← Chapters

တတိယမြောက်တိုက်ပွဲ

Vol. 47 Ch. 647

တတိယမြောက်တိုက်ပွဲ

Vol. 47 Ch. 647

အမြင့်ဆုံးတောင်ထွတ်ပေါ်တွင် ဖြစ်ပေါ်နေလျက်ရှိသော တိုက်ပွဲနှစ်ခုအား လူပေါင်းများစွာမှ စိတ်ဝင်စားစွာ စောင့်ကြည့်နေလျက် ရှိသည်။ အခြားသော တောင်ထွတ်များတွင် တိုက်ပွဲများ ဖြစ်ပေါ်နေပါသော်လည်း အမြင့်ဆုံးတောင်ထွတ်ပေါ်တွင် ဖြစ်ပေါ်နေလျက်ရှိသော တိုက်ပွဲမှာ စိတ်ဝင်စားမှု အမြင့်မားဆုံး ဖြစ်သည်။

ကျောင်းထိုက်ရှင်းနှင့် ချူချင်း၊ ယောင်ယောင်နှင့် ကျန်းထိုက်ချင်တို့အကြားရှိ တိုက်ပွဲများအား စောင့်ကြည့်နေကြသူများမှ အလွန်ပင် စိတ်ဝင်စားနေကြသည်။

ယောင်ယောင်နှင့် ကျန်းထိုက်ချင် နှစ်ဦးစလုံးမှာ အလွန်တရာ ချောမောလှပသူများ ဖြစ်ကြသောကြောင့် ထိုမိန်းမငယ်လေးနှစ်ဦး၏ တိုက်ပွဲအား လူအများမှ ပို၍အာရုံစိုက်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ ကျော်ကြားမှုအရာ၌ ကျန်းထိုက်ချင်မှာ ယောင်ယောင်ထက်ပို၍ သာလွန်ပေသည်။ သူမသည် ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးရှိ အထူးချွန်ဆုံး ရွေးချယ်ခံများစာရင်း၌ တတိယနေရာအား ရရှိထားသူ ဖြစ်သည်။

ထို့ကြောင့် ပထမ၌ စောင့်ကြည့်နေသူများမှာ အလွန်လှပသော ယောင်ယောင်အားကြည့်ကာ သနားကရုဏာ သက်မိကြရသည်။ သို့သော် တိုက်ခိုက်မှု စတင်သည်နှင့်တစ်ပြိုင်နက် ထိုသနားကရုဏာများအားလုံး ပျောက်ကွယ်သွားရလေသည်။

အဘယ့်ကြောင့်ဆိုသော် ယောင်ယောင်မှာ ချီစွမ်းအင် လွန်စွာအားနည်းသူ ဖြစ်ပါသော်လည်း စိတ်ဝိဉာဉ်စွမ်းအင်မှာ အလွန်ပင် သန်မာလွန်းလှကြောင်း သိရှိသွားကြသောကြောင့် ဖြစ်သည်။ ကျန်းထိုက်ချင်ကဲ့သို့သော လွန်စွာတိုက်ပွဲစွမ်းရည် ပြည့်ဝသည့်သူမျိုးကိုပင် သူမ၏စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် ကိုင်တွယ်နိုင်မည့်ဟန် ရှိလေသည်။

ကန်ရွှမ်းကလန်၌ လီချင်းချန်အပြင် ထိုသို့အရည်အချင်းရှိလှသော မိန်းမလှလေးတစ်ဦး ရှိနေသေးသည်ကို အံ့သြတကြီး ဖြစ်ကုန်ကြရသည်။

"ကျောင်းထိုက်ရှင်းနဲ့ ချူချင်းကတော့ ချနေကြပြီ။ ဇူရှောင်ယိုနဲ့ ကျန်းထိုက်ချင်ရောပဲ။ ဇူယွမ်နဲ့ ကျင်းချန်းဇယ်တို့ပဲ မတိုက်ရသေးတာ။"

"ကန်ရွှမ်းကလန်က ကျင်းချန်းဇယ်ကိုတိုက်ဖို့ ဇူယွမ်ကို ရွေးထားတာပေါ့လေ။"

"ဒီတစ်ခါတော့ ကန်ရွှမ်းကလန်ရဲ့ ဆုံးဖြတ်ချက်က တော်တော်ဆိုးရွားတာပဲ။ အခုအချိန်မှာ ဇူယွမ်ကို ရွေးချယ်ခံတစ်ယောက်လို့ သတ်မှတ်လို့ရနေပြီဆိုပေမယ့် ဘယ်လိုလုပ် ကျင်းချန်းဇယ်နဲ့ ယှဉ်နိုင်မှာလဲ။"

