ဒီဓားဖွဲ့စည်းပုံက မပြည့်စုံသေးဘူး
Vol. 14 Ch. 139
ထိုပုံရိပ်သည် မြင့်မြတ်သောဓားဖွဲ့စည်းပုံကြီး၏ အပြင်ဘက်မှ အေးအေးဆေးဆေး လျှောက်လှမ်းဝင်လာသောအခါ ထိုနေရာရှိ လူအားလုံးမှာ တောင်ကဲ့သို့ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
ထိုဖိနှိပ်မှုသည် ဘက်ပေါင်းစုံမှ လာနေခြင်း ဖြစ်သည်။
သူတို့၏ဓားများသည် တုန်ရင်နေပြီး သူတို့၏ ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းကလည်း ထပ်တူပင်။
သူတို့ရှေ့မှ လူသည် အလွန်ပင် ပြည့်စုံလွန်းလှသည့် သက်ရှိတစ်ခုကဲ့သို့ ခံစားရပြီး သူတို့အားလုံးကို ဒူးထောက်အရှုံးပေးချင်စိတ် ပေါက်သွားစေသည်။
အကြောက်စရာအကောင်းဆုံးမှာ ထိုသူ၏မျက်ခုံးနှစ်ခုကြားရှိ တောက်ပနေသော အမှတ်အသားပင် ဖြစ်သည်။
မည်သူမျှ ၎င်းကို စေ့စေ့မကြည့်ရဲကြပေ။
အကယ်၍ အချိန်ကြာကြာ စိုက်ကြည့်မိပါက ခေါင်းကွဲမတတ် နာကျင်လာပြီး မူးဝေလာမည် ဖြစ်သည်။
ဤလူက မည်သို့သောလူမျိုးနည်း။
သူသည် လက်ကို နောက်ပစ်ကာ လျှောက်လာသည်။
သူ၏မျက်လုံးများသည် နေမင်းကြီးကဲ့သို့ တောက်ပနေပြီး လျှပ်စီးများ ပြည့်နှက်နေသည်။
သူက မြင့်မြတ်သောဓားဖွဲ့စည်းပုံကြီးကို လက်ချောင်းနှစ်ချောင်းတည်းနှင့် ဖျက်ဆီးခဲ့တာလား။
"မဖြစ်နိုင်ဘူး... ဒါက လုံးဝ မဖြစ်နိုင်တာ အဲဒီနတ်ဆိုးက သူ့ကို တမင်တကာ ပေးဝင်လိုက်တာ နေမှာပါ။ငါတို့တုန်းကလိုပဲ သူလည်း အထဲမှာ ပိတ်မိသွားမှာပါ" ဟု အဘိုးကျန်းက ဒေါသတကြီး ပြောလိုက်သည်။
သူသည် မိမိ၏ဓားထိန်းချုပ်မှုအတတ်ကို အစွမ်းကုန်သုံး၍ပင် ဟာကွက်မရှာနိုင်သော ဓားဗျူဟာကြီးကို တစ်စုံတစ်ယောက်က လက်ချောင်းကို ဓားအဖြစ်သုံးပြီး ချိုးဖျက်သွားသည်ဆိုသည်ကို လုံးဝ လက်မခံနိုင်ပေ။
အမှန်ပင် ထိုနတ်ဆိုးဘုရင်သည် အလွန်ဉာဏ်ကောင်းလှသည်။
သူသည် ဝတ်ရုံနက်များတုန်းကကဲ့သို့ပင် ဤလူများကိုလည်း ဗျူဟာထဲသို့ ဆွဲသွင်းလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
ထိုခိုက်တွင် ဓားဖွဲ့စည်းပုံကြီး၏ အထက်တွင် နတ်ဆိုးမျက်နှာကြီး ပြန်လည် ပေါ်ပေါက်လာသည်။
လူတိုင်း၏နှလုံးသားမှာ တင်းကျပ်သွားပြီး ဝတ်ရုံနက် သုံးဦးမှာမူ မျှော်လင့်ချက်မဲ့ခြင်းနှင့် စိတ်သက်သာရာရခြင်းတို့ ရောပြွမ်းနေသည့် ထူးဆန်းသော ခံစားချက်ကို ခံစားလိုက်ရသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ...
