အခန်း (၁၅၀)
Vol. 12 Ch. 150
“ကောင်းပါပြီ၊ မိန်းကလေး သိပ်မကြာခင် ပစ္စည်းတွေ လာပို့ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
ဆိုင်ရှင်က တွေးတောင်မတွေးဘဲ ခေါင်းညိတ်သည်၊ “ဆန္ဒရှိတယ်၊ သေချာပေါက် ဆန္ဒရှိပါတယ်။”
“ဒါဆိုရင် ကျွန်မတို့ ပူးပေါင်းဆောင်ရွက်မှုအကြောင်း ပြောကြရအောင်။”
“ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ၊ မိန်းကလေး ကျေးဇူးပြုပြီး အထဲမှာ ဝင်ထိုင်ပြီး ဆွေးနွေးကြရအောင်” ဆိုင်ရှင်က ကြိုဆိုဧည့်ခံသည့် လက်ဟန်ပြပြီး ဟဲကျစ်ယန်ကို ပန်းထိုးအိမ်ထဲ ခေါ်သွားခဲ့သည်။
မိန်းကလေးလီသည် သူမကို လုံးဝ လျစ်လျူရှုထားသည်ကို မြင်လိုက်ရသဖြင့် မကျေမနပ်နဲ့ အနောက်ကနေ လိုက်သွားခဲ့သည်။
“ဟေး… ငါနင့်ကို ငွေလျန်းနှစ်ဆယ် ပေးမယ်။ နင် ရောင်းမှာလား။”
ငွေလျန်းနှစ်ဆယ်နဲ့ ယုန်ရုပ်လေးကို မရောင်းသေးဘူးဆိုရင် သူမ နည်းနည်းလွန်ရာကျပေလိမ့်မည်။
“အဲ့ဒါဆို ကျွန်မ ကျေကျေနပ်နပ်နဲ့ စွန့်လွှတ်ပေးလိုက်ပါ့မယ်။”
မိန်းကလေးလီသည် ဟဲကျစ်ယန် စိတ်ပြောင်းသွားမှာကိုကြောက်သောကြောင့် သူမဘေးနားရှိ ကိုယ်ရေးအစေခံအား ငွေပေးချေဖို့ အမြန်အမိန့်ပေးခဲ့သည်။
ဆိုင်ပိုင်ရှင်သည် ဟဲကျစ်ယန် ငွေလျန်းနှစ်ဆယ် အမြန်ရသွားသည်ကို မြင်သောအခါ သူမ မနာလိုမဖြစ်ဘူးဟုပြောလျှင် မုသားဖြစ်ပေလိမ့်မည်။
သို့သော် သူမအနေနဲ့ ဒီစီးပွားရေးသဘောတူညီချက်ကို စေ့စပ်ညှိနှိုင်းနိုင်မယ်ဆိုရင် သူမမှာ ငွေလျန်းနှစ်ဆယ်ထပ်ပို၍ မရေမတွက်နိုင်သော အခွင့်အလမ်းများ ရရှိလိမ့်မည်ဟု တွေးကာ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
မိန်းကလေးလီသည် နားရွက်ရှည်ယုန်ရုပ်ကို ပျော်ရွှင်စွာ ပွေ့ဖက်ထားသော်လည်း သူမသည် ထွက်သွားဖို့ ရည်ရွယ်ချက်မရှိပုံရသည်။
ဆိုင်ရှင်သည် ဟဲကျစ်ယန် သူမထံ တင်သွင်းမည့် အရုပ်များ၏ ဈေးနှုန်းနှင့် ပတ်သက်၍ စိတ်အားထက်သန်စွာ မေးမြန်းချင်သော်လည်း မိန်းကလေးလီက ဤနေရာတွင် ရှိနေသဖြင့် သူမ ချက်ချင်း မမေးနိုင်ပေ။