"ဟုတ်ပ။ ကျင်းချန်းဇယ်က ကန်ရွှမ်းကောင်းကင်ဒေသရဲ့ ရွေးချယ်ခံစာရင်းမှာ နံပါတ်ငါး ချိတ်ထားတဲ့သူနော်။ ကန်ရွှမ်းကလန်က ခုန်းရှန်ကို လွှတ်တယ်ဆိုရင်တောင် ဟုတ်ဦးမယ်။ အခုကတော့ ကိုယ့်သေတွင်းကိုယ်တူးနေသလိုပဲ။"

"ဇူယွမ်က ကျင်းချန်းဇယ်ကို တောင့်မခံထားနိုင်ဘူးဆိုရင်တော့ ကန်ရွှမ်းကလန်က မြင့်မြတ်သောနန်းတော်ကို ရှုံးမှာအသေအချာပဲ။"

"........"

စောင့်ကြည့်နေကြသူများမှာ ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်တို့၏ တိုက်ပွဲအခြေအနေအား သုံးသပ်ဝေဖန်နေကြသည်။ ယခုတိုက်ခိုက်နေသော တိုက်ပွဲနှစ်ခုအရ ကန်ရွှမ်းကလန်ဖက်မှ ဆိုးဆိုးရွားရွား အရေးနိမ့်နိုင်မည့် အ​​ခြေအနေမရှိချေ။

ဇူယွမ်တစ်ဦးတည်းကိုသာ မရေမရာ ဖြစ်နေကြခြင်း ဖြစ်သည်။

မည်သူကမှ ဇူယွမ်သည် ကျင်းချန်းဇယ်အား ခုခံတိုက်ခိုက်နိုင်မည်ဟု မထင်ကြပေ။

ကျိုးချူးချင်ယု၊ လုလျိုနှင့် အခြားသူများမှာလည်း ဇူယွမ်အား အလွန်ပင် စိုးရိမ်ပူပန်နေကြလေသည်။ ၎င်းတို့မှာ ဇူယွမ်အပေါ် ယုံကြည်ချက်ရှိကြပါသော်လည်း ကျင်းချန်းဇယ်၏ တိုက်ပွဲစွမ်းရည်အား ကောင်းစွာသိရှိနေကြသောကြောင့် ပူပန်သောကရောက်နေကြရသည်။

ကျင်းချန်းဇယ်မှာ ရင်ဆိုင်တိုက်ခိုက်ရန် လွယ်ကူသောသူတစ်ဦး မဟုတ်ပေ။

တောင်တန်းအပြင်ဖက်တွင် စောင့်ကြည့်နေကြသော ကန်ရွှမ်းကလန်မှ တပည့်များမှာလည်း တစ်ဦးကိုတစ်ဦးကြည့်ကာ စိုးရိမ်ပူပန်နေသော မျက်ဝန်းများဖြင့် ရေရွတ်လိုက်ကြသည်။ "စီနီယာအကိုတော် ဇူယွမ်က ကျင်းချန်းဇယ်ကို ခုခံနိုင်ပါ့မလား။"

ဂူဟွမ်ချီမှာ ထိုမေးခွန်းအား မည်သို့ပြန်လည်ဖြေကြားရမည်လဲ မသိတော့ပေ။ သူမသည် ဘေးတွင်ရှိနေသော ထန်းမုရှင်းနှင့် အခြားသော တပည့်ခေါင်းဆောင်များအား ကြည့်ရှုလိုက်မိသည်။ ၎င်းတို့မှာလည်း ပူပန်မကင်းဖြစ်နေသော မျက်ဝန်းများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုနေကြသောကြောင့် ဂူဟွမ်ချီမှာ ခေါင်းအားတွင်တွင်ခါလျက် ခါးသက်စွာသာ ပြုံးလိုက်မိတော့သည်။

သာမန်ရွေးချယ်ခံအဆင့်ရှိသူများသည်ပင်လျှင် ဂူဟွမ်ချီတို့ကဲ့သော တပည့်များထက် အဆပေါင်းများစွာ သာလွန်နေပြီ ဖြစ်သည်။ ထို့ကြောင့် ကျင်းချန်းဇယ်လိုလူမျိုး၌ မည်မျှပင် တိုက်ပွဲစွမ်းရည် ပြည့်ဝနေမည်လဲ မပြောတက်ပေ။

