နေရာလွတ်တွင် ရိတ်သိမ်းခြင်း
Vol. 12 Ch. 148
မော့ကျိုးယွီသည် ကိစ္စရပ်များကို မော့ချူဟန်အား ရှင်းရှင်းလင်းလင်း ရှင်းပြပြီးနောက် သူက ဘာမှ မသိဟန်ဆောင်ပြီး ဖမ်းဝမ်ရဲ့ အနားကို လျှောက်သွားသည်။
“အစ်ကိုကြီးဖမ်း၊ ဘာဖြစ်သွားတာလဲ။”
မော့ကျိုးယွီကိုတွေ့တော့ ဖမ်းဝမ်က မနေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်သည် သူနှင့် ဆက်စပ်နေနိုင်သည်ဟု ချက်ချင်း တွေးလိုက်မိသည်။
သို့သော် မော့ကျိုးယွီ၏ အမူအရာကိုကြည့်လျှင် သူ မဟုတ်ဘူးဟု ထင်ရသည်။
ဖမ်းဝမ်က သံသယစိတ်ဖြင့် မေးလိုက်မိသည်၊ “မင်း တကယ် မသိဘူးလား။”
မော့ကျိုးယွီက အနည်းငယ် စိတ်ရှုပ်သွားသည်။
“အစ်ကိုဖမ်း ဘာဖြစ်လို့ ဒီလို မေးတာလဲ။ ဘာဖြစ်သွားလို့လဲ။”
ဖမ်းဝမ်သည် မော့ကျိုးယွီ၏ အကြည့်တွေက ကြည်လင်ပြတ်သားနေပြီး လိမ်ပြောနေပုံမရတာကို မြင်လိုက်ရသောအခါ သူက သက်ပြင်းချလိုက်သည်။
“ငါ အခုနလေးတင် စုံစမ်းမေးမြန်းဖို့ လူတစ်ယောက် လွှတ်လိုက်တယ်။ မနေ့ညက မင်းသားဟန် စီးတဲ့ ပန်းလှေ မီးလောင်သွားပြီး မင်းသားဟန်လည်း ပျောက်နေတယ်တဲ့။ မင်းသားဟန်ကို မတွေ့မချင်း ဘယ်သူမှ ဝင်ထွက်သွားလာခွင့်မရှိဘူးဆိုပြီး ဆိပ်ခံတံတားနဲ့ မြို့တံခါးတွေကို အစိုးရက ပိတ်ထားတယ်။”
ဖမ်းဝမ်သည် လိမ္မာပါးနပ်ပြီး သူ ဒီကိုလာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မော့ကျိုးယွီသည် ဖမ်းဝမ်၏ သံသယများကို ဖြေဖျောက်ပေးရန်ဖြစ်သည်။
ထို့ကြောင့် မော့ကျိုးယွီ၏ ပို၍ပင် ချဲ့ကားလာခဲ့သည်။
“ဒါဆို မင်းသားဟန်ရောက်လာတာကြောင့် မနေ့တုန်းက ကျွန်တော်တို့တွေ မထွက်သွားနိုင်ခဲ့တာပေါ့လေ။”
ဖမ်းဝမ်သည် မော့ကျိုးယွီ၏ အမူအရာကို ဂရုတစိုက် စောင့်ကြည့်နေခဲ့ပြီး မင်းသားဟန်ပျောက်ဆုံးမှုသည် မော့ကျိုးယွီနှင့် ဘာမှမဆိုင်ကြောင်း ဒီလောက်ဆို သူ ဆုံးဖြတ်နိုင်နေပြီဖြစ်သည်။
သူက မော့ကျိုးယွီ၏ ပခုံးကို အားပေးသလို ပုတ်ပြီး “အင်း… ဒီလူတွေ မင်းသားဟန်ကို အမြန်ဆုံး ရှာတွေ့နိုင်မယ်လို့ မျှော်လင့်မိတယ်၊ ဒါမှာ ငါတို့တွေ ခရီးဆက်နိုင်လိမ့်မယ်” ဟု နှစ်သိမ့်ပေးလိုက်သည်။
ဖမ်းဝမ်၏ ခါးသီးပြီး နာကြဉ်းနေသော အသွင်အပြင်ကို မြင်လိုက်ရသဖြင့် မော့ကျိုးယွီက သူ မပြန်လာခင် ဖမ်းဝမ်ကို စကားအနည်းငယ်ပြောပြီး နှစ်သိမ့်ပေးခဲ့သည်။