နတ်ဆိုး၏မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
ဝတ်ရုံနက်များကို လှောင်ပြောင်ခဲ့စဉ်က အမူအရာမှာ လုံးဝ ပျောက်ကွယ်သွားပြီး သူ၏အရုပ်ဆိုးသော မျက်နှာမှာ ထိတ်လန့်တုန်လှုပ်နေတော့သည်။
အားလုံး အံ့အားသင့်သွားကြသည်။
ထိုခိုက်မှာပင် အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးသည် ဖြည်းဖြည်းချင်း လျှောက်ဝင်လာသည်။
သူ၏နောက်တွင် ဓားကို ကျောပိုးထားသော ပုံရိပ် (၈) ခု ပါလာသည်။
သူတို့၏အရှိန်အဝါအရ အားလုံးမှာ ကူးပြောင်းခြင်းအဆင့် အထက်တွင် ရှိသည့် ကြောက်မက်ဖွယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။
"ဒါက ရှေးဟောင်း စိတ်ဝိညာဉ်အာရုံရဲ့ အငွေ့အသက်ပဲ..." ဝတ်ရုံနက် သုံးဦးစလုံး၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်သွားကြသည်။
ဤအရာက အမှတ်(၁၀)က မြူခိုးနေထိုင်သူများလော၊ မည်သည့်နေရာမှ ရုတ်တရက် ထွက်ပေါ်လာသနည်း။
သူတို့ကို ပို၍ ထူးဆန်းနေစေသည်မှာ မြူခိုးနေထိုင်သူများထဲတွင် ဓားသမားအဖွဲ့ ရှိနေခြင်းပင်။
ထိုအရာသာမက သူတို့အားလုံးမှာ ရှေးဟောင်း စိတ်ဝိညာဉ်အာရုံ၏ အရှိန်အဝါကို ပိုင်ဆိုင်ထားကြသည်။
ဤအရာက မဖြစ်နိုင်ပေ... အမှတ် (၁၀) နှင့် ပတ်သက်သော သတင်းမျိုး သူတို့ တစ်ခါမျှ မကြားဖူးခဲ့ပေ။
ထိုခိုက်တွင် နတ်ဆိုးသည် ဓားဖွဲ့စည်းပုံကို အလျင်အမြန် ပြန်လည်ပြုပြင်နေသည်။
သူ၏နောက်တွင် ဓားဖွဲ့စည်းပုံကြီးသည် တဖြည်းဖြည်း လည်ပတ်ကာ ပျက်စီးသွားသော နေရာများကို ပြန်ဆက်နေသည်။
"အရှင်... သူ့ကို ပြန်ပြင်ခွင့် မပေးပါနဲ့" ထျန်းရှင်းဓားဂိုဏ်းချုပ်က ထိတ်လန့်တကြား အော်ပြောလိုက်သည်။
ယခု ဓားဖွဲ့စည်းပုံမှာ ပျက်စီးနေသဖြင့် အစွမ်းမှာ (၁၀) ရာခိုင်နှုန်းတောင် မရှိပေ။
သို့သော် အကယ်၍ ၎င်းကို ပြန်လည် ပြုပြင်လိုက်ပါက အပြည့်စုံဆုံးသော ဓားဖွဲ့စည်းပုံကြီး ဖြစ်လာပေလိမ့်မည်။
ထိုအခါ အမှတ်(၁၀) မြူခိုးနေထိုင်သူများမှ ကျွမ်းကျင်သူသည် မည်သို့ ရင်ဆိုင်နိုင်တော့မည်နည်း။
သို့သော် သူ၏စကားကို ကြားသော်လည်း...
