အလယ်အလတ်အဆင့် တာအို
Vol. 1 Ch. 346
"မြစိမ်းကြည်လင်ပန်းအိုး"
ကျန်းရီ၏ လက်ထဲတွင် အစိမ်းရောင်ပန်းအိုးတစ်လုံး ပေါ်ထွက်လာခဲ့သည်။ သူသည် ပန်းအိုးအား အတွင်းအားများဖြင့် ရစ်ပတ်လိုက်ရာ ပန်းအိုးမှ အစိမ်းရောင်အလင်းများ တောက်ပလာခဲ့သည်။ အစိမ်းရောင်အလင်းများ ဟဲလောင်ကိုယ်ပေါ် လွှမ်းခြုံသွားသည်နှင့် ကျန်းရီသည် သေချာလှသော လေသံဖြင့် ပြောလိုက်သည်။
"ဟဲလောင်...မခုခံနဲ့၊ မင်းရဲ့ ဒဏ်ရာတွေ တော်တော်အခြေအနေ ဆိုးနေပြီ။ အထဲဝင်ပြီး အရင်ဒဏ်ရာတွေကုလိုက်...ငါ့ကိုယုံ...ငါ နေရာရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင်ဆီ သေချာပေါက် ရောက်အောင်သွားမယ်"
ဟဲလောင်သည် အစက ငြင်းဆန်ချင်ခဲ့သည်။ သို့သော် ကျန်းရီ၏ သေချာနေသည့် အသံကို ကြားသောအခါ အံကြိတ်၍ သူ့ကိုယ်အား ပန်းအိုး၏စုပ်ယူနေခြင်းကို ခွင့်ပြုလိုက်သည်။
သို့သော် တစ်စုံတစ်ခုသည် ကျန်းရီနှင့် ဟဲလောင်အား ဆွံ့အသွားစေခဲ့သည်။ ဟဲလောင်၏ကိုယ်သည် ဖြတ်ခနဲပျောက်ကွယ်သွားခဲ့ပြီး မူလနေရာတွင်သာ ပြန်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သူသည် မြစိမ်းကြည်လင်ပန်းအိုးအတွင်းရှိ သီးသန့်နယ်မြေထဲသို့ မဝင်ရောက်နိုင်ခဲ့ပေ။
"ဒါက ဘယ်လိုသောက်ကျိုးနဲ အစီအရင်လဲ"
ကျန်းရီသည် ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။ သို့သော် သူသည် လျင်လျင်မြန်မြန် တွေးမိသွားခဲ့သည်။ ဤနေရာသည် သူ့အား နေရာရွှေ့ပြောင်းခွင့်လည်း မပေးရာ နေရာတစ်ခုလုံး ကန့်သတ်ခံထားရကြောင်း ထင်ရှားသည်။ ထို့ကြောင့် ဟဲလောင်သည်လည်း ပန်းအိုးအတွင်းရှိ သီးသန့်နယ်မြေထဲသို့ မဝင်ရောက်နိုင်သည်မှာ မဆန်းတော့ပေ။
"ဟဲလောင်...နောက်ကလိုက်ခဲ့၊ ငါ့ကိုယုံ"
ကျန်းရီသည် ဟဲလောင်ကို နောက်တွင်ထား၍ ရှေ့သို့ တက်သွားလိုက်သည်။ သူသည် ပါးစပ်ထဲသို့ ဒဏ်ကြေဆေးတစ်လုံး ပစ်ထည့်လိုက်ပြီး မီးနဂါးဓားဖြင့် စတင်တိုက်ခိုက်တော့သည်။
ဝှစ်...
မီးနဂါးဓား လှုပ်ရှားသွားခဲ့ပြီး မီးနဂါးနှစ်ကောင်မှာ ရှေ့သို့ ပြေးထွက်သွားခဲ့သည်။ ကျန်းရီသည် တစ်ချက်လေးမှ မရပ်နားဘဲ မီးနဂါးဓားဖြင့် ရှေ့နောက် ဘယ်ညာ ပိုင်းချလျက် ရှိသည်။
ဝှစ်...