ရိုးရှင်းသော နံနက်စာ စားသောက်ပြီးနောက် မော့ကျိုးယွီသည် အိပ်ရေးဝဝ အိပ်စက်အနားယူရန် တဲထဲသို့ ဝင်သွားခဲ့သည်။
နှစ်ယောက်သား မွန်းတည့်ခါနီးတွင် အားအင်တွေ ပြည့်နှက်စွာ အိပ်ရာနိုးလာခဲ့သည်။
တဲအပြင်ဘက်ရှိ အသံများကို နားထောင်ကြည့်တော့ မရီးတွေ စကားစမြည်ပြောနေပုံရသည်။
ဟဲကျစ်ယန်သည် သူမ သန့်ရှင်းရေးလုပ်ဖို့ အခွင့်အရေး မရရှိသေးသော သူမ၏ နေရာလွတ် မြေပြင်ရှိ အညစ်အကြေးများကို တွေးလိုက်မိသည်။ ယခုအချိန်တွင် ၎င်းကို သန့်ရှင်းရေးလုပ်ဖို့ အကောင်းဆုံးဟု ဆုံးဖြတ်လိုက်သည်။
သူမသည် မော့ကျိုးယွီကို သူမနှင့်အတူ နေရာလွတ်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
မော့ကျိုးယွီလည်း ဒါကို တွေးမိပြီး ရေချိုးခန်းထဲကို တန်းတန်းမတ်မတ် ဝင်သွားကာ တံမြက်စည်း၊ ကြမ်းတိုက်တဲ့ပုံးကြီး တစ်ပုံးကို ဆွဲကာ ခြံထဲကို ဆင်းလာခဲ့သည်။
ခြံထဲကို ဝင်လိုက်တာနဲ့ သူ့ရှေ့က မြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့သည်။
မြေကြီးပေါ်တွင် စိုက်ပျိုးထားသော သီးနှံများအားလုံး ရင့်မှည့်နေကြပြီဖြစ်သည်။
ဟဲကျစ်ယန်သည် ၎င်းတို့အား ရိတ်သိမ်းနိုင်သော ထိန်းချုပ်ဘောင်ကွက်ရှေ့တွင် ရပ်နေသည်။
မျက်စိတစ်မှိတ်အတွင်း နွယ်ပင်များပေါ်မှ သခွားသီးများ လွင့်ပျံလာသည်ကို မြင်လိုက်ရပြီး မြေကြီးပေါ်ရှိ ဝါးခြင်းတောင်းထဲသို့ သပ်သပ်ရပ်ရပ် ကျသွားသည်။
ပြီးတော့ သူတို့အားလုံးက အရမ်းစနစ်တကျရှိကာ သူတို့ကိုယ်သူတို့ သပ်သပ်ရပ်ရပ်ဖြစ်အောင် စီစဉ်ကြတယ်…
အခြားသီးနှံများအတွက်လည်း အလားတူပင်၊ မည်သည့်ပုံသဏ္ဍာန်နှင့် အရောင်အသွေး ရှိစေကာမူ ၎င်းတို့အားလုံးကို ဝါးခြင်းတောင်းထဲတွင် တူညီစွာ အလိုအလျောက် ထည့်ထားသည်။
ပို၍ အံ့ဩစရာကောင်းသည်မှာ စပါးစေ့များသည် ရိတ်သိမ်းပြီးနောက် သူ့အလိုလို အခွံနွှာပြီး အိတ်ထဲသို့ တည့်တည့်ဝင်သွားခြင်းဖြစ်လေ၏။
မော့ကျိုးယွီသည် ဟဲကျစ်ယန်၏ နေရာလွတ်ရဲ့ မှော်ဆန်သည့် သဘောသဘာဝကို ပြောပြခဲ့တာကို ကြားဖူသော်ငြားလည်း ၎င်းကို သူ့မျက်လုံးများဖြင့် မျက်မြင်တွေ့လိုက်ရချိန်တွင် မယုံနိုင်ဖွယ်ကောင်းသည်ဟု ခံစားရဆဲပင်။
ဟဲကျစ်ယန်သည်လည်း အလားတူပါပဲ။ သူမသည် ဤအရာအားလုံးကို ထိန်းချုပ်သည့် ဘောင်ကွက်ရှေ့တွင် မတ်တပ်ရပ်နေချိန်တွင် သူမသည် ကာတွန်းရှိုးအကြီးစားဖျော်ဖြေမှုကို ကြည့်ရှုနေရသကဲ့သို့ ခံစားမိသည်။