ဝတ်စုံဖြူလူငယ်မှာ တုပ်တုပ်မျှ မလှုပ်ပေ။
"မကြာသေးခင်က ချက်အင်ဝင်ခဲ့တာကြောင့် ငါ့ရဲ့ ခွန်အားတွေက ထပ်ပြီးတိုးတက်လာခဲ့တယ်။ ဒါပေမဲ့ ငါ့ရဲ့အကန့်အသတ်က ဘယ်လောက်လဲဆိုတာ ငါကိုယ်တိုင်လည်း ဝေခွဲမရသေးဘူး။ ဒီဓားဖွဲ့စည်းပုံက ငါ့ရဲ့ ယစွမ်းအားဒဏ်ကို ခံနိုင်ရည်ရှိမရှိ စမ်းသပ်ဖို့ ကိရိယာကောင်းတစ်ခုပဲ" ဟု ရှန်းချန်ကောက တိုးတိုးလေး ရေရွတ်လိုက်သည်။
ထိုခိုက်တွင် ဓားဖွဲ့စည်းပုံကို အတင်းအကျပ် ပြုပြင်နေသော နတ်ဆိုးမှာ တစ်ကိုယ်လုံး တုန်တက်သွားသည်။
သူသည် ယခင်က မခံစားဖူးသော အန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ရသဖြင့် ကြောက်လန့်တကြား အော်ဟစ်တော့သည်။
သို့သော် မကြာခင်မှာပင် ဓားဖွဲ့စည်းပုံကြီးမှာ ပြန်လည် ပြည့်စုံသွားလေပြီ။
သူသည် ဝတ်စုံဖြူလူငယ်ကို အာရုံစိုက်လိုက်သည်။
သို့သော် ဝတ်စုံဖြူလူငယ်ကလည်း သူ့ကို ပြန်စိုက်ကြည့်နေသည်။
ရှန်းချန်ကောက သူ၏လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
"ဒီဓားဖွဲ့စည်းပုံမှာ ဟာကွက်တွေ အများကြီး ရှိသေးတယ်။ ဒါက ငါ့ရဲ့ ဓားအလင်းတန်းကို တောင့်ခံနိုင်မှာ မဟုတ်ဘူး။ မင်း ထပ်ပြင်လိုက်ဦး"
နတ်ဆိုးမှာ ဆွံ့အသွားသည်။
သူသည် ဝတ်စုံဖြူလူငယ်၏ ညွှန်ကြားမှုနောက်သို့ လိုက်ပါကြည့်ရှုရာ သူ ပြည့်စုံပြီဟု ထင်ထားသော ဓားဖွဲ့စည်းပုံ၏ဟာကွက်များကို ရှာတွေ့သွားတော့သည်။
"သူ ဘာလုပ်နေတာလဲ" ဂိုဏ်းချုပ်နှင့် ဝတ်ရုံနက်များမှာ ထိတ်လန့်သွားကြသည်။
ဓားဖွဲ့စည်းပုံကြီးသည် ယခင်ကထက် ပို၍ ချောမွေ့စွာ လည်ပတ်နေပြီး သူတို့မမြင်နိုင်သော ဟာကွက်များမှာလည်း ပြည့်စုံသွားသလို ခံစားရသည်။
အကြောက်စရာအကောင်းဆုံးမှာ ဝတ်စုံဖြူလူငယ်ကိုယ်တိုင်က နတ်ဆိုးကို ဓားဖွဲ့စည်းပုံ ပြုပြင်ရန် လမ်းညွှန်နေခြင်းပင်။
"မဖြစ်နိုင်ဘူး... ငါတို့ ဂိုဏ်းသားတွေ နှစ်ပေါင်းရာချီ ပြင်လာတာ... ဒါက ပြည့်စုံနေပါပြီကို..." ထျန်းရှင်းဓားဂိုဏ်းချုပ်က မယုံနိုင်ဘဲ ပြောလိုက်သည်။
ထိုအတူ ရှန်းချန်ကောသည် ဘာကြောင့် နတ်ဆိုးကို ကူညီနေရသနည်း။
