← Chapters

ပြင်းထန်သောတိုက်ပွဲ

Vol. 47 Ch. 648

ပြင်းထန်သောတိုက်ပွဲ

Vol. 47 Ch. 648

ဝုန်း....

ကျင်းချန်းဇယ်ထံမှ ပြင်းထန်လှသော ချီစွမ်းအင်များ ထွက်ပေါ်လာကာ ရှစ်သောင်းသုံးထောင်ခန့်ပါဝင်သော ချီကြယ်ပွင့်ကောင်းကင်ယံအား ဖြစ်ပေါ်စေလိုက်သည်။ စောင့်ကြည့်နေကြသူများမှာ ကျင်းချန်းဇယ်၏ ချီကြယ်ပွင့်များအားကြည့်ကာ အံ့အားတကြီး ဖြစ်နေကြရသည်။

ဇူယွမ်မှာလည်း ကျင်းချန်းဇယ်၏ ချီကြယ်ပွင့်ကောင်းကင်ယံအားကြည့်ကာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်သည်။ ထို့နောက် ဇူယွမ်မှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ သုံးသောင်းကိုးထောင်သော ချီကြယ်ပွင့်ကောင်းကင်ယံအား ဖြစ်ပေါ်စေလိုက်သည်။ ဇူယွမ်၏ ချီကြယ်ပွင့်များမှာ ကျင်းချန်းဇယ်နှင့် နှိုင်းယှဉ်လာပါက ရှက်ရွံ့ဖွယ်အတိ ဖြစ်နေရသည်။

တောင်တန်းအပြင်ဖက်၌ စောင့်ကြည့်နေကြသော မြင့်မြတ်သောနန်းတော်မှ တပည့်များမှာ ဇူယွမ်နှင့် ကျင်းချန်းဇယ်တို့၏ ချီကြယ်ပွင့်ကောင်းကင်ယံနှစ်ခုအား နှိုင်းယှဉ်ကာ လှောင်ပြောင်ရယ်မောကြတော့သည်။ ချီကြယ်ပွင့်ကောင်းကင်ယံချင်း ယှဉ်ကြည့်ရုံမျှဖြင့်ပင် ရလဒ်မှာ သိသာကွဲပြားနေပြီ ဖြစ်လေသည်။

ကန်ရွှမ်းကလန်၏ တပည့်များမှာမူ အလွန်ပင် စိုးရိမ်ပူပန်နေကြသည်။ ကျင်းချန်းဇယ်နှင့် ဇူယွမ်တို့၏ ကွာခြားမှုမှာ အလွန်ပင် သိသာခြားနားနေ၏။

ဇူယွမ်မှာ လှောင်ပြောင်သရော်သံများအား လျစ်လျုရှုထားလျက် ကျင်းချန်းဇယ်ကိုသာ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ကြည့်ရှုနေလျက် ရှိသည်။ ယနေ့ရင်ဆိုင်တိုက်ခိုက်ရမည့် တိုက်ပွဲသည် ရှန်ဇူတိုက်ကြီးထံသို့ စတင်ရောက်ရှိလာသည့် အချိန်မှစ၍ တိုက်ခိုက်ခဲ့သော တိုက်ပွဲများအတွင်း အပြင်းထန်ဆုံး တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မည်ပင် ဖြစ်သည်။

ကျင်းချန်းဇယ်မှာ စိတ်အေးလက်အေးဖြစ်နေဟန်ဖြင့် လက်ပိုက်လျက် ဇူယွမ်အားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "ဇူယွမ် မင်းရဲ့ချီကြယ်ပွင့်က သုံးသောင်းကိုးထောင်ပဲရှိတာလား။ အဲ့ဒါဆိုရင်တော့....." ကျင်းချန်းဇယ်၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်သွားလေသည်။ "ဒီနေ့မင်းငါ့ထဲက လွတ်တော့မယ်မထင်ဘူး။"

ဝုန်း....

ကျင်းချန်းဇယ်မှာ ခြေထောက်အားဆောင့်၍ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ ကြီးမားလှသော တောရိုင်းလက်သည်းတစ်ခုအသွင် ဖြစ်ပေါ်စေလိုက်ပြီးနောက် ဇူယွမ်ထံသို့ ပို့လွှတ်လိုက်သည်။

ဇူယွမ်မှာ တောရိုင်းလက်သည်းကြီးအား ကြည့်ရှုလိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်ကာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ ဇူယွမ့်ထံမှ ထွက်ပေါ်လာသော ချီစွမ်းအင်များမှာ မာန်ဖီနေသော ရွှေရောင်နဂါးတစ်ကောင်၏အသွင်သို့ ပြောင်းလဲသွားလေသည်။