သူမရဲ့ ယုန်ရုပ်ရောင်းတဲ့သူက အေးအေးဆေးဆေးထိုင်နေတာကိုမြင်တော့ မိန်းကလေးလီက သူမထံ အမြန်ချဉ်းကပ်သွားခဲ့သည်။
“နင့်ဆီမှာ ဒီလို အရည်အသွေးတူတဲ့ အရုပ်တွေ ရှိသေးလားလို့ ငါသိချင်တယ်။ နင့်ဆီမှာ ရှိသေးတယ်ဆိုရင် ငါ အကုန်လိုချင်တယ်။”
အရည်အသွေးတူ အရုပ်တွေလား။
သူမဆီမှာ မိန်းကလေးလီ လိုချင်သလောက် အရုပ်တွေ အများကြီး ရှိတယ်။
တကယ်လို့ သူမဆီမှာ မရှိဘူးဆိုရင်တောင် တာ့ပေါင်ကနေ ဝယ်လိုက်လို့ရပေသည်။
သို့သော် ဟဲကျစ်ယန်သည် သူမရှေ့က သေးငယ်သော အကျိုးကျေးဇူးများကြောင့် အမြင်ကွယ်သွားမယ့်သူမျိုး မဟုတ်ပေ။
သူမရဲ့ ရည်ရွယ်ချက်က ဆိုင်ပိုင်ရှင်နဲ့ စီးပွားရေးကိစ္စ ဆွေးနွေးဖို့ပါပဲ။ မိန်းကလေးလီက ပိုက်ဆံရှိပေမယ့် အများကြီး ဝယ်ယူနိုင်မှာ မဟုတ်ဘူး။
ဟဲကျစ်ယန်မှာ ငွေမပြတ်လပ်ဘူး။ သူမသည် ရှဲ့မိသားစုနှင့် ဖန့်မိသားစုတွေရဲ့ ငွေကြေးဖူလုံသွားစေရန်အတွက် အရုပ်လုပ်ငန်းကို ရုတ်တရက် စတင်ခဲ့တာ ဖြစ်သည်။ အကြောင်းပြချက်မရှိဘဲ သူတို့ကို ကူညီပေးတာထက်စာရင် ဒါက ပိုကောင်းတယ်။
ဟဲကျစ်ယန်သည် အရုပ်တွေ အများကြီးကို တစ်ခါတည်း မထုတ်ချင်ပါ။ သူမသည် စီးပွားရေးအကြောင်း များများစားစား မသိသော်လည်း တဖြည်းဖြည်း တိုးတက်အောင် လုပ်ဆောင်ခြင်း၏ နိယာမကိုတော့ ကောင်းကောင်းနားလည်သည်။
“အားနာလိုက်တာ မိန်းကလေးရေ၊ အခုလောလောဆယ် ကျွန်မဆီမှာ ဒီအရုပ်ပုံစံ တစ်မျိုးပဲ ရှိသေးတယ်။”
သူမပြောတာကိုကြားပြီးနောက် မိန်းကလေးလီသည် အနည်းငယ် စိတ်ပျက်သွားကာ သူ့အစေခံနှစ်ဦးကို လက်ပြခေါ်ဆောင်ပြီး ထွက်သွားခဲ့သည်။
ဆိုင်ပိုင်ရှင်က မိန်းကလေးလီထွက်သွားတာကိုမြင်တော့ ပြုံးရွှင်သော မျက်နှာထားဖြင့် ခပ်မြန်မြန် စကားစသည်၊ “မိန်းကလေး၊ ငါ့ပန်းထိုးအိမ်အတွက် ဒီလို အရုပ်တွေ ဘယ်လောက်ပေးနိုင်မလဲဆိုတာ မေးလို့ ရမလား။”
ဟဲကျစ်ယန်က ပံ့ပိုးမယ့် အရုပ်အရေအတွက်ကို အာမမခံနိုင်ပါဘူး။
နောက်ဆုံးတွင် သူမတို့ပြည်နှင်ဒဏ်အဖွဲ့သည် ဤနေရာတွင် မည်မျှကြာအောင်နေရမည်ကို သူမ မသိပေ။
“ဆိုင်ရှင်၊ ကျွန်မဆီမှာ ဒီအရုပ်မျိုး မကျန်တော့ဘူး။ တကယ်လို့ ရှင် အလောတကြီး လိုအပ်မယ်ဆိုရင် ကျွန်မတို့မိသားစုက ယာယီ ချုပ်လုပ်ပေးလို့ ရတယ်။
