← Chapters

နတ်ဆိုးဖားပြုတ်ကျင့်စဉ်

Vol. 47 Ch. 651

နတ်ဆိုးဖားပြုတ်ကျင့်စဉ်

Vol. 47 Ch. 651

တောင်ထွတ်တစ်ခုလုံးမှာ ပျက်စီးကြေမွနေလျက် ရှိသည်။

တောင်တန်းအပြင်ဖက်မှ စောင့်ကြည့်နေကြသူများမှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ဇူယွမ်အား ငေးမောကြည့်ရှုနေကြသည်။ ဇူယွမ်မှ အသာစီးရသွားလိမ့်မည်ဟု မည်သူကမှ ထသ်မှတ်မထားကြချေ။

ဇူယွမ်နှင့် ကျင်းချန်းဇယ်အကြားရှိ ကွာခြားချက်မှာ အတော်ပင် ကြီးမားလှ၏။ ရှစ်သောင်းသုံးထောင်နှင့် သုံးသောင်းကိုးထောင်ဟူသော ချီကြယ်ပွင့်ပမာဏမှာ နှိုင်းယှဉ်ရန်ပင် အလွန်ခြားနားလွန်းလှသည်။

သို့သော် ဇူယွမ်မှာ ထိုကွာခြားချက်အား အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် ဖယ်ရှားနိုင်ခဲ့လေသည်။

စောင့်ကြည့်နေကြသော မြင့်မြတ်သောနန်းတော်မှ တပည့်များ၏ အမူအရာမှာ အလွန်ပင် ပျက်ယွင်းနေရသည်။ ယခုလေးတင် မြင်တွေ့လိုက်ရသော ဇူယွမ်နှင့် ကျင်းချန်းဇယ်တို့၏ တိုက်ပွဲအခြေအနေအား မယုံကြည်နိုင် ဖြစ်နေကြရ၏။

၎င်းတို့၏ အမြင်တွင်မူ မြူခိုးများအကြားမှ တိုက်ခိုက်ရန် ထွက်လာကြသော ကန်ရွှမ်းကလန်၏ ရွေးချယ်ခံသုံးဦးထဲတွင် ဇူယွမ်မှာ အားအနည်းဆုံးသူ ဖြစ်သည်။ ထို့ကြောင့် မြင့်မြတ်သောနန်းတော်၏ တပည့်များအားလုံးမှာ ကျင်းချန်းဇယ်သည် ဇူယွမ်အား အလွယ်တကူပင် သတ်ဖြတ်ဖျက်စီးပစ်နိုင်လိမ့်မည်ဟု တထစ်ချ ယုံကြည်ထားခဲ့ကြသည်။

ထိုသို့ယုံကြည်ထားသည့်အတိုင်း တိုက်ပွဲတလျှောက်တွင်လည်း ကျင်းချန်းဇယ်မှသာ အသာစီး ရနေခဲ့သည်။ သို့သော် ဇူယွမ်မှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် စွမ်းအင်များ ရုတ်ချည်းတိုးတက်လာရပြီးနောက် ကျင်းချန်းဇယ်နှင့် ၎င်းအကြားရှိ စွမ်းအင်ကွာဟမှုအား ဖယ်ရှားနိုင်ခဲ့လေသည်။

ထိုမြင်ကွင်းမှာ စောင့်ကြည့်နေကြသော မြင့်မြတ်သောနန်းတော်မှ တပည့်များအား အလွန်ပင် အံ့အားသင့်သွားစေသည်။

အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားရသော မြင့်မြတ်သောနန်းတော်မှ တပည့်များနှင့်မတူပဲ တစ်ဖက်တွင်မူ ကန်ရွှမ်းကလန်၏ တပည့်များမှာ အလွန်ပင် ပျော်ရွှင်ကျေနပ်နေကြသည်။

ကျိုးချူးချင်ယု၊ လုလျို၊ လီချွမ်းကျင်နှင့် အခြားသူများမှာလည်း တစ်ဦးကိုတစ်ဦးကြည့်ကာ တိုးညင်းစွာ ရေရွတ်ပြောဆိုလိုက်ကြသည်။ "ဇူယွမ်က တကယ်ကို သာမန်မဟုတ်ဘူးပဲ။"

တောင်ထွတ်ခုနစ်ခု၏ တောင်ခြေ၌

ထျန်းလော့ထီး၏ အကာအကွယ်ကြောင့် လီချင်းချန်၊ ခုန်းရှန်၊ ယဲ့ကယ်နှင့် အခြားသော ရွေးချယ်ခံများမှာ တိုက်ပွဲအား အာရုံစိုက်၍ ရနေသည်။

၎င်းတို့မှာလည်း ဇူယွမ်မှ ကျင်းချန်းဇယ်အား အသာစီးရသွားသည်ကို မြင်တွေ့လိုက်ရသောအခါ၌ အလွန်ပင် အံ့အားသင့်သွားကြရသည်။

