အခန်း (၁၆၄၇)
Vol. 118 Ch. 1647
ရှည်လျားသော ပုံရိပ်ရှစ်ခုက ချိပ်ပိတ်နယ်မြေထဲမှ မိုးမြေမူလစွမ်းအင်အားလုံးကို ကန့်သတ်ချုပ်နှောင်လိုက်သည်။
အာဏာရှင်အဆင့်… ။
ယင်းက ဘုံတစ်ခု၏ အရှင်သခင်များ ဖြစ်ကြသည်။ အာဏာရှင်တစ်ပါးသည် သူ့ကိုယ်ပိုင်စွမ်းအားဖြင့် ဘုံတစ်ခုလုံးကို ဖိနှိပ်နိုင်သည်။
သူတို့က မူလစွမ်းအားကို ထိန်းချုပ်နိုင်ကြပြီး မိုးမြေကို စောင့်ကြပ်ကြသည်။
အာဏာရှင်အဆင့်သို့ ရောက်ရှိသွားမည်ဆိုလျှင် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းစွမ်းအားက သူတို့ကိုယ်ပိုင် စကြာဝဠာနယ်မြေနှင့် ပေါင်းစည်းသွားလိမ့်မည်။ ယင်းက တစ်စုံတစ်ယောက်ကို မိုးမြေနှင့် တစ်သားတည်းဖြစ်စေလိမ့်မည်။
သူတို့ပိုင်ဆိုင်သော စကြာဝဠာက သူတို့နေထိုင်သော ဘုံ၏ မိုးမြေနှင့် ပေါင်းစည်းသွားသည့်အခါ သူတို့က ဘုံထဲမှ မူလစွမ်းအားကို ဆန္ဒရှိသကဲ့သို့ ထိန်းချုပ်နိုင်သွားကြသည်။
ထိုသို့အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ယောက်က လှုပ်ရှားလိုက်သည့်အခါတိုင်း ဘုံတစ်ခုလုံး၏ အစွမ်းတိုးမြှင့်ပေးမှုကို ရရှိလိမ့်မည်။
အာဏာရှင်အဆင့်သို့ မရောက်ရှိသေးသူများက အာဏာရှင်တစ်ပါး၏ လုပ်နိုင်စွမ်းကို မည်သို့မှ နားလည်နိုင်ကြလိမ့်မည် မဟုတ်ချေ။
“ အဲ့ဒါ အာဏာရှင်အဆင့် ”
သူတို့၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူတို့၏ ဝိညာဉ်က ဂနာမငြိမ်ဖြစ်သွားသည်။ လက်သည်းရှည်သားရဲကလန်မှ အစွမ်းထက်စစ်သည်တော်များက မျက်လုံးပြူးကျယ်သွားကြပြီး အလန့်တကြား အော်ပြောလိုက်ကြသည်။
လက်သည်းရှည်သားရဲကလန်မှ စစ်တပ်များက တစ်တပ်ပြီးတစ်တပ် ပြိုကွဲသွားကြသည်။ ယခင် ၎င်းတို့စုစည်းထားသော အရှိန်အဟုန်က ဤအခိုက်အတန့်မှာ လုံးဝ ပျောက်ကွယ်သွားသည်။
တစ်ခုကံကောင်းသည်မှာ ၎င်းတို့တစ်အုပ်စုတည်း ထိုသို့ဖြစ်နေခြင်း မဟုတ်ပေ။ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ အစွမ်းထက်ပညာရှင်များသည်လည်း ထိုသို့ခံစားမိသွားကြသည်။
“ အာဏာရှင်ရှစ်ပါး… အဲ့ဒါ သူတို့ရဲ့ တကယ့် အားကိုးအားထားရာပေါ့… ”
လက်သည်းရှည်သားရဲကလန်မှ အစွမ်းထက် စစ်သည်တော်တစ်ဦးက စိတ်သက်သာရာရစွာ သက်ပြင်းချရင်း ပြောသည်။
အတိတ်မှာ ၎င်းတို့က ဟန်မူယဲ့နှင့် သူ့အုပ်စုကို အစွမ်းကုန်သုံး၍ ဝိုင်းရံမတိုက်ခိုက်ခဲ့ကြပေ။ ဟန်မူယဲ့တို့အုပ်စု အားနည်းနေသည်ကို ၎င်းတို့က အခွင့်အရေးမယူခဲ့ကြပေ။
သို့မဟုတ်လျှင် ယခု ၎င်းတို့က ဤနေရာမှာ ရပ်နေနိုင်ကြလိမ့်မည် မဟုတ်ပေ။
အာဏာရှင်ရှစ်ပါး၏ စွမ်းအားက ၎င်းတို့အားလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်ရန် လုံလောက်သည်။