ဇူယွမ်မှာ ရှစ်သောင်းသုံးထောင်သော ချီကြယ်ပွင့်များ မည်မျှထိသန်မာသည်ကို သိရှိလိုသောကြောင့် ကျင်းချန်းဇယ်၏ တိုက်ခိုက်မှုအား ရှောင်ရှားခြင်းမပြုပဲ ထိပ်တိုက်ရင်ဆိုင်ရန်သာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဇူယွမ်သည် ကျင်းချန်းဇယ်မျှ အဆင့်ရှိသော မည်သူ့ကိုမျှ တိုက်ခိုက်ခဲ့ဖူးခြင်း မရှိပေ။

ဇူယွမ် သတ်ဖြတ်ခဲ့သော မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံနှစ်ဦး၏ ချီကြယ်ပွင့်များအား ပေါင်းစည်းလိုက်လျှင်ပင် ကျင်းချန်းဇယ်အား မှီနိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ချီစွမ်းအင်အခြေခံအုတ်မြစ်အရာ၌လည်း ကျင်းချန်းဇယ်နှင့် ထိုနှစ်ဦးမှာ နှိုင်းယှဉ်မရနိုင်အောင် ကွာခြားလွန်းလှသည်။

ချီကြယ်ပွင့် ရှစ်သောင်းကျော်အား ပိုင်ဆိုင်ထားသော သူတစ်ယောက်မှာ ချီကြယ်ပွင့် လေးသောင်းခန့်သာရှိသောသူအား အလွယ်တကူပင် ဖျက်စီးပစ်နိုင်ပေသည်။

ကျင်းချန်းဇယ်မှာ ဇူယွမ်၏ ရွှေရောင်ချီစွမ်းအင်များအား ကြည့်ရှုလျက် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားအောင်ထိ လှောင်ပြောင်သရော်လိုက်သည်။

ဝုန်း....

အစိမ်းရင့်ရောင် တောရိုင်းလက်သည်းကြီးနှင့် ရွှေရောင်မြွေနဂါးတို့ ထိတွေ့သွားကြပြီးနောက် ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ပေါက်ကွဲထွက်ပေါ်လာသည်။ အသက်ရှူချိန် အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ရွှေရောင်မြွေနဂါးကြီး၏ပုံရိပ်မှာ မှုန်ဝါးပျောက်ကွယ်သွားလေတော့သည်။

အခြားတစ်ဖက်တွင်မူ ကျင်းချန်းဇယ်၏ တောရိုင်းလက်သည်းကြီးမှာ အနည်းငယ်မျှသာ အားနည်းသွားသောကြောင့် ယခင်ကအတိုင်းပင် ကြောက်မက်ဖွယ်ရာ ကောင်းနေဆဲ ဖြစ်သည်။ ထိုတောရိုင်းလက်သည်းကြီးမှာ ရွှေရောင်မြွေနဂါးကြီး ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ဇူယွမ်ထံသို့ ဆက်လက်ရွေ့လျားသွားလေ၏။

ဇူယွမ်မှာ လျင်မြန်စွာပင် အနောက်သို့ ဆုတ်ခွာပျံဝဲလိုက်သည်။

ဝုန်း....

မြေပြင်ပေါ်၌ ကြီးမားလှသော အက်ကြောင်းရာများ ဖြစ်ပေါ်သွားရပြီးနောက် ပတ်ဝန်းကျင်မှာ ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားရသည်။

ကျင်းချန်းဇယ်မှာ မြင်ကွင်းများအား ကြည့်ရှုလိုက်ပြီးနောက် အားမလိုအားမရဖြစ်စွာဖြင့် အံကြိတ်လိုက်မိသည်။ သူ၏ပထမဆုံး တိုက်ခိုက်မှုသည် ဇူယွမ်အား ဖျက်စီးပစ်နိုင်မည့်အရေးမှ လက်တစ်လုံးခြား လွဲချော်သွားရသည်။

ဇူယွမ်မှာ သုံးသောင်းကိုးထောင်မျှသော ချီကြယ်ပွင့် အရေအတွက်လေးလောက်မျှဖြင့် သူ့အားလာရောက်စိန်ခေါ်ခြင်းမှာ အလွန်ပင် ရူးမိုက်လွန်းလှသော လုပ်ရပ်တစ်ခုပင် ဖြစ်သည်။

"မင်းက ကြွက်တစ်ကောင်လို ဟိုပုန်းဒီပုန်းနဲ့ ငါ့ကိုတိုက်မလို့လား။" ကျင်းချန်းဇယ်မှ ပြုံးကာပြောလိုက်ပြီးနောက် လက်နှစ်ဖက်အား အတူတကွ ချိတ်ဆက်လိုက်သည်။ "မင်းဘယ်လောက် ပုန်းနိုင်မလဲ ကြည့်ရသေးတာပေါ့။"

ကျင်းချန်းဇယ်၏ ပါးနှစ်ဖက်မှာ ရုတ်တရက် အဆိပ်ချီများဖြင့် ပြည့်နှက်လာပြီးနောက် ဖောင်းကားလာလေသည်။ ထို့နောက် ကျင်းချန်းဇယ်မှာ ထိုအဆိပ်ချီများအား မှုတ်ထုတ်လိုက်တော့သည်။

"ကောင်းကင်ဘုံ ချမ်းချူအဆိပ်လှိုင်း..."