ကျွန်မတို့က ဒီနေရာကို ဖြတ်သွားရုံပဲ၊ အခု ဆိပ်ခံတံတားနဲ့ မြို့တံခါးတွေကလည်း ပိတ်ထားတယ်လေ။ ကျွန်မတို့ ဒီနေရာမှာ ဘယ်လောက်ကြာကြာနေရမလဲဆိုတာကို မသိတော့ အရေအတွက်ကို အာမခံလို့မရဘူး။”
ဆိုင်ပိုင်ရှင်သည် သူမပြောတာကိုကြားပြီးနောက် အနည်းငယ် စိတ်ပျက်သွားသော်လည်း အခုအချိန်မှာ သူမ ငွေရှာနိုင်ဖို့ အခွင့်အရေးလေး ရလာတော့ ဒါကို လုံးဝ လက်မလွှတ်နိုင်ဘူး။
“ဒါလည်း အဆင်ပြေပါတယ်။ နင့်မိသားစုကို လတ်တလော တတ်နိုင်သလောက် များများလေးသာ လုပ်ခိုင်းလိုက်၊ ငါ အဲဒါတွေအားလုံးကို လက်ခံပေးမယ်။ ဒါပေမယ့် ဈေးနှုန်းက…”
ဟဲကျစ်ယန်သည် အမွှေးပွယုန်ရုပ် တစ်ရုပ်က ဒီလောက် ပိုက်ဆံ အများကြီး တန်ကြေးရှိလိမ့်မည်ဟု မထင်ခဲ့ပေ။
အခုနတုန်းက ငွေလျန်းနှစ်ဆယ်က သူမ အလွန်အကျွံ ဈေးတင်တာမျိုး မဟုတ်ဘဲ မိန်းကလေးလီကသာ သူ့ဘာသာသူ ကမ်းလှမ်းခဲ့တဲ့ ဈေးနှုန်း ဖြစ်သည်။
အပေါ်ယံတွင် သူမသည် ဈေးနှုန်းနှင့် ပတ်သက်၍ တွေးတောနေပုံရသော်လည်း တကယ်တမ်းတွင်မူ သူမ၏ အသိစိတ်က နေရာလွတ်ထဲသို့ ဝင်ရောက်သွားခဲ့တာဖြစ်သည်။ အမွှေးပွယုန်ရုပ် ပြုလုပ်ရန် မည်မျှကုန်ကျမည်ကို တွက်ချက်ရန် ကုန်ကြမ်းပစ္စည်းများ၏ တန်ဖိုး ဘယ်လောက်ရှိသည်ကို သွားရောက်စစ်ဆေးကြည့်တာပဲဖြစ်သည်။
တာ့ပေါင်မောလ်တွင် အမွှေးပွအရုပ်ပြုလုပ်ရန် အထည်စများ ရှိသည်။ အထည်စ ( ၅၀ ) စင်တီမီတာ ပတ်လည်လောက်ဆို ၁၀ ယွမ် ကျသင့်သည်။ ယုန်ရုပ်ထဲဖြည့်ဖို့ ဂွမ်းစ တစ်ကျင်းလျှင် ၁၅ ယွမ် ကုန်ကျသည်။
မျက်လုံးနှင့် နှာခေါင်းကို အလှဆင်သည့် ကုန်ကြမ်းပစ္စည်းများလည်းရှိပြီး အစုံလိုက်ကို ၁ ယွမ်သာ ကျသင့်သည်။
ဟဲကျစ်ယန်၏ အကြမ်းဖျင်း တွက်ချက်မှုအရ အခုနတုန်းက ယုန်ရုပ်နှင့် အရွယ်အစားတူ ယုန်ရုပ်တစ်ရုပ်ပြုလုပ်ရန် ကုန်ကျစရိတ်မှာ ၁၅ ယွမ်ခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ ဟုတ်ပါတယ်၊ အလုပ်သမာစရိတ်ကို သီးခြားတွက်ချက်ဖို့ လိုအပ်ပါသေးသည်။
ထို့နောက် သူမသည် မော်ဒန်ခေတ်ရှိ ယွမ် ၁၀၀၀ နှင့် ညီမျှသော ဤကာလရှိ ငွေကြေးတန်ဖိုးကို ရိုးရှင်းစွာ တွက်ချက်ခဲ့သည်။
