အခန်း (၁၆၄၄)
Vol. 118 Ch. 1644
ဟန်မူယဲ့ သေသွားပြီ… ။
ထိုစကားက တန်ကိုင်၏ ဘေးပတ်ဝန်းကျင်မှ ဗိုလ်ချုပ်များကို အံ့ဩသွားစေသည်။
ဟန်မူယဲ့မှာ မည်သူနည်း။
သူက အာဏာရှင်အဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်ထက် အားမနည်းသော စစ်သည်တော်တစ်ယောက် ဖြစ်သည်။ သူက တိုက်ပွဲတစ်ပွဲတည်းဖြင့် တိုက်ပွဲအကျိုးပြုအမှတ်ဆယ်သန်းကို စုဆောင်းနိုင်ခဲ့ပြီး စစ်ဦးစီးချုပ်ရာထူးအတွက် တန်ကိုင်နှင့် ယှဉ်ပြိုင်ဝံ့သောသူ ဖြစ်သည်။
ထိုသို့အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က သေဆုံးသွားပြီလော။
အဲ့ဒါ မဖြစ်နိုင်ဘူးမလား… ။
သူ့ဘေးမှ ဗိုလ်ချုပ်များ၏ မယုံကြည်နိုင်သော အမူအရာကို မြင်သောအခါ တန်ကိုင်က တဟားဟား အော်ရယ်လိုက်သည်။ ထို့နောက် သူက သူ့လက်ထဲမှ ရွှေရောင်အလင်းတန်းကို ဖော်ပြလိုက်သည်။
တိုက်ပွဲအကျိုးပြုအမှတ် သုံးသောင်းနှစ်ထောင်… ။
ယခင်ရရှိထားသော တိုက်ပွဲအကျိုးပြုအမှတ်ဆယ်သန်းက မည်သို့ပျောက်ဆုံးသွားသနည်း။
“ သူက တိုက်ပွဲအကျိုးပြုအမှတ်တွေကို လဲလှယ်လိုက်တာ ဖြစ်နိုင်တယ်… ဒါမှမဟုတ် သူသေသွားတာ ဖြစ်နိုင်တယ် ”
“ အခုလိုအခြေအနေမှာ သူက တိုက်ပွဲအကျိုးပြုအမှတ်တွေကို လဲလှယ်မယ်လို့ မင်းတို့ထင်လား ”
တန်ကိုင်က နူးညံ့စွာ ပြောသည်။ အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ယခု သူတို့က စစ်ဦးစီးချုပ်ရာထူးအတွက် တိုက်ပွဲအကျိုးပြုအမှတ်များကို အသည်းအသန် စုဆောင်းနေကြလေရာ မည်သူက သူတို့၏ တိုက်ပွဲအကျိုးပြုအမှတ်များကို အလဟဿ သုံးပစ်မည်နည်း။
သို့ဖြစ်၍ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ဟန်မူယဲ့ သေသွားခြင်းပင်။
ဟန်မူယဲ့က စစ်တပ်ရိက္ခာများအတွက် တိုက်ပွဲအကျိုးပြုအမှတ်သန်းပေါင်းများစွာကို အသုံးပြုလိမ့်မည်ဟု သူတို့အားလုံးက မတွေးမိကြချေ။
“ ဟား ဟား… ဂုဏ်ပြုပါတယ် စစ်ဦးစီးချုပ် ”
“ ဂုဏ်ပြုပါတယ် စစ်ဦးစီးချုပ် ”
တန်ကိုင်၏ ဘေးပတ်ဝန်းကျင်မှ ဗိုလ်ချုပ်အားလုံးက တန်ကိုင်ကို အရိုအသေပေးလိုက်ကြပြီး ဂုဏ်ပြုလိုက်ကြသည်။
တန်ကိုင်က မတ်တတ်ရပ်လိုက်သည်။ အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ စစ်ဦးစီးချုပ်… ဟန်မူယဲ့ သေသွားပြီဆိုတော့ သူ့ရဲ့ စစ်သည်တော်နှစ်သန်းက အခု တကွဲတပြားဖြစ်သွားလောက်ပြီ… ”