ဒီအချိန်မှာ ဟဲကျစ်ယန်သည် ကလေးလေးကဲ့သို့ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
သူမ၏ နှုတ်ခမ်းထောင့်များသည် အပြုံးခပ်ကြီးကြီးအသွင် ကွေးညွှတ်သွားပြီး တိမ်မြုပ်နေသော ပါးချိုင့်လေးများပင် ပေါ်ထွက်လာကာ ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေပုံရသည်။
မော့ကျိုးယွီ လှည့်ကြည့်လိုက်ချိန်တွင် ပန်းလေးတစ်ပွင့်လို လှပနေတဲ့ သူမ၏ အပြုံးမျက်နှာလေးကို တွေ့လိုက်ရသည်။
အချိန်အတော်ကြာ အတူရှိပြီးနောက် ဤမျှ ပျော်ရွှင်စွာ ပြုံးနေသော သူမကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရတာဖြစ်သဖြင့် မော့ကျိုးယွီတစ်ယောက် အံ့အားသင့်သွားသည်။
ဟဲကျစ်ယန်၏ အာရုံသည် ရိတ်သိမ်းခြင်းလုပ်ငန်းစဉ်အပေါ် လုံးလုံးလျားလျား အာရုံစိုက်နေခဲ့ပြီး မော့ကျိုးယွီကို သူမ သတိမထားမိခဲ့ပေ။
ရိတ်သိမ်းမှုအပြီးတွင် သူမရှေ့တွင် သပ်သပ်ရပ်ရပ် စီထားသော ရိက္ခာမျိုးစုံကို ကြည့်ရှုကာ မိသားစု ပျော်ရွှင်စေရန် ချက်ချင်း ထုတ်ယူသွားဖို့ မစောင့်ချင်တော့ဘူး။
ကံမကောင်းစွာပဲ ဒီအရာတွေကို နေ့အလင်းရောင်ထုတ်ယူဖို့ မလွယ်ပါဘူး။
မော့ကျိုးယွီသည် သူမ ရုတ်တရက် ငြိမ်ကျသွားတာကိုမြင်ပြီး သူမကို မေးရန် ခြေလှမ်းပြင်လိုက်သည်။
“မင်း ဘာတွေတွေးနေတာလဲ။”
ဟဲကျစ်ယန်က ရိက္ခာများကို လက်ညှိုးထိုးပြပြီး “ကျွန်မတို့မိသားစုဝင်တွေကို ဒီအရာတွေ မြည်းစမ်းနိုင်ဖို့ ဘယ်လိုလုပ်ရမလဲလို့ တွေးနေတာ” ဟု ပြောလာခဲ့သည်။
မော့ကျိုးယွီက ပို၍ ရဲရင့်သည်။
“အရာရှိတွေက နန်ဟန်ကို ရှာမတွေ့နိုင်ဘူးဆိုတော့ အချိန်တိုအတွင်းမှာ ဘယ်သူ့ကိုမှ ထွက်သွားခွင့်ပေးမှာ မဟုတ်ဘူး။ မနက်ဖြန် တောထဲကို သွားကြည့်ချင်ကြောင်း အစ်ကိုကြီးဖမ်းကို ပြောကြရအောင်။”
ဒါကိုကြားတော့ ဟဲကျစ်ယန်ရဲ့ မျက်လုံးတွေ ချက်ချင်း တောက်ပလာသည်။
“ဒါက အရမ်းကောင်းတဲ့ အကြံပဲ။ ကျွန်မ စားဖို့ သင့်တော်တဲ့ အစားအစာတွေကို ရွေးထုတ်လိုက်မယ်”
ဘာပဲဖြစ်ဖြစ် မော့ကျိုးယွီက ကြားခံလူဖြစ်သဖြင့် သူမအတွက် စိုးရိမ်စရာ မရှိပါဘူး။
ဟဲကျစ်ယန်သည် သူမ ရိတ်သိမ်းထားသော ရိက္ခာများကို နေရာလွတ်ထဲရှိ ရိက္ခာဂိုဒေါင်ထဲသို့ ပို့ဆောင်ရန် သူမ၏ အသိစိတ်ကို အသုံးပြုခဲ့သည်။ ပြီးသွားသောအခါ သူမ လှည့်ကြည့်လိုက်တော့ မော့ကျိုးယွီသည် မြေပြင်ပေါ်ရှိ သွေးအစွန်းအထင်းများကို ဂရုတစိုက် သန့်ရှင်းရေးလုပ်နေသည်ကို တွေ့လိုက်ရသည်။