“ ဗုန်း ”
အာဏာရှင်ရှစ်ပါး၏ စွမ်းအားက ချိပ်ပိတ်နယ်မြေ၏ ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်နေသော မိုးမြေအပိုင်းအစများက ကြည်လင်ရှင်းလင်းသွားသည်။
ဤလောကထဲမှ မူလစွမ်းအားက အာဏာရှင်ရှစ်ပါး၏ တိုက်ရိုက် ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားသည်။ သို့သော်လည်း ထိုထဲမှာ အဆုံးမဲ့သော မီးတောက်များ၊ မိုးကြိုးများနှင့် ဓားအလင်းများ မပါဝင်ပေ။ ကျန်စွမ်းအင်အားလုံးသည်တော့ ယင်းတို့က အာဏာရှင်ရှစ်ပါး၏ လက်ခုပ်ထဲမှ ရေကဲ့သို့ တိုက်ရိုက် ထိန်းချုပ်ခံလိုက်ကြရသည်။
“ ဝူလင်းကုန်းမြေက ကာကွယ်ရေးခန်းဆောင်ရဲ့ ကော့ယုဖုန်းနဲ့ တခြားအရာရှိတွေက စစ်ဦးစီးချုပ်ဟန်ကို လာရောက်တွေ့ဆုံပါတယ် ”
“ ကာကွယ်ရေးခန်းဆောင်ရဲ့ စည်းမျဉ်းတွေအရ စစ်ဦးစီးချုပ်ဟန်က ကျုပ်တို့ရဲ့ အကူအညီကို တိုက်ပွဲအကျိုးပြုအမှတ်တွေနဲ့ လဲလှယ်ခဲ့တာကြောင့် ကျုပ်ကော့ယုဖုန်းနဲ့ တခြားလူတွေက နောက်နှစ်တစ်ရာအထိ စစ်ဦးစီးချုပ်ဟန်ရဲ့ အမိန့်အတိုင်း လိုက်နာကြပါမယ် ”
အော်သံက ချိပ်ပိတ်နယ်မြေထဲမှာ ပဲ့တင်ထပ်သွားသည်။
အရှေ့မှ ဦးဆောင်လားသော အကြီးအကဲက ဟန်မူယဲ့ထံသို့ လေးနက်စွာ အရိုအသေပေးလိုက်သည်။
ယင်းက အင်မော်တယ်မင်းဆက်၏ စည်းမျဉ်းဖြစ်သည်။
အင်မော်တယ်မင်းဆက်ထဲတွင် တိုက်ပွဲအကျိုးပြုအမှတ်များကို ကျင့်ကြံခြင်းအရင်းအမြစ်များ၊ တခြားအကူအညီများဖြင့် လဲလှယ်နိုင်သည်။
ဟန်မူယဲ့က သူ၏ တိုက်ပွဲအကျိုးပြုအမှတ်များကို အာဏာရှင်အဆင့် အစွမ်းထက်ပညာရှင်ရှစ်ယောက်၏ အကူအညီဖြင့် လဲလှယ်ခဲ့သည်။ ထို့ကြောင့် ဤကောင်းကင်ဘုံစစ်ပွဲအတွင်း နောင်နှစ်တစ်ရာအထိ ထိုအာဏာရှင်ရှစ်ပါးက သူ၏ အမိန့်ကို နာခံကြရလိမ့်မည်။
အာဏာရှင်ရှစ်ပါးက ဟန်မူယဲ့ကို လေးနက်စွာ အရိုအသေပေးလိုက်ကြသည်။
“ အာဏာရှင်အဆင့် ”
စစ်တပ်အရှေ့မှာ မတ်တတ်ရပ်နေသော ဟွမ်ချန်းမင်က ထိုမြင်ကွင်းကို မြင်သွားသောအခါ လျှာကိုက်လုနီးပါး အံ့ဩသွားသည်။
အာဏာရှင်ရှစ်ပါး၏ ရောက်ရှိလာမှုက ကြီးမားသော ကိစ္စဖြစ်သည်။
“ ငါ့ဆရာက ဘယ်လောက်တောင် ကြီးမြတ်လိုက်လဲ… ”
ရှုဖုန်းယန်က အာဏာရှင်ရှစ်ပါး၏ အရိုအသေပေးမှုကို ခံရသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းယမ်းလိုက်သည်။
အကယ်၍ သူသာဆိုလျှင် ထိုတိုက်ပွဲအကျိုးပြုအမှတ်များကို အာဏာရှင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ၏ အကူအညီအတွက် လဲလှယ်လိမ့်မည် မဟုတ်ချေ။
မည်သို့ဖြစ်ပါစေ တိုက်ပွဲအကျိုးပြုအမှတ်များကို ကိုယ့်အတွက် အသုံးဝင်သော တခြားအရာများဖြင့် လဲလှယ်နိုင်ပေသည်။
