အတက်အကျ
Vol. 47 Ch. 652
အွမ်....
တောင်ထွတ်ပေါ်တွင် နားမခံသာသော ဖားပြုတ်တစ်ကောင်၏ ဆူညံသံများ ဆက်တိုက်ဆိုသလို ပေါ်ထွက်နေလျက် ရှိသည်။ အစိမ်းရင့်ရောင် စွမ်းအင်လှိုင်းများမှာလည်း ပတ်ဝန်းကျင်ကို လွှမ်းမိုးထားလေသည်။ ဇူယွမ်မှာ ဖားပြုတ်ကြီးတစ်ကောင်နှင့် အတော်ပင် အလားသဏ္ဍာန်တူနေသော ကျင်းချန်းဇယ်အား လေးနက်စွာဖြင့် ကြည့်ရှုနေမိသည်။ ကျင်းချန်းဇယ်၏ ချီစွမ်းအင်များမှာ အတော်ပင် တိုးတက်လာနေကြောင်း ဇူယွမ်မှ ခံစားမိသည်။
တောင်ကြီးတစ်လုံးမှ ဖိနှိပ်ထားသကဲ့သို့ ပြင်းထန်လွန်းလှသော စွမ်းအင်ဖိအားများမှာလည်း ဇူယွမ်အား ဖိနှိပ်ထားလျက် ရှိသည်။
လက်ရှိအချိန်၌ ကျင်းချန်းဇယ်၏ အသွင်အပြင်မှာ အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းလှပြီး ရှုမြင်၍ပင် မကောင်းလောက်အောင် ရုပ်ဆိုးလွန်းလှသည်။ ထိုသည်မှာ ကျင်းချန်းဇယ်၏ ဝှက်ဖဲပင် ဖြစ်ပေလိမ့်မည်။
ကျင်းချန်းဇယ်မှာ သူ၏ရွှေရောင်မျက်ဝန်းများဖြင့် ဇူယွမ်အား ကြောက်မက်ဖွယ်ကောင်းစွာ ကြည့်ရှုနေလျက် ရှိသည်။ မြင့်မြတ်သောနန်းတော်သို့ စတင်ရောက်ရှိခဲ့စဉ်အချိန်၌ နန်းဆောင်သခင်မှသူ့အား လျှို့ဝှက်နည်းလမ်းတစ်ခုအား အသုံးပြုကာ နတ်ဆိုးမိစ္ဆာဖားပြုတ်၏သွေးအား ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းပေးခဲ့သည်။
နတ်ဆိုးမိစ္ဆာဖားပြုတ်မှာ အဆင့်ခြောက်ရှိသော မူလသားရဲမျိုးဖြစ်ပြီး ကောင်းကင်ဘုံနေမင်းအဆင့်မျှရှိကာ ကြောက်မက်ဖွယ်ကောင်းလှသည်။ နတ်ဆိုးမိစ္ဆာဖားပြုတ်၏သွေးအား ထိုးသွင်းခြင်းခံရသူမှာ အယောက်ရာကျော်မျှ ရှိခဲ့ပါသော်လည်း အဆုံးသတ်တွင်မူ ကျင်းချန်းဇယ်တစ်ဦးသာ အသက်ရှင်လျက် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် နတ်ဆိုးမိစ္ဆာဖားပြုတ်သွေးမှာ အသိစိတ်ရှိနေဆဲဖြစ်ပြီး ကျင်းချန်းဇယ်၏ လက်ရှိစွမ်းအင် အနေထားဖြင့် ၎င်းဖားပြုတ်သွေးအား အပြည့်အဝ ဖိနှိပ်ထိန်းချုပ်နိုင်ခြင်း မရှိသေးချေ။ ထို့ကြောင့် နတ်ဆိုးမိစ္ဆာဖားပြုတ်သွေးအား အသုံးပြုလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်မှာလည်း ထိုသွေး၏အဆိပ်ဒဏ်ကြောင့် ကိုယ်တွင်းအင်္ဂါများလှိုက်စားခံရမည် ဖြစ်သည်။ ကျင်းချန်းဇယ်မှာ ထိုနတ်ဆိုးမိစ္ဆာဖားပြုတ်သွေးအား သေရေးရှင်ရေး အချိန်မျိုးမှသာ အသုံးပြုရန် ကြံရွယ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်၌ ဇူယွမ်အား မဖြစ်မနေ အနိုင်ရရန် လိုအပ်နေသည့်အတွက်ကြောင့်သာ အသုံးပြုလိုက်ရခြင်း ဖြစ်သည်။
ဤနေရာ၌သာ ဇူယွမ်အား ရှုံးနိမ့်သွားခဲ့ရပါက မြင့်မြတ်သောနန်းတော်သို့ ပြန်လည်ရောက်ရှိသောအခါတွင် သေသည်ထက်ဆိုးသော အပြစ်ဒဏ်မျိုးနှင့် ရင်ဆိုင်ရလိမ့်မည်ပင် ဖြစ်သည်။
ထို့အပြင် ကျင်းချန်းဇယ် အနေဖြင့်လည်း ကန်ရွှမ်းကလန်၏ တပည့်ခေါင်းဆောင်တစ်ယောက်အား မည်သို့မျှ အရှုံးမပေးနိုင်ပေ။
"တပည့်ခေါင်းဆောင်တစ်ယောက်က ငါ့ကိုဒီအခြေအနေအထိ ဖိအားပေးနိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။" ကျင်းချန်းဇယ်မှ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "ဇူယွမ် မင်းကငါ့အမြင်တွေကို တကယ်ပြောင်းပေးနိုင်လိုက်တာပဲ။ ငါ့ရဲ့ကြိုးစားအားထုတ်မှုတွေ အလဟဿ မဖြစ်ရအောင် မင်းကိုနိုင်ပြီးတဲ့ အချိန်ကြရင် မင်းရဲ့အသားရော အရိုးပါမကျန် စားပစ်ရမယ်။"
ကျင်းချန်းဇယ်၏ မျက်ဝန်းများမှာ အတော်ပင် ရက်စက်ခက်ထန်နေဟန် ရှိသည်။ နတ်ဆိုးဖားပြုတ်၏သွေးအား အသုံးပြုလိုက်ခြင်းကြောင့် ကျင်းချန်းဇယ်မှာလည်း မိစ္ဆာစိတ်များ လွှမ်းမိုးနေရပြီပင် ဖြစ်၏။
ဝုန်း....
ကျင်းချန်းဇယ်မှာ စကားဆိုပြီးသွားသည်နှင့်တစ်ပြိုင်နက် လက်နှစ်ဖက်ဖြင့် မြေပြင်အား ပြင်းထန်စွာ ရိုက်ချလိုက်ပြီးနောက် အလင်းထက်ပင် လျင်မြန်သည်ဟု ထင်မှတ်ရသောအရှိန်ဖြင့် ဇူယွမ်ထံသို့ ခုန်အုပ်လိုက်သည်။
ကျင်းချန်းဇယ်၏ အမြန်နှုန်းမှာ ကြက်သီးမွှေးညှင်းများပင် ထရလောက်အောင် လျင်မြန်လွန်းလှသည်။
မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် ကျင်းချန်းဇယ်မှာ ဇူယွမ်၏ရှေ့သို့ ရောက်ရှိလာ၏။ ကျင်းချန်းဇယ်မှာ အေးစက်သော အပြုံးတစ်ခုအား နှုတ်ခမ်းထက်တွင် ချိတ်ဆွဲလိုက်ပြီးနောက် အဆိပ်ချီများ ပြည့်နှက်နေသော လက်ဝါးဖြင့် ဇူယွမ်အား ရိုက်ချလိုက်သည်။