"ဇူယွမ်က ဒီလောက်ထိတောင် စွမ်းအားကြီးနေပြီကိုး။" လီချင်းချန်မှ အသိအမှတ်ပြုကာ ချီးကျူးစကားဆိုလိုက်သည်။ လက်ရှိအချိန်၌ ဇူယွမ်၏အနေအထားမှာ သူမနှင့် ခုန်းရှန်တို့ကိုပင် ယှဉ်ပြိုင်၍ရနေပြီ ဖြစ်သည်။

ကျောင်းဇူ၏ အမူအရာမှာ အလွန်ပင် ပျက်ယွင်းနေရသည်။

လွန်ခဲ့သော တစ်နှစ်ကျော်ခန့်ကမှ ကလန်သို့ စတင်ရောက်ရှိလာပြီး တစ်ခါမျှပင် အလေးမထားခဲ့သော ဂျူနီယာညီတော် ဇူယွမ်မှာ တိုတောင်းလှသော အချိန်အတွင်း၌ပင် သူ့အားသိသာစွာပင် ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။

"ကျင်းချန်းဇယ်ကလည်း အရမ်းဘဝင်မြင့်ပြီး လုပ်ချင်ရာလုပ်တက်တဲ့ ကောင်စားမျိုး။" ယဲ့ကယ်မှ စကားဆိုလိုက်သည်။

ခုန်းရှန်မှ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "ဇူယွမ်က ချီစွမ်းအင်တွေ ရုတ်တရက် ထိုးတက်လာတဲ့အပြင် သူတော်စင်စိတ်ဝိဉာဉ်ကိုလည်း သုံးနေတယ်။ ဒါပေမယ့် ကျင်းချန်းဇယ်ကတော့ ချီစွမ်းအင်တစ်ခုတည်းနဲ့ ဇူယွမ်ကို ဖိနှိပ်ဖို့ ကြိုးစားနေတာ။ အခုတော့ သူစဉ်းစဉ်းစားစားမလုပ်ပဲ လုပ်ချင်ရာလုပ်လို့ ခံလိုက်ရတာပဲ။ ဒါပေမယ့် ဒီတစ်ခါပြီးရင်တော့ ကျင်းချန်းဇယ်က သတိမထားပဲ နေမှာမဟုတ်တော့ဘူး။ နောက်တစ်ခါကြရင် အခုလို အမှားမျိုး ထပ်မဖြစ်ရအောင် သူပိုဂရုစိုက်လိမ့်မယ်။"

လီချင်းချန်မှာလည်း ခုန်းရှန်၏စကားအား ထောက်ခံသည့်အနေဖြက့် ခေါင်းညိတ်ပြလိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်ကာ ရေရွတ်လိုက်သည်။

"ဇူယွမ် အချိန်ကြာကြာလေးဆက်ပြီး တောင့်ခံထားနိုင်ဖို့ မျှော်လင့်ရမှာပဲ။"

တောင်ထွတ်ပေါ်တွင် ရှိနေသော ဇူယွမ်မှာ တည်ငြိမ်နေသော မျက်ဝန်းများဖြင့် ကျင်းချန်းဇယ်အား ကြည့်ရှုလိုက်သည်။ ဇူယွမ်၏ အမူအရာမှာ အနည်းငယ်မျှပင် ဘဝင်မြင့်နေဟန် မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသို့အသာစီးရလိမ့်မည့်အကြောင်း ဇူယွမ်မှ ခန့်မှန်းထားပြီးဖြစ်သောကြောင့်ပင် ဖြစ်သည်။

မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးဖြင့် စွမ်းအင်များအား စုပ်ယူလိုက်ပြီးသည့်နောက် ဇူယွမ်နှင့် ကျင်းချန်းဇယ်အကြားရှိ စွမ်းအင်ကွာဟမှုမှာ အတော်ပင် သေးငယ်သွားရသည်။

ထို့အပြင် ဇူယွမ်၏ခန္ဓာကိုယ်မှာလည်း သူတော်စင်စိတ်ဝိဉာဉ်ပုံရိပ်၏ ကာကွယ်ထားမှုကြောင့် အနည်းငယ်မျှပင် ထိခိုက်သွားခြင်းမရှိပဲ အကောင်းကထိအတိုင်း ဖြစ်နေသည်။

ဇူယွမ်၏ သူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်မှာ ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ကျင်းချန်းဇယ်ဆိုတဲ့ငါက ဒီလိုမျိုး မလောက်လေးမလောက်စားကောင်ဆီမှာ ဖိနှိပ်ခံရမယ်လို့ မတွေးခဲ့ဖူးဘူး။" ကျင်းချန်းဇယ်မှာ ရှက်ရွံ့နေဟန်ဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။

