← Chapters

အလှည့်အပြောင်း

Vol. 47 Ch. 650

အလှည့်အပြောင်း

Vol. 47 Ch. 650

ဝုန်း....

ဇူယွမ်၏လက်မှာ မြေပြင်နှင့် ထိတွေ့သွားသည်နှင့်တစ်ပြိုင်နက် တောင်ထွတ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာရသည်။ မြေပြင်အောက်မှ စွမ်းအင်လှိုင်းများမှာလည်း မြွေနဂါးများအလား စုဝေးလျက် ဇူယွမ်၏ လက်ဖဝါးမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းဝင်ရောက်လာသည်။

ဇူယွမ်၏ ခန္ဓာကိုယ်ထက်မှ အဝါရင့်ရောင် အရှိန်အဝါများ အနည်းငယ် လင်းလက်လာသည်။ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော ချီစွမ်းအင်များမှာလည်း ရုတ်ချည်းဆိုသလို မြင့်တက်လာ၏။

မြေဓာတ်စွမ်းအင်များမှာ အလွန်ပင် ဆန်းကြယ်လွန်းလှပြီး ရုတ်ရင်းကြမ်းတမ်းသော သဘောတရားရှိသဖြင့် သာမန်လူများအနေဖြင့် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။ ဇူယွမ်မှာ ပြင်ပခန္ဓာသန်မာမှုအား ကျင့်ကြံထားသောကြောင့်သာ မြေဓာတ်စွမ်းအင်များကို စုပ်ယူနိုင်ခြင်း ဖြစ်သည်။

ထိုသည်ပင်လျှင် ​မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးအား အသုံးပြုသည့် အချိန်တိုင်းတွင် အသွေးအသားများ နာကျင်နေရမြဲပင် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဇူယွမ်ထံ၌ အသက်စွမ်းအင်အား ဖြည့်တင်းပေးနိုင်သော ထိုက်ရိသစ်စိမ်းပင်အမှတ်အသား ရှိနေခြင်းကြောင့်သာ အတော်ခံသာနေခြင်း ဖြစ်သည်။ ထိုသို့သာမဟုတ်ပါက မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံး အသုံးပြုပြီးသည့် အချိန်တိုင်းတွင် ဇူယွမ်၏ ခန္ဓာကိုယ်မှာ ဆုတ်ပြဲဒဏ်ရာပေါင်းများစွာ ကျန်ရစ်နေရပေလိမ့်မည်။

ဇူယွမ်၏ခန္ဓာကိုယ်ထက်၌ ဆန်းကြယ်သော အဝါရင့်ရောင် အရှိန်အဝါများ တောက်ပနေလျက် ရှိသည်။ ထိုအရှိန်အဝါများထံမှ ရှေးဟောင်းအမှတ်အသားများအား မြင်တွေ့နေရသကဲ့သို့ ဖြစ်တည်နေလေသည်။

ဇူယွမ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် စွမ်းအင်ဖိအားများကြောင့် အနီးတွင်ရှိနေသော ကျောက်ဖျာချပ်များမှာ ခံနိုင်ရည်မရှိတော့ပဲ ပြိုကျပျက်စီးသွားရသည်။

"ဟူး...."

ဇူယွမ်မှာ ခန္ဓာကိုယ်အတွင်း ပြင်းထန်စွာ စီးဆင်းနေသော စွမ်းအင်များအားခံစားလျက် အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်သည်။ ယခုဆိုလျှင် သူသည် ကျင်းချန်းဇယ်အား တိုက်ခိုက်ရန် ​ပို၍ယုံကြည်မှုရှိလာပြီ ဖြစ်သည်။

အစောပိုင်း၌ ကျင်းချန်းဇယ်၏ စွမ်းအင်အား စမ်းသပ်လိုသောကြောင့်သာ ချီစွမ်းအင်ချင်းယှဉ်၍ ခုခံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကျင်းချန်းဇယ်မှာလည်း ဇူယွမ်၏ ရုတ်ချည်းဆိုသလို မြင့်တက်လာသော စွမ်းအင်များအား ခံစားလိုက်မိသဖြင့် မျက်ဝန်းများ အေးခဲသွားရသည်။

