အခွင့်မသာခြင်း
Vol. 47 Ch. 649
ဝုန်း....
အဝါရင့်ရောင် ချီစွမ်းအင်များနှင့် မီးခိုးရောင်ချီစွမ်းအင်များ တွေ့ဆုံသွားကြပြီး ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခွင်လုံးအား ပျံ့နှံ့လွှမ်းခြုံသွားသည်။
ချူချင်းနှင့် ကျောင်းထိုက်ရှင်းတို့မှာ အပြင်းအထန် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ ယင်းတို့နှစ်ဦး၏ တိုက်ပွဲမှာ အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းလှပြီး ပတ်ဝန်းကျင်တစ်ခွင်လုံး၌ ပြင်းထန်လှသော အဖျက်စွမ်းအင်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။
"မြင့်မြတ်သောမြေအောက်ကမ္ဘာရဲ့လက်ဝါး..."
ကျောင်းထိုက်ရှင်းမှာ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီးနောက် လေထုအား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ မီးခိုးရောင်ချီစွမ်းအင်များမှာ ကြီးမားလှသော လက်ဝါးကြီးအသွင် ဖြစ်ပေါ်သွားကာ ချူချင်းထံသို့ ထိုးဆင်းလာလေသည်။
ချူချင်းမှာ လက်ဝါးကြီးအား ကြည့်ရှုလိုက်ပြီးနောက် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ သူ၏ရှည်လျားလှသော ဆံနွယ်များအား ဆူးချွန်တစ်ခုအသွင် ဖြစ်ပေါ်စေလိုက်သည်။
"ဟွမ်းဝူဆူးချွန်..."
ဝုန်း....
ပြင်းထန်လှသော အဝါရင့်ရောင် ချီစွမ်းအင်များမှာ ဆံနွယ်များအကြား စီးဆင်းရစ်နှောင်နေလျက်ရှိပြီး ဆူးချွန်တစ်ခုအသွင် ဖြစ်ပေါ်နေလေသည်။ ဆူးချွန်အသွင် ဖြစ်ပေါ်နေသော ဆံနွယ်များမှာ လေထုအား ဖြိုခွင်းသွားပြီးနောက် မီးခိုးရောင် လက်ဝါးကြီးနှင့် တွေ့ဆုံသွားရသည်။
ဝုန်း....
ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာ ပတ်ဝန်းကျင်အား နောက်ထပ်တစ်ဖန် လွှမ်းမိုးသွားတော့သည်။
ချူချင်းနှင့် ကျောင်းထိုက်ရှင်း နှစ်ဦးစလုံးမှာ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ၏အရှိန်ဖြင့် အဝေးသို့ လွင့်စင်သွားကြပါသော်လည်း အလျင်အမြန် ပြန်လည်ထိန်းမတ်လိုက်ကြသည်။
ကျောင်းထိုက်ရှင်း၏ အဖြူရောင် ဆံနွယ်များမှာ အနည်းငယ် ရှုပ်ထွေးနေသောပုံစံဖြင့် သူ၏ပုခုံးထက်တွင် ဝေ့ဝဲကျဆင်းနေသည်။ ချူချင်းနှင့် ကျောင်းထိုက်ရှင်းတို့မှာ အကြိမ်ရာချီမျှပင် တိုက်ခိုက်ခဲ့ပြီး ဖြစ်ပါသော်လည်း ယခုအချိန်ထိ အနိုင်အရှုံး မသဲကွဲသေးပဲ လက်ရည်ညီနေသော အနေအထား၌သာ ရှိနေသည်။
"ချူချင်း....မင်းရဲ့ရှေးဟောင်းဟွမ်းဝူချီကျင့်စဉ်က တကယ်တိုးတက်လာတဲ့ပုံပဲ။" ကျောင်းထိုက်ရှင်းမှ ခံစားချက်ကင်းမဲ့နေသော အမူအရာဖြင့် စကားဆိုလိုက်သည်။