ငွေတစ်လျန်းဖြင့် အမွေးပွယုန်ရုပ် ( ၆၀ ) ကျော်ကို ဖန်တီးနိုင်ပေမည်။ ဟဲကျစ်ယန်အတွက် ဒါက ကုန်ကျစရိတ်လို့တောင် မယူဆနိုင်ပါဘူး…။
ကုန်ကျစရိတ်ကို တွက်ချက်ပြီးနောက် ဟဲကျစ်ယန်က ဆိုင်ရှင်ကို ပြောလိုက်သည်၊ “ဆိုင်ရှင်၊ အခုနတုန်းက ယုန်ရုပ်နဲ့ အရွယ်အစားတူ နားရွက်ရှည် ယုန်ရုပ် တစ်ရုပ်ကို အနည်းဆုံးဈေး ငွေတစ်လျန်းနဲ့ ဖြန့်ဖြူးပေးမယ်။”
“ဘယ်လို… မိန်းကလေး… ယုတ္တိမရှိတဲ့ တောင်းဆိုမှုမျိုးကို မလုပ်နဲ့လေ။ ဝယ်ဈေးက ငွေတစ်လျန်းဆို ကျွန်မ ဘယ်လိုရောင်းချနိုင်မှာတဲ့လဲ။”
မိန်းကလေးလီက ချမ်းသာကြွယ်ဝပြီး စိတ်မရှည်သောကြောင့် အမွေးပွယုန်ရုပ်ကို ဝယ်ယူရန် ငွေလျန်းနှစ်ဆယ်ကို ချက်ချင်း သုံးစွဲခဲ့ကြောင်း ဆိုင်ရှင် သိထားသည်။
ထို့အပြင် မိန်းကလေးလီသည် မည်မျှပင် မိုက်မဲတုံးအနေပါစေ၊ ထိုအရုပ်မျိုး နောက်တစ်ရုပ်ကို ထပ်ဝယ်ရန် ငွေလျန်းနှစ်ဆယ် သုံးဖြုန်းတော့မည် မဟုတ်ပေ။
အခုလို မြင့်မားတဲ့ ဈေးနှုန်းနဲ့ မရောင်းချနိုင်ဘူးဆိုရင် ပိုက်ဆံတွေ ဆုံးရှုံးကုန်မှာ စိုးရိမ်မိသည်။
ဟဲကျစ်ယန်က ပြုံးလိုက်သည်၊ “ကျွန်မရဲ့ နားရွက်ရှည် အမွေးပွယုန်ရုပ် အရည်အသွေးကို ဆိုင်ရှင်ကိုယ်တိုင်လည်း မြင်မိမှာပါ။ အဲဒီပစ္စည်းတွေကို လိုချင်တိုင်း ဝယ်လို့ မရဘူး။ ဒီလို ထူးခြားတဲ့ အရုပ်မျိုးကို မရောင်းနိုင်မှာ သေချာပေါက် စိတ်ပူစရာ မလိုဘူး။”
ဆိုင်ရှင်က ဒါကို လုံးဝ မငြင်းပါဘူး။
အမွေးပွယုန်ရုပ် ပြုလုပ်ရာတွင် အသုံးပြုသည့် ကုန်ပစ္စည်းများသည် အမှန်တကယ်ပင် သူမ တစ်ခါမှ မမြင်ဖူးသောအရာဖြစ်ပြီး ထိကိုင်ကြည့်လျှင် အလွန်ပျော့ပျောင်းကာ အထူးကောင်းမွန်သည်ဟု ခံစားရသည်။
ဆိုင်ရှင်က ပြန်မဖြေတာကိုမြင်တော့ ဟဲကျစ်ယန်က သူမကို ဆက်ပြီး စည်းရုံးခဲ့သည်။
“ကျွန်မ ဆိုင်ရှင်ကို မဖုံးကွယ်ချင်ဘူး၊ ဒီကုန်ပစ္စည်းတွေကို ကျွန်မ နိုင်ငံခြားကုန်သည်ဆီကနေ မထင်မှတ်ဘဲ ဝယ်ဖြစ်သွားတာ။ အခု ကျွန်မဆီမှာ အများကြီးတောင် မကျန်တော့ဘူး။ တကယ်လို့ ဆိုင်ရှင်က ကျွန်မ တောင်းဆိုတဲ့ ဈေးနှုန်းက အရမ်းမြင့်နေတယ်လို့ ခံစားမိရင် ကျွန်မ နောက်တစ်ယောက် ရှာလိုက်ပါ့မယ်။ အရည်အသွေးကို သိတဲ့ ပူးပေါင်းဆောင်ရွက်လိုလူတွေက အမြဲ ရှိမယ်လို့ ယုံကြည်တယ်။”