လက်ဝါးရိုက်ချက်မှာ အလွန်ပင် ပြင်းထန်လွန်းလှပြီး လီချင်းချန်နှင့် ခုန်းရှန်တို့သည်ပင်လျှင် ထိုသို့ရိုက်ခံရပါက အလွန်ဆိုးရွားသော ထိခိုက်ဒဏ်ရာများ ရရှိသွားလိမ့်မည်ပင် ဖြစ်သည်။
ကျင်းချန်းဇယ်၏ တိုက်ခိုက်မှုမှာ ယခင်ကထက် အဆပေါင်းများစွာ ပြင်းထန်နေသောကြောင့် ဇူယွမ်မှာလည်း မျက်ဝန်းများ ကျဉ်းမြောင်းသွားရ၏။
ယခုအချိန်၌ အနည်းငယ်မျှပင် အမှားခံ၍မဖြစ်ကြောင်း ဇူယွမ်မှာလည်း ကောင်းစွာသိရှိနေသည်။ ဇူယွမ်မှာ တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်ကာ ထိုးချလိုက်သည်။
အဝါရင့်ရောင် ချီစွမ်းအင်များမှာ နဂါးတစ်ကောင်အလား ပေါက်ကွဲထွက်ပေါ်လာပြီးနောက် ကျင်းချန်းဇယ်၏လက်ဝါးနှင့် တွေ့ဆုံသွားကြသည်။ ကျင်းချန်းဇယ်၏ တိုက်ခိုက်မှုမှာ အလွန်ပင် လျင်မြန်လွန်းလှသောကြောင့် ဇူယွမ်မှာ ရွေးချယ်စရာမရှိပဲ ထိပ်တိုက်ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။
ဝုန်း....
လက်သီးနှင့် လက်ဝါးတို့ တွေ့ဆုံသွားကြပြီး ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာသည်။
ဘန်း....
ဇူယွမ်မှာ အဝေးသို့ လွင့်စင်သွားရကာ မြေပြင်ပေါ်၌ ကြီးမားသော စွတ်ကြောင်းကြီး ဖြစ်ပေါ်သွားရသည်။
ဇူယွမ်၏ ခန္ဓာကိုယ်ထက်တွင် ရှိနေသော သူတော်စင်စိတ်ဝိဉာဉ်ပုံရိပ်မှာလည်း ပြင်းထန်စွာ တုန်လှုပ်သွားရ၏။
ဇူယွမ်မှာ ခန္ဓာကိုယ်အား ပြန်လည်တည့်မတ်နိုင်ခြင်း မရှိသေးခင်မှာပင် ကျင်းချန်းဇယ်မှာ နောက်ထပ်တစ်ကြိမ် ခုန်အုပ်လာလေသည်။ သူသည် ပြင်းထန်လှသော အဆိပ်ချီများဖြင့် ဇူယွမ်အား အဆက်မပြတ် တိုက်ခိုက်ရန် ကြံစည်ထားဟန် ရှိသည်။
"ကောင်စုတ်လေး မင်းခုနက ဘဝင်မြင့်နေတာ မဟုတ်ဘူးလား။ ငါဒီနေ့ မင်းကိုရအောင်သတ်ပြမယ်။" ကျင်းချန်းဇယ်မှာ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်ပြီးနောက် လက်သီးဖြင့် ထိုးချလိုက်သည်။
နတ်ဆိုးမိစ္ဆာဖားပြုတ်သွေးအား အသုံးပြုလိုက်သည့် အချိန်မှစ၍ ကျင်းချန်းဇယ်မှာလည်း မိစ္ဆာစိတ်များ လွှမ်းမိုးခြယ်လှယ်သွားသောကြောင့် ဆုံးဖြတ်ချက်နှင့် လုပ်ရပ်များမှာ ယခင်ကထက် ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလာပြီပင် ဖြစ်သည်။
ဘန်း...
