အခန်း (၁၆၅၂)
Vol. 118 Ch. 1652
ယုရှောက်တန်သည် တစ်စုံတစ်ယောက်က ထိုမျှရဲတင်းလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးပေ။
“ သူက ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး နတ်ဘုရားကို တိုက်ခိုက်ရဲတဲ့အပြင် နတ်ဘုရားရဲ့ တည်နေရာဆီ သွားရောက်ပြီး လူချင်း ထိပ်တိုက် ရင်ဆိုင်ရဲတယ် ”
နတ်ဘုရားအဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်ကို ပျိုးထောင်ပေးနိုင်သည့် ဘုံသည် သေချာပေါက် အလွန်အားကောင်းလိမ့်မည်။
ထိုသို့ဘုံတစ်ခု၏ တည်နေရာကို ရယူခြင်းက ဘုံများကြား နယ်မြေကျူးကျော်ခြင်းစစ်ပွဲတစ်ပွဲ စတင်ခြင်းနှင့် ဆင်တူသည်။
ဘုံတစ်ခုကို ကျူးကျော်သိမ်းပိုက်ခြင်းသည် မဟာပန်သွန်ဘုံအတွက်တော့ အဆုံးမဲ့သော ကြွယ်ဝမှုနှင့် အကန့်အသတ်မဲ့သော အရင်းအမြစ်များကို ရည်ရွယ်သည်။
ဟန်မူယဲ့က နန်းအန်နတ်သခင်တစ်ယောက်တည်းကို စိန်ခေါ်နေခြင်း မဟုတ်ပေ။ သူက ဘုံတစ်ခုလုံးကို စိန်ခေါ်နေခြင်း ဖြစ်သည်။
“ သူက တကယ့်ဓားရူးပဲ… ”
ကျင်းဟုန်က နှုတ်ခမ်းသပ်လိုက်သည်။ စိတ်လှုပ်ရှားသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
မည်သူက ထိုသို့မရူးသွပ်ချင်ဘဲ နေမည်နည်း။
အမှန်တကယ် သတ္တိရှိသော ဟန်မူယဲ့ကဲ့သို့ ပုဂ္ဂိုလ်များသာလျှင် ထိုသို့လုပ်ဆောင်ဝံ့လိမ့်မည်။
…..
လောကတစ်ခုထဲဝယ်… ။
တောင်တန်းများက မိုင်ပေါင်းသန်းနှင့်ချီ ဆန့်တန်းတည်ရှိနေကြသည်။ မြစ်ချောင်းများက အဆုံးမဲ့စွာ စီးဆင်းနေကြသည်။
အကန့်အသတ်မဲ့သော အင်မော်တယ်ဝိညာဉ်ချီက လေထဲမှာ ပြည့်နှက်နေစဉ် အစွမ်းထက်သော စွမ်းအားများက မိုးမြေကြားထဲမှာ လှည့်ပတ်နေကြသည်။
မိုင်တစ်ထောင်ရှည်လျားသော ရွှေရောင်ခန်းမထဲ၌ ထွန်းလင်းတောက်ပသော ပုံရိပ်တစ်ခုက ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။
“ နန်းအန်နတ်သခင် ”
“ ဘယ်လိုအရာက နန်းအန်နတ်သခင်ကို နတ်ဘုရားရုံးတော်ထဲကနေ ထွက်သွားအောင် ဖိအားပေးနိုင်တာလဲ ”
နတ်ဘုရားစိတ်အာရုံများက စူးစမ်းလိုသော စိတ်ဆန္ဒဖြင့် အဝေးမှ ချဉ်းကပ်လာကြသည်။
သို့သော်လည်း ၎င်းတို့က ရွှေရောင်ခန်းမနားသို့ ရောက်သွားသည်နှင့်ချက်ချင်း ပြင်းထန်စွာ တုန်ယင်သွားကြသည်။ ၎င်းတို့က ထွက်ပြေးရန် အမြန်ကြိုးစားလိုက်ကြသည်။
“ ဓားအလင်းလား ”
