ဘုရားရေ... သူ တကယ် ကယ်လိုက်နိုင်တာလား...
Vol. 78 Ch. 1534
~အားလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး သံသယ ဝင်လာကြသည်။
အပ်အနည်းငယ် စိုက်ပြီး လက်နဲ့ ခပ်ဖွဖွ နှိပ်နယ်ပေးရုံနဲ့ လူတစ်ယောက်ကို ကယ်လို့ ရနိုင်ပါ့မလား။
ဒါက နည်းနည်းတော့ ရယ်စရာ ကောင်းမနေဘူးလား။
ကျူးရှောင်ကျောင်းနှင့် ဖူမာကျန်းဝူတို့သည် ယဲ့ဖန်၏ ဆေးပညာ စွမ်းရည်ကို သိထားကြသော်လည်း၊ သူ ဘာလုပ်နေလဲ ဆိုတာကိုတော့ နားမလည်ကြပေ။ ထူးဆန်းသည်ဟုသာ ခံစားနေရသည်။
ထိုအချိန်တွင် ဆိုင်ထဲရှိ ဧည့်သည်များလည်း ဝိုင်းအုံလာကြပြီး တစ်ယောက်တစ်ပေါက် တီးတိုး ဝေဖန်နေကြသည်။
ဆိုင်ရှင်လည်း သတင်းကြားပြီး အပြေးရောက်လာသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ခြေထောက်များ ပျော့ခွေမတတ် ကြောက်လန့်သွားရသည်။
သူ့ဆိုင်ထဲမှာ လူတစ်ယောက် သေသွားရင် သူပါ ပြဿနာတက်တော့မှာ သေချာသည်။
"ဒါက ဆေးကုနေတာလား... ငါ နားမလည်တော့ဘူး..."
"မင်း နားမလည်တာ မဆန်းပါဘူး... ဒါက တရုတ်တိုင်းရင်းဆေးပညာလေ... သူ အပ်စိုက်နေတာ မမြင်ဘူးလား..."
"ဟဲဟဲ... မင်းက ဘာသိလို့လဲ... အပ်စိုက်တာက တိုင်းရင်းဆေးပညာ ဟုတ်လို့လား... ငါ သေချာပေါက် ပြောရဲတယ်... သူ လျှောက်လုပ်နေတာ... သူက တိုင်းရင်းဆေးဆရာဝန် အစစ် မဟုတ်လောက်ဘူး..."
"မင်းပြောမှ ဟုတ်တော့မှာလား... ငါတို့ နားမလည်ပေမယ့် မင်းကကော နားလည်လို့လား..."
"ဘာမဆိုင် ညာမဆိုင်... ငါက တရုတ်ဆေးပညာ အကယ်ဒမီက ဘွဲ့လွန်ကျောင်းသားကွ... ငါ နားမလည်စရာ အကြောင်း ရှိလို့လား..."
"သေစမ်း... မင်းက တရုတ်ဆေးပညာ အကယ်ဒမီက ကျောင်းသား ဟုတ်လား... ခုနက ဆရာဝန် ရှာတုန်းက မင်း ဘယ်ရောက်နေလဲ... အခုကျမှ ဆရာကြီး လာလုပ်နေတယ်... မင်းက ဘာကောင်မို့လို့လဲ..."
"ဟုတ်တယ်... ကိုယ်တိုင်ကျတော့ ဝင်မကယ်ရဲဘဲနဲ့... သူများ ဝင်ကယ်တော့မှ ဘေးကနေ လာပြီး လေကန်နေတယ်... သောက်ရမ်း စိတ်ပျက်ဖို့ ကောင်းတယ်..."
