← Chapters

တကျော့ပြန်ငွေအရိပ်

Vol. 47 Ch. 653

တကျော့ပြန်ငွေအရိပ်

Vol. 47 Ch. 653

အံ့အားသင့်စွာ စောင့်ကြည့်နေကြသော မျက်ဝန်းများစွာ၏အောက်၌ပင် အဆိပ်ရည်စက်ကွင်းမှာ လျင်မြန်လှသောအရှိန်ဖြင့် ကျုံ့ဝင်လာသည်။ အရှိန်နှုန်းမှာ လျင်မြန်ခက်ထန်လွန်းလှသဖြင့် လေထုသည်ပင် ကျိုးပဲ့ပျက်စီးကုန်ရ၏။

ကျင်းချန်းဇယ်သည် ဇူယွမ်အား သတ်ဖြတ်ရန်အထိ ကြံရွယ်ထားသည်မှာ အလွန်ပင် ထင်ရှားလွန်းလှသည်။

တောင်ခြေမှ စောင့်ကြည့်နေကြသော ကန်ရွှမ်းကလန်မှ ရွေးချယ်ခံများ၏ အမူအရာမှာ အလွန်ပင် ပျက်ယွင်းနေရပြီ ဖြစ်သည်။ ထိုအဆိပ်စက်ကွင်းအတွင်း ပိတ်မိသွားပါက ၎င်းတို့သည်ပင် မရဏလမ်းမှလွဲ၍ ရွေးချယ်စရာ ရှိတော့မည်မဟုတ်ပေ။

"ငါတို့ဇူယွမ်ကို သွားကယ်ကြရအောင်။" လီချင်းချန်မှ အံကိုကြိတ်ကာ အော်ဟစ်လိုက်သည်။

ဇူယွမ်သာ အဆိက်စက်ကွင်းအတွင်း ပိတ်မိသွားပါက အရာအားလုံးမှာ ပိုမိုဆိုးရွားလာတော့မည်သာ ဖြစ်သည်။

လီချင်းချန်မှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျင် အလင်းတန်းတစ်ခုအလား တောင်ခြေမှ ထွက်ခွာပျံသန်းရန် ပြင်ဆင်လိုက်သည်။

ဝုန်း...

သို့သော် လီချင်းချန်မှ လှုပ်ရှားတော့မည့် အချိန်မှာပင် စိတ်ဝိဉာဉ်ဝေဝါးခြင်းမြူခိုးများထံမှ များပြားလှသော အလင်းလုံးများ အဆက်မပြတ် ကျဆင်းလာလေသည်။

ဘန်း...

အလင်းလုံးများမှာ လီချင်းချန်ထံသို့သာ ရည်ရွယ်ချက်ရှိစွာဖြင့် ကျဆင်းနေခြင်း ဖြစ်သည်။

"အဟက်...ဒီမှာပဲနေပြီး အဲ့ကောင်​လေး သေသွားတာကိုသာ စောင့်ကြည့်နေစမ်းပါ။" မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံများမှ အေးစက်ခက်ထန်စွာဖြင့် စကားဆိုလိုက်သည်။

လီချင်းချန်၏ အမူအရာမှာ ခက်ထန်သွားရသည်။ သူမသည် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားပါသော်လည်း မည်သည့်လှုပ်ရှားမှုမှ ပြုလုပ်ခြင်းမရှိပေ။ စင်စစ်တွင်မူ သူမ စွမ်းအင်အများအပြား အသုံးပြုကာ ဤနေကာမှ ထွက်ခွာသွားပါလျှင်လည်း ဇူယွမ်အား အကူအညီပေးနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

"ဇူယွမ်..."

လီချင်းချန်မှာ သူမ၏ နီထွေးသောနှုတ်ခမ်းသားလေးအား ပြင်းထန်စွာ ဖိကိုက်ထားလိုက်မိသည်။

ခုန်းရှန်၊ ယဲ့ကယ်နှင့် အခြားသော ရွေးချယ်ခံများမှာလည်း တိတ်ဆိတ်ငြိမ်သက်နေရ၏။ လက်ရှိအချိန်၌ ဇူယွမ်မှာ အသက်အန္တရာယ်ပင် ရှိနေပါသော်လည်း ၎င်းတို့မှ သွားရောက်ကယ်တင်ပေးရန် မည်သို့မျှ မဖြစ်နိုင်ပါချေ။ ဇူယွမ်မှာ သူ့ကိုယ်သူသာ အားကိုးရလိမ့်မည်ပင် ဖြစ်သည်။

ကြီးကျယ်ခမ်းနားသော တိုက်ပွဲများမှာ အမြဲတစေ အသက်ဖြင့် အလောင်းအစားပြုကာ တိုက်ခိုက်ကြရစမြဲပင် မဟုတ်ပါလော.....

