အခန်း (၁၆၅၀)
Vol. 118 Ch. 1650
ဟန်မူယဲ့က တိုးညင်းစွာ အော်လိုက်သည်။ သူက လက်ထဲမှ ဓားကို မြှောက်လိုက်ပြီး အရှေ့သို့ ခုတ်ပိုင်းလိုက်သည်။
“ စီနီယာယုရှောက်တန်… သစ်သားကို ဖြတ်ပါ ”
သစ်သားကို ဖြတ်… ။
သူ၏ ဓားမှ ထုတ်လွှတ်နေသော ရွှေရောင်အလင်းက ရုတ်တရက် ပေါက်ကွဲသွားပြီး ရွှေရောင်ဓားချည်မျှင်များအဖြစ် ပြောင်းလဲသွားသည်။ ဓားချည်မျှင်များက မီးတောက်ပုံရိပ်တစ်ခုစီသို့ ပျံသန်းသွားကြသည်။
ဟန်မူယဲ့၏ ဘယ်ဘက်မျက်လုံးထဲမှ ဓားအလင်းက အရှေ့သို့ ပျံသန်းထွက်လာပြီး သူ့လက်ထဲမှ ဓားအလင်းနှင့် ပေါင်းစပ်သွားသည်။
“ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်အနေနဲ့ ငါ့ရဲ့ ဓားသိုင်းက မိုးမြေကို ဖိနှိပ်ဖို့ ရည်ရွယ်တယ်… ဒီနေ့ မဟာပန်သွန်ဘုံက ပထမတန်းစား ဓားသိုင်းက ဘယ်လိုလဲဆိုတာ ငါမင်းကို ပြမယ် ”
ယုရှောက်တန်က တည်ကြည်လေးနက်စွာ ပြောသည်။
သူက ကျင်းဟုန်ကဲ့သို့ လူမျိုးနှင့် သေအတူရှင်မကွာ မိတ်ဆွေများဖြစ်လေရာ ယခုကဲ့သို့ အခြေအနေမှာပင် မောက်မာထောင်လွှားဝံ့သည်။
ထိုသို့မာနရှိသော ပုဂ္ဂိုလ်သာလျှင် နတ်ဘုရားသခင်ဆီမှာ အညံ့ခံမည်အစား အရာအားလုံးကို စွန့်လွှတ်ရန် တည်ငြိမ်စွာ ရွေးချယ်နိုင်ပေသည်။
ယခု သူ့မှာ အကြွင်းအကျန်ဝိညာဉ်သာ ကျန်ရှိတော့သော်လည်း သူ၏ ဓားအရိုးက အကောင်းတိုင်း ရှိနေဆဲပင်။
ဓားတာအိုအရိုး…။
“ ဘန်း ”
ဟန်မူယဲ့၏ အရှေ့တွင် အစိမ်းရောင်ဓားအလင်းက မိုးမြေကို ဖုံးလွှမ်းသွားမည့် ဓားပုံရိပ်များကို လေပွေတစ်ခုနှယ် စုဝေးလိုက်သည်။ ဓားချက်က လျှပ်တစ်ပြက်အတွင်း ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သော မီးတောက်ပုံရိပ်များက ထွန်းလင်းတောက်ပသော ဓားအလင်းဖြင့် ပိုင်းဖြတ်ခံလိုက်ကြရသည်။
၎င်းတို့က သစ်သားချောင်းများသဖွယ် အလယ်မှ ဖြတ်တောက်ခံလိုက်ကြရသည်။
သူ့အရှေ့မှ မီးတောက်များက သစ်သားအဖြစ် ပြောင်းလဲသွားကြောင်း မြင်လိုက်သောအခါ ကျင်းဟုန်က မျက်လုံးပြူးကျယ်သွားသည်။
“ ပုရွက်ဆိတ်တွေကများ ငါ့ရဲ့ မူလဇစ်မြစ်ကို ဖြတ်တောက်ရဲတယ် ”
ဟင်းလင်းပြင်ထဲတွင် ဒေါသတကြီး အော်သံက ပဲ့တင်ထပ်သွားသည်။