တရုတ်ဆေးပညာ အကယ်ဒမီမှ ကျောင်းသားသည် လူအများ၏ ဝိုင်းဝန်း ဆဲဆိုမှုကို ခံလိုက်ရသဖြင့် မျက်နှာမပြရဲလောက်အောင် အရှက်ကွဲသွားပြီး ပါးစပ်ပိတ်နေလိုက်ရသည်။
ထိုအချိန်တွင် သတိလစ်နေသော လူနာသည် ရုတ်တရက် တုံ့ပြန်မှု ပြလာလေ၏။
သူ့ရင်ဘတ်သည် ဖားဖိုကဲ့သို့ နိမ့်လိုက်မြင့်လိုက် ပြင်းထန်စွာ လှုပ်ရှားလာပြီး အသက်ရှူနှုန်းလည်း ပိုမို မြန်ဆန်လာသည်။
သို့သော် ယဲ့ဖန်သည် မရပ်တန့်ဘဲ သူ၏ လှုပ်ရှားမှုကို ပိုမို မြှင့်တင်လိုက်သည်။
နောက်ဆုံးတွင် ထိုလူသည် ရုတ်တရက် ထထိုင်လိုက်ပြီး ပါးစပ်ထဲမှ အန်ဖတ်များ အများအပြားကို ထိုးအန်ချလိုက်တော့သည်။
ယဲ့ဖန်၏ တုံ့ပြန်မှုက အလွန် လျင်မြန်လှသည်။ သူသည် အဝေးသို့ ရှောင်တိမ်းပြီး ဖြစ်နေသည်လေ။
သို့သော် ထိုလူ၏ သူငယ်ချင်း တစ်ယောက်ကတော့ အချိန်မီ မရှောင်လိုက်နိုင်သဖြင့် ဖိနပ်ပေါ်သို့ အန်ဖတ်များ စင်သွားလေ၏။
အန်ဖတ်ထဲတွင် ညစာ စားထားသည်များအပြင် သွေးစများပါ ရောနှော ပါဝင်နေသည်။
ဆိုင်တစ်ဆိုင်လုံး ရွံရှာဖွယ်ကောင်းသော အနံ့ဆိုးများဖြင့် ပြည့်နှက်သွားတော့သည်။
သို့သော် ရှိနေသမျှ လူတိုင်း အလွန် စိတ်လှုပ်ရှားသွားကြသည်။
"ဘုရားရေ... သူ တကယ် ကယ်လိုက်နိုင်တာလား... အံ့ဩစရာကြီး..."
"ဘုရားသခင်... ဒါ တကယ့်ကို အံ့ချီးဖွယ်ရာပဲ... အပ်နည်းနည်း စိုက်ပြီး လက်နဲ့ နှိပ်ပေးရုံနဲ့ လူနာကို တကယ် ကယ်တင်လိုက်နိုင်တယ်..."
"ဒီကောင်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် ဆေးပညာ ထူးချွန်မယ်လို့ ထင်မထားဘူး..."
"အရေးကြီးဆုံးက သူက အရမ်း ချောတာပဲ..."
"ငယ်ငယ်ရွယ်ရွယ်၊ ဆေးပညာ ထူးချွန်၊ ရုပ်ချော၊ သစ္စာလည်း ရှိတယ်... သူက ပြီးပြည့်စုံနေတာပဲ..."
"ဟို တရုတ်ဆေးပညာ အကယ်ဒမီက ကျောင်းသား ဘယ်ရောက်သွားလဲ... ခုနက သူပြောတာ ဒါ တိုင်းရင်းဆေးပညာ မဟုတ်ဘူး၊ လျှောက်လုပ်နေတာ ဆို... အခု ဘယ်ပျောက်သွားလဲ..."
"သူက ဘာသိမှာလဲ... တရုတ်တိုင်းရင်းဆေးပညာ ကျဆင်းနေတာ မဆန်းပါဘူး... တိုင်းရင်းဆေးကျောင်းက ကျောင်းသားတွေက ဒီလို အမှိုက်တွေ ဖြစ်နေတာကိုး..."
