မသေခင် သူ့ကိုသတ်မယ်
Vol. 1 Ch. 347
ဟဲလောင်သည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့်သို့ ရောက်နေသည်မှာ နှစ်ပေါင်းသုံးဆယ်ကျော်နေခဲ့ပြီဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာ ကျော်ကြားခဲ့သော သိုင်းသမားတစ်ဦးဖြစ်ပြီး ကျန့်ဂိုဏ်းရှိ သူ့အဆင့်အတန်းမှာလည်း အရေးပါလှသည်။ သို့သော် တာအိုနှင့်ပတ်သက်လျှင် သူအများကြီးမသိပေ။ ဤဆယ်စုနှစ်များအတွင်း တာအိုတစ်ခုကိုသာ သူနားလည်နိုင်ခဲ့သည်။ သူသည် ဒုတိယတာအိုတစ်ခုကို ဆယ်စုနှစ်ကျော်ကြာ နားမလည်နိုင်ခဲ့သည့်အတွက် ဗာဂျရာအဆင့်သို့ ခြေတစ်လှမ်းစာတောင် မရောက်ခဲ့သေးပေ။
သို့သော် အစောပိုင်းက ကျန်းရီထုတ်လွှတ်ခဲ့သည့် တာအိုတိုက်ကွက်မှာ အဆင့်နိမ့်တာအိုမဟုတ်မှန်း သူသေချာလေသည်။ သူသည် မြောက်များလှသော အဆင့်နိမ့်တာအိုတိုက်ကွက်မှုများကို မြင်ဖူးခဲ့သော်လည်း ဤမျှစွမ်းအားနှင့် တစ်ခုကို တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
အလယ်အဆင့် တာအိုတစ်ခုကို ချက်ချင်း အလင်းရသွားခဲ့ခြင်း...
ထိုအချက်အား တွေးရုံနှင့်ပင် ဟဲလောင်၏ ကိုယ်ရောစိတ်ပါ တုန်လှုပ်လာခဲ့သည်။ သူသည် အံ့မခန်းဖြစ်ရပ်တစ်ခုကို မျက်မြင်တွေ့လိုက်ရသည်။ ကျန်းရီသည် နှစ်ပေါင်းတစ်သောင်းအတွင်း အလယ်အဆင့်တာအိုတစ်ခုကို တိုက်ရိုက်ဉာဏ်အလင်းရသွားသည့် ပထမဆုံးလူဖြစ်သည်။ ထို့နောက် အချိန်တိုအတွင်း နားလည်သွားခြင်းဖြစ်သည်။
မဟုတ်သေးဘူး
အချိန်တိုအတွင်း နားလည်သွားခြင်းအကြောင်း တွေးမိသွားသောအခါ ဟဲလောင်သည် တစ်စုံတစ်ခုကို ချက်ချင်းသတိရသွားခဲ့သည်။ သူသည် ကျန်းရီအား မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်သည့်အလား ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူသည် ကျန်းရီမှာ သာမန်လူတစ်ယောက်မဟုတ်ဟု ခံစားနေရသည်။ တစ်နည်းအားဖြင့် သူသည် သာမန်လူတစ်ယောက်နှင့် မတူပေ။ ကျန်းရီသာ သာမန်လူဆိုပါက အလယ်အဆင့် တာအိုတစ်ခုကို အချိန်တိုအတွင်း ဉာဏ်အလင်းရသွားမည် မဟုတ်။
သတ်ဖြတ်ခြင်းအင်အား၊ မီးနဂါးဓား၊ ကမ္ဘာ့မီးလျှံ၊ မီးဝိဉာဉ်ကျောက်တုံး...စိတ်ဝိဉာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်းကျင့်စဉ်...
ထိုဆန်းကြယ်သည့် စွမ်းရည်များနှင့် ရတနာများသည် ကျန်းရီမှာ သာမန်ထက်ထူးခြားကြောင်း သက်သေပြနေခဲ့သည်။ ထိုအထဲများထဲမှ တစ်ခုလောက်သာဆိုလျှင် ကံကောင်း၍ ရခဲ့သည်ဟု ပြော၍ရသေးသည်။ ထိုမျှဆန်းကြယ်သော အချက်များ ရှိနေရာ ဟဲလောင်သည် ကျန်းရီအား တစ်ခုခုဟု သံသယဝင်လာရသည်။
သူ့စိတ်ထဲတွင် အလားတူ ထူးချွန်သည့် အရည်အချင်းနှင့် ထူးခြားသော လူတစ်ယောက်ကို သွားသတိရလိုက်သည်။ သို့သော် သူအလျင်အမြန် ငြင်းပယ်လိုက်သည်။ ကျန်းပိုင်လီတွင် သာမန်ထက် ထူးခြားသည့် စွမ်းရည်များ ရှိသော်လည်း လက်ခံ၍ရနိုင်သည့် အတိုင်းအတာအတွင်းတွင်သာ ရှိပြီး ကျန်းရီ၏ စွမ်းရည်များလောက် ထိတ်လန့်အံ့အားသင့်စရာ မကောင်းချေ။
ရီဖျောင်ဖျောင်...
