အခန်း (၁၆၄၅)
Vol. 118 Ch. 1645
အာဏာရှင်အဆင့် ကျင့်ကြံသူများသည် သူတို့၏ သက်ဆိုင်ရာကုန်းမြေများတွင် အထွတ်အထိပ်ပညာရှင်များ ဖြစ်ကြသည်။
ဝူလင်းကုန်းမြေ၏ အစောင့်အရှောက်ရွှေနန်းတော်က ဤတစ်ကြိမ်တာဝန်အတွက် အာဏာရှင်ရှစ်ပါးကို စုဝေးခဲ့သော်လည်း ယင်းက သူတို့အတွက် လွယ်ကူသောအလုပ် မဟုတ်ပေ။
အာဏာရှင်တစ်ပါး တံခါးပိတ်ကျင့်ကြံမည်ဆိုလျှင် အနည်းဆုံး နှစ်ပေါင်းရာနှင့်ချီ ကြာမြင့်လိမ့်မည်။
သို့ဖြစ်၍ အာဏာရှင်ရှစ်ပါးက တစ်နှစ်အတွင်း မဟာမူလဘုံဆီသို့ ရောက်လာခြင်းမှာ အံ့ဖွယ်ကောင်းသောကိစ္စ ဖြစ်သည်။
ထိုသို့ဖြစ်ရသည့် အဓိကအကြောင်းအရင်းမှာ ဟန်မူယဲ့က တိုက်ပွဲအကျိုးပြုအမှတ်သန်းရှစ်ရာကို ပေါပေါပဲပဲ အသုံးပြုခဲ့သောကြောင့် ဖြစ်သည်။ ယင်းက ဝူလင်းကုန်းမြေမှ အစောင့်အရှောက်ရွှေနန်းတော်၏ စိတ်ဝင်စားမှုကို ရရှိသွားသည်။
ထို့ကြောင့် သူတို့က အာဏာရှင်ရှစ်ပါးကို အမြန်စုဝေးရန် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
တခြားအကြောင်းအရင်းမှာ ဤတစ်နှစ်အတွင်း ဟန်မူယဲ့နှင့် သူ၏ လက်အောက်ငယ်သားများ စုဆောင်းခဲ့သော တိုက်ပွဲအကျိုးပြုအမှတ်က အစောင့်အရှောက်ရွှေနန်းတော်ထဲမှ အရာရှိများကို အံ့ဩစေခဲ့သည်။
“ တစ်နှစ်တည်းနဲ့ တိုက်ပွဲအကျိုးပြုအမှတ်သန်းရှစ်ရာကို စုဆောင်းနိုင်ခဲ့တယ်… ငါမှတ်မိသလောက်တော့ အဲ့ဒီရလဒ်ကို အထက်ကောင်းကင်နယ်မြေသုံးခုနဲ့ တိုက်ခိုက်ခဲ့တဲ့ ကောင်းကင်ဘုံစစ်ပွဲတွေမှာပဲ မြင်တွေ့နိုင်တယ် ”
ဝတ်စုံရှည်ဝတ်ဆင်ထားသော မုတ်ဆိတ်ဖြူအကြီးအကဲက တိုးညင်းစွာ ပြောသည်။
သူ့ဘေးမှ အစိမ်းရောင်ဝတ်စုံဝတ် အကြီးအကဲက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“ အထက်ကောင်းကင်နယ်မြေသုံးခုနဲ့ စစ်ပွဲအကြောင်းကို ပထမအကြိမ် ငါကြားတော့ အံ့ဩသွားခဲ့တယ်… အဲ့ဒါက ယုံကြည်ဖို့ ခဲယဉ်းတယ်လို့ ငါခံစားမိတယ် ”
“ အင်မော်တယ်မင်းဆက် တော်ဝင်မိသားစုရဲ့ အင်အားက အပြင်လူတွေ စိတ်ကူးမယဉ်နိုင်အောင် ကြီးမားတယ် ”
“ မင်းတို့ဘယ်လိုထင်လဲ… အဲ့ဒီဟန်မူယဲ့က အင်မော်တယ်မင်းဆက် တော်ဝင်မိသားစုရဲ့ တစ်ယောက်ယောက်လား… မဟုတ်ရင် ဘာလို့ သူက အဲ့လောက်များတဲ့ တိုက်ပွဲအကျိုးပြုအမှတ်တွေကို စုဆောင်းနိုင်တာလဲ ”
သူ၏ စကားက ဘေးပတ်ဝန်းကျင်မှ အကြီးအကဲများကို ဇဝေဇဝါဖြစ်သွားစေသည်။ ထို့နောက် သူတို့က ခေါင်းယမ်းလိုက်ကြသည်။
အဖြေကို မည်သူသိနိုင်မည်နည်း။
အာဏာရှင်အဆင့် ကျွမ်းကျင်ပညာရှင်များသည်ပင် အင်မော်တယ်မင်းဆက် တော်ဝင်မိသားစု၏ ကိစ္စများကို မခန့်မှန်းဝံ့ကြချေ။
“ စောင့်ကြည့်ရအောင်… သူ့လက်ထဲက တိုက်ပွဲအကျိုးပြုအမှတ်သန်းရှစ်ရာနဲ့ဆိုရင် ကောင်းကင်ဘုံကို ခြေတစ်လှမ်းတည်းနဲ့ တတ်လှမ်းနိုင်လိမ့်မယ်… အစောင့်အရှောက်ရွှေနန်းတော်ကို တိုက်ရိုက် ဝင်ရောက်ဖို့က သူ့အတွက် ခက်ခဲတဲ့အရာ မဟုတ်ဘူး ”
ခေါင်းဆောင်အကြီးအကဲက ခေါင်းယမ်းလိုက်ပြီး သူ၏ အရှေ့မှ ရွှေရောင်ဂိတ်တံခါးများကို ကြည့်လိုက်သည်။
“ ဂိတ်တံခါးထဲက စွမ်းအားက ငါ့ရဲ့ ဝိညာဉ်ကိုတောင် တုန်လှုပ်သွားစေတယ်… ဒီတစ်ကြိမ် ငါတို့သတိထားရလိမ့်မယ် ”
တခြားအာဏာရှင်ခုနစ်ပါးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲမှာ တောက်ပသော နတ်ဘုရားအလင်း ထွက်ပေါ်လာသည်။
…..
ချိပ်ပိတ်ကုန်းမြေ… ။
အစိမ်းရောင်တောင်တန်းဒေသတစ်ခုပေါ်ဝယ် ဟန်မူယဲ့က လက်နောက်ပစ်လျက် မတ်တတ်ရပ်နေသည်။
သူ၏ အနောက်တွင် ရှုဖုန်းယန်က အလွန်အားကောင်းသော သွေးချီအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ရှုကျိချူးနှင့် တခြားလူများ၏ လက်ထဲမှ ဓားပေါ်တွင် ရွှေရောင်အလင်းက ထွန်းလင်းတောက်ပနေသည်။
ယခု ရှုဖုန်းယန်နှင့် တခြားလူများက ယင်ယန်အဆင့်သို့ တတ်လှမ်းသွားကြသည်။
သူတို့၏ ကျင့်ကြံခြင်းအဆင့်က ပိုပြီးမြင့်တတ်လာပြီး သူတို့၏ တိုက်ပွဲစွမ်းအားက ပိုပြီးအားကောင်းလာလေ ဟန်မူယဲ့အပေါ် သူတို့၏ ကြည်ညိုလေးစားမှုက ပိုပြီးနက်ရှိုင်းလာလေပင်။
တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းက ပိုပြီးမြင့်မားလာသည့်အခါ သူတို့မြင်နိုင်သောအရာက ပိုပြီးကျယ်ပြောသွားသည်။ ထို့အတူ ကျင့်ကြံခြင်းလမ်းစဉ်က မည်မျှခက်ခဲကြမ်းတမ်းကြောင်း သူတို့နားလည်သွားကြသည်။
ဟန်မူယဲ့ပေးသော အခွင့်အရေးကြောင့်မဟုတ်လျှင် သူတို့က ဤဘဝမှာ ယင်ယန်အဆင့်သို့ မည်သည့်အခါမှ တတ်လှမ်းနိုင်လိမ့်မည် မဟုတ်ချေ။ ယင်ယန်အဆင့်ထက် ပိုမြင့်သော တခြားနယ်ပယ်များသည်တော့ တစ်ခါမှ သူတို့စိတ်မကူးဝံ့သောအရာ ဖြစ်၏။
သေခြင်းရှင်ခြင်း၊ ကောင်းကင်ဘုံလျှို့ဝှက်ချက်၊ ကမ္မ၊ သံသရာစက်ဝန်းနှင့် အာဏာရှင်အဆင့် ယင်းတို့က အတိတ်မှာ တစ်ခါမှ သူတို့မစဉ်းစားဖူးသောအရာ ဖြစ်သည်။
“ ဆရာ… ကျုပ်တို့တွေ စစ်ဆေးကြည့်ပြီးပါပြီ… အရှေ့က တောင်ထွတ်က ပုံရိပ်ယောင်ကုန်းမြေဆီ ဦးတည်နေပါတယ်… ဟွမ်ချန်းမင်နဲ့ တခြားစီနီယာတွေတောင် အထဲမဝင်နိုင်ကြပါဘူး ”
ရှုဖုန်းယန်က ဟန်မူယဲ့ကို ရိုသေလေးစားစွာ ပြောသည်။
ဟန်မူယဲ့၏ အကြည့်က ပုံရိပ်ယောင်တောင်ထွတ်ပေါ်သို့ ကျရောက်သွားသည်။ ရွှေရောင်မီးတောက်က သူ၏ မျက်လုံးထဲမှာ ထွန်းလင်းသွားသည်။
လျှပ်တစ်ပြက်အတွင်းမှာ မီးတောက်များက အချင်းမိုင်တစ်သောင်းဧရိယာကို ဖြန့်ကြက်သွားသည်။
ဒဏ္ဍာရီလာ မီးတောက်နတ်သားရဲခုနစ်ကောင်က မီးတောက်များကြားထဲမှ ထွက်ပေါ်လာကြသည်။ ၎င်းတို့၏ ပေတစ်သိန်းရှည်လျားသော ခန္ဓာကိုယ်က လှုပ်ခါသွားပြီး ၎င်းတို့၏ အော်မြည်သံက မိုးမြေကြားမှာ ဆက်တိုက် ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ ၎င်းတို့က မိုးမြေထဲမှ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အလားပင်။
အနက်ရောင်မီးကျီးကန်း… ။
ခြေသုံးချောင်းရွှေကျီးကန်း… ။
မီးတောက်မူလစွမ်းအားနှင့် ချိတ်ဆက်ထားသော ဤချိပ်ပိတ်နယ်မြေက ဤအခိုက်အတန့်မှာ အသက်ဝင်လာသည်။ ဟန်မူယဲ့၏ လှုံ့ဆော်ပေးမှုအောက်မှာ မီးတောက်မူလစွမ်းအားက ပြန်ရောက်လာပြီး မီးတောက်မီးလျှံများက မိုင်သန်းပေါင်းများစွာအဝေးသို့ ပျံ့နှံ့သွားသည်။
ဤနေရာမှ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ အကြွင်းအကျန်များက ချက်ချင်း ဖိနှိပ်ခံလိုက်ကြရသည်။
ချိပ်ပိတ်နယ်မြေထဲတွင် ပုံရိပ်ယောင်သက်ရှိများက အစုလိုက်အပြုံလိုက် ထွက်ပေါ်လာကြသည်။
၎င်းတို့က ဤချိပ်ပိတ်နယ်မြေထဲမှာ ဖိနှိပ်ခံထားကြရသော အစွမ်းထက် ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ဝင်များ ဖြစ်ကြသည်။ ၎င်းတို့က အာဏာရှင်အဆင့်မှာ မဟုတ်သော်လည်း အာဏာရှင်အဆင့်အောက်မှာ အသန်မာဆုံး ဖြစ်ကြသည်။
ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ဝင်များသည် ဟင်းလင်းပြင်ဝိညာဉ်စွမ်းအား၏ အားဖြည့်ပေးမှုကြောင့် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ထက် သာလွန်သော တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်နိုင်ကြသည်။ အကယ်၍ ဤနေရာသာ ချိပ်ပိတ်နယ်မြေမဟုတ်လျှင် ၎င်းတို့က အာဏာရှင်အဆင့် တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်နိုင်ကြလိမ့်မည်။
ဤအခိုက်အတန့်မှာ ထိုဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ဝင်များက စွမ်းအားတစ်ခုခု၏ လှုံ့ဆော်မှုကြောင့် ဟန်မူယဲ့ထံသို့ အလျှင်အမြန် ပြေးသွားကြသည်။
“ အဲ့ဒါ… အဲ့ဒါ သံသရာစက်ဝန်းအဆင့် စွမ်းအား ”
လက်သည်းရှည်သားရဲကလန်၏ စစ်သည်တော်တစ်သောင်းကို ကွပ်ကဲနေသော ခေါင်းဆောင်တစ်ယောက်က အဝေးမှ ပြေးလာနေသော ဟင်းလင်းပြင်ဝိညာဉ်တစ်ကောင်ကို မြင်သွားသောအခါ ကြောက်လန့်တုန်လှုပ်သွားပြီး မျက်နှာဖြူဖျော့သွားသည်။
ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က ထိုနေရာမှာ ပုန်းအောင်းနေလိမ့်မည်ဟု ၎င်းမမျှော်လင့်ထားပေ။
အကယ်၍ သံသရာစက်ဝန်းအဆင့် ထိုပုဂ္ဂိုလ်သာ လှုပ်ရှားမည်ဆိုလျှင် ၎င်း၏ စစ်သည်တော်တစ်သောင်းက သေချာပေါက် ပြာမှုန်ဖြစ်သွားလိမ့်မည်။
အဝေးမှ ကောင်းကင်ယံတွင် အစွမ်းထက် ဟင်းလင်းပြင်ဝိညာဉ်များက ထွက်ပေါ်လာကြသည်။
စိမ်းစိုသော တောင်တန်းဒေသ၏ အရှေ့မှာ မတ်တတ်ရပ်နေသော ဟန်မူယဲ့၏ ကျောနောက်မှာ ရွှေရောင်မီးတောက်အတောင်ပံတစ်စုံ ထွက်ပေါ်လာသည်။ ထွန်းလင်းတောက်ပသော မီးလျှံက သူ၏ မျက်လုံးထဲမှာ သိပ်သည်းသွားသည်။
ဒဏ္ဍာရီလာ မီးတောက်နတ်သားရဲခုနစ်ကောင်က ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားကြပြီး အဆုံးမဲ့သော မီးတောက်စွမ်းအားကို ဟန်မူယဲ့ထံသို့ ထည့်သွင်းပေးလိုက်သည်။
“ ဗုန်း ”
မီးတောက်မီးလျှံများကြားဝယ် ဟန်မူယဲ့က ဓားတစ်ချက်ကို ထုတ်လွှတ်လိုက်သည်။
သူ့အရှေ့မှ ပုံရိပ်ယောင်တောင်ထွတ်များက အလယ်မှ နှစ်ခြမ်းကွဲထွက်သွားကြသည်။ နောက်အခိုက်အတန့်မှာ တောင်ထွတ်အားလုံးက အငွေ့ပျံသွားပြီး ပေတစ်သောင်းကြီးမားသော ဧရာမကျောက်စိမ်းချိပ်တံဆိပ်တစ်ခုက ထွက်ပေါ်လာသည်။
ထိုချိပ်တံဆိပ် ထွက်ပေါ်လာသည်နှင့်ချက်ချင်း အဆုံးမဲ့သော ဓားအလင်းက အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။
“ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ် ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လေရာ သူ၏ သွေးချီအနှစ်သာရက ရုတ်တရက် ပေါက်ကွဲသွားသည်။
ချိပ်တံဆိပ်အောက်သို့ သူရောက်ရှိသွားသည့်အခါ ဧရာမစာလုံးကြီးလေးလုံးကို မြင်သွားသည်။
“ မိုးနဲ့ မြေကို ထာဝရ ဖိနှိပ်မယ် ”
ထိုစာလုံးကြီးလေးလုံးကို ချိပ်တံဆိပ်၏ မျက်နှာပြင်ပေါ်မှာ ရေးထွင်းထားသည်။
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး သူ၏ လက်ကို ချိပ်တံဆိပ်ပေါ်သို့ ဖိကပ်လိုက်သည်။
ထိုအခါ အရေအတွက် အကန့်အသတ်မဲ့သော ဓားအလင်းစီးကြောင်းများက သူ့အပေါ်သို့ ကျဆင်းလာကြသည်။
မရေမတွက်နိုင်သော ဓားအလင်းများထဲ၌ ဓားအလင်းတစ်ခုစီက ကြယ်တစ်လုံးပမာ ထွန်းလင်းတောက်ပကြသည်။
အသင်္ချေဓားအလင်းများက ဘီလီယံနှင့်ချီသော ကြယ်များသဖွယ် အောက်သို့ တစ်ပြိုင်နက် ဆင်းသက်လာကြသည်။ အလွန်ကျယ်ပြောသော မိုးမြေသည်ပင် ယင်းတို့ကို မထိန်းသိမ်းနိုင်ဟန် ရ၏။
ဓားလား… ။
ဤဘဝတွင် ဟန်မူယဲ့ မကြောက်ဆုံးအရာက ဓားဖြစ်သည်။
သူ၏ ဘေးပတ်ဝန်းကျင်တွင် ထွန်းလင်းတောက်ပသော ဓားအလင်းများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။
မည်မျှများပြားသော ဓားအလင်းများက ကောင်းကင်ပေါ်မှ ဆင်းသက်လာပါစေ ယင်းတို့က ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှ ဓားအလင်းများဖြင့် တားဆီးခံလိုက်ကြရသည်။
လေးလံသော ဓားအလင်းဖြစ်စေ ပေါ့ပါးသော ဓားအလင်းဖြစ်စေ ယင်းတို့က ဓားဖြစ်နေသရွေ့ ဟန်မူယဲ့ကို ထိခိုက်အောင် မလုပ်နိုင်ပေ။
ကြယ်ဖြစ်တော့ရော ဘာအရေးလဲ… ။
မိုးမြေဖြစ်တော့ရော ဂရုစိုက်ရမှာလား… ။
ဓားတာအိုတွင် ဟန်မူယဲ့က မည်သူ့ကိုမှ မကြောက်ပေ။
အဝေးတွင် ရှုဖုန်းယန်နှင့် တခြားလူများက ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ ဘီလီယံနှင့်ချီသော ဓားအလင်းများက အချင်းချင်း ပွတ်တိုက်သွားကြပြီး ပျက်စီးသွားနေကြောင်း သူတို့မြင်သွားကြသည်။
သူတို့က ထိုထဲမှ ဓားတစ်လက်ကိုပင် မခုခံနိုင်မည်ကို စိုးရိမ်ရသည်။
“ လက်စသတ်တော့ ငါ့ဆရာ အသန်မာဆုံးအရာက ဓားတာအိုကို… ”
စုကြွယ်ရှန့်က စိတ်လှုပ်ရှားစွာ တီးတိုးရေရွတ်လိုက်သည်။
သူ့ဆရာ၏ မီးတောက်စွမ်းအားက အသန်မာဆုံးဖြစ်မည်ဟု သူတွေးခဲ့သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူ့ဆရာ၏ အသန်မာဆုံးစွမ်းအားက ဓားတာအိုဖြစ်ကြောင်း သူနားလည်သွားသည်။
“ မီးတောက်… မိုးကြိုး… ဓားတာအို… ”
အဝေးမှ စစ်တပ်တစ်တပ်၏ အရှေ့မှာ မတ်တတ်ရပ်နေသော ဟွမ်ချန်းမင်က ကြောက်ရွံ့စွာ ရေရွတ်လိုက်သည်။
“ ဘာလို့ လူတစ်ယောက်က အဲ့လောက်တောင် သန်မာရတာလဲ… သူ့လိုလူက စစ်သည်တော်ဆယ်သန်းကို အုပ်ချုပ်ရတဲ့ စစ်ဦးစီးချုပ်ရာထူးကို ဘယ်လိုလုပ် တကယ်စိတ်ဝင်စားမှာလဲ ”
သူ၏ ဘေး၌ အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော ဗိုလ်ချုပ်တစ်ယောက်က ခေါင်းမော့လိုက်သည်။ ကမ္မစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေစဉ် စိတ်လှုပ်ရှားသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ဗိုလ်ချုပ်ဟွမ်… အဲ့ဒီလိုပုဂ္ဂိုလ်နောက်ကို လိုက်ရတာ စိတ်လှုပ်ရှားဖို့ မကောင်းဘူးလား ”
သူ့စကားကို ကြားသောအခါ ဟွမ်ချန်းမင်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
“ ဒါပေါ့… ဒီနေ့လို အဖြစ်အပျက်မရှိခဲ့ရင်တောင် ကျုပ်ဟွမ်ချန်းမင်က စစ်ဦးစီးချုပ်နောက်ကို သေတဲ့အထိ လိုက်သွားမှာ ”
“ ဗုန်း ”
အရှေ့တွင် မရေမတွက်နိုင်သော ဓားအလင်းများက မိုးမြေကြားထဲမှာ အပြန်အလှန် ဆန့်ကျင်လိုက်ကြပြီး ပေါက်ကွဲသွားကြသည်။
အစိမ်းရောင်ချိပ်တံဆိပ်ထဲတွင် မိုးမြေစွမ်းအင်အလွှာများက ပေါ်လျှိုးလာကြပြီး ဟန်မူယဲ့ပေါ်သို့ ဖိကျလာကြသည်။
ယင်းတို့က ဟန်မူယဲ့ကို အသားပြားဖြစ်ရန် ဖိချချင်နေကြသည်။
ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်တွင် ဓားအလင်းတစ်ခုက နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။ ဧရာမနဂါးက မိုးကောင်းကင်ကို ဖုံးကွယ်လုနီးပါး ထွက်ပေါ်လာသည်။
နဂါးက လေထဲမှာ မိုးမြေစွမ်းအင်အလွှာများဖြင့် တွေ့ဆုံသွားသည်။
တစ်ဖက်မှာတော့ ဟန်မူယဲ့က အစိမ်းရောင်ချိပ်တံဆိပ်ကို လက်တစ်ဖက်ဖြင့် မမြှောက်လိုက်သည်။
ထိုချိပ်တံဆိပ်က ဘုံဘီလီယံနှင့်ချီ လေးလံသည်။ သို့တိုင်အောင် ဟန်မူယဲ့က ချိပ်တံဆိပ်ကို လက်တစ်ဖက်တည်းဖြင့် မမြှောက်နိုင်သည်။
ထိုချိပ်တံဆိပ်ထဲမှာ ဘီလီယံနှင့်ချီသော ဓားအလင်းများနှင့် ကြယ်များက ကိန်းအောင်းနေသော်လည်း ယင်းတို့က ဟန်မူယဲ့ကို နည်းနည်းမှ ထိခိုက်အောင် မလုပ်နိုင်ကြပေ။
ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး အဝေးမှ ကောင်းကင်ကို ကြည့်လိုက်သည်။
သူ၏ ဦးခေါင်းပေါ်မှ အစိမ်းရောင်ချိပ်တံဆိပ်သည် သန့်စင်ခံရမည်ကို ကြောက်ရွံ့နေသည့်အလား အဆုံးမဲ့သော ဓားအလင်းများကို ထုတ်လွှတ်၍ ဟန်မူယဲ့၏ လက်ထဲမှ ရုန်းထွက်နိုင်ရန် အပြင်းအထန် ကြိုးစားလိုက်သည်။
အဝေးတွင် ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ အစွမ်းထက်ပုဂ္ဂိုလ်များက ထွက်ပေါ်လာကြသည်။
“ စစ်ဦးစီးချုပ်ကို ကာကွယ်ကြ ”
“ စစ်ဦးစီးချုပ်အတွက် ရန်သူတွေကို တားဆီးကြ… ”
“ ဆရာ့ကို ကာကွယ်ကြမယ် ”
အော်သံများက ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှာ စုဝေးနေသော စစ်သည်တော်နှစ်သန်းထံမှ ထွက်ပေါ်လာသည်။
အဝေးတွင် လက်သည်းရှည်သားရဲကလန်မှ စစ်တပ်များက အရပ်မျက်နှာအသီးသီးသို့ ဖြန့်ကြက်သွားကြသည်။
လက်သည်းရှည်သားရဲကလန်သည် ဟန်မူယဲ့ကို ကယ်တင်ရန် ဆန္ဒမရှိပေ။
“ သူ့ကို သတ်… အဲ့ဒါဆို ချိပ်တံဆိပ်က သူ့ဘာသာ ကျိုးပြတ်သွားလိမ့်မယ် ”
“ အဲ့ဒီချိပ်တံဆိပ်ကို ယူနိုင်မယ်ဆိုရင် ငါတို့ရဲ့ တာဝန်အောင်မြင်ပြီ… အဲ့ဒီအခါကျရင် နတ်ဘုရားသခင်က ငါတို့ကို ပြန်ဆင့်ခေါ်လိမ့်မယ် ”
အော်သံများက အဝေးမှ ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ အစွမ်းထက်ပုံရိပ်(၃၂)ယောက်က အမြန်ချဉ်းကပ်လာကြသည်။
ဟင်းလင်းပြင်ဝိညာဉ်များက ဟန်မူယဲ့၏ တည်နေရာဆီသို့ ပြေးသွားကြပြီး ကောင်းကင်ပေါ်မှ ချိပ်တံဆိပ်ကို လုယက်ရန် ကြိုးစားလိုက်ကြသည်။
အစိမ်းရောင် ကျောက်စိမ်းချိပ်တံဆိပ်ကို ကိုင်ထားသော ဟန်မူယဲ့က သူ၏ သွေးချီစွမ်းအားနှင့် ဓားအလင်းကို ထုတ်လွှတ်လိုက်သည်။ သူ၏ ဘေးပတ်ဝန်းကျင်၌ ရစ်ပတ်နေသော ဓားနဂါးက မိုးကောင်းကင်ကို မော့ကြည့်၍ ဟိန်းဟောက်လိုက်သည်။
ဤအခိုက်အတန့်မှာ သူ၏ တိုက်ပွဲစိတ်ဆန္ဒက မိုးမြေကို ဆုတ်ဖြဲပစ်နိုင်ဟန် ရ၏။
“ ငါ ဟန်မူယဲ့က အသင်္ချေဓားအလင်းနဲ့ အသင်္ချေကြယ်တွေကို သယ်ပိုးထားတယ်ဆိုရင်တောင် မင်းတို့လောက်ကိုတော့ ကြက်ကလေး ငှက်ကလေးတွေလို သတ်ပစ်နိုင်ပါသေးတယ်… ”