“ စီနီယာရှစ်ယောက်ခင်ဗျာ… ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်က သံသရာစက်ဝန်းအဆင့် အဲ့ဒီကောင်တွေကို ခင်ဗျားတို့ဆီ ကျုပ်လွှဲလိုက်မယ် ”
ဟန်မူယဲ့က တိုးညင်းစွာ ပြောသည်။ ထို့နောက် ဓားအလင်းက သူ၏ ဘေးပတ်ဝန်းကျင်မှာ လှည့်ပတ်သွားပြီး ပေတစ်သန်းမြင့်သော ရွှေရောင်မျှော်စင်အဖြစ် ဖွဲ့စည်းသွားသည်။ မျှော်စင်ပေါ်တွင် ဓားအလင်းနှင့် မီးတောက်မိုးကြိုးက ပေါင်းစည်းသွားသည်။
သူက သူ့ကိုယ်ပိုင်စွမ်းအားဖြင့် ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ခြောက်ယောက်ကို ဖိနှိပ်ထားသည်။ ယခုက ၎င်းတို့ကို အပြည့်အဝ သန့်စင်ရမည့်အချိန် ဖြစ်သည်။
ထို့ပြင် သူက အစောနက သန့်စင်ထားသော ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကိုလည်း ဆင်ခြင်နားလည်ချင်သေးသည်။
စစ်ကူများ ရောက်လာကြပြီဆိုမှတော့ သူကိုယ်တိုင် ပါဝင်ရန် မလိုတော့ပေ။
ကျန်ရှိသည်မှာ တိုက်ပွဲအကျိုးပြုအမှတ်များ စုဆောင်းရန် ဖြစ်သည်။
တိုက်ပွဲမှာ သူပါဝင်စရာမလိုမှတော့ ဤအချိန်ကို သူ့ကိုယ်ပိုင်အကျိုးအတွက် အသုံးချရမည်။
“ အမိန့်တော်အတိုင်းပါ ”
ကော့ယုဖုန်းက ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
အာဏာရှင်အဆင့် ပုဂ္ဂိုလ်ခုနစ်ယောက်က သူ့အနောက်သို့ လိုက်သွားကြသည်။
သူတို့၏ ရန်သူများက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထို့ပြင် ၎င်းတို့က ဟင်းလင်းပြင်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့ကို ဖမ်းဆီးနိုင်မည်ဆိုလျှင် သူတို့က ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့များကို ပိုင်ဆိုင်နိုင်ကြလိမ့်မည်။
ကောင်းကင်ဘုံစစ်ပွဲတွင် တိုက်ပွဲအတွင်းမှ ဆုလာဘ်များကို ကိုယ့်ဘာသာ သိမ်းဆည်းနိုင်ပေသည်။
“ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်… ကြည့်ရတာ ဒီဟာက ရှားပါးအခွင့်အရေးတစ်ခုပဲ ”
“ ဟား ဟား… နှစ်ပေါင်းသုံးထောင်ကြာအောင် ငါတံခါးပိတ်ကျင့်ကြံခဲ့ပေမဲ့ ဘာမှမတိုးတတ်ခဲ့ဘူး… ဒီနေ့တော့ အစွမ်းတိုးမြှင့်နိုင်မယ့် အခွင့်အရေးက ရောက်လာပြီ ”
ပုံရိပ်တစ်ခုပြီးတစ်ခုက အရှေ့သို့ ပျံသန်းသွားကြသည်။ ယင်းက မိုးမြေကြားမှ မူလစွမ်းအားကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။
မိုးမြေကြားတွင် ဧရာမနဂါးရှစ်ကောင်က ထွက်ပေါ်လာကြပြီး ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ကို တိုက်ရိုက် ချိုးဖြတ်သွားကြသည်။
မဟာပန်သွန်ဘုံမှ ကျင့်ကြံသူနှစ်သန်းနှင့် ဟန်မူယဲ့ဖွဲ့စည်းထားသော ပေတစ်သန်းမျှော်စင်မှလွဲလျှင် ချိပ်ပိတ်နယ်မြေထဲမှ ကျန်ဧရိယာအားလုံးက ထိုမူလစွမ်းအား၏ ကျူးကျော်ဝင်ရောက်ခံလိုက်ရပြီး တိုက်ရိုက် ဖိနှိပ်ခံလိုက်ကြရသည်။