ဇူယွမ်၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်သွားရသည်။ သူသည် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် ကျင်းချန်းဇယ်၏ တိုက်ခိုက်မှုများအား အဆက်မပြတ် ပြန်လည်တုံ့ပြန်လိုက်တော့သည်။
တောင်တန်းအပြင်ဖက်မှ စောင့်ကြည့်နေကြသောသူများ၏ အမြင်တွင်မူ ကျင်းချန်းဇယ်နှင့် ဇူယွမ်တို့၏ တိုက်ခိုက်မှုမှာ အလင်းတန်းနှစ်ခု ရောယှက်နေသည့်အလားသာ တွေ့မြင်ရလေသည်။ ၎င်းတို့၏ တိုက်ခိုက်မှုများမှာ အလွန်ပင် လျင်မြန်လွန်းလှသောကြောင့် ပုံရိပ်များနှင့် စွမ်းအင်လှိုင်းဂယက်များကိုသာ တွေ့မြင်နေရခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်၌ တိုက်ပွဲအခြေအနေမှာ တစ်မျိုးပြောင်းလဲသွားရပြီပင် ဖြစ်သည်။
ဇူယွမ်မှာ ကျင်းချန်းဇယ်၏ ဖိနှိပ်ခြင်းအား ခံနေရခြင်းဖြစ်ပြီး အနောက်သို့ အဆက်မပြတ် ဆုတ်နေရသည်။ ကျင်းချန်းဇယ်၏ တိုက်ခိုက်မှုများမှာ တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုပြင်းထန်လာလျက်ရှိပြီး အမှန်တကယ်ပင် ဇူယွမ်အား အသက်သေဆုံးသည်အထိ တိုက်ခိုက်ရန် ကြံရွယ်ထားပုံ ရသည်။
"ဇူယွမ်ကိုကြည့်ရတာ ကျင်းချန်းဇယ်ကို တောင့်ခံထားနိုင်တော့မယ် မထင်ဘူး။" အဝေးမှ စောင့်ကြည့်နေကြသော ကန်ရွှမ်းကလန်မှ တပည့်များဖြစ်ကြသည့် ထန်းမုရှင်း၊ ဂူဟွမ်ချီနှင့် အခြားသူများ၏ အမူအရာမှာ ပျက်ယွင်းနေရသည်။ နတ်ဆိုးမိစ္ဆာဖားပြုတ်သွေးအား အသုံးပြုလိုက်ပြီးသည့်နောက် ကျင်းချန်းဇယ်၏ စွမ်းအင်မှာ အဆမတန် မြင့်တက်လာကာ ဇူယွမ်ထက် အဆပေါင်းများစွာ သာလွန်သွားရပြီပင် ဖြစ်သည်။
တောင်တန်းအပြင်ဖက်မှ စောင့်ကြည့်နေကြသော လူပေါင်းများစွာမှာ ဇူယွမ်နှင့် ကျင်းချန်းဇယ်တို့၏တိုက်ပွဲအား အမှန်တကယ်ပင် စိတ်ဝင်စားနေကြရသည်။ တိုက်ပွဲမှာ အလှည့်အပြောင်း အတက်အကျ များပြားလွန်းလှပြီး ကြိုတင်ခန့်မှန်း၍ မရနိုင်လောက်အောင်ပင် အာရုံစိုက်စရာ ကောင်းလွန်းလှသည်။
သို့သော် ထိုသို့ စိတ်ဝင်စားစရာ ကောင်းသည်နှင့်အတူ တိုက်ပွဲမှာ အလွန်ပင် အန္တရာယ်လည်း များပြားလွန်းလှ၏။ အခြေအနေမှာ အမှားအယွင်း တစ်ခုမျှပင် ဖြစ်၍မရသော အနေအထားမျိုး ဖြစ်သည်။
ဒုန်း....
