကျိုးယွီသည် နန်ဟန်နှင့် တောင်ပိုင်းရှင်းကျန်းလူမျိုး၏ တော်ဝင်နည်းပြဆရာတို့ကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့သည်…။

အဖွားလျို့အား မော့မိသားစု ချွေးမများကို မြုံသွားစေသည့် ဆေးဝါးများ တိုက်ကျွေးရန် ဧကရီ၏ လာဘ်ထိုးမှုနှင့် ပတ်သက်၍ မော့ကျိုးယွီသည် ဟဲကျစ်ယန်က မရီးများအား မစစ်ဆေးခင် ဒီအကြောင်းအား မပြောပြသေးဖို့ စီစဉ်ထားသည်။

ကံကောင်းထောက်မစွာဖြင့် သခင်မကြီးမော့သည် မိုးသက်လေပြင်းများနှင့် လောကဓံလှိုင်းတံပိုးများကို မြင်တွေ့ခဲ့ဖူးသော အမျိုးသမီးတစ်ဦးဖြစ်သဖြင့် သူမသည် ဒီသတင်းများကို ကြားသိပြီး ထိတ်လန့်သွားသော်လည်း အမြန်လက်ခံနိုင်ခဲ့သည်။

သူမသည် မော့ကျိုးယွီ၏ အင်္ကျီလက်အား ဆွဲကိုင်ကာ “ကျိုးယွီ၊ နင့်တတိယအစ်ကိုက အမေ့ကို ဒီမှာ တွေ့ဖို့ ရွေးချယ်လိုက်တာက သူ အမေတို့နဲ့ အနောက်မြောက်ဘက်ကို မလိုက်ခဲ့ဘူးလို့ ဆိုလိုချင်တာလား” ဟု မေးလာခဲ့သည်။

မော့ကျိုးယွီက ခေါင်းညိတ်ပြသည်၊ “တတိယအစ်ကို အသက်ရှင်နေတယ်ဆိုတဲ့သတင်းကို အပြင်လူတွေ မသိသေးဘူး။ သူက ဒါကို အခွင့်ကောင်းယူပြီး သူ့နာမည်ကို ပြောင်းမယ်၊ ပြီးရင် အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ကို ရှာဖို့ သတင်းစုဆောင်းလိမ့်မယ်။”

သခင်မကြီးမော့သည် မော့ယွင်ဖုန့်ကို ခေါင်းလှည့်ကြည့်ပြီး သူမ၏ မျက်လုံးထဲတွင် တုံ့ဆိုင်းနေသော အရိပ်အယောင်များ စီးဆင်းနေသည်။

သို့သော် မော့ယွင်ဖုန့် ထိုသို့ ပြုလုပ်သည်မှာ မှန်ကန်ကြောင်း သူမစိတ်ထဲတွင် သိထားသည်။

အနောက်မြောက်ဘက်သို့ရောက်သည်နှင့် အပြင်ထွက်ပြီး လူရှာဖို့ ခက်ခဲလိမ့်မည်။

ထိုအချိန်တွင် မော့ယွင်ဖုန့်သည် သူ့ဇနီးနှင့်အတူ ရောက်လာသည်။

“အမေ၊ နဝမညီလေး အမေ့ကို ပြောပြီးပြီမလား။ အမေ့သား ကျွန်တော် အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုကို ရှာဖို့ အပြင်သွားမယ်။”

“ကောင်းပြီ၊ အမေ့ကို နင့်နဝမညီလေး ပြောပြီးသွားပြီ။ နင် အပြင်မှာ တစ်ယောက်တည်းနေရမှာဆိုတော့ သတိလေးဘာလေးထားပြီးနေ။ နင့်အမေက အသက်ကြီးနေပြီ၊ သားကို ဆုံးရှုံးရတဲ့ ဝေဒနာကို မခံစားနိုင်တော့ဘူး။”