“ ဓားအလင်းက ဘယ်လောက်အားကောင်းလို့ ဟင်းလင်းပြင်နဲ့ လေဟာနယ်ကိုတောင် ဖြတ်တောက်နိုင်ရတာလဲ ”
“ နန်းအန်နတ်သခင်က ဘယ်သူ့ကို ရန်ပြုမိတာလဲ ”
တိုးညင်းသော အာမေဋိတ်သံများက ထွက်ပေါ်လာသည်။ ထို့နောက် ဝိညာဉ်တချို့က ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။
သို့သော်လည်း နတ်ဘုရားရုံးတော်ထဲမှ ပေါ်လျှိုးလာသော ဓားအလင်းက အလွန်ထွန်းလင်းတောက်ပလေရာ အချင်းမိုင်တစ်သောင်းဧရိယာကို မျက်စိတစ်မှိတ်အတွင်း ဖြန့်ကြက်သွားသည်။
“ ဗုန်း ”
နတ်ဘုရားရုံးတော်က အလယ်မှ နှစ်ခြမ်းကွဲထွက်သွားပြီး အချင်းမိုင်တစ်သောင်းဧရိယာက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားသည်။
စူးစမ်းလိုသောစိတ်ဖြင့် အစောနက ရောက်လာခဲ့ကြသော နတ်ဘုရားစိတ်အာရုံများသည်လည်း ဓားအလင်းဖြင့် သက်ရောက်ခံလိုက်ကြရသည်။
“ ရိုင်းစိုင်းလှချည်လား… မင်းက ငါ့ရဲ့ ဝိညာဉ်ကို ဒဏ်ရာရအောင် လုပ်ရဲတယ် ”
“ ဘယ်ကောင်က အဲ့လောက် အတင့်ရဲလို့ နတ်ဘုရားသခင်(၁၂)ပါးကို စိန်ခေါ်ရဲတာလဲ ”
နတ်ဘုရားအဆင့် ပညာရှင်များက ဒေါသတကြီး ဟိန်းအော်လိုက်ကြလေရာ မိုးမြေကြားမှ မူလစွမ်းအားက ပရမ်းပတာ လှုပ်ခတ်သွားသည်။
နောက်အခိုက်အတန့်မှာ နတ်ဘုရားအလင်းထောင့်တိုင်(၁၂)ခုက ပြိုကွဲပျက်စီးသွားသော နတ်ဘုရားရုံးတော်ထဲမှ ထွက်ပေါ်လာကြသည်။
“ ဝီး ”
နတ်ဘုရားရုံးတော်ထဲတွင် နတ်ဘုရားအလင်းတစ်ခုက ပေါက်ကွဲသွားပြီး အနီရောင်ရဲရဲတောက်သော ဓားအလင်းအဖြစ် ပြောင်းလဲသွားသည်။ ဓားအလင်းက ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး ပျောက်ကွယ်သွားသည်။
ဓားအလင်းက အဝေး၌ အသည်းအသန် ထွက်ပြေးနေသော နန်းအန်နတ်သခင်နောက်သို့ လိုက်ဖမ်းသည်။ ဓားအလင်းက လေထဲမှာ ပျံသန်းနေစဉ် အဆုံးမဲ့သော မီးတောက်များအဖြစ် အသွင်ပြောင်းလဲသွားပြီး နန်းအန်နတ်သခင်ကို ဖုံးလွှမ်းလိုက်သည်။
“ အတင့်ရဲလိုက်တာ ”
နန်းအန်နတ်သခင်က တိုးညင်းစွာ အော်ပြောလိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ပေပေါင်းဘီလီယံနှင့်ချီ မြင့်သော မိုးမခသစ်ပင်အဖြစ် အသွင်ပြောင်းလဲသွားသည်။
စိမ်းစိုသော သစ်ပင်အကိုင်းအခတ်များက လေထဲမှာ ဝှေ့ယမ်းသွားကြပြီး မီးတောက်များကို ဖယ်ရှားလိုက်သည်။
“ ပုရွက်ဆိတ်ကများ… ငါ့ရဲ့ ကျောက်စိမ်းမိုးမခဘုံကို ကျူးကျော်လာရဲတယ် ”