သူ့ကိုယ်သည် ရှေ့သို့ ဆက်တိုးသွားနေခဲ့သည်။ သူသည် ဟဲလောင်အပေါ် မှီခိုနေ၍ မရတော့သဖြင့် ကိုယ့်ကိုယ်ကိုသာ အားကိုးရတော့မည်။ သူသေလျှင် ဟဲလောင်လည်း သေရလိမ့်မည်။ ထို့ကြောင့် သူအစွမ်းကုန် ကြိုးစားရမည်။
သူသည် မရပ်မနား တိုက်ခိုက်နေခဲ့သည်။ သို့သော် မျက်လုံးနီသတ္တဝါ အနီးကပ်လာခြင်းကို သူတားဆီးနေနိုင်ခဲ့သော်လည်း သူ့အတွင်းအားမှာ ရေသုံးသလို ကုန်ဆုံးနေလေသည်။ အားအပြည့်သုံး၍ တိုက်ခိုက်ခြင်းသည် သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိဉာဉ် နှစ်ခုလုံးကို ပင်ပန်းစေသည်။ သူမည်မျှ ကြာကြာထိန်းထားနိုင်မည်ကို သူမသိချေ။
ကျန်းရီသည် သူလုပ်နိုင်သမျှကို လုပ်နေခဲ့သည်။ ဟဲလောင်မှာ ဆက်လက်မတိုက်ခိုက်နိုင်တော့ပေ။ သူ့ကိုယ်သည် မျက်လုံးနီသတ္တဝါများ၏ ခြေသည်းလက်သည်းများဖြင့် ထိုးဖောက်ခံထားရသည့်အတွက် ဒဏ်ရာအပြင်းအထန် ရထားခဲ့သည်။ သူယခုအချိန် ဒဏ်ရာများကို မကုသလျှင် သေချာပေါက် သေသွားလိမ့်မည်။ သူသည် သေရမည်ကို မကြောက်သော်လည်း ကျန်းရီအား သေရေးရှင်ရေးကြုံလာပါက နောက်တစ်ကြိမ် ကူညီချင်သေးသည့်အတွက် ဒဏ်ရာများကို ကြိုးစားကုသနေခဲ့သည်။
"ခူး...ခူး"
နှစ်နာရီကျော် ကြာပြီးနောက် မျက်လုံးနီသတ္တဝါများမှာ ရူးသွပ်စွာ ပြေးလာနေကြဆဲဖြစ်သည်။ ကျန်းရီ၏ တိုက်ခိုက်မှုများမှာ အစောပိုင်းကလောက် မမြန်ဆန်တော့ပေ။ ထိုသတ္တဝါများ ပိုမိုနီးကပ်လာကြသည်မှာ ပုံမှန်သာဖြစ်သည်။ ဘယ်ဘက်ခြမ်းမှ သတ္တဝါတစ်ကောင်သည် ကျန်းရီ၏ ပုခုံးအား လက်သည်းချွန်ကြီးများဖြင့် ကုတ်ချလာခဲ့သည်။
"သွားစမ်း"
ကျန်းရီ၏ လွတ်နေသော လက်တစ်ဖက်တွင် အတွင်းအားများ စုစည်းလာခဲ့ပြီး အတွင်းအားပေါက်ကွဲလက်ဝါးသည် အနှီသတ္တဝါအပေါ် ကျဆင်းသွားခဲ့သည်။ ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီး ထိုသတ္တဝါ၏ လက်မှာ တစ်စစီ ဖြစ်သွားခဲ့သည်။ ၎င်း၏ ကိုယ်ကြီးမှာလည်း လွင့်ထွက်သွားခဲ့ပြီး နောက်ဘက်မှ သတ္တဝါအချို့ကို လဲကျသွားစေခဲ့သည်။