“ အစွမ်းကုန်ထုတ်ပြီး တိုက်ကြရအောင် ”
“ ထွက်ပြေးလို့ မရမှတော့ သေတဲ့အထိ တိုက်ခိုက်ကြမယ် ”
“ နတ်ဘုရားသခင်က ငါတို့ကို တကယ်စွန့်ပစ်သွားပြီလား ”
ဝမ်းနည်းကြေကွဲသော အော်သံများက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ထံမှ ထွက်ပေါ်လာသည်။ သံသရာစက်ဝန်းအဆင့် ဟင်းလင်းပြင်ဝိညာဉ်(၂၆)ကောင်က မျက်နှာတည်ကြည်သွားကြသည်။
သံသရာစက်ဝန်းက သံသရာစက်ဝန်းသာ ဖြစ်၏။
၎င်းတို့က ဟင်းလင်းပြင်ဝိညာဉ်စွမ်းအားကြောင့် အာဏာရှင်အဆင့်နှင့် တိုက်ခိုက်နိုင်ကြသော်လည်း ယင်းက အာဏာရှင်အဆင့် ပုဂ္ဂိုလ်များကို ၎င်းတို့ အနိုင်ယူနိုင်သည်ဟု မဆိုလိုပေ။
ထို့ပြင် ဤတစ်ကြိမ်တွင် အာဏာရှင်ရှစ်ပါးက ရောက်လာသည်နှင့်ချက်ချင်း ဤနေရာမှ မိုးမြေမူလစွမ်းအားကို တိုက်ရိုက် ဖိနှိပ်လိုက်ကြသည်။
ထိုသို့ဖိနှိပ်မှုအောက်မှာ ၎င်းတို့၏ အရေအတွက်က ထိုအာဏာရှင်များထက် သုံးဆပိုများသည်ဆိုလျှင်ပင် ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ကြောင်း ၎င်းတို့နားလည်ကြသည်။
“ တိုက်ကြ ”
ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ အစွမ်းထက်ပညာရှင်များက အရှေ့သို့ ပြေးသွားကြသည်။ ၎င်းတို့က ဟင်းလင်းပြင်ဝိညာဉ်စွမ်းအားကို အစွမ်းကုန် ထုတ်လွှတ်လိုက်ကြပြီး အာဏာရှင်ရှစ်ပါး ဖွဲ့စည်းထားသော ကမ္ဘာဦးနဂါးများကို တိုက်ခိုက်လိုက်ကြသည်။
၎င်းတို့က ဟန်မူယဲ့၏ လှုံ့ဆော်မှုကြောင့် ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်သည်။ ယခု အာဏာရှင်ရှစ်ပါးက ၎င်းတို့ကို ပစ်မှတ်ထားလိုက်လေရာ အကယ်၍ ၎င်းတို့က ထွက်ပြေးချင်သည်ဆိုလျှင်ပင် အလွန်နောက်ကျသွားချေ၏။
၎င်းတို့က သံသရာစက်ဝန်းအဆင့် အထွတ်အထိပ်ပညာရှင်များဖြစ်လေရာ အသေအကြေတိုက်ခိုက်ခြင်းကသာ ၎င်းတို့ကို အသက်ရှင်နိုင်မည့် အခွင့်အရေးတစ်ခု ပေးနိုင်ကြောင်း နားလည်ကြသည်။
“ ဟား ဟား… အာဏာရှင်အဆင့်အောက်က လူတိုင်းက ပုရွက်ဆိတ်တွေချည်းပဲ… မင်းတို့က ငါတို့အရှေ့မှာ သေဆုံးဖို့ ကံပါလာပြီးသား ”
ကော့ယုဖုန်းက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူ၏ ကမ္ဘာဦးနဂါးက အရှေ့သို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ချိပ်ပိတ်နယ်မြေတစ်ခုလုံးက တုန်ယင်သွားသည်။ မူလစွမ်းအားက ဒီရေသဖွယ် ပရမ်းပတာ လှုပ်ခတ်သွားသည်။
ဟွမ်ချန်းမင်နှင့် တခြားလူများက သူတို့အရှေ့မှ မြင်ကွင်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။