ထိုကျောင်းသားခမျာ လူအများ၏ ဝိုင်းဝန်း ဆဲဆိုမှုကို မခံနိုင်တော့ဘဲ ခေါင်းမဖော်ရဲအောင် ဖြစ်ကာ ထွက်ပြေးသွားရရှာသည်။
သတိရလာသော လူနာသည် ဖြစ်စဉ်အစအဆုံး သိလိုက်ရသောအခါ ချက်ချင်းပင် ဒူးထောက်ပြီး ယဲ့ဖန်ကို ဦးချကန်တော့လိုက်လေ၏။
"ကျေးဇူးရှင် ဆရာဝန်... ကျွန်တော့် အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်..."
ယဲ့ဖန် သူ့ကို မတားဆီးပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုကဲ့သို့ ဦးချခံထိုက်သောကြောင့် ဖြစ်၏။
ယဲ့ဖန်သည် သူ့အသက်ကို ကယ်တင်ပေးရုံသာမက၊ သူ့အသည်းရောဂါကိုပါ ကုသပေးလိုက်ခြင်း ဖြစ်၏။
သူ့ရောဂါအခြေအနေအရဆိုလျှင် ဆေးရုံသွားကုပါက အနည်းဆုံး ယွမ် တစ်သိန်းလောက် ကုန်ကျမည်ဖြစ်ပြီး၊ ရလဒ်ကလည်း ယခုလောက် ကောင်းချင်မှ ကောင်းမည် ဖြစ်၏။
ထိုအချိန်တွင် လူနာ၏ သူငယ်ချင်းများလည်း ယဲ့ဖန်ကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
"ကျေးဇူးရှင် ဆရာဝန်... ကူညီပေးလို့ ကျေးဇူးတင်ပါတယ်... ခင်ဗျားသာ မရှိရင် ကျွန်တော်တို့လည်း ဒုက္ခရောက်တော့မှာ..."
"ဟုတ်တယ်... ခင်ဗျားက သူ့ကို ကယ်လိုက်တာတင် မဟုတ်ဘူး... ကျွန်တော်တို့ အားလုံးကို ကယ်လိုက်တာပါ..."
"ကျွန်တော်တို့ အများစုက ကျောင်းသားတွေဆိုတော့ ပိုက်ဆံ သိပ်မရှိပါဘူး... ဒီလိုလုပ်ပါလား... ကျွန်တော်တို့ စုပြီး ယွမ် (၂) သောင်းကို ကျေးဇူးတင်လက်ဆောင် အနေနဲ့ ပေးပါရစေ... ဘယ်လိုလဲ..."
"ကျွန်တော် သဘောတူတယ်... လူတစ်ယောက်ကို ကူညီရင် အကျိုးပြန်ရသင့်တယ်... ဒါမှ လူ့အသိုက်အဝန်းက ပိုကောင်းလာမှာ..."
ထိုအချိန်တွင် ဆိုင်ရှင်လည်း လျှောက်လာပြီး ယဲ့ဖန်၏ လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာဝန်လေးရယ်... ခင်ဗျားသာ မရှိရင် ကျွန်တော် ဒီဆိုင်ကို ဆက်ဖွင့်နိုင်တော့မှာ မဟုတ်ဘူး... ဒီလိုလုပ်ပါ... ကျွန်တော်လည်း ကျေးဇူးတင်လက်ဆောင် အနေနဲ့ ယွမ် (၁) သောင်း ထည့်ဝင်ပါရစေ... နည်းတယ်လို့ သဘောမထားပါနဲ့ဗျာ..."
သူတို့၏ စေတနာကို မြင်ရသောအခါ ယဲ့ဖန် စိတ်သက်သာရာ ရသွားသည်။
တခြားသူများ၏ စစ်မှန်သော ကျေးဇူးတင်မှုကို ရရှိခြင်းသည် ဆေးပညာရှင်တိုင်းအတွက် အကြီးမားဆုံး ဆုလာဘ် ဖြစ်ကောင်း ဖြစ်နိုင်ပေမည်။
သူတို့ပေးမည့် ငွေကြေး အနည်းငယ်ကိုတော့ သူ စိတ်မဝင်စားပေ။
"အားလုံးရဲ့ ကျေးဇူးတင်စကားကို ကျွန်တော် လက်ခံပါတယ်... ဒါပေမဲ့ ပိုက်ဆံပေးစရာ မလိုပါဘူး... သူ့ကို ကယ်လိုက်ရတာ ကျွန်တော့်အတွက် ထမင်းစား ရေသောက်သလောက်ပဲ ရှိတာပါ..."