"ဇူယွမ်က မြူခိုးထဲကထွက်ပြီး တိုက်ခိုက်ဖို့ ရွေးချယ်လိုက်တယ်ဆိုထဲက နိုင်ဖို့ယုံကြည်ချက် ရှိလို့ပဲ။ သူက ကျင်းချန်းဇယ်ကို မနိုင်နိုင်ဘူး ဆိုရင်တောင်မှ အကိုတော်ချုချင်းနဲ့ ယောင်ယောင် တစ်ယောက်ယောက် တိုက်ပွဲပြီးသွားတဲ့ထိ အချိန်ဆွဲထားပေးလိမ့်မယ်။" ထန်းမုရှင်းမှ တပည့်များအား နှစ်သိမ့်စကားဆိုလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ တပည့်များမှာ ထန်းမုရှင်း၏ မျက်ဝန်းများထဲ၌ မသေချာမရေရာသော အငွေ့အသက်များကို မြင်တွေ့နေရလေသည်။ ၎င်းတို့မှာ မည်သည့်စကားမှ ဆက်လက်ပြောဆိုခြင်း မရှိတော့ပဲ သက်ပြင်းကိုသာ အကြိမ်ကြိမ်ချမိနေကြသည်။

"ကျင်းချန်းဇယ်က စပြီးတိုက်တော့မယ်ထင်တယ်။" ထန်းမုရှင်း၏ အမူအရာမှာ ပြောင်းလဲသွားရသည်။

အခြားတပည့်များမှာလည်း အမူအရာများ အေးစက်သွားရသည်။ တိုက်ပွဲစသည်နှင့်တစ်ပြိုင်နက် ကျင်းချန်းဇယ်သည် ဇူယွမ်အား သတ်ဖြတ်ရန် ကြိုးစားလိမ့်မည်ဖြစ်ကြောင်း သူတို့အားလုံးနားလည် သိရှိထားကြလေသည်။

မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်တို့၏ တတိယမြောက်တိုက်ပွဲမှာ စတင်တော့မည်ပင် ဖြစ်သည်။

........

ဇူယွမ်မှာ သိမ်းငှက်တစ်ကောင်အလား တိမ်ထုများအကြား ​ပျံဝဲနေရင်းဖြင့် သင့်တော်ကျယ်ပြန့်သော မြေပြင်နေရာအား တွေ့ရှိသွားသည်။

တောင်ထွတ်တစ်နေရာတွင် ကျယ်ပြန့်သော မြေနေရာတစ်ခုရှိနေပြီး မြူခိုးတိမ်စိုင်များမှ ဝန်းရံထားလျက်ရှိကာ ဆန်းကြယ်သောနေရာငယ်တစ်ခုအလား ဖြစ်တည်နေလေသည်။

ဇူယွမ်မှာ ထိုနေရာရှိ ကြီးမားသော ကျောက်ဖျာချပ်တစ်ခုပေါ်တွင် ဆင်းသက်လိုက်ပြီးနောက် တောင်ထွတ်ပေါ်တွင်ရှိနေသော ကျောက်စိမ်းပြားအား ကြည့်ရှုလိုက်သည်။ ထိုကျောက်စိမ်းပြားအတွင်းရှိနေသော တတိယမြောက် သူတော်စင်မှော်စာလုံးအား ဇူယွမ်မှ ကောင်းစွာခံစားနေမိသည်။

အသက်ရှူချိန် အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ဇူယွမ်မှာ အတွေးစများအား ဖြတ်တောက်လျက် မလှမ်းမကမ်းတွင်ရှိနေသော ပုံရိပ်တစ်ခုအား အေးစက်ခက်ထန်စွာ ကြည့်ရှုလိုက်သည်။

ကျင်းချန်းဇယ်မှာလည်း လက်နှစ်ဖက်အား ကျောဖက်တွင် ယှက်သိုင်းထားသော အနေအထားဖြင့် ကျောက်စိမ်းပြားအား ကြည့်ရှုနေခြင်း ဖြစ်လေသည်။

"မင်းငါ့နောက်ကို တကယ်လိုက်လာရဲမယ်လို့ မထင်ထားမိဘူး။" ဇူယွမ်အား ကျောပေးလျက်ရှိနေသော ကျင်းချန်းဇယ်မှ လှည့်ပင်မကြည့်ပဲ စကားဆိုလိုက်သည်။

ဇူယွမ်မှ ဖြည်းညင်းစွာ ပြောလိုက်သည်။ "ငါ့မှာမင်းနဲ့ ရှင်းစရာကိစ္စတွေ အများကြီးပဲ။"