မိန်းမလှလေး တစ်ယောက်၏ ပုံရိပ်သည် ဟဲလောင်၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။ သူသည် ကံကောင်း၍ ရီဖျောင်ဖျောင်အား မလှမ်းမကမ်းမှ တစ်ကြိမ်မြင်ဖူးခဲ့သည်။ ထိုအမျိုးသမီးတွင် ဆန်းကြယ်မှုများ ကိန်းအောင်းနေပြီး ထူးဆန်းသောစွမ်းရည်များ ပိုင်ဆိုင်ထားသည်။ ကျန့်ဂိုဏ်းချုပ်အပါအဝင် လူအများစုသည် ရီဖျောင်ဖျောင်မှာ ကောင်းကင်ကြယ်တာရာနယ်မြေမှ မဖြစ်နိုင်ဟု ခန့်မှန်းခဲ့ကြသည်။ ယခု ကျန်းရီ၏ ထူးခြားသည့် အချက်များကိုကြည့်ရင်း ဟဲလောင်မှာ ပိုမိုသေချာလာခဲ့သည်။
ရီဖျောင်ဖျောင်က ကောင်းကင်ကြယ်တာရာနယ်မြေက မဟုတ်တဲ့ ထူးခြားတဲ့ မျိုးနွယ်စုတစ်ခုခုက ဖြစ်ရမယ်။ သူမမှာ သာမန်လူတွေနဲ့ ကွာခြားတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံ ရှိနေတာများလား။ ကျန်းရီသာ သူမရဲ့ခန္ဓာကိုယ် တည်ဆောက်ပုံကို ဆက်ခံနိုင်ခဲ့ရင် အလယ်အဆင့်တာအိုတစ်ခုကို ချက်ချင်းနားလည်သွားတာ ဖြစ်နိုင်သားပဲ။ ငယ်ငယ်လေးနဲ့ သတ်ဖြတ်ခြင်းအင်အား စတုတ္ထအဆင့်...ရတနာတွေကလည်း ကျန်းရီအတွက် ရီဖျောင်ဖျောင် ချန်ထားခဲ့တာ...အင်း...တခြားဟာတွေက အသာထား၊ စိတ်ဝိဉာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်းကျင့်စဉ်က ရီဖျောင်ဖျောင် လက်ဆင့်ကမ်းခဲ့တာ အသေအချာပဲ...သူမမှာလည်း ဒီစွမ်းရည်ရှိတယ်လို့ အရင်ဂိုဏ်းချုပ်ဟောင်း ပြောခဲ့ဖူးတယ်။
ဟဲလောင်၏ စိတ်ထဲတွင် ရှင်းမပြနိုင်သော သံသယများစွာ ရှိခဲ့သော်လည်း ရီဖျောင်ဖျောင်၏ ထူးခြားဆန်းကြယ်မှုများဖြင့် ဆက်စပ်ကြည့်သော် သံသယများ ကင်းစင်သွားခဲ့သည်။ သူသည် စတင်၍စိတ်လှုပ်ရှားလာခဲ့သည်။ မည်သူမှ မသေချင်ကြပေ။ အသက်ရှင်ရသည်မှာ ကောင်းမွန်သည့် ခံစားချက်တစ်ခု ဖြစ်သည်။ ကျန်းရီသည် အားကောင်းသည့်တာအိုတစ်ခုကို နားလည်သွားခဲ့ရာ သူ့တွင်မျှော်လင့်ချက်များ ပြန်လည်ဖြစ်တည်လာခဲ့သည်။
"အမ်"
ဟဲလောင်သည် ဆွံ့အနေခဲ့ပြီး ကျန်းရီကိုယ်တိုင်မှာ ပို၍ပင် ဆိုးချေသေးသည်။ ထိုတိုက်ခိုက်မှုသည် သူ့အား မှင်တက်သွားစေခဲ့သည်။ သူသည် မျက်တောင်တစ်ဖျတ်ဖျတ် ခတ်၍ တီးတိုးရေရွတ်လိုက်သည်။
"ငါ့ရဲ့ တာအို တိုက်ခိုက်မှုက ဘာလို့ ဒီလောက်တောင် အားပြင်းနေတာလဲ။ ဟဲလောင်ရဲ့ တိုက်ကွက်ထက်တောင် ပိုပြီးအားပြင်းနေသလိုပဲ။ ငါနားလည်လိုက်တဲ့ တာအိုက ဟဲလောင်ရဲ့ဟာနဲ့ မတူတာများလား"