ဇူယွမ်နှင့် ကျင်းချန်းဇယ်တို့နှစ်ဦးစလုံး အဝေးသို့ လွင့်စင်သွားကြရသည်။
ဇူယွမ်မှာ ကျင်းချန်းဇယ်ထက်ပို၍ အဝေးသို့ တော်တော်ပင် လွင့်စင်သွားရခြင်း ဖြစ်သည်။ သူ၏ခန္ဓာကိုယ်တွင်လည်း ကျင်းချန်းဇယ် ထိုးနှက်ထားသော အစိမ်းရင့်ရောင် လက်သီးရာတစ်ခု ရှိနေ၏။
လက်ရှိအချိန်၌ ကျင်းချန်းဇယ်၏ အသွင်အပြင်မှာ ရှုမြင်၍ပင် မကောင်းလောက်အောင် ဆိုးရွားနေပါသော်လည်း စွမ်းအင်အရာ၌ ဇူယွမ်ထက် အပြတ်အသတ် သာလွန်နေခြင်း ဖြစ်သည်။ နတ်ဆိုးမိစ္ဆာဖားပြုတ်သွေးမှာ ခန္ဓာကိုယ်အား လှိုက်စားနေပြီဖြစ်သောကြောင့် ကျင်းချန်းဇယ်မှာ ဇူယွမ်ထံမှရရှိမည့် မည်သည့်နာကျင်မှုကိုမျှ ကြောက်ရွံခြင်းမရှိတော့ပဲ အလွန်ပင် ရက်စက်ခက်ထန်နေသည့် မိစ္ဆာတစ်ကောင်အသွင်သို့ ပြောင်းလဲသွားပြီပင် ဖြစ်သည်။
ကျင်းချန်းဇယ်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ငါ့ရဲ့လက်သီးကို လွယ်လွယ်နဲ့ ရှောင်လို့ရမယ်များ ထင်နေလား။"
ဇူယွမ်မှာ ခန္ဓာကိုယ်ထက်တွင် ထင်ကျန်နေသော အစိမ်းရင့်ရောင် လက်သီးရာတစ်ခုအား ငုံ့၍ကြည့်ရှုလိုက်သည်။ ထိုလက်သီးရာထံမှ အစိမ်းရင့်ရောင် အဆိပ်ချီများမှာ ချွေးပေါက်များမှတဆင့် သူ၏ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်နေလျက် ရှိသည်။
"ငါ့ရဲ့အဆိပ်ချီက ခန္ဓာကိုယ်ထဲ ဝင်သွားပြီဆိုရင် ငါနဲ့အဆင့်တူတဲ့သူတွေတောင် ဘယ်သူမှ ခံနိုင်ရည်မရှိဘူး။ ဟဟ…ဇူယွမ် မင်းကတော့ သေပြီပဲ။" ကျင်းချန်းဇယ်မှာ လက်နှစ်ဖက်အား အတူတကွ ချိတ်ဆက်လျက် အော်ဟစ်လိုက်သည်။ "အဆိပ်ထကြွစမ်း..."
ဝုန်း...
အစိမ်းရင့်ရောင် အဆိပ်ချီများမှာ ဇူယွမ်၏ခန္ဓာကိုယ်အတွင်း ပေါက်ကွဲထကြွကုန်ကြ၏။ သို့သော် ဇူယွမ်မှာ အနည်းငယ်မျှပင် အာရုံစိုက်ဟန် မပြပေ။ အဘယ့်ကြောင့်ဆိုသော် ခန္ဓာကိုယ်အတွင်း အဆိပ်ချီများ ထကြွလာသည်နှင့်တစ်ပြိုင်နက် နဂါးဒေါသအဆိပ်မှာလည်း ထကြွလာမည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။
ဝေါင်း...