အားလုံးက အတင်း ပေးနေကြသော်လည်း ယဲ့ဖန်က ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။
ထို့နောက် ငွေအပ်များကို သိမ်းဆည်းပြီး ကျူးရှောင်ကျောင်း၊ ဖူမာကျန်းဝူတို့နှင့်အတူ ထွက်ခွာလာခဲ့လေ၏။
သူတို့ အဝေး
ရောက်သွားသည့်တိုင်အောင် လူအများ၏ ကျေးဇူးတင် စကားသံများကို ကြားနေရဆဲပင်။
"ယဲ့ဖန်... နင် ခုနက တော်တော် ရွှိုက်တာပဲ..."
ဆိုင်နှင့် ဝေးရာသို့ ရောက်သောအခါ ကျူးရှောင်ကျောင်းသည် ရုတ်တရက် ယဲ့ဖန်ကို လက်မထောင်ပြလိုက်သည်။
ဖူမာကျန်းဝူလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။
"ကျွန်မလည်း အဲဒီလို ထင်တယ်..."
"ဘာပြောတာလဲ... ငါက အရင်ကရော မရွှိုက်လို့လား..."
ယဲ့ဖန် မကျေမနပ် ဖြစ်သွားသည်။
‘ခုနက စားသောက်ဆိုင်တန်းမှာ အစွမ်းပြတုန်းကကျတော့ ဒီကောင်မလေးနှစ်ယောက် သူ့ကို ချောတယ်လို့ မပြောကြဘူး။
အခု လူတစ်ယောက်ကို သာမန်ကာလျှံကာ ကယ်လိုက်တာကျမှ ဒီလောက် ချီးကျူးခံနေရသည်တဲ့။’
သူ နားမလည်နိုင်အောင် ဖြစ်ရသည်။
[- ရွှိုက် (Shuai) - တရုတ်စကားလုံး ဖြစ်ပြီး "ချောတယ်"၊ "မိုက်တယ်" လို့ အဓိပ္ပာယ်ရပါတယ်။ ယဲ့ဖန်က လူကြမ်းတွေကို နှိပ်ကွပ်လိုက်တဲ့ပုံစံက စမတ်ကျလွန်းလို့ ကောင်မလေးတွေက "ရွှိုက်တယ်" (မိုက်တယ်) လို့ ပြောတာပါ။]
"လူတစ်ယောက်ရဲ့ အသက်ကို ကယ်တာက ဘုရားတည်တာထက် ကုသိုလ်ရတယ်လေ... လူတစ်သောင်း သတ်တာထက် ပိုပြီး လေးစားဖို့ ကောင်းတယ်..."
ကျူးရှောင်ကျောင်းက ဖြေလိုက်သည်။
"ဟုတ်တယ်... ဟုတ်တယ်... အဲဒါ ကျွန်မ ပြောချင်တာပဲ..."
ဖူမာကျန်းဝူ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
ယဲ့ဖန် နှာခေါင်းကို ပွတ်လိုက်မိ၏။
"ဒါဆိုရင် နောက်ဆို ငါ လူတွေ ပိုကယ်မှ ဖြစ်တော့မယ်... မဟုတ်ရင် လူသတ်တာ များပြီး ငရဲကျနေဦးမယ်..."
"ဘာတွေ လျှောက်ပြောနေတာလဲ... ခုနကမှ တည်ငြိမ်လေးနက်နေပြီးတော့... စကားပြောလိုက်ရင် ပေါက်ကရတွေချည်းပဲ..."
ကျူးရှောင်ကျောင်း ချက်ချင်း ပြန်ပက်လိုက်သည်။
"ဖွ... ဖွ... မြန်မြန် တံတွေးထွေးပြီး ဖျက်လိုက်... ခုနပြောတာတွေ အကုန် ပျက်ပါစေ..."