“ မဟာမူလဘုံက လက်သည်းရှည်သားရဲကလန်ရဲ့ နည်းလမ်းတွေအရ သူတို့က မကြာခင် ကျုပ်တို့ဆီ လာတိုက်ခိုက်ကြလိမ့်မယ် ”
အနက်ရောင်သံချပ်ကာဝတ် အကြီးအကဲက တန်ကိုင်ကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။
ယင်းကို ကြားသောအခါ တခြားလူများသည်လည်း မျက်နှာတည်ကြည်သွားကြသည်။
အစတွင် ဟန်မူယဲ့နှင့် သူ၏ စစ်တပ်က လက်သည်းရှည်သားရဲကလန်မှ အဓိကစစ်တပ်များ၏ အာရုံကို ဆွဲဆောင်ထားသည်။ ယခု ဟန်မူယဲ့က သေဆုံးသွားပြီး သူ၏ စစ်တပ်က တကွဲတပြားဖြစ်သွားမှတော့ လက်သည်းရှည်သားရဲကလန်၏ နောက်ပစ်မှတ်က တန်ကိုင်၏ စစ်သည်တော်ရှစ်သန်းပါဝင်သော စစ်တပ်ဖြစ်လာလိမ့်မည်။
“ ဟုတ်တယ်… လက်သည်းရှည်သားရဲကလန်က ငါတို့ဆီ ရောက်လာလိမ့်မယ် ”
တန်ကိုင်က ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ နက်နဲသိမ်မွေ့သောအလင်း ထွက်ပေါ်လာသည်။
သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အော်ပြောလိုက်သည်။
“ စစ်တပ်တွေ ထွက်ခွာဖို့ အမြန်လူစုကြမယ်… ”
“ ငါတို့တွေ မိုင်သန်းသုံးဆယ်အဝေးက တည်နေရာဆီ အမြန်ဆုံးရောက်အောင် ထွက်ခွာကြမယ်… အဲ့ဒီနေရာက စွန့်ပစ်ကုန်းမြေ… အဲ့ဒီမှာဆိုရင် လက်သည်းရှည်သားရဲကလန်က စစ်တပ်တွေ ငါတို့ကို ဝိုင်းရံတိုက်ခိုက်နိုင်မှာ မဟုတ်ဘူး ”
စွန့်ပစ်ကုန်းမြေမှာဆိုလျှင် စစ်တပ်များကို အရပ်မျက်နှာအသီးသီးသို့ ဖြန့်ကြက်နိုင်သည်။ အကယ်၍ သူတို့က လက်သည်းရှည်သားရဲကလန်မှ စစ်တပ်များဖြင့် ထိပ်တိုက် ရင်ဆိုင်ရမည်ဆိုလျှင်ပင် လွတ်လမ်းရှာဖွေနိုင်လိမ့်မည်။
ယခင်ကောင်းကင်ဘုံစစ်ပွဲများတွင် အစွမ်းထက်ရန်သူများဖြင့် ရင်ဆိုင်ရသည့်အခါ ထိုနည်းဗျူဟာက အမြဲအသုံးဝင်ခဲ့သည်။
သူတို့က အဆင့်နိမ့်ကျင့်ကြံသူများကို လူသားဒိုင်းကာအဖြစ် အသုံးပြု၍ အဓိကစစ်တပ်ကို လွတ်မြောက်စေမည်။
ဝမ်းသာပျော်ရွှင်သော အမူအရာက တန်ကိုင်၏ ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
အစေတေးခံရသည့်လူက သူတို့မဟုတ်သရွေ့ အဆင်ပြေသည်။
“ စစ်သည်တော်တွေ အမြန်စုဝေးကြ… စွန့်ပစ်ကုန်းမြေဆီ ငါတို့ထွက်ခွာကြမယ် ”
“ အပြင်ဘက်နဲ့ ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်ကြ… ငါတို့ရဲ့ ခြေရာလက်ရာတွေကို ဖုံးကွယ်ကြ… ”
…..