မိုးမခသစ်ပင်က ကျယ်လောင်စွာ ဟိန်းအော်လိုက်သည်။ ဧရာမသစ်ပင်က လှုပ်ယမ်းသွားသည့်အခါ မိုင်ပေါင်းဘီလီယံနှင့်ချီ ရှည်လျားသော တောင်တန်းများနှင့် မြစ်ချောင်းများက တုန်ခါသွားကြသည်။ ကျောက်စိမ်းမိုးမခဘုံထဲမှ သစ်သားစွမ်းအားက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။
ယင်းက နတ်ဘုရားအဆင့် စွမ်းအား ဖြစ်သည်။
နတ်ဘုရားအဆင့်တွင် တစ်စုံတစ်ယောက်က ဘုံတစ်ခု၏ မူလစွမ်းအားနှင့် ပေါင်းစည်းနိုင်သည်။
နန်းအန်နတ်သခင်သည် အမှန်တကယ်ပင် သစ်သားဒြပ်စင် နတ်ဘုရားတစ်ပါး ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူထိန်းချုပ်ထားသော သစ်သားနတ်ဘုရားစွမ်းအားက မိုးမခသစ်ပင်၏ အကိုင်းအခတ်များပေါ်သို့ စီးဆင်းသွားသည်။
မိုးမခ၏ အကိုင်းအခတ်များက လေထဲမှာ ဝှေ့ယမ်းသွားသည့်အခါ မီးတောက်မီးလျှံများက စုဝေးသွားပြီး လွင့်ပြယ်သွားသည်။ ထိုအကြောင်းကြောင့် နန်းအန်နတ်သခင်က မီးတောက်နတ်ဘုရားစွမ်းအားနှင့် ရေခဲပင်လယ်ကို ဖွဲ့စည်းနိုင်ခြင်း ဖြစ်သည်။
ယင်းတို့က ၎င်း၏ သစ်သားဒြပ်စင် မူလစွမ်းအားမှ ဆင့်ကဲပြောင်းလဲသွားသောအရာများ ဖြစ်ကြသည်။
ဟန်မူယဲ့က နန်းအန်နတ်သခင်၏ စွမ်းအားအနှစ်သာရကို ထွင်းဖောက်မြင်နိုင်ခဲ့သည်။ ထို့ကြောင့် သူက ဓားတစ်ချက်ဖြင့် နန်းအန်နတ်သခင်၏ ဝိညာဉ်အမျှင်တန်းကို ဖျက်ဆီးနိုင်ခဲ့ပြီး ၎င်း၏ တည်နေရာဖြစ်သော ကျောက်စိမ်းမိုးမခဘုံဆီသို့ တိုက်ရိုက် ဆင်းသက်လာခဲ့သည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့က နန်းအန်နတ်သခင်၏ ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ဝါးမျိုလိုက်ပြီး သူ၏ တိုက်ပွဲစွမ်းအားကို ရန်သူနှင့် ထိပ်တိုက် ရင်ဆိုင်နိုင်သည်အထိ တစ်ဟုန်ထိုး တိုးမြှင့်လိုက်သည်။
မီးတောက်မီးလျှံများက မိုးမခအကိုင်းအခတ်များကြောင့် လွင့်ပြယ်သွားသည့်အခါ သူ၏ ပုံရိပ်က ရပ်တန့်သွားသည်။ သူ၏ ဓားက အရှေ့သို့ ဝှေ့ယမ်းသွားသည့်အခါ လေဟာနယ်အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။
“ သူ့ကို တားဆီးကြ ”
အော်သံက ထွက်ပေါ်လာသည်။
“ ဒီလူက ဆန့်ကျင်ဘက်ဘုံကို ဒီနေရာနဲ့ ချိတ်ဆက်ဖို့ ကြိုးစားနေတာ… သူ့ကို အသက်ရှင်ခွင့်ပေးလို့ မဖြစ်ဘူး ”
နတ်ဘုရားအဆင့် ရွှေရောင်မျောက်ဝံတစ်ကောင်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး ကောင်းကင်ပေါ်မှ ခုန်ဆင်းလာသည်။