ဖူမာကျန်းဝူက အလျင်အမြန် တိုက်တွန်းလိုက်သည်။
ယဲ့ဖန် သူတို့နှစ်ယောက်ကို ကြည့်ပြီး သဘောကျသွားသည်။
"မင်းတို့ ကောင်မလေးနှစ်ယောက်က တော်တော် အယူသည်းတာပဲ..."
မိန်းကလေးနှစ်ယောက်၏ ချစ်စရာကောင်းသော ပုံစံကို ကြည့်ရင်း၊ သူသည် လက်လှမ်းပြီး သူတို့၏ နှာခေါင်းလုံးလုံးလေးများကို ဆွဲညှစ်လိုက်မိ၏။
မိန်းကလေးနှစ်ယောက်၏ မျက်နှာထား ချက်ချင်း ပြောင်းသွားတော့သည်။
"ဒီလူ လွန်လာပြီ... ငါတို့နှစ်ယောက်စလုံးကို တစ်ပြိုင်နက်တည်း လာစနေတယ်ပေါ့..."
သခင်... ဘယ်လိုလုပ်ပြီး ဒီလို လုပ်ရက်တာလဲ..."
"ငါ နင့်ကို သတ်မယ်..."
မိန်းကလေးနှစ်ယောက် ချက်ချင်းပင် ယဲ့ဖန်နောက်သို့ လိုက်လေတော့သည်။
ယဲ့ဖန်ခမျာ လမ်းမပေါ်တွင် တာစူပြီး ပြေးရတော့သည်။
ဓားကိုင်ထားသော လူမိုက် (၁၀၀) ကျော်ကို ရင်ဆိုင်တုန်းက မျက်တောင်မခတ်ခဲ့သော မစ္စတာယဲ့သည် ယခုတော့ မိန်းမလှလေး နှစ်ယောက်၏ လက်ချက်ဖြင့် အကြီးအကျယ် ရှုံးနိမ့်ပြီး သနားစဖွယ် ထွက်ပြေးနေရရှာသည်။
ဒီကိစ္စကိုသာ လူတွေ သိသွားလျှင် အူတက်အောင် ဝိုင်းရယ်ကြမှာ သေချာသည်။
သူတို့သုံးယောက် ခဏလောက် ဆော့ကစားပြီးနောက် လမ်းခွဲလိုက်ကြသည်။
ဖူမာကျန်းဝူသည် ဂိုဒေါင်သို့ ပြန်သွားပြီး လင်းချန်ချန်၊ ချန်းချုံရှန်းတို့နှင့် အရောင်းအဝယ် ကိစ္စများကို ဆက်လက် ဆောင်ရွက်ရဦးမည် ဖြစ်၏။
ယဲ့ဖန်သည် ရှေးဟောင်းပစ္စည်းများကို အမျိုးအစား ခွဲခြားထားပြီးဖြစ်၍ သူတို့ရောက်လာလျှင် သယ်သွားရုံသာ ရှိတော့သည်။ သူကိုယ်တိုင် ရှိနေစရာ မလိုတော့ပေ။
ကျူးရှောင်ကျောင်းကတော့ သူတို့ ငှားထားသော ခြံဝင်းလေးဆီသို့ ပြန်ရမည် ဖြစ်၏။
ယဲ့ဖန်သည် သူတို့ကို လိုက်ပို့ပြီးနောက် တည်းခိုရန် ဟိုတယ်တစ်ခု ရှာဖွေရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်၌ပင် သူ့နားထဲ၌ စနစ်၏ အသိပေးသံ ရုတ်တရက် ထွက်ပေါ်လာလေ၏။
"ရတနာ လမ်းညွှန်မှု အသစ်ကို တွေ့ရှိပါသည်... ကျေးဇူးပြု၍ ရှေ့တည့်တည့်သို့ မီတာ (၂၀) သွားပြီး ညာဘက်သို့ ချိုးပါ…”