ကျင်းချန်းဇယ်၏ အာခံတွင်းထဲမှ အစိမ်းရင့်ရောင် အဆိပ်ရည်များ ထွက်ပေါ်လာပြီးနောက် လျင်မြန်လှသောအရှိန်ဖြင့် ဇူယွမ်ထံသို့ ပျံဝဲသွားသည်။

အဆိပ်ရည် ပျံဝဲလာသောအရှိန်မှာ ရှောင်လွှဲ၍မရနိုင်အောင်ပင် လျင်မြန်လှပေသည်။

ကျင်းချန်းဇယ်၏ တိုက်ခိုက်မှုမှာ ယခင်တစ်ခါကထက် ပိုမိုပြင်းထန်လာသည်။ ကျင်းချန်းဇယ်မှာ ဇူယွမ်၏ ယုံကြည်ချက်အား ဖျက်စီးရန်အတွက် ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ဇူယွမ်မှာ အဆိပ်ရည်များအား လေးနက်ခက်ထန်စွာဖြင့် ကြည့်ရှုလိုက်သည်။ သူသည် ဒြပ်မဲ့အသွင်သဏ္ဍာန်အား အထွတ်အထိပ်ရောက်သည်အထိ အသုံးပြုနေခြင်း ဖြစ်ပါသော်လည်း ကျင်းချန်းဇယ်၏ တိုက်ခိုက်မှုမှာ ရှောင်လွဲမရနိုင်အောင်ပင် လျင်မြန်လွန်းနေဆဲ ဖြစ်သည်။

ဇူယွမ်မှာ လက်နှစ်ဖက်အား အတူတကွ ချိတ်ဆက်လိုက်ပြီးနောက် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ ထို့နောက် သူ၏ပါးနှစ်ဖက်မှာ ဖောင်းကားလာကာ နက်ရွှေရောင်မီးတောက်များအား မှုတ်ထုတ်လိုက်လေသည်။

"ကောင်းကင်ဘုံနေမင်းမီးတောက်...."

ကောင်းကင်ဘုံနေမင်းမီးတောက်ကြောင့် ပတ်ဝန်းကျင်ရှိ အပူချိန်များမှာ ချက်ချင်းဆိုသလို မြင့်တက်သွားရသည်။ နက်ရွှေရောင်မီးတောက်နှင့် အစိမ်းရင့်ရောင် အဆိပ်ရည်များမှာ လေထုထဲတွင် တွေ့ဆုံသွားကြလေတော့သည်။

ဝုန်း.....

စွမ်းအင်နှစ်ခု တွေ့ဆုံသွားကြသည်နှင့်တစ်ပြိုင်နက် ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာရသည်။ သို့သော် အသက်ရှူချိန် အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် နက်ရွှေရောင်မီးတောက်မှာ အစိမ်းရင့်ရောင် အဆိပ်ရည်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။

အစိမ်းရင့်ရောင် အဆိပ်ရည်များမှာ နက်ရွှေရောင်မီးတောက်အား ဖျက်စီးပြီးသည့်နောက်  အနောက်သို့ ဆုတ်ခွာထွက်ပြေးနေသော ဇူယွမ်ထံသို့ ဆက်လက်ပျံဝဲလာတော့သည်။

ဇူယွမ်နှင့် ကျင်းချန်းဇယ်တို့၏တိုက်ပွဲမှာ အစပင် ရှိသေးပါသော်လည်း အတော်ပင် ပြင်းထန်နေပြီ ဖြစ်သည်။

ဝုန်း....

ဇူယွမ်မှာ ဆုတ်ခွာထွက်ပြေးနေရင်းဖြင့် စိတ်ဝိဉာဉ်စွမ်းအင်အား နိုးထစေကာ မြေပြင်ပေါ်ရှိ ကျောက်တုံးကျောက်ဆောင်များဖြင့် နံရံတစ်ခုအား ဖန်တီးတည်ဆောက်စေလိုက်သည်။

ဝုန်း....