“ နန်းအန်… မင်း ဘယ်ဘုံက ရန်သူကို ငါတို့ဆီ ခေါ်လာတာလဲ ”
အစိမ်းရောင်တာအိုဝတ်စုံ ဝတ်ဆင်ထားသော မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က လေထဲမှာ ထွက်ပေါ်လာပြီး မိုးမခသစ်ပင်၏ အရှေ့မှာ ရပ်လိုက်ကာ လေးနက်စွာ ပြောသည်။
ဟန်မူယဲ့ ဖန်တီးလိုက်သော လေဟာနယ်အက်ကွဲကြောင်း၏ အရှေ့တွင် နတ်ဘုရားသခင်များက ထွက်ပေါ်လာကြသည်။
၎င်းတို့ထံမှ နတ်ဘုရားစွမ်းအားက ပျက်စီးလုနီးပါးဖြစ်နေသော မိုးမြေကို ပြန်ကောင်းမွန်သွားစေသည်။
ထို့ပြင် အဝေး၌ ကျောက်စိမ်းမိုးမခဘုံ၏ မူလစွမ်းအားက ဆင်းသက်လာပြီး မိုင်ပေါင်းဘီလီယံနှင့်ချီသော တောင်တန်းများနှင့် မြစ်ချောင်းများကို ဖုံးလွှမ်းလိုက်သည်။
ဟန်မူယဲ့၏ ဝိညာဉ်က နေရာမှာ မတ်တတ်ရပ်နေသည်။ စူးရှတောက်ပသော နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူက ဤနေရာသို့ ဆင်းသက်လာမှတော့ ပြန်ထွက်သွားရန် ဆန္ဒမရှိပေ။
ယင်းက သူ၏ ဝိညာဉ်အမျှင်တန်းတစ်ခုသာ ဖြစ်သည်။ အကယ်၍ ထိုဝိညာဉ်အမျှင်တန်း ပျက်စီးသွားမည်ဆိုလျှင်ပင် သူ့အပေါ် သက်ရောက်မှုကြီးကြီးမားမား မဖြစ်နိုင်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ဤတိုက်ပွဲက နတ်ဘုရားအဆင့်နှင့်ပတ်သက်သော သူ၏ ဆင်ခြင်နားလည်မှုကို တိုးမြှင့်ပေးနိုင်သည်။ ယင်းက သူ၏ အနာဂတ်ကျင့်ကြံခြင်းအပေါ် ကြီးမားသော အထောက်အကူများ ပေးလိမ့်မည်။
“ နတ်ဘုရားအဆင့် ”
“ စိတ်ဝင်စားဖို့ကောင်းသားပဲ ”
သူက တီးတိုးရေရွတ်လိုက်ပြီး သူ၏ လက်ထဲမှ ဓားရှည်ကို ကိုင်မြှောက်လိုက်သည်။
ဓားသွားပေါ်တွင် ဝိညာဉ်အလင်းတန်းက စတင်ပေါ်လျှိုးလာသည်။
ဓားကို အရှေ့ထုတ်လိုက်သည်နှင့် မရေမတွက်နိုင်သော အလင်းစီးကြောင်းများက ဟန်မူယဲ့၏ အနောက်မှာ ထွက်ပေါ်လာကြသည်။
သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လေရာ ဘီလီယံနှင့်ချီသော ဓားအလင်းများက ကောင်းကင်ယံ၌ ကြယ်တာရာမြေပုံအဖြစ် ပြောင်းလဲသွားသည်။
သူက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်လေရာ ဓားအလင်းအားလုံးက သူ၏ လက်ထဲမှ ဓားရှည်ပေါ်မှာ စုဝေးသွားသည်။
“ ငါ့မှာ ဓားရှိတယ် ”
သူက အော်ပြောလိုက်သည်။
“ ဓားတစ်သောင်းတို့ အိမ်အပြန်… ”
“ ဒီနေ့အထိ ငါကျင့်ကြံပြီးတဲ့နောက်မှာ တစ်စုံတစ်ခုကို ဉာဏ်အလင်းရသွားခဲ့တယ်… ဒီလောကရဲ့ လမ်းစဉ်အားလုံးက နောက်ဆုံးကျရင် မဟာတာအိုရဲ့ ဇစ်မြစ်ထဲ ပေါင်းစည်းသွားကြလိမ့်မယ် ”