ကျင်းချန်းဇယ်မှာ ဇူယွမ်အား လှည့်ကြည့်လိုက်ပြီးနောက် လှောင်ပြောင်သရော်ဟန်ဖြင့်ပြုံးကာ ပြောလိုက်သည်။ "ငါတို့မြင့်မြတ်သောနန်းတော်က အသုံးမကျတဲ့ ရွေးချယ်ခံလေးနှစ်ယောက်ကို သတ်ပစ်လိုက်နိုင်တာနဲ့ မင်းကတော်တော် ဘဝင်လေဟပ်သွားတဲ့ပုံပဲ။ ကြီးမြတ်သောရှန်းဟွတောင်တန်းရဲ့ အပြင်ဖက်မှာ တွေ့တုန်းကဆိုရင် မင်းမှာငါ့ကို စကားပြောရဲတဲ့ သတ္တိတောင် မရှိသေးဘူး။"

ကျင်းချန်းဇယ်မှာ ခေါင်းအားခါယမ်းလိုက်ပြီးနောက် ဇူယွမ်အား အရူးတစ်ယောက်ဟု သတ်မှတ်ထားဟန်ဖြင့်ကြည့်ကာ ပြောလိုက်သည်။ "စကားတွေနဲ့ အချိန်ဖြုန်းမနေတော့ဘူး။ ဇူယွမ် မင်းအခု မင်းရဲ့လက်တွေကို ကိုယ်တိုင်ရိုက်ချိုးမယ်ဆိုရင် ငါတို့မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံနှစ်ယောက်ကို သတ်ခဲ့တဲ့အပြစ်အတွက် မင်းအသက်ကို ပြန်မယူပဲ ညှာတာပေးမယ်။ မင်းကို ငါတို့မြင့်မြတ်သောနန်းတော်က ဖမ်းခေါ်လာဖို့ အမိန့်ပေးထားတာ ရှိတယ်။ နန်းဆောင်သခင်ကတော့ မင်းသေသေရှင်ရှင် ခေါ်လာဖို့ပဲ ပြောထားတာ။ အဲ့ဒါကြောင့် မင်းကိုယ့်လက်ကိုယ် ရိုက်ချိုးမယ်ဆိုရင်တော့ အသက်ကို ညှာတာပေးထားမယ်။"

ဇူယွမ်မှာ ကျယ်လောင်စွာ ရယ်မောပစ်လိုက်သည်။ "ဟားဟားဟား....ငါ့ကိုခြောက်ဖို့ ကလေးအကွက်တွေ သုံးနေတုန်းပဲလား။ အဲ့လိုပြောရုံနဲ့ ငါကကြောက်ပြီး မင်းစကား နားထောင်ပြရမှာလား။ ငါ့ကိုများ မြင့်မြတ်သောနန်းတော်ကို ဖမ်းခေါ်သွားဦးမယ်ပေါ့လေ။ ငါကဒီနေရာမှာတင် မင်းကိုသတ်ပြမှာ။"

ဇူယွမ်၏ မျက်ဝန်းများမှာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။

ယောင်ယောင်အား ထောင်ချောက်ဆင်ရန် ကြံစည်ခဲ့သူမှာ ကျင်းချန်းဇယ်ဖြစ်ကြောင်း ဇူယွမ်မှ သိရှိထားပြီး ဖြစ်သည်။ ထိုနေ့က စိတ်ဝိဉာဉ်ဖိနှိပ်ခြင်းတောင်တန်း၌ ပျံ့နှံ့နေသော အဆိပ်ချီများမှာလည်း ကျင်းချန်းဇယ်၏ အဆိပ်ချီများပင် ဖြစ်သည်။ ယောင်ယောင်အား ဒုက္ခပေးရန် ကြံစည်ခဲ့သည်နှင့်ပင် ဇူယွမ်မှာ ကျင်းချန်းဇယ်အား တစ်စစီ ဖျက်စီးပစ်ချင်နေပြီ ဖြစ်သည်။

ဇူယွမ်မှာ ယနေ့တွင် ကျင်းချန်းဇယ်အား ရအောင်သတ်ဖြတ်ပစ်မည်ဟု တွေးတောထား၏။

ကျင်းချန်းဇယ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရပြီးနောက် သွားများပေါ်အောင် ရယ်မောလိုက်သည်။

ဝုန်း....

ကျင်းချန်းဇယ်ထံမှ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ ကောင်းကင်ထက်၌ ချီကြယ်ပွင့် ရှစ်သောင်းသုံးထောင်ခန့်ပါဝင်သော ချီကြယ်ပွင့်ကောင်းကင်ယံတစ်ခု ဖြစ်ပေါ်လာသည်။

ကျင်းချန်းဇယ်မှ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။

"ငါမင်းကို တစ်စစီ ဖျက်စီးပြီးတဲ့အခါကြရင် ဒီလိုယုံကြည်ချက် ရှိနိုင်ဦးမလားဆိုတာ ကြည့်ရသေးတာပေါ့။"

All Chapters