ကျိုးပြတ်သွားသော သစ်သားချောင်းအားလုံးက တုန်ယင်သွားကြသည်။ ထို့နောက် ယင်းတို့က ပြန်လည်စုဝေးသွားကြပြီး ဟင်းလင်းပြင်ချိုးဖြတ်ခန္ဓာကိုယ်အဖြစ် ဖွဲ့စည်းသွားသည်။
၎င်း၏ လက်ထဲမှာလည်း ဓားတစ်လက်ထွက်ပေါ်လာလေရာ ၎င်းက ဟန်မူယဲ့နှင့် ခွဲခြားမရအောင် ဆင်တူသွားသည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ၎င်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ၎င်းက ဟန်မူယဲ့ကို လက်ထဲမှ ဓားဖြင့် ချိန်ရွယ်လိုက်ပြီး အရှေ့သို့ ပြေးသွားသည်။ နောက်အခိုက်အတန့်မှာ ၎င်းက ရုတ်တရက် ပျောက်ကွယ်သွားသည်။
၎င်းပြန်ပေါ်လာသည့်အခါ လက်ထဲမှ ဓားဖြင့် ဟန်မူယဲ့၏ ဦးခေါင်းပေါ်သို့ ခုတ်ပိုင်းလိုက်သည်။
“ ဟား ဟား… သစ်သားလေးကများ… အဲ့ဒါကို ငါကိုင်တွယ်လိုက်မယ် ”
ကျင်းဟုန်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ မီးနဂါးက အနောက်သို့ ဆုတ်သွားပြီး ဓားချက်ကို တားဆီးရန် ၎င်း၏ အမြှီးကို လွှဲယမ်းလိုက်သည်။
တစ်ချိန်တည်းမှာ တောက်ပသော ဓားအလင်းက ဆက်တိုက် လှည့်ပတ်သွားပြီး အပေါ်သို့ ပျံတတ်သွားသည်။
ယင်းက ယုရှောက်တန်၏ ဓားနည်းစနစ် ဖြစ်သည်။
ဟန်မူယဲ့က နေရာမှာ မတ်တတ်ရပ်နေရင်း မီးတောက်နှင့် ဓားအလင်း၏ တိုက်ခိုက်မှုကို ကြည့်လိုက်သည်။ သူ၏ အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
ယင်းက နတ်ဘုရားအဆင့် အစွမ်းထက်ပညာရှင်တစ်ပါးနှင့် တိုက်ပွဲ ဖြစ်သည်။
နန်းအန်နတ်သခင်က ဤနေရာသို့ ရောက်လာရန် ဘီလီယံနှင့်ချီသော မိုးမြေအလွှာများကို ဖြတ်သန်းခဲ့ရသော်လည်း ၎င်းက နတ်ဘုရားအဆင့် ဖြစ်နေဆဲပင်။ အခြားတစ်ဖက်မှာတော့ ကျင်းဟုန်နှင့် ယုရှောက်တန်က ခြေလှမ်းဝက် နတ်ဘုရားအဆင့် ပညာရှင်များ ဖြစ်ကြသည်။
သို့ဖြစ်၍ သူတို့သုံးယောက်ကြားမှ တိုက်ပွဲက ဟန်မူယဲ့အား နတ်ဘုရားအဆင့်၏ စွမ်းအားလည်ပတ်မှုအကြောင်း ကောင်းမွန်စွာ နားလည်စေသည်။
“ နတ်ဘုရားအဆင့်က ပြင်ပလမ်းစဉ်တွေကို ကိုယ့်ရဲ့ ကိုယ်ပိုင်မဟာတာအိုထဲ ပေါင်းထည့်ရတဲ့ လုပ်ငန်းစဉ်ပဲ ”
“ ကောင်းကင်ဘုံလျှို့ဝှက်ချက်၊ ကမ္မနဲ့ သံသရာစက်ဝန်းကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ တစ်စုံတစ်ယောက်ရဲ့ ပြင်ပလမ်းစဉ်က သူ့ကိုယ်ပိုင်တာအိုနဲ့ ပြီးပြည့်စုံသွားမယ်ဆိုရင်… အဲ့ဒီအခါကျရင် သူက အာဏာရှင်အဆင့်ကို တတ်လှမ်းနိုင်လိမ့်မယ် ”