“ ငါ့ရဲ့ မူလဇစ်မြစ်က ဓားတာအိုဖြစ်တယ် ”
“ ဓားတာအိုရဲ့ အနှစ်သာရက ပြိုင်ဘက်ကင်းထက်ရှမှု… ”
သူက တိုးညင်းစွာ ရေရွတ်လိုက်ပြီး အရှေ့သို့ ဓားထိုးသွင်းလိုက်သည်။
ဓားဖျား၏ အရှေ့တွင် အသင်္ချေဓားအလင်းတန်းများက တောင်တန်းများနှင့် မြစ်ချောင်းများအဖြစ် ဖွဲ့စည်းသွားကြသည်။
ဓားဖျား၏ အရှေ့တွင် ဘီလီယံနှင့်ချီသော ဓားအလင်းတန်းများက မရေမတွက်နိုင်သော ကြယ်များနှင့် ကုန်းမြေများအဖြစ် ဖွဲ့စည်းသွားကြသည်။
လမ်းစဉ်အားလုံးက တစ်ခုတည်း ပေါင်းစည်းသွားခြင်း… ။
ဓားလမ်းစဉ်က လမ်းစဉ်အားလုံး၏ ဇစ်မြစ်ဖြစ်လာခြင်း… ။
အမှန်မှာ ဟန်မူယဲ့၏ လက်ရှိခွန်အားက ထိုဓားကို အသုံးပြုရန် မလုံလောက်သေးပေ။
သို့သော်လည်း သူ့အတွက်တော့ ယင်းက အရေးမကြီးပေ။ အကယ်၍ သူ့လက်ထဲမှ ဓားက ကျိုးပျက်သွားမည်ဆိုလျှင်ပင် အကယ်၍ သူ၏ ဝိညာဉ်အမျှင်တန်းက ပျက်စီးသွားမည်ဆိုလျှင်ပင် အရေးမကြီးပေ။
အဘယ့်ကြောင့်ဆိုသော် သူက ဤဝိညာဉ်အမျှင်တန်းကို စွန့်လွှတ်ရန် အစကတည်းက စဉ်းစားထားပြီးသား ဖြစ်သည်။
“ ရွှီး ”
ရှည်လျားသော ဓားက အောက်သို့ ခုတ်ပိုင်းလိုက်သည်။ မိုးမြေက အက်ကွဲသွားသည်။ နတ်ဘုရားသခင်(၁၂)ပါးရှိနေသော နေရာက ချက်ချင်း ဖိနှိပ်ခံလိုက်ရသည်။
ယင်းက “ ဓားတစ်သောင်းတို့ အိမ်အပြန် ”၏ အနှစ်သာရဖြစ်သည်။
လောက၏ မဟာတာအိုက ထိုဓားချက်ထဲမှာ စုဝေးသွားသည်။
ယင်းက ဤလောက၏ အန္တိမဓားတာအို ဖြစ်သည်။
ထိုဓားချက်ကို ထုတ်လွှတ်ပြီးနောက် ဟန်မူယဲ့က စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။
ထိုဓားက ဖော်ပြနေသည်မှာ နတ်ဘုရားအဆင့် ဓားစွမ်းအားတစ်ခုတည်း မဟုတ်ပေ။ ယင်းက ဓားတာအို၏ ပန်းတိုင်လည်း ဖြစ်သည်။
ထိုဓားက သူ့အား သူ့ကိုယ်ပိုင် အနာဂတ်ဓားတာအိုလမ်းစဉ်ကို ရှင်းလင်းစွာ မြင်နိုင်စေသည်။
သူက နတ်ဘုရားအဆင့်သို့ ဝင်ရောက်ရန် ထိုဓားကို အသုံးပြုနိုင်သည်။
အမှန်မှာ ထိုဓားက သူ့အား နတ်ဘုရားအဆင့်ထက် ပိုပြီးမြင့်သော နောက်တစ်ဆင့်သို့ ဝင်ရောက်နိုင်စေရန် လုံလောက်သည်။
“ ဓားနဲ့ နတ်ဘုရားအဆင့်ကို ဝင်ရောက်တယ် ”
“ အဲ့ဒါက နတ်ဘုရားအဆင့်စွမ်းအား မဟုတ်ဘူး… အဲ့ဒါက နတ်ဘုရားအဆင့်ရဲ့ အထက်အဆင့်… ”
“ သူ့ကို အသက်ရှင်ခွင့်ပေးလို့ မဖြစ်ဘူး… သူက ငါတို့ဘုံရဲ့ စွမ်းအားကို အသုံးပြုပြီး တာအိုကို ဆင်ခြင်သုံးသပ်နေတာ… ”