ကျန်းရီသည် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ အတွင်းအားတစ်စသည် မီးနဂါးဓားထံမှ ထွက်ပေါ်လာခဲ့ပြီး နဂါးငယ်လေး တစ်သောင်းခန့်အဖြစ် ကွဲထွက်သွားကာ မျက်လုံးနီသတ္တဝါများထံ ပြေးဝင်တိုက်ခိုက်ကြသည်။ နဂါးငယ်လေးများသည် အသက်ရှိနေသည့်နှယ် ပစ်မှတ်ထံ အလိုအလျောက် သွားရောက်တိုက်ခိုက်ကြခြင်းဖြစ်သည်။
ဘန်း...ဘန်း...ဘန်း...
မျက်လုံးနီနှင့် သတ္တဝါများသည် အသားစများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျန်းရီ၏တိုက်ခိုက်မှု မည်မျှပြင်းထန်ကြောင်း သက်သေပြနေခဲ့သည်။ ကျန်းရီ၏စိတ်ထဲမှ သံသယများမှာ ပိုမိုကြီးထွား၍လာခဲ့သည်။
"သခင်လေးရီ...ဆက်တွေးမနေနဲ့တော့၊ သခင်လေးနားလည်သွားတာ ဒီအဖိုးကြီးရဲ့ တာအိုတည်ဆောက်ပုံမဟုတ်ဘူး။ အလယ်အဆင့် တာအိုကို နားလည်သွားတာ"
ဟဲလောင်သည် စိတ်လှုပ်ရှားမှုတို့ ပါဝင်နေသည့် လေသံဖြင့် ပြောလာရာ ကျန်းရီမှာ ထပ်မံဆွံ့အသွားရပြန်သည်။ ကျန်းရီသည် ခေါင်းကိုအလျင်အမြန် ခါယမ်းလိုက်သည်။ ဤအချိန်သည် ထိုအကြောင်းအရာများကို တွေးနေရန် အချိန်ကောင်းမဟုတ်သေးပေ။
ကျန်းရီသည် ထိုအကြောင်းကို မတွေးတော့ရန် ကြိုးစားလိုက်ပြီး အပြေးသွားကာ ဟဲလောင်အား လက်တစ်ဖက်ဖြင့် ဆွဲထူသည်။ ထို့နောက် ပုဆစ်တုပ်ထိုင်ချ၍ ဟဲလောင်အား ကျောထက်တင်ရန် ပြင်ဆင်လိုက်သည်။ ဟဲလောင်၏ ခြေထောက် မြေပြင်နှင့် လွတ်သွားချိန်တွင် ကျန်းရီမှာ အလွန်အမင်း လေးလံသည်ဟု ခံစားလိုက်ရပြီး ဟဲလောင်ကို သယ်သွားရန် မဖြစ်နိုင်မှန်း သိလိုက်သည်။
"သခင်လေးရီ...ကျွန်တော့်ကို သယ်စရာမလိုပါဘူး။ ဒီအဖိုကြီး အနားယူဖို့ပဲလိုပြီး လမ်းလျှောက်နိုင်ပါသေးတယ်။ ခဏလောက်ပဲ စောင့်ပေးပါ"
ဟဲလောင်သည် အားယူ၍ ပြုံးလိုက်သည်။ သူသည် ဒဏ်ကြေဆေးတစ်လုံးသောက်၍ အတွင်းဒဏ်ရာများကို ကုစားလိုက်သည်။ ကျန်းရီသည် သူ့ဘေးတွင်ရပ်၍ မျက်လုံးနီသတ္တဝါများ ချည်းကပ်လာတိုင်း ဓားကို လွှဲ၍ မီတာသုံးဆယ် ပတ်လည်အတွင်းရှိ သတ္တဝါများကို အေးအေးလူလူ သတ်ဖြတ်နေခဲ့သည်။
တစ်နာရီခန့်ကြာပြီးနောက် ဟဲလောင်သည် အံကြိတ်၍ မတ်တပ်ရပ်ကာ ကျန်းရီအား ခေါင်းငြိမ့်ပြလိုက်သည်။ ဟဲလောင်သည် ကျန်းရီ တာအိုတိုက်ခိုက်မှုကို ကြိမ်ဖန်များစွာ ပြုလုပ်ရ၍ အလွန်အကျွံ မောပန်းသွားမည်ကို စိုးရိမ်နေကြောင်း ကျန်းရီသိသည်။ ဟဲလောင်သည် အင်အားနည်းနည်း ပြန်ရရုံနှင့် အလျင်စလို ခရီးဆက်ရန် ပြင်နေသည်။