ယခုလက်ရှိ ဇူယွမ်ထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများမှာ ကျင်းချန်းဇယ်ကိုပင် အန္တရာယ် အငွေ့အသက် ပေးနိုင်ပေသည်။

အစောပိုင်း၌ စွမ်းအင်သုံးခုလုံး အသုံးပြုကာ တိုက်ခိုက်ခဲ့သော အချိန်၌ပင် ဇူယွမ်ထံမှ အန္တရာယ် အငွေ့အသက်အား ခံစားရခြင်း မရှိခဲ့ပေ။

ဇူယွမ်သည် အမျိုးအမည်မသိသော နည်းလမ်းတစ်ခုခုအား အသုံးပြုကာ ၎င်း၏စွမ်းအင်များအား မြှင့်တင်လိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။

"ဒီကောင့်ဆီမှာ လျှို့ဝှက်ချက်တွေ ရှိနေသေးတာလား။" ကျင်းချန်းဇယ်၏ အမူအရာမှာ အေးစက်ခက်ထန်နေလျက် ရှိသည်။

သတ်ဖြတ်လိုသော အငွေ့အသက်များမှာ ကျင်းချန်းဇယ်၏ မျက်ဝန်းများအတွင်း ပိုမိုပြည့်နှက်လာလျက် ရှိသည်။ သူသည် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် အဆိပ်ချီများအဖြစ် ပြောင်းလဲကာ ဇူယွမ်ထံသို့ ချိန်ရွယ်ပစ်လွှတ်လိုက်သည်။

ကျင်းချန်းဇယ်မှာ ဇူယွမ်အား ဆော့ကစားစရာ ကြွက်တစ်ကောင်ဟု မမြင်မှတ်တော့ပဲ လေးနက်စွာ တိုက်ခိုက်လာပြီပင် ဖြစ်သည်။ ယခုလက်ရှိ ဇူယွမ်သည် သတိထားကာ တိုက်ခိုက်သင့်သည့် အနေအထားသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ထို့ကြောင့် ကျင်းချန်းဇယ်မှာ အခြေအနေများ ပိုမိုဆိုးရွားမလာခင် ဇူယွမ်အား သတ်ဖြတ်ပစ်ရန်  ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဇူယွမ်မှာ အစိမ်းရင့်ရောင် အဆိပ်ချီများအား ကြည့်ရှုလိုက်ပြီးနောက် တည်ငြိမ်သောအမူအရာဖြင့် စကားဆိုလိုက်သည်။ "မင်းကတော်တော် စိတ်မရှည်တာပဲ။"

ကျင်းချန်းဇယ်၏တိုက်ခိုက်မှုများမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေကြောင်း ဇူယွမ်မှ ခန့်မှန်းမိလေသည်။

ကျင်းချန်းဇယ်မှာ ဇူယွမ်၏စကားအား အလေးပင်မထားဟန်ဖြင့် လှောင်ပြောင်သရော်လိုက်သည်။ သို့သော် မည်သည့်စကားမှ တုံ့ပြန်ပြောဆိုခြင်း မပြုချေ။

ဇူယွမ်မှာ အနည်းငယ်မျှပင် မတုန်လှုပ်ပဲ တည်ငြိမ်စွာရှိနေဆဲ ဖြစ်သည်။ ကျင်းချန်းဇယ်၏ တိုက်ခိုက်မှုမှာ အလွန်ပင် ပြင်းထန်လွန်းလှပါသော်လည်း ယခုအနေအထားသည် ၎င်းတို့နှစ်ဦးကြား အလွန်ကွာခြားနေသော အ​ခြေအနေမဟုတ်ပေ။

ဇူယွမ်မှာ ရွှေရောင်ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် ခန္ဓာကိုယ်အား ရစ်ပတ်လွှမ်းခြုံစေလိုက်သည်။

ဝှစ်....