"ဟိုဘက်မှာလည်း ပြဿနာ ရှိသေးတယ်။ အဲဒါကိုပါ ပြင်လိုက်ဦး။ ဟာကွက်တွေက သိပ်များလွန်းတယ်။ ဒီဓားဖွဲ့စည်းပုံက အစွမ်းမထက်သေးဘူး" ရှန်းချန်ကောက ဘယ်ညွှန်လိုက် ညာညွှန်လိုက် လုပ်နေသည်။
သူ ညွှန်ပြလေလေ နတ်ဆိုးမှာ ပို၍ ထိတ်လန့်လေလေပင်။
သူသည် ဤဓားဖွဲ့စည်းပုံကို ထိန်းချုပ်ထားသူ ဖြစ်သော်လည်း လူငယ်လေးက ဟာကွက်များကို အလွယ်တကူ ညွှန်ပြနေခြင်းမှာ သူ့အတွက် ကြီးမားသော ဖိအားကြီး ဖြစ်နေသည်။
ဤလူငယ်က မကြောက်ဘူးလော။
ဤဓားဖွဲ့စည်းပုံက သူ့ကို သတ်ရန် ပြင်ဆင်နေခြင်း မဟုတ်ပါလား။
သို့မဟုတ်လျှင်... သူက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်အောင် ယုံကြည်ချက် ရှိနေသည်လော။
ဓားဖွဲ့စည်းပုံကြီးသည် တဖြည်းဖြည်း ပို၍ ကြောက်စရာကောင်းလာသည်။
ရှန်းချန်ကော၏လမ်းညွှန်မှုကြောင့် ဖွဲ့စည်းပုံ၏ အကျယ်အဝန်းမှာ နှစ်ဆမျှ ကြီးမားလာပြီး အနက်ရောင်မြူများမှာလည်း ခမ်းနားလှသည်။
၎င်းမှာ အကြောက်စရာအကောင်းဆုံး သတ်ဖြတ်ခြင်းဖွဲ့စည်းပုံကြီး ဖြစ်လာလေပြီ။ ဝတ်ရုံနက် သုံးဦး၏ မျက်နှာများမှာ ပြာနှမ်းနေသည်။
အဘယ်ကြောင့်ဆိုသော် ယခု ဓားဖွဲ့စည်းပုံသည် အလွန်အစွမ်းထက်နေသဖြင့် အနန္တအမှောင်ထုအဆင့် ကျွမ်းကျင်သူပင်လျှင် အထဲရောက်ပါက သေချာပေါက် သေဆုံးမည် ဖြစ်သောကြောင့်ပင်။
သူ ရူးနေတာလား
ဤဝတ်စုံဖြူလူငယ် ဘာလုပ်ချင်နေတာလဲ။
နောက်ဆုံးတွင် ရှန်းချန်ကော ကျေနပ်သွားသည်။
"ဒါမှ တကယ့်ကို ဟာကွက်မရှိတဲ့ ဓားဖွဲ့စည်းပုံပဲ။ ဒါပေမဲ့ ငါ့မျက်လုံးထဲမှာတော့ ဟာကွက်ဆိုတာ အမြဲရှိနေတာပဲ။ ပြည့်စုံတဲ့ ဓားဖွဲ့စည်းပုံဆိုတာ မရှိနိုင်ပါဘူး" ဟု သူက နှိမ့်ချစွာ ပြောလိုက်သည်။
"ဒါပေမဲ့ ငါကိုယ်တိုင်ကတော့ ပြည့်စုံနေရမယ် မဟုတ်လား" ရှန်းချန်ကောသည် လက်ကို နောက်ပစ်ကာ ရပ်နေသည်။
သူ၏ကျောနောက်မှ ဓားသည် ဖြည်းဖြည်းချင်း ဓားအိမ်ထဲမှ ထွက်လာသည်။
ဓားသွားနှင့် ဓားအိမ် ပွတ်တိုက်သံမှာ လူကို မူးဝေသွားစေလောက်အောင် ထွက်ပေါ်လာသည်။
ခမ်းနားလှသော စွမ်းအားများသည် ဓားနှင့်အတူ ပေါက်ကွဲထွက်လာတော့သည်။
"ဒါက..."