မျက်စိတစ်မှိတ်စာအတွင်း သုံးဖက်သုံးတန်မှ သတ္တဝါများသည် ပိုမိုနီးကပ်လာနေခဲ့သည်။ ကျန်းရီတွင် လက်နှစ်သာရှိရာ အရှေ့ဘက်သို့ မီးနဂါးနှစ်ကောင်ကို ပစ်လွှတ်နေချိန်တွင် ကျန်လက်လက်တစ်ဖက်မှ ညာဘက်ခြမ်းသို့ အတွင်းအားပေါက်ကွဲလက်ဝါးဖြင့် ရိုက်ချနေခဲ့သည်။
"သခင်လေးရီ...ပြေး"
ဟဲလောင်သည် အော်ဟစ်ရင်း ကောင်းကင်အဆင့်ဓားကို ကြိုးစားရုန်းကန်၍ အနောက်ဘက်သို့ ဓားအလင်းများ ပစ်လွှတ်လိုက်သည်။ သူ့ပါးစပ်မှ သွေးများမှာ ဆည်ကျိုးသလို စီးကျလာခဲ့သည်။
"ဟဲလောင်"
ကျန်းရီ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။ သို့သော် သူသည် ဆက်လက်တွေးမနေတော့ဘဲ ဘက်ပေါင်းစုံသို့ ရူးသွပ်စွာ တိုက်ခိုက်လိုက်သည်။
တည်နေရာရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင်သည် ရှေ့တည့်တည့်တွင် ရှိနေပြီး သုံးကီလိုမီတာခန့်သာ ကွာဝေးတော့သည်။ ကျန်းရီသည် အမြင်အာရုံအား အနက်ရောင်အတွင်းအားဖြင့် တိုးမြှင့်ထားရာ နေရာရွှေ့ပြောင်းအစီအရင်မှ လင်းလက်နေသော အဖြူရောင်အလင်းများကို ရှင်းရှင်းလင်းလင်း မြင်နေရလေသည်။ အစီအရင်အတွင်း သူတို့ ဝင်ရောက်နိုင်သရွေ့ ဘေးကင်းသွားမည်ဖြစ်သည်။
သုံးကီလိုမီတာဟူသော အကွာအဝေးသည် ဘယ်လောက်မဝေးလှသော်လည်း ယခုမူ သေခြင်းနှင့် ရှင်ခြင်းအကြားမှ တံတားလေးတစ်ခုသာ ဖြစ်လေသည်။
ကျန်းရီ၏ တိုက်ခိုက်မှုများမှာ ပို၍နှေးလာခဲ့ပြီး နီးကပ်လာသော သတ္တဝါများမှာ ပိုမိုများပြားလာခဲ့သည်။ အချိန်တိုင်းတွင် ဟဲလောင်သည် ကျန်းရီ တောင့်ခံနိုင်စေရန် တတ်နိုင်သမျှ ကြိုးစားတိုက်ခိုက်ပေးနေခဲ့သည်။ ဟဲလောင်အန်နေသည့် သွေးများမှာ ပိုမိုများပြားလာခဲ့ပြီး သူ၏လှုပ်ရှားနှုန်းများမှာ ပိုမိုနှေးကွေးလာခဲ့သည်။ သူ့ခြေထောက်သည် ငါးထောင်ကီလိုဂရမ်ခန့် လေးသည်ဟု သူခံစားနေရပြီး ခြေလှမ်းတိုင်းအတွက် ကြိုးစားရုန်းကန်နေရသည်။
"သခင်လေးရီ...ကျွန်တော် မလိုက်နိုင်တော့ဘူး၊ ကိုယ့်ဟာကိုယ် သွားပါတော့"
ဟဲလောင်သည် ပါးစပ်ဖွင့်၍ အားနည်းစွာ ပြောလာခဲ့သည်။ သူစကားပြောသည့်အခါတွင် နှုတ်ခမ်းထောင့်မှ သွေးများမှာ ပိုမိုစီးကျလာခဲ့သည်။ သူသည် အားတင်း၍ ပြုံးလိုက်သော်လည်း သူ့မျက်နှာမှာ ပို၍ရှုံ့တွသွားခဲ့သည်။
"အားး..."