"မင်းရဲ့မြင့်မြတ်သောမြေအောက်ကမ္ဘာအရိုးချီကလည်း မဆိုးပါဘူး။" ချူချင်းမှ အသက်မပါစွာ ပြုံးရင်းပြောလိုက်သည်။
ကျောင်းထိုက်ရှင်းမှာ အဝေးတွင်ရှိနေသော တောင်ထွတ်အား လှမ်းမြော်ကြည့်ရှုကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ဒါပေမယ့် ကံမကောင်းချင်တော့ မင်းရဲ့ဂျူနီယာညီတော်လေး ဇူယွမ်က ဘယ်လိုမှ ကျင်းချန်းဇယ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ကျင်းချန်းဇယ်က သူ့ကို ခဏလေးနဲ့ သတ်ပစ်နိုင်မှာပဲ။"
ကျောင်းထိုက်ရှင်းမှာ ချူချင်းစိတ်ပူပန်ကာ အမှားလုပ်မိစေရန် ရည်ရွယ်ချက်ရှိစွာဖြင့် ထိုစကားအား ပြောလိုက်ခြင်း ဖြစ်သည်။
ချူချင်းမှာ တောင်ထွတ်အား ကြည့်ရှုလိုက်ပြီးနောက် တည်ငြိမ်သောအမူအရာဖြင့်ပင် စကားဆိုလိုက်သည်။ "ငါ့ရဲ့ဂျူနီယာညီတော်ဇူယွမ်က ကန်ရွှမ်းကလန်ကို စရောက်လာတဲ့ အချိန်ကစပြီး ကျင်းချန်းဇယ်လောက် သန်မာတဲ့သူမျိုးနဲ့ ရင်မဆိုင်ဘူးသေးတာတော့ အမှန်ပဲ။ ဒါပေမယ့် မင်းသူ့ကို အထင်မသေးသင့်ဘူး။"
"အဲ့လိုလား..." ကျင်းချန်းဇယ်မှ ပြုံးလိုက်သည်။ သူသည် ချူချင်း၏အမြင်အား အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိပေ။ သူ၏အမြင်တွင်မူ ဇူယွမ်သည် စိတ်ဝင်စားရလောက်အောင်ပင် အရည်အချင်းရှိသူ တစ်ဦးမဟုတ်။ "သူသေလောက်အောင် အရိုက်ခံရတဲ့ အချိန်ကြရင် မင်းဒီလိုစကားတွေ ဆက်ပြောနိုင်ဦးမလား ကြည့်ရသေးတာပေါ့။"
.......
ချူချင်းနှင့် ကျောင်းထိုက်ရှင်းတို့၏ ပြင်းထန်သောတိုက်ပွဲနှင့် မတူညီပဲ ယောင်ယောင်နှင့် ကျန်းထိုက်ချင်တို့၏ အခြေအနေမှာမူ အတော်ပင် တိတ်ဆိတ်ငြိမ်သက်နေလျက် ရှိသည်။ သို့သော် ထိုတိတ်ဆိတ်ငြိမ်သက်မှုများနှင့်အတူ အခြေအနေမှာလည်း တင်းမာနေလျက် ရှိ၏။
ယောင်ယောင်မှာ ကျောက်ဆောင်တစ်ခုပေါ်တွင် ရပ်နေလျက်ရှိပြီး သူမ၏မျက်ခုံးအကြားရှိ စိတ်ဝိဉာဉ်စွမ်းအင်မှာ တောက်ပစွာ လင်းလက်နေလျက် ရှိသည်။ ကျန်းထိုက်ချင်၏ လှပသောမျက်နှာလေးမှာမူ အလိုမကျဟန်ဖြင့် ရှုံ့မဲ့နေလေသည်။
ကျန်းထိုက်ချင်သည် ယောင်ယောင်၏ စိတ်ဝိဉာဉ်မီးတောက်ဖြင့် ချုပ်ခံထားရခြင်း ဖြစ်သည်။ ချီစွမ်းအင် အများအပြားအား အသုံးပြုကာ ထိုစိတ်ဝိဉာဉ်မီးတောက်အား ဖယ်ရှာခြင်း မပြုပါက သူမ၏စိတ်ဝိဉာဉ်မှာ နာကျင်မှုများစွာကို ခံစားရလျက် လောင်ကျွမ်းသွားရမည်ပင် ဖြစ်သည်။
ထိုသို့သော စိတ်ဝိဉာဉ်နာကျင်မှုမှာ အလွန်ပင် ဆိုးရွားလွန်းလှပြီး သာမန်လူတစ်ယောက်သာဆိုပါက ထိုနာကျင်မှုအား ခံနိုင်ရည်ပင်ရှိမည်မဟုတ်ပဲ သတ်ဖြတ်ပေးပါရန် တောင်းဆိုနေလိမ့်မည်ပင် ဖြစ်သည်။
"ဒီမိန်းမ တကယ်သေသင့်တယ်..."