အဆုံးမဲ့စွာ ကျယ်ပြောသော နတ်ဆိုးမီးတောက်ပင်လယ်ထဲတွင် ရွှေရောင်မီးတောက်မီးလျှံများက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှ တစ်ဟုန်ထိုး မြှောက်တတ်လာပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။
ဟင်းလင်းပြင်ဝိညာဉ်စွမ်းအားက သူ၏ အရှေ့၌ ရစ်သိုင်းသွားသည်။
ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့များက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်၌ လှည့်ပတ်နေကြပြီး ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားနေသည်။
သူ၏ အမွှာဓားနှစ်လက်ပေါ်တွင် ရွှေရောင်မီးတောက်များက တဟုန်းဟုန်း တောက်လောင်နေသည်။
“ ဗုန်း ”
မဟာပန်သွန်ကျောက်တုံးများက သူ၏ အရှေ့သို့ ကျဆင်းလာသည်။
နောက်အခိုက်အတန့်မှာ မဟာပန်သွန်ကျောက်တုံးများက ချက်ချင်း အက်ကွဲသွားပြီး အဆုံးမဲ့သော သွေးမြူခိုးထုအဖြစ် ဖွဲ့စည်းသွားသည်။ သွေးမြူခိုးက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်အခါ သူ၏ ခန္ဓာကိုယ်က ထိန်းချုပ်မရအောင် အရွယ်အစားကြီးမားသွားသည်။
ပေတစ်သိန်းရှည်လျားသော ဧရာမခန္ဓာကိုယ်က နတ်ဆိုးမီးတောက်ပင်လယ်နှင့် ရွှေရောင်မီးတောက်မီးလျှံများကြားထဲမှာ ထွက်ပေါ်လာသည်။
ဟန်မူယဲ့၏ အနောက်တွင် စကြာဝဠာအမြောက်အများက ထွက်ပေါ်လာကြပြီး ဘေးပတ်ဝန်းကျင်မှ နတ်ဆိုးမီးတောက်နှင့် နတ်ဘုရားမီးတောက်များကို စုပ်ယူလိုက်ကြသည်။
ဤနေရာက ငရဲချောက်နက်မီးပင်လယ် ဖြစ်သည်။ ဤနေရာမှ မီးတောက်မီးလျှံများက မဟာမူလဘုံကို တဟုန်းဟုန်း လောင်ကျွမ်းသွားစေပြီး တခြားပုံရိပ်ယောင်ဘုံတစ်ခုနှင့် ချိတ်ဆက်သွားသည်။ ယင်းက ဤနေရာမှ မီးတောက်များကို အဆုံးမဲ့စွာ ကျယ်ပြောသွားစေသည်။
စကြာဝဠာနယ်မြေတစ်ခုပြီးတစ်ခုထဲမှာ မီးတောက်များဖြင့် ပြည့်နှက်သွားသည်။
ဟန်မူယဲ့၏ အနောက်တွင် စကြာဝဠာနယ်မြေတစ်ရာက ဆက်တိုက် ဖွဲ့စည်းသွားသည်။
စကြာဝဠာနယ်မြေတစ်ရာ၏ စုပေါင်းစွမ်းအားက ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှာ သိပ်သည်းသွားသည်။
စကြာဝဠာနယ်မြေများ အချင်းချင်း ပေါင်းစည်းသွားသည့်အခိုက် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
“ ဗုန်း ”
ဟန်မူယဲ့၏ အနောက်တွင် အနက်ရောင်ကျီးကန်းပုံရိပ် ထွက်ပေါ်လာသည်။
၎င်းက ခြေသုံးချောင်းရွှေကျီးကန်း မဟုတ်ပေ။ ယင်းအစား အနက်ရောင်မီးကျီးကန်း ဖြစ်သည်။
၎င်းက နတ်ဆိုးမီးတောက်စွမ်းအား၏ ဒြပ်ထည်ဖွဲ့စည်းမှု ဖြစ်သည်။ နတ်ဆိုးမီးတောက်များက အနက်ရောင်မီးကျီးကန်းအဖြစ် ဖွဲ့စည်းသွားသည်။
“ ကျီး ”
အနက်ရောင်မီးကျီးကန်းက စူးစူးဝါးဝါး အော်မြည်လိုက်သည်။ ထိုအော်သံကြောင့် အချင်းမိုင်တစ်သန်းအတွင်းမှ မိုးမြေက တိုက်ရိုက် ပြိုကွဲသွားသည်။
ယင်းက အဖျက်စွမ်းအား ဖြစ်သည်။
မိုးမြေကို လောင်ကျွမ်းပစ်နိုင်သော ခြေသုံးချောင်းရွှေကျီးကန်း၏ စွမ်းအားနှင့် နှိုင်းယှဉ်လျှင် အနက်ရောင်မီးကျီးကန်း၏ အဖျက်စွမ်းအားက ပိုပြီးကြောက်စရာကောင်းသည်။