“ ဒါပေမဲ့ အာဏာရှင်အဆင့်က အစမဟုတ်ဘူး… ပုံရိပ်ယောင်ကို ဖျက်ဆီးတာက အချုပ်အနှောင်တွေကို ချိုးဖြတ်တာပဲ ”
“ ဘုံကို ထိန်းချုပ်မယ်ဆိုရင်၊ ဘုံတစ်ခုနဲ့ ညီမျှတဲ့ နတ်ဘုရားအဆင့်ကို တတ်လှမ်းမယ်ဆိုရင် တစ်စုံတစ်ယောက်က အတွင်းလမ်းစဉ်နဲ့ အပြင်လမ်းစဉ်ကို အတူတကွ လိုက်လျောညီထွေအောင် လုပ်ဆောင်ရလိမ့်မယ်… စွမ်းအင်အားလုံးကို ခန္ဓာကိုယ်အတွင်းမှာ စုစည်းရမယ်… ပြီးကျရင် မဟာတာအိုကို ထိန်းချုပ်ရမယ်… ”
တောက်ပသော နတ်ဘုရားအလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ၏ အရှိန်အဝါက ရောင်ခြည်တန်းတစ်ခုနှယ် ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။
“ မဟာတာအိုကို ထိန်းချုပ်ခြင်း… မဟာတာအိုကို ဖန်တီးခြင်း… ပေါင်းစပ်ခြင်း ”
ဤလောကတွင် မဟာတာအိုက ဘီလီယံနှင့်ချီ ရှိသည်။ သို့သော်လည်း ကျင့်ကြံခြင်းလောကက မရေမတွက်နိုင်သော အသွင်ပြောင်းလဲမှုများကို သေချာပေါက် ရင်ဆိုင်ရလိမ့်မည်။ သို့မှသာ မိုးမြေစွမ်းအားက ဆင့်ကဲပြောင်းလဲနိုင်လိမ့်မည်။
အသစ်ဖန်တီးခြင်းနှင့် စဉ်ဆက်မပြတ် ပေါင်းစည်းခြင်းကသာ မဟာတာအိုကို အချိန်ကြာမြင့်စွာ တည်ရှိနိုင်စေလိမ့်မည်။
ရှေးခေတ်၌ မဟာတာအိုကို ထိန်းချုပ်ခဲ့သော စွမ်းအားများသည်တော့ မှေးမှိန်သွားကြသည်။ အသစ်ပေါ်ထွက်လာသော မဟာတာအိုက ထိုရှေးဟောင်းစွမ်းအားများကို ဆန့်ကျင်ရန် လိုအပ်သည်။
ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်တွင် သူ၏ သွေးချီစွမ်းအား၊ မိုးကြိုးစွမ်းအား၊ ဓားစွမ်းအားနှင့် မီးတောက်စွမ်းအားက အစဉ်မပြတ် အားကောင်းလာနေသည်။ ဤသည်မှာ ယင်းတို့က မိုးမြေကြားထဲမှ မဟာတာအို၏ စွမ်းအားကို စုပ်ယူနေသည့်အလားပင်။
“ သူက တာအိုကို ဆင်ခြင်နားလည်နေတယ် ”
ကျင်းဟုန်က တိုးညင်းစွာ အော်လိုက်သည်။
ယုရှောက်တန်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သူ၏ ဓားအလင်းက နောက်တစ်ကြိမ် ဝင်းလက်သွားသည်။
“ ကောင်လေး… ငါ့ရဲ့ ဓားချက်ကို ကြည့် ”
ကျယ်လောင်သော အော်သံ ပဲ့တင်ထပ်သွားသည့်အခါ ဓားအလင်းတစ်ထောင်က ဓားတစ်လက်ထဲသို့ ပေါင်းစည်းသွားသည်။