သခင်မကြီးမော့က ထိုသို့ပြောနေစဉ် မျက်ရည်များက မသိစိတ်မှ စီးကျလာသည်။

မော့ယွင်ဖုန့်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သခင်မကြီးမော့၏ လက်ကို ဆုပ်ကိုင်ပေးလိုက်သည်။

“အမေ စိတ်မပူပါနဲ့။ ဒီရှာဖွေမှုရဲ့ ရလဒ်က ဘယ်လိုပဲဖြစ်နေပါစေ၊ အမေ့သားက နှစ်သစ်ကူးမှာ သေချာပေါက် အရောက်ပြန်လာပါ့မယ်။”

မော့ယွင်ဖုန့်၏ အာမခံချက်ကြောင့် သခင်မကြီးသည် အနည်းငယ် သက်တောင့်သက်သာရှိလာသည်။

“ကောင်းပြီ၊ နင့်မိသားစုက နင့်ကို အနောက်မြောက်ဘက်မှာ စောင့်နေတယ်ဆိုတာကို သတိရပါ။”

သူ့အမေကို နှစ်သိမ့်ပြီးနောက် မော့ယွင်ဖုန့်သည် သူ့မိန်းမကို စကားအနည်းငယ်ပြောပြီး ထွက်သွားဖို့ ပြင်လိုက်သည်။

ဒါကိုမြင်တော့ ဟဲကျစ်ယန်က သူမ၏ နေရာလွတ်ထဲမှ ငွေစက္ကူတစ်ထပ်ကို အလျင်အမြန် ဆွဲထုတ်ယူပြီး သူ့ဆီ ပေးလိုက်သည်။

“တတိယအစ်ကိုက အိမ်နဲ့ ဝေးရာကို သွားရမှာဆိုတော့ အပြင်က နေရာတော်တော်များများမှာ ငွေလိုလိမ့်မယ်။ ဒါတွေကို အစ်ကိုနဲ့အတူ ယူသွားလိုက်ပါ။”

မော့ယွင်ဖုန့်သည် သူ့မိသားစုမှာ ပိုက်ဆံမရှိလို့ လမ်းခရီးမှာ ဒုက္ခရောက်နေလိမ့်မယ်လို့ အခုမှ တွေးနေတုန်း ရှိသေးသည်။ သူ့မိသားစုအတွက် ဆားဂိုဏ်းကို ဓားပြသွားတိုက်ပြီး ငွေအချို့ ရှာဖို့ တွေးထားသည်။

သူ့နဝမညီလေးတို့လင်မယားထံမှ ငွေစက္ကူတစ်ထပ်ကို လက်ခံရရှိလိုက်သဖြင့် မော့ယွင်ဖုန့်က သူ့အလိုလို ငြင်းဆန်ခဲ့သည်။

“နဝမညီလေးနဲ့ ခယ်မလေးတို့ အစ်ကို့ကို ပိုက်ဆံမပေးသင့်ဘူး။ မိသားစုထဲမှာ လူအများကြီးရှိတော့ လမ်းခရီးမှာ ပိုက်ဆံပိုလိုလိမ့်မယ်။ တတိယအစ်ကိုက ဒုက္ခတွေကို ဖြေရှင်းဖို့ အစ်ကိုကိုယ်တိုင် နည်းလမ်းရှာလိုက်မယ်။”

သခင်မကြီးမော့၏ စိတ်ထဲမှာ ဟဲကျစ်ယန် ထုတ်ယူလိုက်သော ငွေအားလုံးသည် သူတို့ မထွက်ခွာမီ သူ့မိဘတွေ ပေးလိုက်တဲ့ ပိုက်ဆံတွေပဲ ဖြစ်သည်။ ဟဲကျစ်ယန်က သူမတို့မိသားစု တစ်ခုလုံးကို‌ ထောက်ပံ့ထားတာကပင် လုံလောက်နေပြီ။ ဒါကြောင့် သူမ၏ ပိုက်ဆံတွေကို အပို ထပ်မသုံးသင့်တော့ဘူး။