တစ်ဖက်တွင် ကျန်းရီသည် အမှန်တကယ် မောပန်းနေခဲ့သည်။ သူ၏သက်လုံအား၊ အတွင်းအားနှင့် စိတ်စွမ်းအင်တို့မှာ လျင်လျင်မြန်မြန် ကုန်ဆုံးနေသည်။ သူသည် သန်မာချင်ယောင်ဆောင်မနေတော့ဘဲ ဟဲလောင်အား လက်တစ်ဖက်ဖြင့် တွဲ၍ နေရာရွှေ့ပြောင်းအစီအရင်ရှိရာသို့ လျှောက်သွားလိုက်သည်။
လမ်းတွင် ကျန်းရီသည် တာအိုဖြင့်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။ သူ၏တိုက်ခိုက်မှုမှာ ဟဲလောင်ထက် အဆတစ်ရာခန့် ထိရောက်လေသည်။ နဂါးတစ်ကောင်ချင်းစီ၏ တိုက်ခိုက်မှုသည် ဟဲလောင်၏ ဓားသွားတစ်ချက်စီထက် ပြင်းထန်ချင်မှ ပြင်းထန်လိမ့်မည်။ သို့သော် မီနဂါးလေးများ၏ ပမာဏသည် ဟဲလောင်၏ ဓားသွားများထက် အဆတစ်ရာခန့် များပြားလေသည်။ မီးနဂါးသေးသေးလေးများသည် အဆုံးမရှိသည့်အလား မျက်လုံးနီသတ္တဝါ တစ်အုပ်ပြီးတစ်အုပ်အား ဖျက်ဆီးနေခဲ့သည်။
သုံးကီလိုမီတာ၊ နှစ်ကီလိုမီတာ...မီတာတစ်ထောင်...
ကျန်းရီ၏မျက်နှာမှာ စိမ်းပြာနေပြီဖြစ်သည်။ သူသည် အတင်းရုန်းကန်၍ လမ်းလျှောက်နေရသည်။ သူ့ကိုယ်မှာ အလွန်အားနည်းနေပြီဖြစ်သော်လည်း နေရာရွှေ့ပြောင်းအစီအရင်သည် သူတို့မျက်စိရှေ့တွင်သာ ရှိနေခဲ့သည်။ သူတို့ နီးကပ်လာသည်နှင့်အမျှ သူနှင့်ဟဲလောင်၏ မျက်ဝန်းများ ပိုမိုတောက်ပလာကြပြီး မျက်နှာများတွင်လည်း ပျော်ရွှင်သည့်အရိပ်အယောင်များ တစ်စတစ်စ တိုးလာခဲ့သည်။
တတိယထပ်ကို စောင့်ရှောက်နေကြသည့် မကောင်းဆိုးဝါးများမှာ ဒုတိယထပ်ထက် အဆများစွာ အားကောင်းလေသည်။ စတုတ္ထထပ်ရောက်လျှင် မည်မျှကြောက်ဖို့ကောင်းလိုက်မည်နည်း။ ပဉ္စမထပ် ဆိုပါလျှင်ရော။ အဖြေကို သူတို့နှစ်ယောက် မသိသော်လည်း တတိယထပ်ကို ကျော်ဖြတ်နိုင်သဖြင့် သူတို့ ပျော်ရွှင်နေကြသည်။ အန္တရာယ်ကြားမှ အသက်ရှင်ရခြင်းသည် အလွန်ပျော်စရာကောင်းလှသည်။
နောက်ဆုံးတွင် အစီအရင်ရှိရာသို့ သူတို့ရောက်သွားကြသည်။ ကျန်းရီသည် မောပန်းလွန်း၍ ဖြောင့်ဖြောင့်တောင် မရပ်နိုင်တော့ချေ။ နေရာရွှေ့ပြောင်း အစီအရင် လင်းလက်လာသည်ကို ကြည့်နေရင်း သူတို့သည် ပြိုင်တူသက်ပြင်းချလိုက်ပြီး ပြုံးလိုက်ကြသည်။
ဝှစ်...