အာမေဋိတ်သံများက ထွက်ပေါ်လာသည်။ ထို့နောက် နတ်ဘုရားသခင်(၁၂)ပါးက အရှေ့သို့ တစ်ပြိုင်နက် ပျံသန်းသွားကြသည်။
ဟန်မူယဲ့က စိတ်ကျေနပ်စွာ အော်ရယ်လိုက်သည်။ ထို့နောက် သူက လေဟာနယ်အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားသည်။
“ ဘုံကို ချိပ်ပိတ်လိုက်… တကယ်လို့ သူက ကျောက်စိမ်းမိုးမခဘုံအကြောင်း သတင်းလျှောက်ဖြန့်မယ်ဆိုရင် ငါတို့အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ် ”
“ အဲ့ဒီပုဂ္ဂိုလ်ရဲ့ အနောက်က ဘုံက သေချာပေါက် အရမ်းအားကောင်းလိမ့်မယ်… ဒီဘုံရဲ့ တည်နေရာကို သူ့ရဲ့ ဘုံဆီ သတင်းမပို့နိုင်အောင် ငါတို့လုပ်ရမယ် ”
ရွှေရောင်အလင်းတန်း(၁၂)ခုက ဘုံ၏ နေရာအသီးသီးဆီသို့ ပျံသန်းသွားကြပြီး ဘုံတစ်ခုလုံးကို အမြန်ချိပ်ပိတ်လိုက်ကြသည်။
လျှပ်တစ်ပြက်အတွင်းမှာ ကျောက်စိမ်းမိုးမခဘုံက ဝေဝါးလာပြီး နေရာမှ ပျောက်ကွယ်သွားသည်။ ဤနေရာတွင် ဗလာဖြစ်နေသော ဟင်းလင်းပြင်သာ ကျန်ရှိတော့သည်။
…..
မဟာမူလဘုံ… ။
ချိပ်ပိတ်နယ်မြေ… ။
မျက်လုံးမှိတ်ထားသော ဟန်မူယဲ့က ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားအလင်းတစ်ခု ပေါ်လျှိုးလာသည်။ ထိုဓားအလင်း ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ မိုးမြေက တုန်ယင်သွားပြီး လေဟာနယ်က တစ်လက်မချင်းစီ အက်ကွဲသွားသည်။
“ ဓားတာအိုစွမ်းအားက ဒီနယ်မြေရဲ့ ဖိနှိပ်မှုကို ကျော်လွန်သွားပြီ… ဆိုလိုတာက သူ့ရဲ့ ဓားတာအိုက နတ်ဘုရားအဆင့်ဆီ ရောက်သွားတာလား ”
“ မဟုတ်သေးဘူး… နတ်ဘုရားအဆင့် ဝိညာဉ်… ”
ယုရှောက်တန်နှင့် ကျင်းဟုန်၏ မျက်နှာပေါ်မှာ ဇဝေဇဝါဖြစ်သော အမူအရာ ထွက်ပေါ်လာသည်။
အစောနက ဟန်မူယဲ့သည် နတ်ဘုရားအဆင့်သို့ ဝင်ရောက်ပြီးသော သူ၏ ဝိညာဉ်ကို ထုတ်ဖော်ပြခဲ့သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ ဟန်မူယဲ့ ထုတ်ဖော်လိုက်သော ဓားတာအိုစွမ်းအားက နတ်ဘုရားအဆင့်ထက် အားမနည်းချေ။
“ စီနီယာနှစ်ယောက်… ဒီနေရာက ပြိုကျပျက်စီးပါတော့မယ်… ကျုပ်ရဲ့ ဝိညာဉ်က ဒဏ်ရာရထားတာကြောင့် အားပြန်ဖြည့်ဖို့ အချိန်လိုအပ်ပါတယ်… ခင်ဗျားတို့တွေ ဘာဆက်လုပ်မယ်လို့ စီစဉ်ထားပါလဲ ”
ဟန်မူယဲ့က ယုရှောက်တန်နှင့် ကျင်းဟုန်ကို ကြည့်လိုက်သည်။