ယင်းက မဖော်ပြနိုင်သော အခွင့်အရေးဖြစ်သည်။
သံသရာစက်ဝန်းအဆင့်သို့ မရောက်ရှိသေးသော သူတို့အတွက်တော့ အာဏာရှင်အဆင့် ပညာရှင်များနှင့် သံသရာစက်ဝန်းအဆင့် ပညာရှင်များကြားမှ တိုက်ပွဲက ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်သည်။
ယင်းက သူတို့၏ အနာဂတ် ကျင့်ကြံခြင်းလမ်းစဉ်ကို လမ်းညွှန်ပေးနိုင်သည်။
ယခု သူတို့၏ ကျင့်ကြံခြင်းအဆင့်အရ အကယ်၍ သူတို့က နောက်ထပ် တိုးတတ်ချင်သည်ဆိုလျှင် ပိုကြီးမားသော အခက်အခဲများဖြင့် ရင်ဆိုင်ရလိမ့်မည်။
အာဏာရှင်အဆင့် အစွမ်းထက်ပညာရှင်များ၏ လှုပ်ရှားမှုများကို စစ်ဆေးလေ့လာခြင်းက သူတို့၏ အနာဂတ် ကျင့်ကြံခြင်းလမ်းစဉ်တွင် လမ်းကြောင်းအသစ်ကို ဖောက်ထွင်းစေနိုင်သည်။
…..
အပြင်ဘက်၌ ဖရိုဖရဲတိုက်ပွဲက ပြင်းထန်စွာ ဖြစ်ပွားနေစဉ်…
ပေတစ်သန်းမြင့်သော ရွှေရောင်မျှော်စင်ထဲဝယ် ဟန်မူယဲ့က လက်နောက်ပစ်လျက် အမူအရာကင်းမဲ့စွာ မတ်တတ်ရပ်နေသည်။
သူ၏ အရှေ့တွင် ပုံရိပ်ခြောက်ခုက ဓားအလင်းများဖြင့် ချုပ်နှောင်ခံထားကြရပြီး အဆက်မပြတ် ရုန်းကန်နေကြသည်။
၎င်းတို့က ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်ခြောက်ယောက် ဖြစ်ကြသည်။ ယခု ၎င်းတို့က မျှော်စင်ထဲမှ မူလစွမ်းအားဖြင့် ဖိနှိပ်ခံထားကြရပြီး ဟန်မူယဲ့၏ ဓားစွမ်းအားဖြင့် သန့်စင်ခံနေကြရသည်။
၎င်းတို့ထံမှ ဝိညာဉ်စွမ်းအင်အမျှင်တန်းများက အပြင်သို့ ဆွဲထုတ်ခံလိုက်ရပြီး ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် စွမ်းအင်အမျှင်တန်းများက ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။
သူ၏ ဘေးပတ်ဝန်းကျင်တွင် ဟင်းလင်းပြင်စွမ်းအင်အလွှာများက စတင်စုဝေးသွားကြသည်။
အပြင်လူများအတွက် ဟင်းလင်းပြင်ဝိညာဉ်များကို သတ်ဖြတ်ခြင်းက ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် ယင်းက ဟန်မူယဲ့အတွက်ရော ကြီးမားသော အခွင့်အရေးတစ်ခု မဟုတ်ပေဘူးလော။
ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်ခြောက်ယောက်ကို ဝါးမျိုခြင်းက သူ၏ ကျင့်ကြံခြင်းစွမ်းအားကို အဆပေါင်းများစွာ တိုးမြှင့်သွားစေနိုင်သည်။
သူက အာဏာရှင်အဆင့်ထက် ပိုမြင့်သော စွမ်းအားကို စောစီးစွာ ထိတွေ့ထားနိုင်မည်ဆိုလျှင်၊ ယင်းကို စောစီးစွာ စုစည်းထားနိုင်မည်ဆိုလျှင် အာဏာရှင်အဆင့်သို့ သူတတ်လှမ်းသွားသည့်အခါ ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားကို ဖြည်းဖြည်းချင်း စုဆောင်းရန် မလိုတော့ပေ။ သူက ခြေတစ်လှမ်းတည်းဖြင့် အဆင့်ချိုးဖြတ်နိုင်လိမ့်မည်။