ထင်ထားသလိုပင် နှစ်ယောက်သားသည် ယခင်အထပ်များနှင့် တစ်ပုံစံတည်း တူညီသည့် နန်းတော်အတွင်း ပြန်ရောက်သွားခဲ့ကြသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ယခုအထပ်ရှိ တည်နေရာရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင်ဘေးတွင် ခပ်ချောချော လူငယ်တစ်ဦး ထိုင်နေခဲ့ခြင်းဖြစ်သည်။
"ကျန်းရီ"
ကျန်းရီတို့နှစ်ယောက် ရောက်လျှင်ရောက်ချင်း ထိုလူငယ်သည် ခုန်ထလိုက်ပြီး နေရာရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင်ထဲသို့ ပြေးဝင်သွားခဲ့သည်။ ထိုလူအား ကျန်းရီ မြင်သော်လည်း သူ့ကိုယ်ထဲတွင် ပြေးလိုက်ရန် အင်အားတစ်စမျှ မရှိတော့ပေ။
"ကျန်းရီ...မင်းတို့နှစ်ယောက် တတိယထပ်ကို ကျော်ဖြတ်နိုင်မယ်လို့ ငါမထင်ခဲ့မိဘူး...ဟမ့်...မင်းတို့က စတုတ္ထထပ်ကို ဝင်နိုင်တဲ့ အစွမ်းအစရှိတယ်ဆိုတော့ ဒီမင်းသားက မင်းတို့နှစ်ယောက်ကို ဘယ်လိုသတ်မလဲဆိုတာ ကြည့်ဖို့ပြင်ထားကြ...ဟားဟား"
ယွင်လု၏ ကောက်ကျစ်လှသော ရယ်သံသည် နန်းတော်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ နေရာရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင် တောက်ပလာခဲ့ပြီး ယွင်လု၏ ကိုယ်မှာ ပျောက်ကွယ်သွားခဲ့သည်။ ဟဲလောင်၏ မျက်နှာမှာ ပျက်ယွင်းနေခဲ့ပြီး ပေါ့ပါးနေသော သူ့နှလုံးသားမှာ ထပ်မံလေးလံလာခဲ့သည်။
ကျန်းရီသည် ကြမ်းပြင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ သူ့မျက်နှာထက်တွင် စိုးရိမ်ပူပန်ရိပ်တို့ လုံးဝမရှိချေ။ သူသည် ကိုယ့်ကိစ္စကိုယ်သာတွေး၍ ဆေးအချို့သောက်လိုက်ပြီး စတင်အနားယူ၍ ကျင့်ကြံလိုက်သည်။
သူ့ဒဏ်ရာများကို အာရုံစိုက်ရင်း အလုပ်များနေသည့် ကျန်းရီသည် ဟဲလောင် မျက်မှောင်ကုတ်နေသည်အား မြင်လိုက်သော် ပြုံး၍ နှစ်သိမ့်လိုက်သည်။
"ဟဲလောင်...မစိုးရိမ်နဲ့၊ ဒီယွင်လုက ငါတို့ကို သက်သက်ချောက်နေတာ။ သူ့ကိုယ်ထဲမှာ ယွင်မိသားစုရဲ့ အသန့်စင်ဆုံး သွေးတွေ စီးဆင်းနေလို့ စုန်းနတ်ဘုရားက သူ့ကို နည်းနည်းပါးပါး မျက်နှာလိုက်ရင် လိုက်လိမ့်မယ်၊ ဒါပေမယ့် လွန်လွန်ကဲကဲတော့ မျက်နှာလိုက်မှာ မဟုတ်ဘူး။ ဒါကြောင့် စတုတ္ထထပ်ဖြစ်နေလည်း သူ့ဘက်က အလွန်အကျွံ အသာစီး ရမှာမဟုတ်ဘူး။ ဒီအထပ်မှာ ငါတို့ သေရမယ်ဆိုတောင် ငါမသေခင် သူ့ကိုသတ်နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်"
***