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“ ငါက အခုလောလောဆယ် ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ထဲမှာ နေထိုင်ပြီး ကျင့်ကြံနေမယ်… မင်း ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို ထိန်းချုပ်နိုင်တဲ့အခါကျရင် ငါပြန်လည်မွေးဖွားဖို့ ရွေးချယ်မယ် ”
ယုရှောက်တန်က တစ်ခဏ စဉ်းစားပြီးနောက် ပြောသည်။
သူက ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ အမွေအနှစ် ပြတ်တောက်သွားမည်ကို မလိုလားပေ။ ထို့ကြောင့် သူက ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ အမွေအနှစ်ကို ဟန်မူယဲ့ထံသို့ လွှဲပြောင်းပေးချင်သည်။
“ ငါကတော့ အဲ့ဒီအရာတွေကို ဂရုမစိုက်ဘူး… ငါက မဟာမူလဘုံမှာ ပြန်လည်မွေးဖွားမယ် ”
ကျင်းဟုန်က ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ နောက်အခိုက်အတန့်မှာ ရွှေရောင်မီးတောက်များက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။
“ ဗုန်း ”
မိုင်သန်းပေါင်းများစွာ ကျယ်ပြောသော ချိပ်ပိတ်နယ်မြေက ဖြည်းဖြည်းချင်း ပြိုကျပျက်စီးသွားသည်။
အာဏာရှင်ရှစ်ပါးက ရွှေရောင်အလင်းထောင့်တိုင်ရှစ်ခုအဖြစ် အသွင်ပြောင်းလဲသွားကြပြီး မိုးမြေကို ထောက်ပံ့ပေးလိုက်ကြသည်။
တစ်ဖက်မှာတော့ သံသရာစက်ဝန်းအဆင့် ဟင်းလင်းပြင်ဝိညာဉ်ဆယ်ကောင်က ထွက်ပြေးလွတ်မြောက်သွားကြပြီး ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ဝင်တစ်သန်းက ချိပ်ပိတ်နယ်မြေထဲမှ ထွက်သွားကြသည်။
“ စစ်ဦးစီးချုပ်ဟန်… ဘာလို့ ဒီနေရာက ပျက်စီးသွားတာလဲ ”
“ စစ်ဦးစီးချုပ်ဟန်…. ခင်ဗျားရဲ့ ဝိညာဉ်က ဒဏ်ရာရထားတာလား ”
ပုံရိပ်နှစ်ခုက ဟန်မူယဲ့ထံသို့ ပျံသန်းလာကြပြီး အံ့ဩစွာ ပြောသည်။
သူတို့က ဝူလင်းကုန်းမြေ၏ အစောင့်အရှောက်ရွှေနန်းတော်မှ စေလွှတ်လိုက်သော အာဏာရှင်အုပ်စု၏ အဖွဲ့ခေါင်းဆောင် ကော့ယုဖုန်းနှင့် တခြားအာဏာရှင်တစ်ပါး ဖြစ်ကြသည်။
ဟန်မူယဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက အလေးအနက် ပြောသည်။
“ ကျုပ် ဒဏ်ရာအပြင်းအထန် ရထားတယ်… အမြန်ဆုံး တံခါးပိတ်ကျင့်ကြံဖို့ လိုအပ်တယ် ”
“ စစ်တပ်အာဏာကို ကျောက်မင်ယွင်ဆီ ကျုပ်လွှဲပေးမယ် ”
“ တိုက်ပွဲအကျိုးပြုအမှတ်တွေနဲ့ တခြားအရေးကိစ္စတွေကိုတော့ တံခါးပိတ်ကျင့်ကြံတာကနေ ကျုပ်ပြန်ထွက်လာမှပဲ ဆွေးနွေးကြမယ် ”