သူမ ပြောပြီးသည်နှင့် ဟဲကျစ်ယန်သည် မတ်တပ်ထရပ်ကာ ထွက်သွားဖို့ ပြင်လိုက်သည်။
ဒါကိုမြင်တော့ ဆိုင်ရှင်က ချက်ချင်း စိတ်ပူသွားခဲ့တယ်။
“မိန်းကလေး၊ အရမ်းစိတ်မလောပါနဲ့။ ငွေတစ်လျန်းမလား။ ငါ နင် လုပ်ထားတဲ့ အမွေးပွအရုပ်တွေ အကုန်ယူမယ်လို့ ကတိပေးတယ်။”
ဟဲကျစ်ယန် ပေးသော ငွေတစ်လျန်းဟူသော ဈေးနှုန်းသည် အလွန်သင့်လျော်နေပြီဖြစ်သည်။ ဖန့်မိသားစုနှင့် ရှဲ့မိသားစုဝင်တွေအတွက် ငွေအနည်းငယ်ရနိုင်စေရန် အလျင်မလိုနေပါက ဟဲကျစ်ယန်သည် အမွေးပွရုပ် တစ်ရုပ် ငွေငါးလျန်းအထိ ဈေးမြင့်ထားမည်ဖြစ်ကာ ထိုဈေးနှုန်းနှင့်ပင် လိုချင်သော ဝယ်သူတွေလည်း ရှိနေဦးမှာပါ။
ဟဲကျစ်ယန်သည် သူမ တကယ်ပဲ အပြင်ထွက်ဖို့ အစီအစဉ်မရှိတာကြောင့် ဆိုင်ရှင်ရဲ့ စကားကို နားထောင်သည့်အနေဖြင့် ပြန်ထိုင်လိုက်သည်။
“မျှော်လင့်ထားသလိုပဲ၊ ဆိုင်ရှင်က အတွေးအခေါ် ဆန်းသစ်တယ်။ ဒီကိစ္စမှာ နောက်ပိုင်း အပြောင်းအလဲတွေကို တားဆီးဖို့ ကျွန်မတို့ စာချုပ်ချုပ်ဆိုကြမယ်။”
“ကောင်းပြီ၊ မိန်းကလေးပြောသလိုပဲ ငါတို့တွေ စာချုပ်ချုပ်ကြတာပေါ့။”
ဆိုင်ရှင်က ပြောရင်းဆိုရင်းနှင့်ပင် စာရေးစက္ကူနှင့် စုတ်တံကို ထုတ်ယူလာခဲ့ပြီးဖြစ်သည်။
သူမသည် ဟဲကျစ်ယန်၏ ဝတ်စားဆင်ယင်မှုကို ကြည့်ကာ သူမသည် ဆင်းရဲနွမ်းသော မိသားစု၏ ချွေးမတစ်ဦးမျှသာဖြစ်ပြီး စာမတတ်ဘူးဟု ထင်ခဲ့သည်။
“မိန်းကလေး စာချုပ်ကို ငါရေးရမလား။”
ဟဲကျစ်ယန်သည် “ကျေးဇူးပြု၍” ဟူသော လက်ဟန်ကို ပြသလိုက်သည်၊ “ကောင်းပြီလေ၊ ဒါဆိုရင် ကျွန်မ ဆိုင်ရှင့်ကိုပဲ ဒုက္ခပေးရဦးမယ်။”
ဆိုင်ရှင်သည်လည်း ပညာသိပ်မတတ်ဘူး။ ဆိုင်ကို လည်ပတ်ရာတွင် အဆင်ပြေစေရန်အတွက် သူမသည် ယာယီစာရေးနည်းကို သင်ယူခဲ့သည်။
ထို့ကြောင့် သူမသည် စာရေးနှုန်းသည် သိပ်မမြန်ပေ။
ဆိုင်ရှင်သည် သူတို့ဆွေးနွေးထားသည့်အတိုင်း စာချုပ်ပါ အချက်အလက်များကို ရေးသားရန် လက်ဖက်ရည်တစ်ခါသောက်ချိန်မျှ အချိန်ယူခဲ့ရသည်။