.........

တောင်ထွတ်ပေါ်တွင် ရှိနေသော ကျင်းချန်းဇယ်မှာ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မြှုပ်နှံသဂြိုဟ်ခြင်း...."

ဝုန်း....

အဆိပ်စက်ကွင်းမှာ ရုတ်ချည်းဆိုသလို သိပ်သည်းကျုံ့ဝင်လာကာ ပေါက်ကွဲသွား၏။

ဝုန်း...

တောင်တန်းအပြင်ဖက်မှ ကြည့်ရှုမည်ဆိုပါက တောင်ထွတ်ပေါ်၌ အစိမ်းရင့်ရောင် မှိုပွင့်သဏ္ဍာန် မီးခိုးငွေ့များ ပေါက်ကွဲသွားသည်ကို မြင်တွေ့ရမည်ပင် ဖြစ်သည်။ ဆိုးရွားလှသောသွေးညှီနံ့ အငွေ့အသက်များမှာလည်း တောင်တန်းအပြင်ဖက်ထိပင် လွင့်ပျံ့နေလျက် ရှိသည်။ ထိုအငွေ့အသက်များအား ကံမကောင်းစွာ ရှူသွင်းမိသော တိုက်ပွဲစောင့်ကြည့်နေကြသည့် သာမန်တပည့်အချို့သည်ပင် အတုံးအရုံး လဲကျကုန်ကြရသည်။

တောင်တန်းအပြင်ဖက်တွင် ရှိနေကြသော အခြားသူများမှာလည်း ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရပြီးနောက် ကြက်သီးမွှေးညှင်းများပင် ထလာရကာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ချီစွမ်းအင် အကာအကွယ်များအား ပြုလုပ်လိုက်ကြသည်။

အထိတ်တလန့်ဖြင့် ချီစွမ်းအင် အကာအကွယ်များအား ပြုလုပ်ပြီးသည့် အချိန်မှသာ စောင့်ကြည့်နေသူများမှာလည်း တိုက်ပွဲအား ပြန်လည်အာရုံစိုက်နိုင်တော့သည်။ ကျင်းချန်းဇယ်၏ တိုက်ခိုက်မှုမှာ အလွန်ပင် ပြင်းထန်လွန်းလှပြီး ကျောင်းထိုက်ရှင်း သို့မဟုတ် ချူချင်းကဲ့သို့သော အဆင့်ရှိသူမျှသာလျှင် ခုခံနိုင်လိမ့်မည် ဖြစ်သည်။

အဆိပ်စက်ကွင်းအတွင်း ရှိနေသော ဇူယွမ်မှာ သူ၏အဆင့်မျှဖြင့် မည်သို့မျှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

တောင်တန်းအပြင်ဖက်တွင် ရှိနေကြသော ကန်ရွှမ်းကလန်၏ တပည့်များမှာ အတော်ပင် တိတ်ဆိတ်ငြိမ်သက်နေကြရသည်။ ပတ်ဝန်းကျင်ရှိ လေထုသည်ပင် လေးလံမှုန်မှိုင်းနေသည်ဟု ထင်မှတ်ရ၏။

ကျိုးချူးချင်ယုနှင့် လုလျိုတို့မှာလည်း စိုးရိမ်ပူပန်နေသော မျက်ဝန်းများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်မိကြသည်။ ၎င်းတို့သည် ဇူယွမ်အပေါ် ယုံကြည်ချက်ရှိပါသော်လည်း ကျင်းချန်းဇယ်၏ ယခုတစ်ခေါက် တိုက်ခိုက်မှုမှာစိတ်ဝိဉာဉ်များ လွင့်စင်သွားမတတ် အလွန်ပင် ပြင်းထန်လွန်းလှသည်။