အဆိပ်ချီများမှာ ရွှေရောင်ချီစွမ်းအင် အကာအရံအား တိုးဝင်လာကြသည်။ ကမ္ဘာမြေပြင် တုန်ဟီးမတက် ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာကာ မြေပြင်မှာလည်း အပေါက်ပေါင်း ထောင်သောင်းမက ဖြစ်ပေါ်သွားရသည်။

သို့သော် မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် ဇူယွမ်အား ကာကွယ်ပေးထားသော ရွှေရောင်ချီစွမ်းအင်များမှာ အနည်းငယ်မျှပင် အားနည်းသွားခြင်းမရှိပဲ အဆိပ်ချီများအား ကြံ့ကြံ့ခံရင်ဆိုင်နေခြင်းပင် ဖြစ်သည်။

ဤသို့​​​ဖြင့် အဆိပ်ချီများအားလုံး ရွှေရောင်ချီစွမ်းအင်အား တိုးဖောက်နိုင်ခြင်းမရှိပဲ ပျက်စီးသွားရလေသည်။

ဇူယွမ်မှာ အနည်းငယ်မျှပင် ရွေ့လျားခြင်းမရှိသည့်အပြင် တည်ငြိမ်သောအမူအရာဖြင့်သာ ရှိနေဆဲဖြစ်သည်။

"ဟာ..."

စောင့်ကြည့်နေသော တောင်တန်းအပြင်ဖက်မှ အံ့အားသင့်သော အာမေဋိတ်သံများ အစီအရီ ထွက်ပေါ်လာကြသည်။

လူတိုင်း၏ မျက်ဝန်းများမှာ အံ့အားသင့်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေရသည်။ တိုက်ပွဲစတင်သည့် အချိန်မှစ၍ ဇူယွမ်အနေဖြင့် ကျင်းချန်းဇယ်၏ တိုက်ခိုက်မှုအား အပြည့်အဝ ခုခံနိုင်သည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

"ဇူယွမ်က ဘယ်လိုလုပ် ရုတ်တရက်ကြီး အစွမ်းတွေ တက်လာရတာလဲ။"

"ချီကြယ်ပွင့် သုံးသောင်းကိုးထောင်ထဲနဲ့ ဘယ်လိုလုပ် အဲ့လိုလုပ်နိုင်ရတာလဲ။"

"ဒီကောင်လေးက တကယ်ထူးဆန်းတာပဲ။"

"ကျင်းချန်းဇယ်ကို သူတိုက်ရဲတာ မထူးဆန်းတော့ပါဘူး။ သူ့မှာ ဝှက်ဖဲတွေ အများကြီးရှိနေတဲ့ပုံပဲ။"

"......."

တောင်ထွတ်ပေါ်တွင် ရှိနေသော ကျင်းချန်းဇယ်မှာ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုနေသည်။ ဇူယွမ်မှ တိုက်ခိုက်မှုအား အပြည့်အဝ ခုခံနိုင်ခဲ့ခြင်းမှာ သူ၏အရှက်အား ခွဲလိုက်ခြင်းပင် ဖြစ်သည်။

ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်ပြီးနောက် ကျင်းချန်းဇယ်အားကြည့်ကာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "မင်းချည်းပဲ တိုက်နေတာဆိုတော့ အခုငါ့အလှည့် ရောက်ပြီမလား။"

ဝုန်း....

ဇူယွမ်၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်နေလျက် ရှိသည်။ သူ၏အနောက်တွင်ရှိနေသော သူတော်စင်စိတ်ဝိဉာဉ်ပုံရိပ်မှာလည်း အတောင်ပံအား ဖြန့်ကျက်လိုက်သည်။

ဝှစ်....

ဇူယွမ်၏ပုံရိပ်မှာ ထိုနေရာမှ ရုတ်ချည်းဆိုသလို ပျောက်ဆုံးသွား၏။

ကျင်းချန်းဇယ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။ ဇူယွမ်၏ လှုပ်ရှားမှုမှာ အလွန်ပင် လျင်မြန်လွန်းလှသည်။

ထို့နောက် ဇူယွမ်၏ပုံရိပ်မှာ ကျင်းချန်းဇယ်၏ရှေ့တွင် တစ္ဆေတစ်ကောင်အလား ပေါ်ထွက်လာပြီးနောက် လက်သီးဖြင့် ထိုးချလိုက်သည်။

ဝုန်း...