ထိုဓားက သာမန်ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ဓားချက်က ရိုးရှင်းဟန် ထင်ရသော်လည်း အနည်းငယ် ဝေဝါးနေသည်။
နောက်အခိုက်အတန့်မှာ အနီ၊ လိမ္မော်၊ ရွှေရောင် အစရှိသော ရောင်စဉ်တန်းအမျိုးမျိုး ထွက်ပေါ်လာကြသည်။
“ မင်း… ယုရှောက်တန်… မင်းရဲ့ ဓားက ( ဓားဝိညာဉ် )… ”
မီးနဂါးအသွင် ပြောင်းလဲထားသော ကျင်းဟုန်က အလန့်တကြား အော်လိုက်သည်။
ဓားဝိညာဉ်… ။
ကျင့်ကြံခြင်းလောကတွင် ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းနှင့် ကျင့်ကြံခြင်းစွမ်းအား တိုးတတ်အောင် ပြုလုပ်ခြင်းသည် အလွယ်ကူဆုံးနှင့် အမြန်ဆုံး ဖြစ်သည်။ ဝိညာဉ်ကျင့်ကြံခြင်းသည်တော့ အားအနည်းဆုံး ဖြစ်သည်။
ကျင့်ကြံသူအများစုသည် အာဏာရှင်အဆင့်သို့ ရောက်ပြီးနောက်မှသာ သူတို့၏ ကိုယ်ပိုင်စွမ်းအားများကို မျှခြေညီအောင် လုပ်ဆောင်ကြသည်။
သို့သော်လည်း ဝိညာဉ်က ကျင့်ကြံသူများအတွက် အားအနည်းဆုံးအရာ ဖြစ်နေဆဲပင်။
ကောင်းကင်ဘုံလျှို့ဝှက်ချက်၊ ကမ္မနှင့် သံသရာစက်ဝန်းအဆင့်သည် ဝိညာဉ်၏ အားနည်းချက်များကို ဖုံးကွယ်ရန် ရည်ရွယ်သည်။ ယင်းက ဝိညာဉ်အတွင်း၌ ဖုံးကွယ်နေသော စွမ်းအားများကို ထုတ်ဖော်နိုင်ရန် လှုံ့ဆော်ပေးသည်။
သို့တိုင် ဝိညာဉ်၏ စွမ်းအားက မလုံလောက်သေးပေ။
ယင်းက ကျင့်ကြံသူအများစုအတွက် ဝိသေသလက္ခဏာတစ်ခု ဖြစ်သည်။ အာဏာရှင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များသည်ပင် ယင်းကို မလွန်ဆန်နိုင်ကြချေ။
ဖြစ်နိုင်သည်မှာ နတ်ဘုရားအဆင့်သို့ ရောက်ရှိနေသော အစွမ်းထက်ပုဂ္ဂိုလ်များသာလျှင် ပြီးပြည့်စုံသော ဝိညာဉ်ကို ပိုင်ဆိုင်နိုင်ရန် အခွင့်အရေးရှိလိမ့်မည်။
“ ဝီး ”
ယုရှောက်တန်၏ ဝိညာဉ်စွမ်းအားက ပေါ်လျှိုးလာပြီး ခုနစ်ရောင်ခြယ်နတ်ဘုရားဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။
နတ်ဘုရားဓား ဆင်းသက်လာသည့်အခါ မိုးမြေက တုန်ယင်သွားသည်။ ဤသည်မှာ မိုးမြေက လုံးဝ ပြိုကွဲသွားတော့မည့်အလားပင်။
အစိမ်းရောင်ကျောက်စိမ်းချိပ်တံဆိပ်က ယုရှောက်တန် အသွင်ပြောင်းလဲထားသော ဓားအလင်း၏ ထိပ်ဖျားပေါ်မှာ ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ ဓားအလင်းက လီတစ်သောင်းရှည်လျားသော နတ်ဘုရားဓားထဲသို့ ပေါင်းစပ်သွားသည်။