ဆိုင်ရှင်က သူ့နာမည်ကို လက်မှတ်ရေးထိုးပြီး စာရွက်စာတမ်းနှစ်ခုကို ဟဲကျစ်ယန်အား ကမ်းပေးလိုက်သည်။
“ဘယ်လိုရေးရမှန်း မသိရင် မင်းရဲ့ လက်ဗွေရာကို နှိပ်လိုက်လို့ရတယ်။”
ဟဲကျစ်ယန်က ပြန်မဖြေဘဲ ပြုံးလိုက်ပြီး ဆိုင်ရှင်ရဲ့ လက်ထဲက စုတ်တံကို ယူပြီး သူ့နာမည်ကို လက်မှတ်ရေးထိုးလိုက်သည်။
ဟဲကျစ်ယန်၏ လက်ရေးက သူ့လက်ရေးထက် အဆပေါင်းများစွာ ပိုလှနေတာကို တွေ့လိုက်ရတော့ ဆိုင်ရှင်၏ မျက်နှာဟာ ရုတ်တရက် နီမြန်းသွားခဲ့သည်။
လူတွေကို အသွင်အပြင်ကြည့်ပြီး မဆုံးဖြတ်သင့်ဘူး။ တစ်ဖက်က စာမရေးနိုင်လောက်ဘူးလို့ သူမ ထင်ခဲ့ပေမယ့် တစ်ဖက်လူရဲ့ လက်ရေးက အရမ်းလှနေတယ်…
ဟဲကျစ်ယန်သည် ဆိုင်ရှင်၏ ရှက်ရွံမှုကို သတိမထားမိသလို ဟန်ဆောင်ကာ စာရွက် တစ်ရွက်ကို သိမ်းဆည်းပြီး မတ်တပ်ထရပ်လိုက်သည်။
“ဆိုင်ရှင်၊ ကျွန်မ ရှင် စီးပွားရေးလုပ်နေတာကို အနှောင့်အယှက် မပေးတော့ဘူး။ ကျွန်မမိသားစုဆီ တတ်နိုင်သမျှ မြန်မြန်ပြန်ပြီး အလုပ်စတော့မယ်။”
“ကောင်းပါပြီ၊ မိန်းကလေး သိပ်မကြာခင် ပစ္စည်းတွေ လာပို့ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
ဟဲကျစ်ယန်က တုံ့ပြန်ပြီး ပန်းထိုးအိမ်ထဲက ထွက်လာခဲ့သည်။
မော့ကျိုးယွီက ပန်းထိုးအိမ်တံခါးဝတွင် တစ်ချိန်လုံး စောင့်နေခဲ့သည်။ သူက သူမ ထွက်လာတာကိုမြင်တော့ လမ်းလျှောက်လာပြီး မေးမြန်းခဲ့သည်၊ “မင်းမှာ ပိုက်ဆံ မပြတ်လပ်ဘူးလေ၊ ဘာဖြစ်လို့ ဒီအလုပ်ကို လုပ်ချင်ရတာလဲ။”
ဟဲကျစ်ယန်က သူ့ကို ရှင်းပြရင်း နှစ်ယောက်သား ဦးတည်ရာမဲ့ ရှေ့ကို ဆက်လျှောက်သွားခဲ့ကြသည်။
“မနေက ဖန့်မိသားစုနဲ့ ရှဲ့မိသားစုတွေ ပိုက်ဆံမရှိလို့ စိတ်ဆင်းရဲနေတာကို ကျွန်မ တွေ့လိုက်ရတယ်။ ရုတ်တရက် ဒီစီးပွားရေးအခွင့်အလမ်းကို မြင်တော့ သူတို့အတွက် ခရီးစရိတ်ပိုက်ဆံနည်းနည်းရအောင် ကူညီပေးချင်တယ်။ အခုတလော မရီးတွေနဲ့ ဟန်ယွဲ့တို့လည်း ဘာမှ လုပ်စရာမရှိတော့ ပျင်းနေကြတယ်လေ။ သူတို့ အပျင်းပြေဖို့ လုပ်စရာ တစ်ခုခု ရှာပေးလိုက်ရင် သူတို့ ဝမ်းသာသွားလိမ့်မယ်။”
***