ဇူယွမ်၏ ခန္ဓာကိုယ်အတွင်းမှ မာန်ဖီနေသော နဂါးတစ်ကောင် ဟိန်းဟောက်သံသဲ့သဲ့မျှ ထွက်ပေါ်လာသည်။ နဂါးဒေါသအဆိပ်မှာ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူအားတစ်ခုအား ထုတ်လွှတ်လိုက်ပြီးနောက် ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသော အဆိပ်ချီများအားလုံးကို ဝါးမျိုစုစည်းပစ်လိုက်သည်။
ဇူယွမ်၏ ခန္ဓာကိုယ်အတွင်း လင်းလက်နေသော အစိမ်းရင့်ရောင် အလင်းတန်းများမှာ အသက်ရှူချိန် အနည်းငယ်မျှသော အချိန်အတွင်းမှာပင် မှေးမှိန်ပျောက်ကွယ်သွားရလေသည်။
ကျင်းချန်းဇယ်၏ အမူအရာမှာ အလွန်ပင် ပျက်ယွင်းသွားရသည်။ သူ၏ နတ်ဆိုးမိစ္ဆာဖားပြုတ်သွေးသည် မည်မျှပင် ပြင်းထန်လွန်းလှကြောင်း ကျင်းချန်းဇယ်မှ ကောင်းစွာသိရှိထားသည်။ ကျောင်းထိုက်ရှင်းသည်ပင် သူ၏နတ်ဆိုးမိစ္ဆာဖားပြုတ်သွေးအဆင့်အား ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
သို့သော် ဇူယွမ်မှာမူ အနည်းငယ်မျှ နာကျင်ပုံပင် မပြချေ။
"ထွီ..."
ဇူယွမ်မှာ ကျင်းချန်းဇယ်အား အေးစက်ခက်ထန်စွာ ကြည့်ရှုလိုက်ပြီးနောက် အစိမ်းရင့်ရောင် အဆိပ်ချီများအား မြေပြင်ပေါ်သို့ ထွေးထုတ်လိုက်သည်။
"ဘာလို့ ဒီလိုသာမန်အဆိပ်လောက်ကို လေကြီးလေကျယ်တွေ ပြောနေရတာလဲ။"
ကျင်းချန်းဇယ်မှာ အမူအရာ ပျက်ယွင်းသွားရပြီးနောက် ဇူယွမ်အားကြည့်ကာ မထီမဲ့မြင် စကားဆိုလိုက်သည်။ "မပူပါနဲ့။ ဒီတစ်ခုကတော့ မင်းကိုစိတ်ကျေနပ်စေမှာပါ။"
ဝုန်း...
ကျင်းချန်းဇယ်ထံမှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် အစိမ်းရင့်ရောင် အဆိပ်ရည်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအဆိပ်ရည်များမှာ စက်ဝိုင်းသဏ္ဍာန်ဖြစ်ပေါ်သွားကာ ပြင်းထန်လှသော အနံ့အသက်များအား ထုတ်လွှတ်နေလေသည်။
အဝေးမှ ကြည့်ရှုလျှင်မူ ဇူယွမ်မှာ ထိုအဆိပ်ရည်များ၏အလယ်၌ ရောက်ရှိနေသကဲ့သို့ ဖြစ်နေသည်။ စောင့်ကြည့်နေသော သူများမှာ တိုက်ပွဲအား ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ဆက်လက်ကြည့်ရှုနေကြသည်။
"အွမ်....အွမ်....ကြီးမြတ်သောဖားပြုတ်အဆိပ်ဖြင့် မြှုပ်နှံသဂြိုဟ်ခြင်း..."
အဆိပ်ရည်များမှာ လျင်မြန်လှသောအရှိန်ဖြင့် ဇူယွမ်ထံသို့ တစ်ပြိုင်နက်တည်း ကျုံ့ဝင်လာကြသည်။
ကျင်းချန်းဇယ်မှာ ရှည်ကြာစွာ ပြင်ဆင်ခဲ့ရသော သေဆုံးနိုင်သည့် တိုက်ကွင်အား ထုတ်သုံးလိုက်ပြီပင် ဖြစ်သည်။ ထိုကြီးမြတ်သောဖားပြုတ်အဆိပ်ဖြင့်မြှုပ်နှံသဂြိုဟ်ခြင်း အဆိပ်ရည်စက်ဝိုင်းထံမှ ဇူယွမ် မည်သို့မျှ လွတ်မြောက်လိမ့်မည် မဟုတ်ကြောင်း ကျင်းချန်းဇယ်မှ တထစ်ချ ယုံကြည်နေလေတော့သတည်း...