“ မိုးမြေကို ဖိနှိပ်မယ် ”
“ ဝိညာဉ်စုစည်းပြီး မိုးမြေကို ဖျက်ဆီးမယ် ”
“ အစကတည်းက ကျန်းကောင်းကင်ဘုံဓားဂိုဏ်းရဲ့ ဓားနည်းစနစ်က မိုးမြေကို ဖိနှိပ်ဖို့ မရည်ရွယ်ဘူး… အဲ့ဒီအစား မိုးမြေကို ဖျက်ဆီးဖို့ ဖြစ်တယ် ”
“ ဒီဓားက ကျန်းကောင်းကင်ဘုံဓားဂိုဏ်းရဲ့ စစ်မှန်တဲ့ အမွေအနှစ်ဖြစ်တယ် ”
ယုရှောက်တန်၏ အသံထဲမှာ ဖော်မပြနိုင်သော စိတ်ဓာတ်ပြတ်သားမှုတို့ ကိန်းအောင်းနေသည်။
ခုနစ်ရောင်ခြယ်နတ်ဘုရားဓားက အောက်သို့ အကြမ်းပတမ်း ဆင်းသက်သွားသည်။
“ ဗုန်း ”
မိုးမြေက အက်ကွဲသွားသည်။
ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ နန်းအန်နတ်သခင်ဖြစ်စေ သို့မဟုတ် ဘေးပတ်ဝန်းကျင်၌ ပြန့်ကျဲနေသော ရွှေရောင်မီးနဂါးများဖြစ်စေ ၎င်းတို့အားလုံးက ဤအခိုက်အတန့်မှာ ကိုယ်ရောင်ကိုယ်ဝါ ဆုံးရှုံးသွားကြသည်။ ထိုဓား၏ အရာအားလုံးက ခမ်းနားထည်ဝါမှုမရှိတော့ပေ။
ထိုဓားက ယုရှောက်တန်ပြောခဲ့သည့်အတိုင်း နတ်ဘုရားများကို သတ်ပစ်နိုင်သည်။
ဓားတစ်လက်… နတ်ဘုရားများကို သတ်ပစ်ခြင်း… ။
ခုနစ်ရောင်ခြယ်ဓားအလင်းက အရာအားလုံးကို ဖျက်ဆီးလိုက်သည်။
နန်းအန်နတ်သခင်ထိန်းချုပ်ထားသော ဟင်းလင်းပြင်ချိုးဖြတ်ခန္ဓာကိုယ်က ထိုဓား၏ အရှေ့မှာ အက်ကွဲသွားသည်။
ကျင်းဟုန်အသွင်ပြောင်းလဲထားသော မီးနဂါးက ခုနစ်ရောင်ခြယ်အလင်းဖြင့် စွန်းထင်ခံလိုက်ရပြီး ခုနစ်ရောင်ခြယ်မီးနဂါးအဖြစ် အသွင်ပြောင်းလဲသွားသည်။
ဓားက မိုးမြေတစ်လျှောက် တိတ်တဆိတ် ပိုင်းဖြတ်သွားသည်။
ထိုဓားဖြင့် ပိုင်းဖြတ်ခံလိုက်ရသော မိုးမြေက ၎င်း၏ မူလရောင်ဝါကို ဆုံးရှုံးသွားပြီး တိမ်တိုက်အဖြစ် လွင့်ပြယ်သွားသည်။
“ အဲ့ဒီကောင်က နတ်ဘုရားအဆင့်ကို တကယ်ရောက်ရှိခဲ့တာပဲ… ”
ကျင်းဟုန်၏ အသံထဲမှာ မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေသည်။
နတ်ဘုရားအဆင့်… ။
နတ်ဘုရားအဆင့် စွမ်းအားသာလျှင် နတ်ဘုရားတစ်ပါးကို သတ်ပစ်နိုင်သည်။
“ အခု ရှင်းရှင်းလင်းလင်း မြင်ပြီလား… ”
ယုရှောက်တန်၏ အသံထဲမှာ ပင်ပန်းနွမ်းလျမှု ပါဝင်နေသည်။ ထို့အတူ စိတ်သက်သာရာရသော ခံစားချက်လည်း တစ်စွန်းတစ်စ ကိန်းအောင်းနေသည်။