ကျန်းထိုက်ချင်မှာ အံကိုတင်းတင်းကြိတ်လျက် အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ယောင်ယောင်အား ကြည့်ရှုလိုက်ပြီးနောက် သွေးနီရောင်ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။
ယောင်ယောင်သည် ချီစွမ်းအင်အရာ၌ အလွန်ပင် အားနည်းလွန်းလှပါသော်လည်း စိတ်ဝိဉာဉ်စွမ်းအင်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင်ပင် အားကောင်းလွန်းလှသည်။ ကျန်းထိုက်ချင် မယုံကြည်နိုင်ရလောက်အောင် အံ့အားသင့်မိသောအချက်မှာ ယောင်ယောင်သည် စိတ်ဝိဉာဉ်မီးတောက်ကိုပင် ပြုလုပ်နိုင်နေခြင်း ဖြစ်သည်။ စိတ်ဝိဉာဉ်မီးတောက်သည် ကျွမ်ရှင်းအဆင့်သို့ ရောက်ရှိသွားသောအခါမှသာ ပြုလုပ်နိုင်ခြင်း ဖြစ်သည်။
ယောင်ယောင်၏ စိတ်ဝိဉာဉ်မီးတောက်မှာ ပြီးပြည့်စုံခြင်း မရှိသေးပါသော်လည်း နတ်ဘုံခန်းဝါအဆင့်ထက်နိမ့်သော မူလစဦးအဆင့် ကျင့်ကြံသူများအတွက် အန္တရာယ်ကြီးစွာ ပေးနိုင်နေဆဲပင် ဖြစ်သည်။
"နင့်ရဲ့အချစ်ကလေးကတော့ မကြာခင် သေရတော့မှာပါ။" ကျန်းထိုက်ချင်မှ အေးစက်စွာ ပြုံးလိုက်သည်။
ကျန်းထိုက်ချင်သည်လည်း ကျောင်းထိုက်ရှင်းကဲ့သို့ပင် ယောင်ယောင်အား ဆုံးဖြတ်ချက်အမှားများ ပြုလုပ်မိစေရန် ရည်ရွယ်ချက်ရှိစွာဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သို့သော် ယောင်ယောင်မှာ ကျန်းထိုက်ချင်အား တစ်ချက်ကလေးမျှပင် စောင်းငဲ့ကြည့်ရှုခြင်း မပြုပေ။ ကျင်းချန်းဇယ်နှင့် တိုက်ခိုက်ရမည်မှာ ဇူယွမ်အတွက် ခက်ခဲသောတိုက်ပွဲတစ်ခု ဖြစ်လိမ့်မည်ဖြစ်ကြောင်း ယောင်ယောင်မှ ကောင်းစွာသိရှိထားပြ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဤနေရာတွင်ရှိနေသော လူများအားလုံးထဲတွင် ဇူယွမ်အား ယုံကြည်ချက်အရှိဆုံးသူမှာလည်း ယောင်ယောင်ပင် ဖြစ်သည်။
"နင်သေမယ့်ကိစ္စကိုပဲ နင်ပိုပြီးဂရုစိုက်နေသင့်တာမလား။" ယောင်ယောင်မှာ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ကျန်းထိုက်ချင်အား ကြည့်ရှုလိုက်ပြီးနောက် စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် ကျောက်တုံးများအား လေထုထဲသို့ ဆွဲငင်လွင့်မျောလိုက်သည်။
ဝုန်း....
ထို့နောက် ကျောက်တုံးများအား လျင်မြန်လှသောအရှိန်ဖြင့် ကျန်းထိုက်ချင်ထံသို့ ပစ်လွှတ်လိုက်လေသည်။ ထိုကျောက်တုံးများအကြားတွင် ဆိတ်ငြိမ်စွာ တောက်လောင်နေလျက်ရှိသော မီးတောက်ငယ်လေးများပါ ပါဝင်နေလျက် ရှိသည်။
..........
တောင်ထွတ်တစ်ခုပေါ်၌
ကျင်းချန်းဇယ်မှာ စိတ်အေးသက်သာရှိနေဟန်ဖြင့် လက်အားပိုက်လျက် ပြိုကျသွားသော တောင်နံရံအားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "မင်းရဲ့ပြင်ပခန္ဓာသန်မာမှုကတော့ တကယ်ကို အံ့သြစရာပဲ။ ဒါပေမယ့် အသုံးမှမဝင်တာ...အဟက်..."