ကျန်းရီသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ပို၍ပြင်းထန်သော ဓားချက်များကို ထုတ်ဖော်လိုက်သည်။ ကျန်းရီသည် နောက်လှည့်ကာ အော်ပြောလိုက်သည်။
"ဟဲလောင်...တောင့်ခံထား၊ ငါမင်းကို မစွန့်ပစ်သွားဘူး။ မင်းသေတော့မယ်ဆိုရင် ငါတို့အတူတူသေကြတာပေါ့"
"အရူး"
ဟဲလောင်သည် နောက်ဘက်သို့ နောက်ထပ်အတွင်းအားတိုက်ခိုက်မှုတစ်ခု ပစ်လွှတ်ရန် ကြိုးစားလိုက်သည်။ သူ့လက်ရှိအခြေအနေသည် အားနည်းလွန်းနေ၍ တာအိုဖြင့်တိုက်ခိုက်မှုများ မပြုလုပ်နိုင်တော့ပေ။ သူသည် သွေးရူးသွေးတန်း အော်ဟစ်လိုက်သည်။
"မြန်မြန်သွားတော့...သခင်လေးရီ၊ မသွားရင် ဒီအဘိုးကြီး ကိုယ့်ကိုယ်ကို ချက်ချင်းသက်သေလိုက်မယ်...သွားပါတော့..."
"သွား..."
"ခူး...ခူး..."
"ဟူး....ဟူး..."
ဟဲလောင်၏ အော်သံကျယ်ကြီးသည် တောင်ကြားအတွင်း ပဲ့တင်ထပ်သွားခဲ့ပြီး သတ္တဝါများ၏ အော်သံ၊ တောင်ကြားအထက်မှ တိုက်ခိုက်လာခဲ့သော လေတိုးသံတို့နှင့်အတူ ပေါင်းစပ်သွားခဲ့သည်။ တောင်ကြားထဲတွင် ထွက်ပေါ်နေသော အသံများမှာ ကြေကွဲဝမ်းနည်းဖွယ် သံစဉ်တစ်ခုကို ဖန်တီးနေသည့်အလား။ ထိုသံစဉ်သည် ဟဲလောင် သို့မဟုတ် ကျန်းရီအား ပို့ဆောင်ရန် ဖြစ်ပေါ်လာသည့်အလား။
"အားး...အားးး"
မျက်လုံးနီသတ္တဝါများ ရူးသွပ်စွာ ပြေးဝင်လာနေကြသည်ကို သူမြင်နေရသည်။ ဟဲလောင် အင်အားတစ်ခုမှ မရှိတော့ဘဲ လဲကျသွားသည်ကို သူမြင်နေရသည်။ ဟဲလောင်သည် သူ့အား မျှော်လင့်ချက်မဲ့စွာ ကြည့်နေသည်ကိုလည်း သူမြင်နေရသည်။ သူသည် မလှမ်းမကမ်းမှ အဖြူရောင်အလင်းများ တောက်ပနေသည့် နေရာရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင်ကို လှမ်းကြည့်လိုက်သည်။ တောင်ကြားအထက်မှ တိုက်ခတ်လာသော ဝမ်းနည်းကြေကွဲဖွယ် လေသံကို နားထောင်နေရင်း ကျန်းရီ၏ရင်ထဲတွင်လည်း မျှော်လင့်ချက်မဲ့မှုများ ဖြစ်တည်လာခဲ့သည်။
သူဟဲလောင်ကို မကယ်နိုင်သလို သူ့ကိုယ်သူလည်း မကယ်နိုင်ပေ။ ဤတောင်ကြားသည် သူတို့သေဆုံးမည့်နေရာ ဖြစ်ပုံရလေသည်။
ဟူး...