အစိမ်းရင့်ရောင် အဆိပ်ရည်များမှာ ကျောက်နံရံအား တိုးဝင်ဖျက်စီးတော့သည်။ အချိန်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ကျောက်နံရံတစ်ခုလုံး ကြေမွသွားရတော့၏။

အစိမ်းရင့်ရောင် အဆိပ်ရည်မှာလည်း သိသာစွာပင် စွမ်းအင်တဝက်မျှ လျော့ကျသွားရသည်။ သို့သော် ထိုစွမ်းအင်တဝက်မျှသာ ကျန်တော့သည့် အဆိပ်ရည်သည် ရွေးချယ်ခံ အဆင့်ရှိသူတစ်ယောက်အား သတ်ဖြတ်ပစ်ရန် ကောင်းစွာလုံလောက်နေဆဲပင် ဖြစ်သည်။

ဝှစ်...

အစိမ်းရင့်ရောင် အဆိပ်ရည်များမှာ ကျောက်နံရံအား အလုံးစုံ ဖြိုချဖျက်စီးပြီးသည့်နေညက် ဇူယွမ်ထံသို့ ဆက်လက်ပျံဝဲလာသည်။

ဇူယွမ်မှာ အစိမ်းရင့်ရောင် အဆိပ်ရည်များအား လေးနက်ခက်ထန်စွာဖြင့် ကြည့်ရှုလိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

ဇူယွမ်၏ နှလုံးသားထဲတွင်ရှိနေသော ရွှေအိုရောင်သွေးစက်မှာ ပြင်းထန်စွာ တုန်ခါလာပြီးနောက် ဆံချည်မျှင်သွေးကြောများမှတဆင့် အသွေးအသားများထဲသို့ စီးဆင်းဝင်ရောက်သွားတော့သည်။

"ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ် ရွှေအိုရောင်သွေးစက်အဆင့်..."

ဇူယွမ်မှာ ပြင်ပခန္ဓာသန်မာမှုအား အထွတ်အထိပ်သို့ ရောက်သည်အထိ မြှင့်တင်လိုက်သည်။ ထို့နောက် အနောက်သို့ ဆုတ်ခွာထွက်ပြေးခြင်း မရှိတော့ပဲ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် အစိမ်းရင့်ရောင် အဆိပ်ရည်များအား ထိုးချလိုက်သည်။

ဝုန်း....

ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခွင်လုံးအား ဖုံးလွှမ်းသွားလေသည်။

စောင့်ကြည့်နေကြသူများမှာ ထိုမြင်ကွင်းအား မျက်တောင်ပင်မခတ်ပဲ ကြည့်ရှုနေကြသည်။

အသက်ရှူချိန် အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် အစိမ်းရင့်ရောင် အဆိပ်ရည်များမှာ ပျောက်ကွယ်သွားလေသည်။

အစိမ်းရင့်ရောင် အဆိပ်ရည်များ ပျောက်ကွယ်သွားပြီးသည့်နောက် ဇူယွမ်၏ခန္ဓာကိုယ်မှာလည်း အဝေးသို့ လွင့်စင်သွားကာ တောင်နံရံတစ်ခုနှင့် ရိုက်ခတ်မိသွားသည်။

ဘန်း....

တောင်နံရံပေါ်ရှိ ကျောက်တုံးကျောက်ဆောင်များ ပြိုကျလာကာ ဇူယွမ်၏ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားလေသည်။

စောင့်ကြည့်ကြသူများမှာ အံ့အားသင့်လွန်းလှသဖြင့် မည်သည့်စကားမှ မပြောနိုင်အောင် ဖြစ်နေကြရသည်။

ဇူယွမ်သည် ကျင်းချန်းဇယ်၏ ပြင်းထန်လှသော တိုက်ခိုက်မှုအား ခုခံရန်အတွက် မတူညီသည့် စွမ်းအင်သုံးခုဖြစ်သော ချီစွမ်းအင်၊ ပြင်ပခန္ဓာသန်မာမှုနှင့် စိတ်ဝိဉာဉ်စွမ်းအင်တို့အား အသုံးပြုခဲ့သည်။ သို့သော် နောက်ဆုံးအချိန်၌ ကျင်းချန်းဇယ်အား ရှုံးနိမ့်သွားရ၏။

ကန်ရွှမ်းကလန်မှ တပည့်များ၏ အမူအရာမှာ ပျက်ယွင်းနေရသည်။ ဇူယွမ်မှာ ကန်ရွှမ်းကလန်သို့ စတင်ရောက်ရှိသည့် အချိန်မှစ၍ ယခုမျှထိ ပြင်းထန်သော တိုက်ပွဲအား တိုက်ခိုက်ရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်ပေတော့သတည်း....

All Chapters