ကျင်းချန်းဇယ်၏အမြင်တွင်မူ မတူညီသော စွမ်းအင်သုံးခုအား တစ်ပြိုင်နက်တည်း ကျင့်ကြံနေခြင်းမှာ အတော်ပင် ရယ်မောစရာကောင်းသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ အကယ်၍ အချိန်များစွာ ပိုလျှံနေပါက ဇူရှောင်ယိုကဲ့သို့ စွမ်းအင်တစ်ခုတည်းကိုသာ အထွတ်အထိပ်သို့ ရောက်သည်အထိ ကျင့်ကြံနေသင့်ပေသည်။
"ကောင်လေး....မင်းပုန်းမနေနဲ့ဦး။ တိုက်ပွဲက အခုမှစမှာ။ အခုမှ မင်းထွက်ပြေးဖို့တော့ တွေးမနေနဲ့တော့။" ကျင်းချန်းဇယ်မှ လှောင်ပြောင်သရော်ဟန်ဖြင့် စကားဆိုလိုက်သည်။
အစောပိုင်းတိုက်ခိုက်မှုတွင် ဇူယွမ်မှာ များစွာထိခိုက်သွားရသည့်အတွက် ဆက်လက်တိုက်ခိုက်နိုင်ပါ့မည်လားပင် မသေချာချေ။
ကျင်းချန်းဇယ်မှာ ထိုသို့တွေးတောလိုက်မိပြီးနောက် သတ်ဖြတ်လိုသောစိတ်များ ပို၍ပေါက်ဖွားလာရသည်။
သို့သော် ပြိုကျနေသော တောင်နံရံများထံမှ မည်သည့်တုန့်ပြန်စကားမှ မကြားရပဲ တိတ်ဆိတ်ငြိမ်သက်နေဆဲသာ ဖြစ်သည်။ ကျင်းချန်းဇယ်မှာ မထီမဲ့မြင်ပြုစွာဖြင့် ပြောလိုက်သည်။ "ငကြောက်ကောင်....အခုတော့ ဘာစကားမှ ပြန်မပြောရဲလောက်အောင် ကြောက်နေပြီလား။"
ဝုန်း....
ကျင်းချန်းဇယ်မှာ အစိမ်းရင့်ရောင် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် ပြိုကျနေသော တောင်နံရံအား ချိန်ရွယ်ပစ်လွှတ်လိုက်သည်။
ဒုန်း....
ပြိုကျနေသော ကျောက်ဆောင်နံရံများမှာ ပြိုကွဲကြေမွကုန်ရ၏။
ထို့နောက် ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ အစိမ်းရင့်ရောင် ချီစွမ်းအင်များအား လက်သီးဖြင့်ထိုးချကာ ဖြိုခွင်းလိုက်သည်။
ကျင်းချန်းဇယ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းလျက် ထွက်ပေါ်လာသော ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုလိုက်သည်။ ဇူယွမ်၏နောက်တွင် ဆန်းကြယ်သောပုံရိပ်ကြီးတစ်ခု ရှိနေပြီး အတောင်ပံများအား ဖြန့်ထုတ်ထားလျက် ရှိသည်။
"ငါမှတ်တာမမှားဘူးဆိုရင် ဒါကကန်ရွှမ်းသိုင်းကျမ်းခုနစ်ခုထဲက ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်မလား။ ဒီကျင့်စဉ်ကို ကျင့်နိုင်တယ်ဆိုတော့ မင်းမှာအရည်အချင်းတော့ ရှိတဲ့ပုံပဲ။"
"ဒီကျင့်စဉ်လောက်နဲ့ မင်းနဲ့ငါ့ကြားမှာရှိတဲ့ စွမ်းအင်ကွာဟမှုကို တားလို့ရမယ်လို့တော့ မထင်နဲ့နော်။" ကျင်းချန်းဇယ်မှ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "အဲ့လိုတွေးနေတယ်ဆိုရင်တော့ မင်းတကယ်ရူးနေလို့ပဲ။"
ဇူယွမ်မှာ နှုတ်ခမ်းထောင့်စွန်းတွင်ရှိနေသော သွေးစများအား ခပ်ကြမ်းကြမ်း ပွတ်ထုတ်လိုက်ပြီးနောက် ကျင်းချန်းဇယ်အားကြည့်ကာ ပြောလိုက်သည်။ "ကျင်းချန်းဇယ် ဒီလောက်နဲ့ ဘဝင်လည်း မြင့်မနေနဲ့ဦး။"
ဇူယွမ်မှာ မြေပြင်ပေါ်သို့ ဆင်းသင်လာပြီးနောက် မြေကြီးအား လက်ဖြင့်ညင်သာစွာ ထိလိုက်သည်။
ဇူယွမ်၏ လက်ဝါးထက်တွင်ရှိနေသော မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးမှာ ပြင်းထန်စွာ တုန်ခါလာလေသည်။
အစစ်အမှန် တိုက်ပွဲတစ်ခု စတင်တော့မည်ပင် ဖြစ်ပေတော့သတည်း.....