ထိုအခိုက်အတန့်တွင် လေသံမှာ ပိုမိုကျယ်လောင်လာခဲ့သည်။ အဝေးမှ တိုက်ခတ်လာသော လေသည် သူတို့၏ နားထဲသို့ စိတ်မချမ်းမြေ့ဖွယ်အသံအား ယူဆောင်လာခဲ့သည်။
"လေ"
ထိုခဏတွင် ကျန်းရီ၏ မျက်လုံးများတွင် ရုတ်တရက် ရှုပ်ထွေးသည့်အကြည့် ဖြစ်ပေါ်လာခဲ့သည်။ လေသံသည် သူ့နားထဲတွင် ပဲ့တင်ထပ်နေခဲ့ပြီး မြင်ကွင်းတစ်ခုသည် သူ့စိတ်ထဲတွင် ပေါ်ထွက်လာခဲ့သည်။ လေပြည်တစ်ခုသည် အပြင်မှ တိုက်ခတ်လာခဲ့ပြီး တားမြစ်အစီအရင်ကိုကျော်ဖြတ်၍ တောင်ကြားထဲသို့ ဝင်ရောက်လာခဲ့သည်။ ထို့နောက် လေသည် ကမ်းပါးများ၊ ကျောက်တုံးများထက် ရိုက်ခတ်သွားပြီးနောက် ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"လေက ကျောက်သားနဲ့ ရိုက်မိပြီး ကွဲထွက်သွားတယ်"
ကျန်းရီ၏ ကိုယ်သည် တုန်လှုပ်သွားခဲ့သည်။ လေ၏ မူလအစနှင့် အနှစ်သာရအား သူဖမ်းဆုပ်နိုင်သွားပြီဟု သူထင်သည်။
"လေက သဏ္ဍာန်မဲ့ပြီး ရေတွက်လို့မရဘူး။ လေက ပေါင်းစပ်လို့လည်း ရသလို အမျှင်တစ်ထောင်၊ တစ်သောင်းအထိလည်း ကွဲထွက်နိုင်တယ်"
"မဟုတ်သေးဘူး"
"လေက ဘာလို့ ကွဲရမှာလဲ။ နေရာတိုင်းမှာ ရှိနေပြီးသားဟာ...ဒီနေရာကနေ ဟိုနေရာကို စီးဆင်းလိုက်ရုံလေးပဲကို၊ ပြီးတော့ ကောင်းကင်ရော၊ မြေကြီးရော နေရာတိုင်းမှာ လေတွေနဲ့ပြည့်နေတယ်။ ဒါကြောင့် လေက ကွဲထွက်စရာ မလိုဘူး။ ငါက လေရဲ့စွမ်းအားကို အသုံးချပြီး အတွင်းအားမျှင်လေးတွေကို သယ်ဆောင်သွားခိုင်းရုံ...ဒီနည်းနဲ့ဆို အဆုံးမရှိတဲ့ တိုက်ခိုက်မှုတွေကို လွယ်လွယ်ကူကူ လုပ်လို့ရပြီ"
"ဟားဟားဟား...ဒီလိုကိုး...နောက်ဆုံးတော့ နောက်ထပ် လေဓာတ်တာအိုတစ်ခုကို ငါနားလည်သွားခဲ့ပြီ..."