"ချောင်ပိတ်ခံရတဲ့ခွေးလည်း ပြန်ကိုက်တက်တယ်ဆိုတာ မှန်သားပဲ။" ကျင်းချန်းဇယ်မှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် စကားဆိုလိုက်သည်။ "ဒါပေမယ့် ဘယ်လိုလုပ်မလဲ။ ခွေးကိုက်တာနာတော့နာတယ်ဆိုပေမယ့် နောက်ဆုံးမှာ ချောင်ပိတ်ခံထားရတဲ့ခွေးက သေရမှာပဲလေ။"

ကျင်းချန်းဇယ်၏ နှာခေါင်းထဲမှ အစိမ်းရင့်ရောင် ချီစွမ်းအင်များ ထွက်ပေါ်လာသည်။

ကျင်းချန်းဇယ်မှာ လက်နှစ်ဖက်ကိုလည်း အတူတကွ ချိတ်ဆက်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်ထံမှ အန္တရာယ်ရှိသော အငွေ့အသက်များ ထွက်ပေါ်လာ၏။

"ဇူယွမ် မင်းကဝှက်ဖဲကို ထုတ်ပြပြီဆိုမှတော့ ငါလည်းငါ့ဝှက်ဖဲကို ထုတ်ပြရသေးတာပေါ့။"

ကျင်းချန်းဇယ်၏ ချွေးပေါက်များထဲမှ အစိမ်းရင့်ရောင် အရည်များ စိမ့်ထွက်လာသည်။

​ထိုအစိမ်းရင့်ရောင် ပျစ်ချွဲချွဲအရည်များမှာ ကျင်းချန်းဇယ်၏ ခန္ဓာကိုယ်အား ဖုံးအုပ်သွားကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဖိအားများ ထွက်ပေါ်လာသည်။

ကျင်းချန်းဇယ်၏ ပါးနှစ်ဖက်မှာ ဖောင်းကားလာပြီးနောက် အစိမ်းရင့်ရောင် အလင်းတန်းများအား ဇူယွမ်ထံသို့ မှုတ်ထုတ်လိုက်သည်။

အစိမ်းရင့်ရောင် အဆိပ်အလင်းတန်းများမှာ အလွန်ပင် ပြင်းထန်လွန်းလှပြီး အဆင့်နိမ့်ကောင်းကင်ဘုံအဆင့်ရှိသော မူလလက်နက်တစ်မျိုး ဖြစ်သည်။

ဇူယွမ်မှာ ပျံဝဲလာနေသော အစိမ်းရင့်ရောင် အလင်းတန်းများအား ကြည့်ရှုလိုက်ပြီးနောက် ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်လိုက်သည်။

ဒေါင်....

ကောင်းကင်ဘုံယွမ်စုတ်တံနှင့် အစိမ်းရင့်ရောင် အလင်းတန်းများ တွေ့ဆုံသွားကြပြီးနောက် ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာသည်။

ထိုအချိန်မှာပင် ဇူယွမ်မှာ အဝေးတွင်ရှိနေသော ကျင်းချန်းဇယ်အား လှမ်း၍ကြည့်ရှုလိုက်သည်။

ကျင်းချန်းဇယ်၏ အသွင်အပြင်မှာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေသော​ကြောင့် ဇူယွမ်မှာ ရုတ်တရက် ထိတ်လန့်သွားရသည်။

ကျင်းချန်းဇယ်၏ ခန္ဓာကိုယ်မှာ အစိမ်းရင့်ရောင် ပျစ်ချွဲချွဲအရည်များဖြင့် လွှမ်းခြုံထားလျက်ရှိပြီး  တစ်စထက်တစ် ပိုမိုကြီးမားလာလျက် ရှိသည်။ အဆုံးတွင်မူ ကျင်းချန်းဇယ်မှာ ဆောင့်ကြောင့်ထိုင်ချလိုက်၏။

အွတ်....အွတ်...

ကျင်းချန်းဇယ်ထံမှ ထူးခြားသောအသံများမှာ ထွက်ပေါ်လာသည်။ ပြင်းထန်လှသော စွမ်းအင်ဖိအားများမှာလည်း ကျင်းချန်းဇယ်ထံမှ ထွက်ပေါ်လာလျက် ရှိ၏။

ကျင်းချန်းဇယ်မှာ သူ၏ရွှေရောင်မျက်ဝန်းများဖြင့် ဇူယွမ်အား တစိုက်မတ်မတ် ကြည့်ရှုနေလျက် ရှိသည်။ သူ၏ အသွင်အပြင်မှာ အတော်ပင် ကြောက်မက်ဖွယ်ရာကောင်းနေ၏။

တောင်တန်းအပြင်ဖက်မှ စောင့်ကြည့်နေကြသော ရွေးချယ်ခံအချို့မှာ ကျင်းချန်းဇယ်၏ ကြောက်မက်ဖွယ် အသွင်အပြင်အားကြည့်ကာ အထိတ်တလန့်ဖြင့် ရေရွတ်လိုက်ကြသည်။

"ဒါ...ဒါက..."

"နတ်ဆိုးဖားပြုတ်ကျင့်စဉ်ပဲ..."

All Chapters