အစကတည်းက သူမသည် ဤအရာအားလုံးကို သူမ တစ်ချက်လောက် တွေးလိုက်ရုံမျှဖြင့် လုပ်ဆောင်နိုင်သည်။
ဒါပေမယ့် မော့ကျိုးယွီ အလုပ်ကြိုးစားနေတာကိုမြင်တော့ ရုတ်တရက် အိမ်ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူမ၏ စိတ်ထဲတွင် လိုက်ဖက်ညီသော ပုံရိပ်တစ်ခု ပေါ်လာသည်။
သူမ အစောကြီးထပြီး မီးဖိုချောင်ထဲမှာ မနက်စာပြင်ဆင်နေချိန်တွင် အမျိုးသားဖြစ်သူက ပွရှုပ်နေတဲ့ ခြံဝင်းထဲမှာ တံမြက်စည်းတစ်ချောင်းကိုင်ပြီး သန့်ရှင်းရေးလုပ်နေတယ်…။
ဒါတွေဟာ သာမာန်နေ့များသာဖြစ်ပေမယ့် သူမ ငယ်ငယ်လေးကတည်းက မိသားစုရဲ့ နွေးထွေးမှုကို တစ်ခါမှ မခံစားဖူးတဲ့ ဟဲကျစ်ယန်အတွက် သူမ လိုချင်တဲ့ ဘဝမျိုးပါပဲ။
ဒီမြင်ကွင်းကို ဖျက်စီးဖို့ သူမ မလုပ်နိုင်တဲ့အတွက် စိတ်အတွေးဖြင့် လုပ်ဆောင်ဖို့ သူမ မစဉ်းစားတော့ဘူး။
မော့ကျိုးယွီသည် သွေးစွန်းနေသောနေရာများကို အထပ်ထပ် အခါခါ ဆေးကြောသန့်စင်ခဲ့ပြီး အညစ်အကြေးမရှိတော့ကြောင်း သေချာစစ်ဆေးပြီးမှာ သန့်ရှင်းရေးပစ္စည်းများကို ပြန်သိမ်းခဲ့သည်။
အချိန်ကိုကြည့်လိုက်တော့ ညနေစောင်းနေပြီ။ သူတို့နှစ်ယောက်ကို မိသားစုဝင်တွေက ညစာစားဖို့ လာခေါ်ပြီး တဲထဲမှာ အကြာကြီးနေနေမယ်ဆိုရင် တစ်ခုခုမှားနေတာကို တွေ့သွားမှာ စိုးရိမ်တဲ့အတွက် အဲဒီနေရာမှာ အကြာကြီး မနေရဲကြဘူး။
တဲအတွင်းမှာ နှစ်ယောက်သား ပေါ်လာသည်နှင့် တပြိုင်နက် စတုတ္ထမရီး၏ ညစာစားဖို့ လှမ်းခေါ်သံကို ကြားလိုက်ရသည်။
ဟဲကျစ်ယန်သည် လျင်မြန်စွာ တုံ့ပြန်ပြီး မော့ကျိုးယွီနှင့်အတူ တဲထဲမှ ထွက်လာခဲ့သည်။
ညစာစားပြီးသည်နှင့် စကားစမြည်ပြောနေစဉ် ဖန့်ချွမ်းကျိုးနှင့် ရှဲ့ထျန်းဟိုင်တို့သည် ဖမ်းဝမ်ကို အတူတူ သွားရှာရန် ချိန်းဆိုထားသည်ကို ဟဲကျစ်ယန် တွေ့လိုက်ရသည်။
အကွာအဝေးက အနည်းငယ်ဝေးပြီး သူတို့နှစ်ယောက် ဖမ်းဝမ်ကို ဘာပြောနေတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မကြားရပေ။
ဖမ်းဝမ်းသည် အထပ်ထပ် အခါခါ လက်ခါပြနေသည်ကို သူမ မြင်လိုက်ရပြီး နောက်ဆုံးတွင် ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။
“မင်းတို့ရဲ့ အထောက်အထားတွေကို မမေ့ကြနဲ့။”
ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို သူတို့ နှစ်ယောက်စလုံး မသိကြပေ။