အက်ကွဲသွားသော ပုံရိပ်ယောင်နယ်မြေထဲမှာ ကျယ်လောင်သော အော်သံ ထွက်ပေါ်လာသည်။
ယင်းက ဒဏ်ရာပြင်းထန်စွာ ရရှိသွားသော နတ်ဘုရားအဆင့် ပညာရှင်၏ ဒေါသတကြီး အော်သံ ဖြစ်သည်။
ဟန်မူယဲ့က နေရာမှာ မတ်တတ်ရပ်နေရင်း သူ့အရှေ့မှ အရာအားလုံးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်သည်။
ယင်းက ယုရှောက်တန် သူ့အား ပြချင်သော ဓားဖြစ်သည်။
ယင်းက နတ်ဘုရားအဆင့် ဓားဖြစ်သည်။
ယင်းက ဓားဝိညာဉ် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာ၌ ကျင့်ကြံခြင်းလမ်းစဉ်ကို သူစတင်ခဲ့သည့်အခါမှာ ဟန်မူယဲ့သည်လည်း ဓားဝိညာဉ်ကို ဖွဲ့စည်းခဲ့သည်။
ကျင့်ကြံခြင်းခရီးတစ်လျှောက်တွင် ဓားဝိညာဉ်က သူ့အတွက် မှီခိုးအားထားရာ ဖြစ်ခဲ့သည်။ ဓားဝိညာဉ်ကြောင့် သူက အဆင့်ကျော်လွန်ပြီး တိုက်ခိုက်နိုင်ခဲ့သည်။
အံ့ဖွယ်ကိုးပါးတောင်ပေါ်မှာ သူရှိနေခဲ့စဉ်က ဓားဝိညာဉ်ကို ဖွဲ့စည်းခဲ့သည်။
သူ၏ ကောင်းကင်စက်ဝန်းဓားဝင်္ကပါက ဓားဝိညာဉ်ပေါ်မှာ အခြေခံသည်။
သူ၏ စိတ်နယ်ပယ်ထဲမှာ အမြဲသိမ်းဆည်းထားသော ဓားသုံးလက်က ဝိညာဉ်အပေါ်မှာ အခြေခံသည်။
“ ဝိညာဉ်စွမ်းအားက ကျင့်ကြံခြင်းအားလုံးရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ် ”
“ ဝိညာဉ်က နတ်ဘုရားအဆင့်ပဲ ”
မရေမတွက်နိုင်သော အလင်းတန်းများက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ပုံရိပ်ယောင်စွမ်းအားက သူ့အနောက်မှ ပေါ်လျှိုးလာသည်။
သူ၏ အရှေ့မှ မိုးမြေက ဤအခိုက်အတန့်မှာ တိုက်ရိုက် အကျဉ်းချခံလိုက်ရသည်။
ယင်းက ဝိညာဉ်စွမ်းအား၏ ဖိနှိပ်မှု ဖြစ်သည်။
မိုးမြေက အပြင်ဘက်အလွှာမှာ ဖြစ်ပြီး ဝိညာဉ်က အတွင်းဘက်အလွှာမှာ ဖြစ်သည်။
မိုးမြေက ဝိညာဉ်၏ ပုံရိပ်ပြန်မှုသာ ဖြစ်သည်။
ယင်းက နတ်ဘုရားအဆင့် ဖြစ်သည်။
ယင်းက နတ်ဘုရားအဆင့် ဓားတာအိုဖြစ်သည်။
“ ကျင့်ကြံခြင်းလောကမှာ ဝိညာဉ်စွမ်းအားနဲ့ ပတ်သက်ရင် ငါဟန်မူယဲ့က နံပါတ်နှစ်လို့ပြောရင် ဘယ်သူမှ နံပါတ်တစ်မဖြစ်နိုင်ဘူး ”
“ ကျင့်ကြံခြင်းလောကမှာ ဓားတာအိုနဲ့ ပတ်သက်ရင် ငါဟန်မူယဲ့က ရှေးခေတ်ကနေ လက်ရှိပစ္စုပ္ပန်အထိ ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်တယ်”
“ ငါ့မှာ ဓားရှိတယ်… ဓားထွက်လာစမ်း ”