ထိုးနှက်ချက်မှာ အလွန်ပင် ပြင်းထန်လွန်းလှပြီး လေထုများပင် ပေါက်ကွဲကုန်ရသည်။

ကျင်းချန်းဇယ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီးနောက် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် လက်ဝါးတစ်ဖက်အား ထုတ်လိုက်သည်။

ဘန်း....

လက်သီးနှင့် လက်ဝါးတို့ တွေ့ဆုံသွားကြပြီးနောက် ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာသည်။

ဇူယွမ်နှင့် ကျင်းချန်းဇယ် နှစ်ယောက်လုံးလည်း တုန်လှုပ်သွားကြရသည်။

ဇူယွမ်မှာ ခန္ဓာကိုယ်အား ပြန်လည်တည်ငြိမ်စေလိုက်ပြီးနောက် ကျင်းချန်းဇယ်အားချိန်ရွယ်ကာ ထပ်မံထိုးချလိုက်သည်။

ကျင်းချန်းဇယ်၏ အမူအရာမှာ ခက်ထန်သွားရပါသော်လည်း အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိပဲ ဇူယွမ်၏တိုက်ခိုက်မှုအား ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။

ဝုန်း...

ပုံရိပ်နှစ်ခု လေထုထဲတွင် တွေ့ဆုံသွားကြပြီးနောက် လေထုများပင် ပေါက်ကွဲကုန်ရကာ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များလည်း ထွက်ပေါ်လာသည်။

အသက်ရှူချိန် အနည်းငယ်မျှသော အချိန်အတွင်းမှာပင် ဇူယွမ်နှင့် ကျင်းချန်းဇယ်တို့မှာ အချီပေါင်းရာနှင့်ချီ၍ တိုက်ခိုက်ပြီးကြပြီ ဖြစ်သည်။

ဝုန်း....

ဇူယွမ်နှင့် ကျင်းချန်းဇယ်တို့ လေထုအတွင်း ထပ်မံတွေ့ဆုံသွားကြပြီးနောက် ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာ ကောင်းကင်တစ်ခွင်လုံးအား လွှမ်းခြုံသွားလေသည်။

ဇူယွမ်နှင့် ကျင်းချန်းဇယ် နှစ်ဦးစလုံးမှာ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များကြောင့် အနောက်သို့ လွင့်စင်သွားရသည်။

ဇူယွမ်မှာ ပေတစ်ရာမျှ လွင့်စင်သွားရပြီးနောက် မြေပြင်သို့ ဆင်းသက်လိုက်နိုင်သည်။ တစ်ဖက်တွင်မူ ကျင်းချန်းဇယ်မှာ ပေတစ်ရာ့သုံးဆယ်ကျော်မျှ လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်နိုင်သော်လည်း ပေတစ်ရာကျော်မျှအထိ ထပ်မံနောက်ဆုတ်သွားရသည်။

ကျင်းချန်းဇယ်မှာ ခန္ဓာကိုယ်အား ပြန်လည်တည်ငြိမ်စေလိုက်နိုင်ပါသော်လည်း အလွန်ပင် ရှက်ရွံ့သွားရသည်။

တောင်တန်းအပြင်ဖက်မှ စောင့်ကြည့်နေသော သူများမှာလည်း အလွန်ပင် အံ့အားသင့်နေကြရသည်။ လူတိုင်းမှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုနေမိကြသည်။

တိုက်ပွဲစသည့် အချိန်မှစ၍ ဇူယွမ်မှ ကျင်းချန်းဇယ်အား အသာစီးရခဲ့ခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

တိုက်ပွဲအခြေအနေမှာ မည်သူမှ မယုံကြည်နိုင်လောက်အောင်ပင် စတင်၍ အလှည့်အပြောင်းများ ဖြစ်ပေါ်လာပြီပင် ဖြစ်လေတော့သတည်း....

All Chapters