အဘိုးကျန်းသည် ရှေ့ဆုံးမှ ရပ်နေသည်။
ထိုကျယ်ပြန့်လှသော ဓားအရှိန်အဝါအောက်တွင် သူသည် ကလေးငယ်တစ်ယောက်ကဲ့သို့ ခံစားရသည်။
သူသည် ယင်ဒြပ်စင်ငါးမျိုးဓားအဆင့်ကို တတ်မြောက်ထားသော်လည်း... ရှန်းချန်ကော၏ မြင့်မြတ်လှသောဓားအရှိန်အဝါမှာ သူ လုံးဝ မထိတွေ့နိုင်သော နတ်ဘုရားနယ်ပယ်ကြီးကဲ့သို့ပင်။
"နတ်ဘုရား... နတ်ဘုရားပဲ..." သူ ကြောင်အသွားသည်။
ဓားဖွဲ့စည်းပုံကြီးမှာ ပေါက်ကွဲထွက်လာပြီး အနက်ရောင်ဓားပေါင်း မြောက်မြားစွာမှာ ယခင်ကထက် ပိုများစွာ ထွက်ပေါ်လာသည်။
ယခု ဓားဖွဲ့စည်းပုံသည် အပြည့်စုံဆုံး အဆင့်သို့ ရောက်ရှိနေပြီး လူတိုင်းကို မျှော်လင့်ချက်မဲ့စေလောက်အောင် အစွမ်းထက်လှသည်။
ဝုန်း
ဝုန်း
ဝုန်း
မြေကြီးများ ကွဲအက်ကုန်ပြီး တောင်တန်းများ ကြေမွကုန်သည်။တကယ့်ကို ကြောက်စရာကောင်းသော ဖွဲ့စည်းပုံကြီးပင်။
သို့သော် ထိုအခိုက်တွင် ဖွဲ့စည်းပုံကို ထိန်းချုပ်နေသော နတ်ဆိုးမှာ ထိတ်လန့်တုန်လှုပ်သွားသည်ကို အားလုံး မြင်လိုက်ရသည်။
ရုတ်တရက် လူတိုင်း ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။
ချမ်း
ဓားအိမ်ထဲမှ ထွက်လာသည့် အသံမှာ နဂါးတစ်ကောင် မွေးဖွားလာသကဲ့သို့ပင်။
အလွန်တောက်ပသော ဓားအလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာတော့သည်။
ဝတ်စုံဖြူပုံရိပ်သည် အဝေးသို့ လှမ်းကြည့်လိုက်သည်။
သူသည် သူတို့၏စိတ်ထဲတွင် ဓားလမ်းစဉ်၏ နတ်ဘုရားတောင်ကြီးတစ်တောင်ကဲ့သို့ ရပ်တည်နေသည်။
သူသည် မလှုပ်ရှားသော်လည်း သူ၏ဓားမှာမူ ခုတ်ပိုင်းလိုက်ပြီ ဖြစ်သည်။
ဂျိန်း...
ဂျိန်း...
ဂျိန်း
ပြည့်စုံလှသော မြင့်မြတ်ဓားဖွဲ့စည်းပုံကြီးသည်...
ခဏချင်းပင် အပိုင်းပိုင်းအပြတ်ပြတ် ဆွဲဖြဲခံလိုက်ရတော့သည်။
"ဒါ... ဒါက မဖြစ်နိုင်ဘူး"