အချင်းမိုင်တစ်သန်းဧရိယာထဲမှ မိုးမြေက အက်ကွဲသွားပြီး အနီးနားဝန်းကျင်မှ ဘုံများက ပရမ်းပတာ လှုပ်ခါသွားကြသည်။ မူလစွမ်းအားက ဖရိုဖရဲဖြစ်သွားသည်။
“ ဗုန်း ”
အက်ကွဲသွားသော မိုးမြေက ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ပြုတ်ကျလာပြီး သူ့အနောက်မှ စကြာဝဠာနယ်မြေများနှင့် ပေါင်းစည်းသွားသည်။
ထိုဖြစ်စဉ်က ထပ်တလဲလဲ ဖြစ်ပွားနေသည်။
မိုးမြေ အက်ကွဲသွားသည့်အခါတိုင်း ယင်းတို့က ဟန်မူယဲ့၏ အနောက်မှ စကြာဝဠာနယ်မြေများထဲသို့ ဝင်ရောက်သွားကြလိမ့်မည်။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
တစ်နှစ်ကြာပြီးနောက် ဟန်မူယဲ့၏ စကြာဝဠာအရေအတွက်က သုံးရာပြည့်သွားသည်။
ကျန်ခြောက်ဆယ်သာလျှင် ပုတီးစေ့များအဖြစ် ဆက်ရှိနေကြသည်။
ထို့ပြင် သူ၏ စကြာဝဠာနယ်မြေသုံးရာက ပြီးပြည့်စုံသော အခြေအနေမှာ ရှိကြသည်။
စကြာဝဠာ(၃၆၀)ကို ဖွဲ့စည်းနိုင်သော ဟန်မူယဲ့ကဲ့သို့ ပုဂ္ဂိုလ်က ဤလောကမှာ နောက်တစ်ယောက် ထပ်ရှိသေးသည်လော မသိပေ။
သို့သော် အနည်းဆုံးတော့ မဟာပန်သွန်ဘုံထဲမှ မည်သူမှ ထိုအတိုင်းအတာထိ မရောက်ရှိခဲ့ကြပေ။
“ ဝီး ”
ဟန်မူယဲ့ မျက်လုံးဖွင့်လိုက်သည့်အခါ အချင်းမိုင်တစ်သောင်းအတွင်းမှ မိုးမြေက တုန်ယင်သွားသည်။
သူ၏ ဧရာမခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပြန်ကျုံ့သွားသည်။ နောက်ဆုံးမှာ သူက ကိုးပေရှည်လျားသော လူသားအသွင်သို့ ပြောင်းလဲသွားပြီး ရွှေရောင်မီးတောက်ပင်လယ်ထဲမှာ မတ်တတ်ရပ်လိုက်သည်။
မည်သူမှ မသိလိုက်ခင်မှာ ဘေးပတ်ဝန်းကျင်မှ မီးတောက်များက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရသည်။
သူ၏ အနောက်တွင် အနက်ရောင်မီးကျီးကန်းသုံးကောင်နှင့် ခြေသုံးချောင်းရွှေကျီးကန်းငါးကောင်က မတ်တတ်ရပ်နေကြပြီး စူးစူးဝါးဝါး အော်မြည်လိုက်ကြသည်။ ၎င်းတို့က ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်လေရာ ရွှေရောင်အလင်းက ၎င်းတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
၎င်းတို့က ဟန်မူယဲ့၏ နတ်ဘုရားမီးတောက်စွမ်းအားနှင့် နတ်ဆိုးမီးတောက်များမှ ဒြပ်ထည်ဖွဲ့စည်းသွားကြခြင်း ဖြစ်သည်။
ကျီးကန်းတစ်ကောင်စီက သူ၏ ကိုယ်ပွားဖြစ်ကြသည်။
၎င်းတို့က မီးတောက်မူလစွမ်းအား၏ အထွတ်အထိပ်အခြေအနေမှာ ရှိကြပြီး အာဏာရှင်အဆင့်ထိ ကြီးထွားနိုင်သော အလားအလာကို ပိုင်ဆိုင်ထားကြသည်။ ထို့ပြင် အာဏာရှင်အဆင့်က ၎င်းတို့၏ အကန့်အသတ်မဟုတ်ပေ။ ၎င်းတို့က ဟင်းလင်းပြင်ချိုးဖြတ်အဆင့်နှင့် နတ်ဘုရားအဆင့်ကိုပင် တတ်လှမ်းနိုင်ကြလိမ့်မည်။
ထိုမီးတောက်စွမ်းအားဖြင့်ဆိုလျှင် ဟန်မူယဲ့က အာဏာရှင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များကို ထိပ်တိုက် ရင်ဆိုင်နိုင်လိမ့်မည်။
သူ၏ ဦးခေါင်းထက်မှာ အပြာရောင်ပုံရိပ်ယောင်လောကတစ်ခု ရှိသည်။
ယင်းက သူသန့်စင်ထားသော ဟင်းလင်းပြင်ချိုးဖြတ်နယ်မြေ ဖြစ်သည်။
မှန်ပေသည်။ ယင်းက ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့ မဟုတ်ပေ။ ယင်းအစား ဟင်းလင်းပြင်ချိုးဖြတ်နယ်မြေ ဖြစ်သည်။