ကျန်းရီသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့အသံတွင် ဖုံးဖိမရသော ပျော်ရွှင်မှုတို့ ပါဝင်နေခဲ့သည်။ ဤကာလများအတွင်း ယခုအခိုက်အတန့်လေးသည် သူ့အတွက် ပျော်စရာအကောင်းဆုံးအချိန် ဖြစ်သည်။
မျက်တောင်တစ်ခတ်စာအတွင်း ကျန်းရီ ဉာဏ်အလင်းရသွားခဲ့သည်။ ဟဲလောင်သည် ပြေးဝင်လာနေကြသော မျက်လုံးနီသတ္တဝါများကို ကြည့်နေရင်း မျှော်လင့်ချက်မဲ့စွာ မျက်လုံးများအား မှိတ်လိုက်ပြီးဖြစ်သည်။ ကျန်းရီ၏ အားပါးတရ ရယ်သံကျယ်ကြီးကို သူ့ကြားသည့်အခါ ဆွံ့အသွားခဲ့ပြီး မျက်လုံးများ ပြန်ဖွင့်၍ ကျန်းရီအား ကြည့်လိုက်သည်။ သူကြည့်လိုက်ပြီးနောက် မျက်လုံးများမှာ တစ္ဆေတစ်ကောင် မြင်လိုက်ရသည့်အလား ပြူးကျယ်သွားခဲ့သည်။
ကျန်းရီ၏ လက်ထဲမှ မီးနဂါးဓားသည် ရုတ်တရက် လင်းလက်လာခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် မီးနဂါးနှစ်ကောင်ကို ပစ်လွှတ်လိုက်ခြင်း မပြုဘဲ အနီရောင်အတွင်းအား အမျှင်တန်းတစ်ခုကို ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ထိုအတွင်းအား မီးနဂါးဓားမှ ထွက်သွားသည်နှင့် ၎င်းသည် အတွင်းအား တိုက်ခိုက်မှု အခုပေါင်းတစ်သောင်းခန့်အဖြစ် ကွဲထွက်သွားခဲ့သည်။
ထို့ပြင် ထိုအတွင်းအားတိုက်ခိုက်မှုသည် မျဉ်းဖြောင့်အတိုင်း တစ်တန်းတည်း ပြေးထွက်သွားခြင်း မဟုတ်ပါချေ။ ၎င်းသည် မီးနဂါးသေးသေးလေးများအဖြစ် ကွဲထွက်သွားခဲ့ပြီး ဘက်ပေါင်းစုံသို့ ပြေးထွက်သွား၍ မျက်လုံးနီသတ္တဝါများထံ တိုးဝင်သွားခဲ့သည်။ မီးနဂါးတစ်ကောင်ချင်းစီတိုင်း၏ အင်အားအရှိန်အဝါသည် ကျန်းရီအမြဲတမ်း ပစ်လွှတ်လေ့ရှိသည့် မီးနဂါးနှစ်ကောင်အောက် လျော့ကျခြင်းမရှိပေ။
မီးနဂါးတစ်သောင်းသည် ကောင်းကင်ပေါ်တွင် ကခုန်နေကြသည့်အလား....မြင်ကွင်းမှာ အသက်ရှူမှားရမတတ် ခမ်းနားလှသည်။
ဗုန်း...ဗုန်း...ဗုန်း...
ပြေးဝင်လာနေကြသော မျက်လုံးနီသတ္တဝါများ အားလုံးသည် မရေမတွက်နိုင်သော မီးနဂါးလေးများနှင့် တိုက်မိသွားကြသည်။ သတ္တဝါများ၏ ခြေလက်များ တစ်စစီဖြစ်သွားကြပြီး ခန္ဓာကိုယ်များမှာ လွင့်ထွက်သွားကြသည်။ ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး မီတာသုံးဆယ် ပတ်လည်သည် ကျန်းရီ၏ တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် ရှင်းလင်းသွားခဲ့သည်။
"ဒါ..ဒါ..."
ဟဲလောင်၏ နှုတ်ခမ်းများမှာ တဆတ်ဆတ် တုန်ယင်နေခဲ့သည်။ သူ့ကိုယ်မှာလည်း တုန်လှုပ်နေလေသည်။ သူသည် မီးနဂါးလေးများကိုတစ်လှည့် ကျန်းရီကိုတစ်လှည့် မယုံနိုင်စွာ ကြည့်နေခဲ့သည်။ ထို့နောက် သူသည် အထေ့ထေ့အငေါ့ငေါ့ဖြင့် တီးတိုးရေရွတ်လိုက်သည်။
"ဘယ်လို...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဒီအင်အားက အလယ်အဆင့် တာအိုတိုက်ကွက်တွေမှာပဲ ပိုင်ဆိုင်တာလေ။ သခင်လေးရီက ချက်ချင်းဉာဏ်အလင်းရသွားတဲ့အပြင် အဲ့ဒါက အလယ်အလတ်အဆင့် တာအိုကြီး ဖြစ်နေတယ်။ နံပါတ်တစ်ပါရမီရှင် ရွှေယို့လန်တောင် ဒီလိုအစွမ်းမျိုး မရှိလောက်ဘူးမလား"
***