ဤအခိုက်အတန့်မှာ ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့များက သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာကြသည်။
အပြင်းအထန် ရုန်းကန်နေကြသော ဟင်းလင်းပြင်ဝိညာဉ်ကောင်များက တဖြည်းဖြည်း ခန္ဓာကိုယ်တောင့်တင်းသွားကြသည်။
ဤနေရာက ချိပ်ပိတ်နယ်မြေမဟုတ်လျှင် ဤနေရာ၏ မူလစွမ်းအားက အာဏာရှင်ရှစ်ပါးကြောင့် ဖိနှိပ်မခံထားရလျှင် ဟန်မူယဲ့တစ်ယောက်တည်းက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်ကိုပင် ခက်ခက်ခဲခဲ ဖိနှိပ်ရလိမ့်မည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့က နတ်ဘုရားအဆင့် အစွမ်းထက်ပညာရှင်တစ်ဦး ချန်ထားခဲ့သော စွမ်းအားကို ချေးငှား၍ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်ခြောက်ယောက်၏ စွမ်းအားကို ဆွဲထုတ်လိုက်ပြီး သူ့ကိုယ်ပိုင်စွမ်းအားအဖြစ် သန့်စင်လိုက်သည်။
ဤသို့အခွင့်အရေးက အလွန်ရှားပါးသည်။
ထို့ပြင် အာဏာရှင်ရှစ်ပါးက အပြင်ဘက်မှာ သူ့ကို စောင့်ကြပ်ပေးနေကြသည် မဟုတ်ပေဘူးလော။
တိုက်ပွဲအကျိုးပြုအမှတ်သန်းရှစ်ရာကို သူ့ကိုယ်ပိုင်စွမ်းအားအား တိုးမြှင့်နိုင်မည့် ဤသို့အခွင့်အရေးအတွက် လဲလှယ်ခဲ့ခြင်းက ထိုက်တန်သည်လော။
ယင်းက ထိုက်တန်ပေသည်။
“ ဗုန်း ”
ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှ ပုံရိပ်ယောင်အလင်းလွှာက ပေါက်ကွဲသွားပြီး အက်ကွဲသွားသည်။ ယင်းက ပေတစ်သန်းမြင့်သော ရွှေရောင်မျှော်စင်ကို စတင်လှုပ်ခါသွားစေသည်။
အဆုံးမဲ့သော မီးတောက်များက အောက်သို့ ဆင်းသက်လာကြပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ မိုးကြိုးနှင့် ပုံရိပ်ယောင်စွမ်းအားဖြင့် ပေါင်းစည်းသွားသည်။
ပုံရိပ်ယောင်စွမ်းအားဖြင့် လွှမ်းခြုံခံထားရသော ပုံရိပ်တစ်ခုက ထိုနေရာမှာ ထွက်ပေါ်လာသည်။
ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားက စုဝေးသွားပြီး ဟင်းလင်းပြင်ချိုးဖြတ်ခန္ဓာကိုယ်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
၎င်းက ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားကို ပိုင်ဆိုင်ထားသော ကိုယ်ပွားတစ်ခု ဖြစ်သည်။
ဟန်မူယဲ့၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ရွှေကျီးကန်းမူလဝိညာဉ်ဓားတစ်လက်က ထိုကိုယ်ပွား၏ လက်ထဲသို့ ကျဆင်းသွားသည်။
သူက မျက်လုံးဖွင့်လိုက်ပြီး သူ့အရှေ့မှ ကိုယ်ပွားကို ကြည့်လိုက်သည်။
“ ကျုပ် ဟန်မူယဲ့က ဘယ်တော့မှ သူတစ်ပါးအကျိုးအတွက် မလုပ်ဆောင်ခဲ့ဘူး… ဒီကိုယ်ပွားက ကျုပ်ရဲ့ ကြိုးစားအားထုတ်မှုကနေ ဖြစ်ပေါ်လာတာ… စီနီယာကျင်းဟုန်က အဲ့ဒါကို လွယ်လွယ်နဲ့ ယူသွားလို့ရမယ် ထင်နေတာလား ”