သိပ်မကြာခင်မှာပဲ ဖန့်ချွမ်းကျိုးနှင့် ရှဲ့ထျန်းဟိုင်တို့ဟာ ခေါင်းငိုက်စိုက်နှင့် ထွက်သွားကြသည်။
ဒုတိယမရီးသည် ရှဲ့မိသားစုနေရာတွင် ရှိနေသည်။ အဖေရှဲ့ ပြန်လာတာကို မြင်တော့ မေးခွန်း အနည်းငယ် မေးပြီး ဝမ်းနည်းသော မျက်နှာဖြင့် ပြန်လာခဲ့သည်။
သူတို့သည် အခြားသူများ၏ မိသားစုအရေးကို ဂရုမစိုက်သော်လည်း ဒုတိယမရီး အလွန်စိတ်မကောင်းပုံပေါ်သဖြင့် ဟဲကျစ်ယန်က အကျိုးအကြောင်း မေးမြန်းကြည့်ခဲ့သည်။
“ဒုတိယမရီး ဘာဖြစ်တာလဲ။”
ဒုတိယမရီးက သက်ပြင်းချသည်။
“ရှဲ့မိသားစုနဲ့ ဖန့်မိသားစုတို့ရဲ့ လက်ထဲက ငွေတွေက ကုန်တော့မယ်။ အဖေနဲ့ ဦးလေးဖန့်က အဲဒီကိစ္စကို အရာရှိဖမ်းနဲ့ ဆွေးနွေးချင်နေတာ။ အဖွဲ့ကို ဒီမှာ စခန်းချမှာ ကြာမယ်ဆိုရင် မနက်ဖြန်ကျရင် မိသားစုထဲက အမျိုးသားတွေကို ခေါ်ပြီး အပြင်မှာ အလုပ်ထွက်ရှာချင်တယ်။ အပိုဝင်ငွေလေး နည်းနည်းပါးပါး ရလိုရငြားပေါ့။ ဆွေးနွေးမှုရဲ့ ရလဒ်ကို နင်မြင်တယ်မလား။ အဲဒါက မအောင်မြင်ခဲ့ဘူး။ အရာရှိဖမ်းက လုံးဝ သဘောမတူဘူး။”
မကြာသေးမီက ဖြစ်ပျက်ခဲ့သော ကိစ္စများစွာ ရှိပြီး ဟဲကျစ်ယန်သည် ဖန့်မိသားစုနှင့် ရှဲ့မိသားစုအရေးကို အမှန်တကယ် ဂရုမစိုက်မိခဲ့ပေ။
ဒုတိယမရီး ရှင်းပြတာကို နားထောင်ပြီးနောက်မှာ ထိုအကြောင်းကို တွေးမိပြီး ဒါက ဖြစ်နိုင်လောက်တယ်လို့ ထင်မြင်ခဲ့သည်။
မိသားစုနှစ်စုအတွက် စားစရာ သောက်စရာတွေကို မပြောနှင့်ဦး။ လမ်းတစ်လျှောက် တည်းခိုခန်းမှာ တည်းခိုရုံနဲ့ ကုန်ကျစရိတ်က များပြားသည်။
ငွေလျန်း နှစ်ဆယ်ကို စိစိစစ်စစ် သုံးမယ်ဆိုရင်တောင် ကုန်လုနီးပါးဖြစ်မှာ သေချာပေါက်ပင်။
ကံကောင်းထောက်မစွာဖြင့် အမျိုးသမီးကျောက်၏ လက်စွပ်သည် သူမနှင့်အတူရှိနေဆဲဖြစ်သောကြေင့် ဖန့်မိသားစုသည် အဆင်ပြေနေသေးသည်။
သူမနှင့် မော့ကျိုးယွီတို့ ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျခဲ့ချိန်တွင် မိသားစုနှစ်စုက အရာရှိများနှင့် ပူးပေါင်း၍ သူမတို့ကို ကူညီရှာဖွေပေးခဲ့သဖြင့် ဤကိစ္စကို အကြောင်းပြ၍ သူမသည် လက်စွပ်ကို အမျိုးသမီးကျောက်ကို ပြန်ပေးရန် အကြောင်းပြချက် ရှာလို့ရသည်။
ဒါပေမယ့် ရှဲ့မိသားစုအတွက်ကရော ဘာလုပ်ပေးသင့်လဲ။
သူမသည် အကြောင်းပြချက် မရှိလဲ ငွေကို အလကားပေးလိုက်မယ်ဆိုရင် သူမ၏ မူလရည်ရွယ်ချက်ကို ပြောင်းလဲသွားစေလိမ့်မည်။
***