တစ်နှစ်ကြာပြီးနောက် ချိပ်ပိတ်နယ်မြေထဲ၌ သူ့အား ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအား ထောက်ပံ့ပေးနေသော လက်သည်းရှည်သားရဲကလန်၏ စစ်တပ်က သန်းနှစ်ရာ့ငါးဆယ်အထိ ရောက်ရှိသွားသည်။
ထိုထဲမှ သန်းတစ်ရာ့နှစ်ဆယ်က သေဆုံးသွားကြသည်။
ထို့ကြောင့် ပျမ်းမျှအားဖြင့် လက်သည်းရှည်သားရဲကလန်မှ စစ်သည်တော်သန်းလေးရာနီးပါးက ဤချိပ်ပိတ်နယ်မြေထဲမှာ စုဝေးနေကြသည်။
အခြားတစ်ဖက်မှာတော့ ဟန်မူယဲ့၏ စစ်သည်တော်နှစ်သန်းက ဤတစ်နှစ်အတွင်းမှာ အကျအဆုံး အနည်းငယ်သာရှိခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူတို့အပေါ် ဟန်မူယဲ့ ချီးမြှောက်ထားသော မီးတောက်စွမ်းအားက အချိန်နှင့်အမျှ မြင့်တတ်သွားနေသောကြောင့် ဖြစ်သည်။
သူတို့ဝတ်ဆင်ထားသော မီးတောက်ချပ်ဝတ်ကို ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်သည်ပင် မချိုးဖြတ်နိုင်ပေ။
တစ်နှစ်ကြာပြီးနောက် ဟန်မူယဲ့၏ လက်အောက်မှ စစ်သည်တော်နှစ်သန်း၏ တိုက်ပွဲစွမ်းအားနှင့် ကျင့်ကြံခြင်းစွမ်းအားက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
ဟွမ်ချန်းမင်နှင့် တခြားဗိုလ်ချုပ်များက ယခု ကောင်းကင်ဘုံလျှို့ဝှက်ချက်ထက် ပိုပြီးမြင့်သော ကမ္မအဆင့်သို့ ရောက်ရှိသွားကြသည်။
ကမ္မအဆင့် အစွမ်းထက်ကျင့်ကြံသူများက စုစုပေါင်းသုံးရာရှိကြသည်။ သူတို့အားလုံးက ဗိုလ်ချုပ်များ ဖြစ်ကြသည်။
ကျန်စစ်သည်တော်များထဲတွင် အားအနည်းဆုံးလူက ကနဦးမူလအဆင့်မှာ ဖြစ်သည်။
တာအိုအဆင့်မှ ကနဦးမူလအဆင့်သို့ တတ်လှမ်းရန် တစ်နှစ်သာကြာမြင့်ခဲ့သည်။
ဟန်မူယဲ့နောက်သို့ လိုက်ရန် ရွေးချယ်ခဲ့သော ကောင်းကင်ဘုံအစောင့်တပ်ဖွဲ့သည်တော့ ယခု သူတို့ထဲမှ စစ်သည်တော်တစ်သန်းက စကြာဝဠာအဆင့်သို့ တတ်လှမ်းသွားကြသည်။
စကြာဝဠာအဆင့် စစ်သည်တော်တစ်သန်း… ။
ထိုသို့စစ်တပ်က ကုန်းမြေတစ်ခုထဲမှ မည်သည့်အင်အားစုကိုမဆို အမြစ်ဖြတ်ချေမှုန်းပစ်နိုင်သည်။
ထိုသို့ကြောက်မက်ဖွယ်ကောင်းသော စစ်တပ်က အဝေးမှ ချဉ်းကပ်လာနေကြသော လက်သည်းရှည်သားရဲကလန်၏ စစ်တပ်များကို ခြိမ်းခြောက်နိုင်ပေသည်။
ယခု မဟာပန်သွန်ဘုံမှ စစ်သည်တော်နှစ်သန်းက ချိပ်ပိတ်နယ်မြေထဲတွင် နယ်မြေသိမ်းပိုက်ခြင်းကို စတင်ဆောင်ရွက်လိုက်ကြသည်။
“ စစ်ဦးစီးချုပ်… စီနီယာပြောတဲ့ မူမမှန်တဲ့နေရာကို ကျုပ်တို့ရှာတွေ့ပါပြီ ”
ရွှေရောင်ဂိတ်တံခါးများထဲတွင် ပုံရိပ်တစ်ခုက ထွက်လျှောက်လာပြီး ဟန်မူယဲ့ကို အရိုအသေပေးလိုက်သည်။
မူမမှန်သောနေရာ… ။
ချိပ်ပိတ်နယ်မြေထဲမှာ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ရှိသည်။
ယင်းက ကောင်းကင်ဘုံအစောင့်တပ်နှင့် ကျန်းကောင်းကင်ဘုံဓားဂိုဏ်းကို ထိန်းချုပ်နိုင်သော တုံကင်ဖြစ်သည်။
“ ကောင်းတယ်… ငါတစ်ချက်သွားကြည့်မယ် ”
ဟန်မူယဲ့က မထူးမခြားနား ပြောသည်။ နောက်အခိုက်အတန့်မှာ သူက ဂိတ်တံခါးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
…..
လဝက်ကြာပြီးနောက် ရွှေရောင်ဂိတ်တံခါးများ၏ အပြင်ဘက်တွင် ပုံရိပ်ရှစ်ခုက ဆင်းသက်လာကြသည်။
“ ဒီနေရာက ဟန်မူယဲ့ ငါတို့ကို စောင့်နေဖို့ ပြောခဲ့တဲ့နေရာပဲ ”
အနက်ရောင်ဝတ်စုံဝတ် အကြီးအကဲတစ်ယောက်က ဘေးဘီကို စစ်ဆေးကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။ ထို့နောက် သူ၏ အကြည့်က ရွှေရောင်ဂိတ်တံခါးများပေါ်သို့ ကျရောက်သွားသည်။
ထိုအကြီးအကဲ၏ စကားက သူ့အနောက်မှ လိုက်လာသော မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်၏ မျက်နှာကို ဒေါသဖြင့် ပြည့်နှက်သွားစေသည်။
“ ဟွန့်… စစ်တပ်ကို အပြည့်အဝ မထိန်းချုပ်နိုင်သေးတဲ့ စစ်ဦးစီးချုပ်တစ်ယောက်ကများ ငါတို့လို အာဏာရှင်အဆင့် ပညာရှင်တွေကို အမိန့်ပေးရဲတယ်လား ”
တခြားလူများသည်လည်း မျက်နှာမကြည်မသာ ဖြစ်သွားကြသည်။
“ အကိုကျိုး… သူက ကျုပ်တို့ကို ဖိတ်ခေါ်ဖို့ တိုက်ပွဲအကျိုးပြုအမှတ်သန်းရှစ်ရာတောင် အသုံးပြုခဲ့တာလေ ”
“ သူက အလုပ်ရှင်… အမိန့်ပေးခန်းမရဲ့ စည်းမျဉ်းတွေအရ ကျုပ်တို့က အလုပ်လုပ်ရမယ်… တခြားကိစ္စတွေကို ဝင်စွက်ဖက်စရာမလိုဘူး ”
အနက်ရောင်ဝတ်စုံဝတ် ခေါင်းဆောင်အကြီးအကဲက ပြောသည်။
“ ခဏစောင့်ရအောင်… စစ်ဦးစီးချုပ်ဟန် ကျုပ်တို့ကို လှုပ်ရှားခိုင်းတဲ့အထိ စောင့်ရအောင် ”
“ ကျုပ် အတော်လေး စိတ်ဝင်စားတယ်… ရန်သူက ဘယ်လောက်အားကောင်းလို့ အာဏာရှင်ရှစ်ယောက် လှုပ်ရှားဖို့တောင် လိုအပ်တာလဲ ”
“ ဒါ့အပြင် ဒီစစ်ဦးစီးချုပ်ဟန်က တိုက်ပွဲအကျိုးပြုအမှတ်သန်းရှစ်ရာကို ဘယ်လိုစုဆောင်းနိုင်ခဲ့လဲ ကျုပ်သိချင်မိတယ် ”
“ တကယ်တော့ အခု တိုက်ပွဲအကျိုးပြုအမှတ်သန်းရှစ်ရာ မဟုတ်တော့ဘူး… ”