ထို့ကြောင့် သခင်မကြီးမော့သည်လည်း မော့ယွင်ဖုန့် ငြင်းဆန်တာကို ကူညီပေးခဲ့သည်။

“ဟဲရှီ၊ နင့်တတိယအစ်ကိုက အရွယ်ရောက်ပြီးသားလူပါ။ သူ အပြင်မှာ ငတ်မသေနိုင်ပါဘူး။ နင့်ပိုက်ဆံတွေ ပြန်သိမ်းထားချေ။”

ထိုအချိန်တွင် တတိယမရီးသည် သူမ၏ ပိုက်ဆံအိတ်ကိုထုတ်ကာ မော့ယွင်ဖုန့်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ယောကျာ်း၊ ရှင် နဝမမတ်လေးတို့လင်မယားရဲ့ ငွေကို မသုံးချင်ရင် ကျွန်မပိုက်ဆံကို သုံး၊ ဟုတ်ပြီလား။”

မော့ယွင်ဖုန့်က ဒါကိုလည်း မယူပေ။ သူက ပိုက်ဆံအိတ်ကို တတိယမရီး၏ လက်ထဲ ပြန်ထိုးထည့်ပေးလို်ကသည်။

“ပြဿနာကို ဖြေရှင်းဖို့ ကိုယ်ကိုယ်တိုင် နည်းလမ်းရှာလိုက်မယ်။ မင်းမှာ ရှိတဲ့ ပိုက်ဆံအားလုံးကို အရေးပေါ်ကိစ္စအတွက် သီးသန့်သိမ်းထား။”

မော့ယွင်ဖုန့်က အခိုင်အမာပြောနေတာကိုမြင်တော့ တတိယမရီးက သူမ၏ ပိုက်ဆံအိတ်ကို ပြန်သိမ်းထားရုံသာ တတ်နိုင်ခဲ့သည်။

ခင်ပွန်းဖြစ်သူနှင့် မခွဲခွာမီ နောက်ထပ် စကားအနည်းငယ်ပြောကာ သတိပေးခဲ့သည်။

မော့ယွင်ဖုန့်သည် ကိုယ်ဖော့ပညာကို အသုံးပြုပြီး လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

တတိယမရီး၏ မျက်ရည်များက အထိန်းအကွပ်မရှိ စီးကျလာခဲ့ပြန်သည်။

ဟဲကျစ်ယန်က သူမကို စကား အနည်းငယ် ပြော၍ နှစ်သိမ့်ပေးပြီး‌နောက် စခန်းဆီသို့ လမ်းလျှောက်ပြန်လာကြသည်။

လမ်းမှာ သခင်မကြီးမော့က သူ့တတိယချွေးမအား ဒီနေ့ အဖြစ်အပျက်ကို တခြား ဘယ်သူ့ကိုမှ ပြန်မပြောဖို့ ပြောခဲ့သည်။

မော့မိသားစုတွင် မကောင်းသော အကြံအစည်ရှိသူ မရှိသော်လည်း အများနှင့် ပြောဆိုဆက်ဆံနေရတာဖြစ်သည့်အတွက် မတော်တဆ နှုတ်ချော်ပြီး ပြောလိုက်မိလျှင် ဒုက္ခများစေလိမ့်မည်။

စခန်းပြန်ရောက်တော့ သခင်မကြီးမော့က ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ပြီး မော့ဟန်ယွဲ့ကို အိပ်ရာနိုးပြီး မျက်နှာသစ်ခိုင်းသည်။

မော့ချူဟန်က သူတို့ပြန်လာတာကိုမြင်ပြီး မေးမြန်းဖို့ မော့ကျိုးယွီကို စိုးရိမ်တကြီး သူ့အနား ဆွဲခေါ်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့် အရာရှိများသည် ယခုအချိန်မှ အိပ်ယာထကြတာဖြစ်ပြီး ခရီးမထွက်ခင် အချိန်အနည်းငယ်ရပါသေးသည်။

ဟဲကျစ်ယန်သည် တစ်ညလုံး မအိပ်ရသေးသဖြင့် ခဏလောက် အနားယူရန် တဲထဲသို့ ပြန်ဝင်သွားခဲ့သည်။

သူမ အိပ်ပျော်ခါနီးတွင် အဝေးမှ မြင်းခွာသံများကို ရုတ်တရက် ကြားလိုက်ရသည်။ အဝေးမှ မြင်းခွာသံများက ပိုကျယ်လာပြီး မကြာမီ စခန်းအနီးတွင် ရပ်သွားသည်။

အားလုံးက ဘာဖြစ်နေကြတာလဲဆိုတာကို စုံစမ်းဖို့ တဲထဲကနေ ထွက်လာကြသည်။

အစိုးရအရာရှိဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် မြင်းစီးလျက် နန်ဟန်၏ ပုံတူကို သူ့လက်ထဲတွင် ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။

“မင်းတို့ မင်းသားဟန်ကို တွေ့ကြလား။”

ဖမ်းဝမ်က အရင်ဦးစွာ လမ်းလျှောက်သွားသည်။

“လူကြီးမင်း၊ ကျွန်တော်တို့ မင်းသားဟန်ကို မတွေ့ဖူးပါဘူး။”

ဖမ်းဝမ်၏ ဝတ်ကျေတန်းကျေ အဖြေကို မြင်လိုက်ရသဖြင့် ထိုလူသည် ချက်ချင်းဆိုသလို မျက်နှာပျက်သွားသည်။

“သေချာကြည့်။ ဒါက မင်းသားဟန်ပဲ။ မင်းတို့ စကားလုံး တစ်လုံးကိုမှ ပေါ့ပေါ့ဆဆ ပြောလို့ မရဘူး။”

ဖမ်းဝမ်သည် မြင်းစီးသူ၏ အရှိန်အဝါကြောင့် ကြောက်ရွံ့ထိတ်လန့်ကာ ချွေးစေးများ ထွက်လာခဲ့သည်။

ဒါပေမယ့် သူ လုံးဝ မလိမ်ခဲ့ဘူး…။

“လူကြီးမင်း ကျွန်တော်က အဋ္ဌမအဆင့်အရာရှိတစ်ဦးပါ။ မင်းသားဟန်လိုလူမျိုးကို တွေ့မြင်ဖို့ ဘယ်လိုလုပ်ပြီး အရည်အချင်း ပြည့်မီမှာလဲ။”

မြင်းစီးသူသည် ဒါက အဓိပ္ပါယ်ရှိသည်ဟု ထင်မြင်မိသည်။ မင်းသားဟန်က လူတိုင်း မြင်တွေ့နိုင်သော လူမျိုး မဟုတ်ပေ။

ထို့ကြောင့် စခန်းပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းကာ သူ့နောက်လိုက်များနှင့်အတူ ထွက်ခွာသွားခဲ့သည်။

ဖမ်းဝမ်သည် သူ့နဖူးမှ ချွေးများကို သုတ်ပြီး လူများကို စခန်းထဲ ပြန်ဝင်ခိုင်းခဲ့သည်။

ဘာဖြစ်သွားမှန်း မသိတဲ့အတွက် သူသည် အဆိုပါသတင်းကို တာဝန်ရှိသူထံ ချက်ချင်း ပေးပို့လိုက်သည်။

အခြားအရာအတွက် မဟုတ်ပါ။ ဤနေရာ၌ မင်းသားဟန် တစ်ခုခု ဖြစ်သွားခဲ့လျှင် ထိုကိစ္စကြောင့် ဆိပ်ခံတံတားကို ထပ်မံ ပိတ်ထားမှာကို စိုးရိမ်နေခဲ့တာ ဖြစ်သည်။

ဖမ်းဝမ်ရဲ့ လုပ်ရပ်က မှန်သွားတယ်လို့ပြောရမယ်။

အဆိုပါသတင်းနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် ထွက်ခွာသွားသော တာဝန်ရှိသူက ပြန်လည်ဖြေကြားသည်။

မနေ့ညက မင်းသားဟန် စီးသွားတဲ့ ပန်းလှေ မီးလောင်သွားပြီး မင်းသားဟန် အသက်ရှင်သေးလား သေဆုံးသွားပြီလားဆိုတာကိုတော့ မသိရသေးဘူး။

ဆိပ်ခံတံတားကို ပိတ်ဆို့ထားရုံသာမက မြို့တံခါးများကိုပါ အလုံပိတ်ထားသည်။ မင်းသားဟန်ကို မတွေ့မချင်း ဘယ်သူမှ ဝင်ထွက်မသွားလာနိုင်ဘူး။

ထိုကိစ္စက ဖမ်းဝမ်ကို မှင်တက်သွားမိစေသည်။

မင်းသားဟန်ကို စောစောတွေ့ရင် ကောင်းမှာပဲ၊ ဒါပေမယ့် သူ့ကို မရှာတွေ့ဘူးဆိုရင် သူတို့ ဒီနေရာမှာ တစ်သက်လုံး နေသွားရမှာလား။

ဒါကိုတွေးရင်း ဖမ်းဝမ်သည် သူ့ရင်ထဲမှာ အလွန်ပိတ်ဆို့သွားသလို ခံစားလိုက်ရသည်။

သူသည် အစောင့်အကြပ်အဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး ဒီလို အဖြစ်မျိုး ပထမဆုံးအကြိမ် ကြုံတွေ့ဖူးတာပင်။ သဘာဝဘေးဒဏ်ကို သူလက်ခံနိုင်ဆဲဖြစ်သော်လည်း လူလုပ်ဘေးအန္တရာယ်ကိုတော့…

ကူကယ်ရာမဲ့စွာဖြင့် အဖြစ်အပျက်တွေက ဒီအခြေအနေအထိ ရောက်လာပြီဆိုမှာတော့ သူ့ကံကြမ္မာကို သူ လက်သင့်ခံရမှာပေါ့။

“ဆိပ်ခံတံတား ပြန်မဖွင့်မချင်း ငါတို့အဖွဲ့ ဒီမှာပဲ စခန်းချကြမယ်။”

ဒီသတင်းက ဟဲကျစ်ယန်အတွက် မည်သည့် သက်ရောက်မှုမှ မရှိပေ။ သူမလက်ထဲမှာ ပိုက်ဆံတွေ အများကြီးရှိတာကြောင့် ဘယ်နေရာမှာ နေထိုင်ရပါစေ၊ သူမအတွက် ဘာမှ မထူးခြားသွားဘူး။

ဒါပေမယ့် ဖန်မိသားစုနှင့် ရှဲ့မိသားစုတွေအတွက်ကတော့ မတူပါဘူး။

အချိန်အတော်ကြာ ခရီးထွက်ပြီးနောက် သူတို့လက်ထဲမှာ ငွေအချောင်း နှစ်ဆယ်လောက်က ကုန်လုနီးပါးဖြစ်နေပြီ။

အကယ်၍ သူတို့ မကြာမီ အနောက်မြောက်ဘက်သို့ မရောက်နိုင်သေးပါက နောင်မှာ သူတို့မိသားစုတွေ ငတ်ပြတ်သွားမှာကို စိုးကြောက်မိသည်။

ဟဲကျစ်ယန်သည် ရှဲ့မိသားစုနှင့် ဖန်မိသားစုများ၏ တုံ့ပြန်မှုကို သတိမထားမိဘဲ ယခုအချိန်တွင် သူမ အလွန်အိပ်ငိုက်နေပါသည်။

အလျင်စလိုလုပ်စရာမလိုဘူးလို့ကြားတော့ တဲထဲကိုပြန်ဝင်ပြီး အိပ်ဖို့ ပြင်လိုက်သည်။

မနေ့ညက သူမနှင့် မော့ကျိုးယွီတို့ အပြင်ထွက်ပြီး အလုပ်များခဲ့တာကို သခင်မကြီးမော့က သိတဲ့အတွက် သူမ၏ မိသားစုဝင်များကို သူတို့ကို သွားမနှောင့်ယှက်ဖို့ သတိပေးခဲ့သည်။

***

All Chapters