တောင်ထွတ်ပေါ်တွင် ရှိနေသော ကျင်းချန်းဇယ်မှာ အဆိပ်ရည်များ ပေါက်ကွဲသွားသောနေရာအား ကြည့်ရှုလိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်ကာ မထီမဲ့မြင်ပြုစွာဖြင့် စကားဆိုလိုက်သည်။ "ကောင်စုတ်လေး....ဒီတိုက်ခိုက်မှုကို မင်းဘယ်လိုကာကွယ်မလဲဆိုတာ ကြည့်ရသေးတာပေါ့။ ငါ့ရဲ့ မြှုပ်နှံသဂြိုဟ်ခြင်းကို မင်းတိုက်ရိုက်ရင်ဆိုင်မယ်ဆိုရင်တော့ အလောင်းပဲ ကျန်ခဲ့မှာ အသေအချာပဲ။"

ကျင်းချန်းဇယ်မှ တိုးညင်းစွာ ရေရွတ်နေစဉ်မှာပင် အဆိပ်ငွေ့များမှာ ဖြည်းညင်းစွာဖြင့် လေပြေများနှင့်အတူ ပျောက်ကွယ်သွားသည်။

ကျင်းချန်းဇယ်နှင့် အခြားသူများမှာ အဆိပ်ရည်များ ပေါက်ကွဲခဲ့သောနေရာအား လျင်မြန်စွာဖြင့် ကြည့်ရှုလိုက်ကြသည်။ ထိုအနီးအနား ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ ပျက်စီးနေပြီး မြေပြင်မှာလည်း ကြီးမားသော တွင်းချိုင့်ကြီးတစ်ခု ဖြစ်ပေါ်သွားလေသည်။

သို့သော် ထိုတွင်းချိုင့်ကြီး၏အလယ်၌ မပျက်စီးပဲရှိနေသော ကျောက်ဆောင်တစ်ခု ရှိနေသည်။

ကျင်းချန်းဇယ်မှ မျက်မှောင်ကျုံ့ကာ ကြည့်ရှုလိုက်သောအခါတွင် ထိုကျောက်ဆောင်၏ထိပ်ဖျား၌ ရပ်နေလျက်ရှိသော ပုံရိပ်တစ်ခုအား တွေ့ရှိလိုက်ရသည်။

ထိုပုံရိပ်မှာ ခန္ဓာကိုယ်အပြည့် ဖုံးကွယ်ထားသော ငွေရောင်ချပ်ဝတ်တစ်ခုအား ဝတ်ဆင်ထားလျက်ရှိသည်။

"ဟာ...."

"ဟင်...."

​တောင်တန်းအပြင်ဖက်၌ ကျယ်လောင်လှသော အာမေဋိတ်သံများ အစီအရီ ထွက်ပေါ်လာကြသည်။

လူတိုင်းမှာ အကြီးအကျယ် အံ့အားသင့်သွားကြရခြင်း ​ဖြစ်သည်။ မည်သူကမှ မြှုပ်နှံသဂြိုဟ်ခြင်းတိုက်ကွက်အား ဇူယွမ်မှ ခံနိုင်ရည်ရှိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ထို့အပြင် ဇူယွမ်ဝတ်ဆင်ထားသော ငွေရောက်ချပ်ဝတ်မှာလည်း အလွန်ပင် ထူးခြားဆန်းကြယ်လွန်းလှလေသည်။

ကျင်းချန်းဇယ်၏ အမူအရာမှာ အလွန်ပင် ပျက်ယွင်းနေရသည်။ သူ၏ ပြင်းထန်လှသော တိုက်ကွက်သည် ဇူယွမ်၏အသက်အား နှုတ်ယူခြင်း မပြုနိုင်ခဲ့သည်ကို လက်မခံနိုင် ဖြစ်နေရသည်။

ကျင်းချန်းဇယ်မှာ ငွေရောင်ချပ်ဝတ်အား ဝတ်ဆင်ထားလျက်ရှိသည့် ဇူယွမ်၏ပုံရိပ်အား အေးစက်ခက်ထန်စွာ ကြည့်ရှုလိုက်သည်။ ထိုငွေရောင်ချပ်ဝတ် ပေါ်ပေါက်လာသည့် အချိန်မှစ၍ ကျင်းချန်းဇယ်မှာ ဇူယွမ်၏ ချီစွမ်းအင်နှင့် စွမ်းအင်ဖိအားများအား ခံစားရခြင်း မရှိတော့ချေ။ ပြောရမည်ဆိုလျှင် သူသည် လက်ရှိအချိန်၌ ဇူယွမ်၏ စွမ်းအင်အတိမ်အနက်အား အာရုံမခံနိုင်တော့ခြင်းပင် ဖြစ်၏။

ထို့ကြောင့် ကျင်းချန်းဇယ်မှာ ထိုