အခန်း (၁၆၄၆)
Vol. 118 Ch. 1646
ဟန်မူယဲ့က ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို သူ၏ လက်ထဲမှာ ဆုပ်ကိုင်ထားစဉ် အဆုံးမဲ့စွာ ရှည်လျားသော ဓားနဂါးက သူ၏ ဘေးပတ်ဝန်းကျင်မှာ လှည့်ပတ်နေသည်။ နောက်အခိုက်အတန့်မှာ သူက အော်လိုက်လေရာ အချင်းမိုင်တစ်သန်းအတွင်းမှ မိုးမြေနှင့် တိမ်တိုက်များက လွင့်ပြယ်သွားကြသည်။
သူက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်(၃၂)ယောက်ဖြင့် ရင်ဆိုင်နေရသော်လည်း ၎င်းတို့ကို ကြက်ကလေး ငှက်ကလေးများသဖွယ် သတ်ပစ်နိုင်သည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။
ဤလောကမှာ မည်သူက ထိုသို့ရဲတင်းနိုင်မည်နည်း။
“ ဂျိန်း ”
အဆုံးမဲ့သော မိုးကြိုးသွားများက မိုးရေစက်များသဖွယ် အောက်သို့ ကျဆင်းလာကြသည်။ နောက်အခိုက်အတန့်မှာ မိုးကြိုးပင်လယ်က ကောင်းကင်ပေါ်မှာ ဖွဲ့စည်းသွားသည်။
မီးတောက်နတ်သားရဲခုနစ်ကောင်က ၎င်းတို့၏ အတောင်ပံများကို တဖျပ်ဖျပ်ခတ်လိုက်ကြစဉ် ဓားနဂါးက လေပေါ်သို့ ပျံတတ်သွားသည်။
မိုးကြိုးက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး မီးတောက်မီးလျှံများက သံချပ်ကာတစ်စုံအဖြစ် ဖွဲ့စည်းသွားသည်။
ရွှေရောင်ဓားနှစ်လက်က သူ၏ အရှေ့မှာ တိတ်တဆိတ် မျောလွင့်နေကြသည်။
သူ၏ ဦးခေါင်းပေါ်မှ အစိမ်းရောင် ကျောက်စိမ်းချိပ်တံဆိပ်က အဆုံးမဲ့သော ဓားအလင်းကို ထုတ်လွှတ်နေသည်။
မီးကြိုးပင်လယ်… ။
မီးတောက်ပင်လယ်… ။
ဓားပင်လယ်… ။
ပုံရိပ်တစ်ခုက အရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားသည်။
ဟန်မူယဲ့က သံသရာစက်ဝန်းအဆင့်ထက် ကျော်လွန်သော မည်သည့်စွမ်းအားကိုမှ မဖော်ပြချေ။ သို့သော်လည်း အရှေ့သို့ သူလျှောက်သွားသည်နှင့် ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်(၃၂)ယောက်က ခြေတစ်လှမ်း အနောက်ဆုတ်လိုက်ကြသည်။
ထိုခြေတစ်လှမ်းက အစောနက ၎င်းတို့စုဝေးထားခဲ့သော အရှိန်အဟုန်ကို ပြိုကွဲသွားစေသည်။
ဟန်မူယဲ့က ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူ၏ အရှေ့မှ ဓားနှစ်လက်က အရှေ့သို့ တန်းမတ်စွာ ပျံသန်းသွားသည်။
မူလဝိညာဉ်ဓားနှစ်လက်က မီးနဂါးများအဖြစ် အသွင်ပြောင်းလဲသွားကြပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ မီးပင်လယ်နှင့် တိုက်ရိုက် ပေါင်းစည်းသွားကြသည်။
“ သတ် ”
အလွန်ကျယ်လောင်သော အော်သံက အသူရာချောက်နက်ထဲမှ ထွက်ပေါ်လာသည့်အလား အဆုံးမဲ့သော အေးစက်မှုနှင့် ထက်ရှမှုကို သယ်ဆောင်ထားသည်။
ယင်းက ဓားဟုတ်သကဲ့သို့ မီးတောက်လည်း ဟုတ်၏။
ဤအခိုက်အတန့်မှာ ချိပ်ပိတ်နယ်မြေထဲမှ မီးတောက်များက အသက်ဝင်လာဟန် ရ၏။ မီးတောက်မီးလျှံများက မည်သူမှ မော်မကြည့်နိုင်သော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ဓားနှစ်လက်မှ အသွင်ပြောင်းလဲသွားသော မီးနဂါးနှစ်ကောင်က ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်နှစ်ယောက်ကို တိုက်ခိုက်လိုက်သည်။
သံသရာစက်ဝန်းအဆင့် ဟင်းလင်းပြင်ဝိညာဉ်နှစ်ကောင်က ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြသည်။ ၎င်းတို့က မီးနဂါးနှစ်ကောင်ထံသို့ လက်သီးထိုးလွှတ်လိုက်လေရာ ပုံရိပ်ယောင်အလင်းစက်ကွင်းများ ထွက်ပေါ်လာသည်။
“ ဗုန်း ”
မီးတောက်များက ပုံရိပ်ယောင်အလင်းစက်ကွင်းများဖြင့် ထိပ်တိုက် တွေ့ဆုံသွားကြသည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ မိုးမြေကို အက်ကွဲသွားစေသည်။
အက်ကွဲသွားသော လေဟာနယ်က အပိုင်းအစများအဖြစ် ပြောင်းလဲသွားသည်။ ယင်းတို့က မကြာခင် ပေါက်ကွဲသွားတော့မည်ပုံပေါ်သည်။
ယင်းက လေဟာနယ် ထိန်းသိမ်းနိုင်သော အတိုင်းအတာထက် ကျော်လွန်သွားသည့် မူလစွမ်းအား ဖြစ်သည်။ ထို့ကြောင့် မိုးမြေက ပြိုကွဲသွားသည်။
အကယ်၍ ဤနေရာမှ မိုးမြေက ပြိုကွဲသွားမည်ဆိုလျှင် ဤနေရာမှာ ဖိနှိပ်ခံထားရသော ဟင်းလင်းပြင်ဝိညာဉ်အားလုံးက အပြင်ထွက်လာကြလိမ့်မည်။
ယင်းက ဟင်းလင်းပြင်ဝိညာဉ်များကို ဆင့်ခေါ်နိုင်မည့် လေဟာနယ်တွင်းပေါက်များကိုပင် ဖြစ်ပေါ်စေနိုင်သည်။
အရေးကြီးဆုံးမှာ ဤချိပ်ပိတ်နယ်မြေ ပျက်စီးသွားမည်ဆိုလျှင် ဤနေရာမှ ဖိနှိပ်မှုက လွင့်ပြယ်သွားလိမ့်မည်။ ထိုအခါကျလျှင် ဟင်းလင်းပြင်ဝိညာဉ်များက ၎င်းတို့၏ အထွတ်အထိပ်တိုက်ပွဲစွမ်းအားကို ပြန်ပိုင်ဆိုင်သွားလိမ့်မည်။
ဟင်းလင်းပြင်ဝိညာဉ်တစ်ကောင်စီက အဆပေါင်းများစွာ အင်အားကြီးမားသွားလိမ့်မည်။
မီးနဂါးများနှင့် ပုံရိပ်ယောင်အလင်းစက်ကွင်းများ၏ တွေ့ဆုံမှုက မိုးမြေကို ပျက်စီးသွားစေကြောင်း ၎င်းတို့မြင်သောအခါ တခြားဟင်းလင်းပြင်ဝိညာဉ်(၃၀)ကောင်က ဝမ်းသာပျော်ရွှင်သွားကြသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ၎င်းတို့၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားသည်။
ဟန်မူယဲ့ထုတ်လွှတ်လိုက်သော မီးနဂါးနှစ်ကောင်က ရွှေရောင်ဓားနှစ်လက်အဖြစ် ပြန်ပြောင်းလဲသွားပြီး ပုံရိပ်ယောင်အလင်းစက်ကွင်းများကို ဖြတ်သန်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဓားနှစ်လက်က သံသရာစက်ဝန်းအဆင့် ဟင်းလင်းပြင်ဝိညာဉ်နှစ်ကောင်၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြတ်တောက်လိုက်သည်။
“ ဗုန်း ”
ပြန်လည်မွေးဖွားခြင်းစွမ်းအားက ပေါ်လျှိုးလာပြီး ကြီးမားသော ပုံရိပ်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ ထို့နောက် ၎င်းက သေဆုံးသွားသော ဟင်းလင်းပြင်ဝိညာဉ်နှစ်ကောင်၏ ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းပေးလိုက်သည်။
ယင်းက သံသရာစက်ဝန်းအဆင့် ဖြစ်သည်။
တစ်စုံတစ်ယောက်က သေခြင်းရှင်ခြင်းကို ကျော်လွန်ပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်နှင့် ကမ္မကို ထိန်းချုပ်နိုင်မည်ဆိုလျှင် သံသရာစက်ဝန်းအဆင့်သို့ တတ်လှမ်းနိုင်လိမ့်မည်။
သံသရာစက်ဝန်းအဆင့်တွင် တစ်စုံတစ်ယောက်က အဆုံးမဲ့စွာ ပြန်လည်မွေးဖွားနိုင်သည်။
ထို့ကြောင့် သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်များကို မသေမျိုးအဖြစ် သတ်မှတ်ကြသည်။
သံသရာစက်ဝန်းအဆင့်ထက် ပိုပြီးသာလွန်သော စွမ်းအားနှင့် မတွေ့ဆုံသရွေ့ ၎င်းတို့က ထာဝရ ရှင်သန်နိုင်ကြသည်။
“ ကျီး ”
သံသရာစက်ဝန်းအဆင့် ဟင်းလင်းပြင်ဝိညာဉ်နှစ်ကောင်က ခန္ဓာကိုယ်ပြန်ဖွဲ့စည်းသွားစဉ် ဓားနှစ်လက်က ထပ်မံ တုန်ယင်သွားပြီး အောက်သို့ ခုတ်ပိုင်းလိုက်သည်။
ဓားအလင်းက အလွန်အားကောင်းလေရာ မိုးမြေကို ဆုတ်ဖြတ်ပစ်နိုင်ဟန် ရ၏။ မူလစွမ်းအားသည်ပင် ထိုဓားအလင်း၏ အရှေ့မှာ နည်းနည်းမှ မခုခံနိုင်ပေ။
ခမ်းနားထည်ဝါသော ဓားအလင်းက ဟင်းလင်းပြင်ဝိညာဉ်နှစ်ကောင်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်သည်။
သံသရာစက်ဝန်းအဆင့် ဟင်းလင်းပြင်ဝိညာဉ်နှစ်ကောင်က ထိုဓားအလင်း၏ အရှေ့မှာ စက္ကူစုတ်နှယ် ဆုတ်ဖြဲခံလိုက်ရသည်။
ဤတစ်ကြိမ်တွင် ဓားနှစ်လက်က ဟန်မူယဲ့ထံသို့ ပြန်မသွားဘဲ အလွှာကိုးလွှာပါသော ဓားအကျဉ်းထောင်(၂)ခုအဖြစ် ပြောင်းလဲသွားပြီး သံသရာစက်ဝန်းအဆင့် ဟင်းလင်းပြင်ဝိညာဉ်နှစ်ကောင်ကို ဖိနှိပ်လိုက်သည်။
“ သူက ဓားတာအိုကို အသုံးပြုပြီး ဟင်းလင်းပြင်ဝိညာဉ်တွေကို သန့်စင်ချင်နေတာပဲ ”
အနောက်မှာ ရပ်နေသော ဟင်းလင်းပြင်ဝိညာဉ်တစ်ကောင်က အထိတ်တလန့် အော်ပြောလိုက်သည်။ ထို့နောက် ၎င်းက အရှေ့သို့ ခုန်လိုက်သည်။
ဝိညာဉ်စွမ်းအားက အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားပြီး အချင်းမိုင်တစ်သောင်းအတွင်းမှ အရာအားလုံးကို ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားစေသည်။
အခြားတစ်ဖက်တွင် ဟင်းလင်းပြင်ဝိညာဉ်သုံးကောင်က ဟန်မူယဲ့ထံသို့ ဦးတည်ပြေးသွားကြသည်။
ယင်းက လေဟာနယ်၏ အကန့်အသတ်များကို ချိုးဖြတ်နိုင်သော ဟင်းလင်းပြင်ဝိညာဉ်စွမ်းအား ဖြစ်သည်။
ချိပ်တံဆိပ်ကို လက်တစ်ဖက်မှာ ကိုင်ထားသော ဟန်မူယဲ့က အခြားလက်တစ်ဖက်ဖြင့် လက်သီးဆုပ်လိုက်သည်။
“ ဗုန်း ”
လက်သီးကို ထိုးလွှတ်လိုက်သည့်အခါ သူ၏ ဘေးပတ်ဝန်းကျင်မှ မီးတောက်ပင်လယ်နှင့် မိုးကြိုးပင်လယ်က ဧရာမသားရဲနှစ်ကောင်အဖြစ် ဖွဲ့စည်းသွားကြပြီး သူ့ဆီသို့ ချဉ်းကပ်လာနေကြသော ဟင်းလင်းပြင်ဝိညာဉ်လေးကောင်ကို ဝါးမျိုလိုက်ကြသည်။
ဤအခိုက်အတန့်မှာ အဆုံးမဲ့စွာ ရှည်လျားသော ဓားနဂါးက ဟန်မူယဲ့၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။
အဝေး၌ မတ်တတ်ရပ်နေကြသော ဟင်းလင်းပြင်ဝိညာဉ်(၂၆)ကောင်သည် ဟန်မူယဲ့နားသို့ မချဉ်းကပ်ဝံ့ကြတော့ချေ။
ဟန်မူယဲ့က လေထဲမှာ မတ်တတ်ရပ်နေစဉ် မိုးမြေမူလစွမ်းအား၏ နတ်ဘုရားကိုယ်ပွားတစ်ခုနှင့် ဆင်တူသွားသည်။ သူက နတ်ဘုရားအဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်ကဲ့သို့ ရွှေရောင်အလင်းကို ထုတ်လွှတ်နေသည်။
သူက သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်များကို ကြက်ကလေး ငှက်ကလေးများသဖွယ် သတ်ဖြတ်နိုင်သည်။ သူက လက်တစ်ဖက် ဝှေ့ယမ်းရုံဖြင့် သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်များကို အလွယ်တကူ ဖိနှိပ်နိုင်သည်။
ထို့ကြောင့် သူက သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်(၃၂)ယောက်ကို လက်တစ်ဖက်တည်းဖြင့် ရင်ဆိုင်ဝံ့ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်မှာ ဓားနဂါးက ဟန်မူယဲ့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားစဉ် သူ့ခေါင်းပေါ်မှ ချိပ်တံဆိပ်ထဲမှ ဓားအလင်းများက ဂနာမငြိမ်ဖြစ်သွားကြသည်။
သူ၏ လက်တစ်ဖက်က ဘီလီယံနှင့်ချီသော ဓားကြယ်များကို ဖိနှိပ်ထားစဉ် သူ၏ အခြားလက်တစ်ဖက်က ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်(၃၂)ယောက်ကို ဖိနှိပ်ထားသည်။
သူ့အနောက်မှာ ရပ်နေကြသော မဟာပန်သွန်ဘုံမှ စစ်သည်တော်နှစ်သန်းက ထိုမြင်ကွင်းကို မြင်သွားသောအခါ ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့က အပေါ်သို့ တည့်တည့် မကြည့်ဝံ့ကြချေ။
“ ဆရာက အာဏာရှင်အဆင့်ထက် ကျော်လွန်ပြီးသွားပြီလား… ”
ကျောက်မင်ယွင်က တုန်ယင်သော လေသံဖြင့် ရေရွတ်လိုက်သည်။
အာဏာရှင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များသည်ပင် ထိုသို့မလုပ်ဆောင်နိုင်ပေ။
“ အာဏာရှင်ရဲ့ အထက်လား ”
ရှုကျိချူးက ခေါင်းယမ်းလိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားသော အမူအရာ ထွက်ပေါ်လာသည်။
“ အဲ့ဒီဟင်းလင်းပြင်ဝိညာဉ်တွေရဲ့ စုပေါင်းစွမ်းအားက အာဏာရှင်အဆင့်ထက် သာလွန်တယ် ”
“ ဒါပေမဲ့ သူတို့က ဆရာ့ကို ယှဉ်နိုင်လို့လား ”
အာဏာရှင်အဆင့်ထက် သာလွန်သော စွမ်းအားသည်ပင် ဟန်မူယဲ့ကို မယှဉ်နိုင်ပေ။
သို့ဆိုလျှင် ဟန်မူယဲ့က မည်မျှသန်မာသနည်း။
ယင်းကို မည်သူမှ မစဉ်းစားနိုင်ပေ။
“ ဝီး ”
အလွှာကိုးလွှာပါသော ဓားအကျဉ်းထောင်(၂)ခုက တုန်ယင်သွားသည်။
ထိုမြင်ကွင်းက တုံ့ဆိုင်းနေကြသော ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်များကို ပိုပြီးတည်ကြည်လေးနက်သွားစေသည်။
“ တကယ်လို့ သူက သံသရာစက်ဝန်းအဆင့် ပညာရှင်တွေကို သန့်စင်နိုင်တယ်ဆိုရင် အဲ့ဒီဓားနှစ်လက်က ငါတို့အတွက် အန္တရာယ်ဖြစ်လာနိုင်တယ် ”
“ သူ့ကို သတ်… သူ့ရဲ့ စွမ်းအားမှာ သေချာပေါက် ကန့်သတ်ချက်တစ်ခု ရှိရမယ် ”
“ ဒီနေ့ ငါတို့ သူ့ကို မသတ်နိုင်ဘူးဆိုရင် အနာဂတ်မှာ ငါတို့အားလုံး သူသတ်တာ ခံရလိမ့်မယ် ”
“ စွမ်းအားအလုံးစုံကို တိုက်ခိုက်မှုတစ်ခုတည်းမှာ ထည့်သွင်းမယ်… ငါတို့ရဲ့ ဟင်းလင်းပြင်ဝိညာဉ်စွမ်းအားက ဒီနေရာကို မဖျက်ဆီးနိုင်ပေမဲ့ သူ့ရဲ့ မီးတောက်မိုးကြိုးစွမ်းအားက ဖျက်ဆီးနိုင်တယ် ”
အော်သံ ပဲ့တင်ထပ်သွားသည့်အခါ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်များက ချက်ချင်း သတိဝင်သွားကြသည်။
ဟင်းလင်းပြင်ဝိညာဉ်(၂၆)ကောင်က အရှေ့သို့ လျှောက်သွားကြသည်။ ၎င်းတို့၏ ဟင်းလင်းပြင်ဝိညာဉ်စွမ်းအားက ရွှေရောင်အလင်းအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့နှင့် သူ့ခေါင်းပေါ်မှ ချိပ်တံဆိပ်ပေါ်သို့ ဖိချလိုက်သည်။
ထိုမျှအားကောင်းသော ဟင်းလင်းပြင်ဝိညာဉ်စွမ်းအားကို ဟန်မူယဲ့က ခုခံကာကွယ်နိုင်မည်လော။
ရွှေရောင်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားပြီး ဟန်မူယဲ့နှင့် အစိမ်းရောင်ချိပ်တံဆိပ်ကို ရစ်ပတ်သွားသည်။
အချုပ်အနှောင်စွမ်းအားက ဟန်မူယဲ့ပေါ်သို့ တိုက်ရိုက် ဆင်းသက်လာသည်။
ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှ ဓားနဂါးက ပေါက်ကွဲသွားပြီး ဓားအလင်းသန်းပေါင်းများစွာအဖြစ် ခွဲထွက်သွားသည်။
ထိုဓားအလင်းက မိုးမြေကို ဖွင့်လှစ်နိုင်စွမ်းရှိသည်။
သို့မဟုတ်လျှင် သူက ရွှေရောင်အလင်းဖြင့် ချေမွခံရလိမ့်မည်။
သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်များ၏ မျက်လုံးထဲတွင် ဟန်မူယဲ့မှာ တခြားရွေးချယ်စရာမရှိတော့ပေ။
ယင်းက အကြွင်းမဲ့စွမ်းအား ဖြစ်သည်။
ဤလောကတွင် မည်သူက သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်(၂၆)ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်မည်နည်း။
အထူးသဖြင့် ဟန်မူယဲ့၏ လက်တစ်ဖက်က သူ့ခေါင်းပေါ်မှ ချိပ်တံဆိပ်၏ ဖိနှိပ်မှုကို သယ်ပိုးထားရသေးသည်။ သူက ကျန်စွမ်းအားတစ်ဝက်ကို သံသရာစက်ဝန်းအဆင့် ဟင်းလင်းပြင်ဝိညာဉ်နှစ်ကောင်အား သန့်စင်ရန် ဓားအကျဉ်းထောင်များအဖြစ် ပြောင်းလဲထားပြီး သူ၏ မီးတောက်မိုးကြိုးစွမ်းအားကို သံသရာစက်ဝန်းအဆင့် ကျင့်ကြံသူလေးယောက်အား ဝါးမျိုရန် အသုံးပြုထားသည်။
ထိုသို့အခြေအနေမှာ ဟန်မူယဲ့တွင် လွတ်လမ်းမရှိတော့ပေ။
“ စစ်ဦးစီးချုပ်ကို ကယ်တင်ကြ ”
“ ဆရာကို ကာကွယ်ပေးကြ ”
“ သတ်… သူတို့အားလုံးကို သတ်ပစ် ”
အော်သံများက အရပ်မျက်နှာအဘက်ဘက်မှ ထွက်ပေါ်လာသည်။
ဟန်မူယဲ့က မြေပြင်ပေါ်သို့ ဖိချခံလိုက်ရသည်။ သို့သော်လည်း သူခေါင်းမော့လိုက်သည့်အခါ အပြုံးရိပ်ယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူ၏ ဘေးပတ်ဝန်းကျင်မှ ဓားအလင်းက သံကြိုးများအဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီး ရွှေရောင်အလင်းကို ရစ်ပတ်လိုက်သည်။
သူ၏ ဦးခေါင်းပေါ်မှ အစိမ်းရောင်ချိတ်တံဆိပ်ထဲမှ ဓားအလင်းများက ဤအခိုက်အတန့်မှာ ရပ်တန့်သွားသည်။ ထို့နောက် ဓားအလင်းများက ဓားနဂါးများအဖြစ် ပြောင်းလဲသွားကြသည်။
မည်သူမှ မသိလိုက်ခင်မှာ ဟန်မူယဲ့က ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို သန့်စင်နိုင်သွားပြီး ယင်းကို သူ့ကိုယ်ပိုင်ပစ္စည်းအဖြစ် အသုံးပြုနိုင်သွားသည်။
ဓားနဂါးသန်းပေါင်းများစွာက အပေါ်သို့ ပျံသန်းသွားကြပြီး ရွှေရောင်အလင်းကို ကိုက်ဝါးလိုက်ကြသည်။
ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်(၂၆)ယောက်၏ စွမ်းအားက စုပ်ယူခံလိုက်ရသည်။ ဟန်မူယဲ့က ၎င်းတို့ကို လွတ်မြောက်ရန် အခွင့်အရေးမပေးချေ။
“ အာဏာရှင်များ… အခုပဲ တိုက်ခိုက်ပါ ”
ဟန်မူယဲ့က အော်ပြောလိုက်သည်။
သူ၏ အရှေ့တွင် ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ ပုံရိပ်ရှစ်ခုက ဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
အာဏာရှင်ရှစ်ပါး… ။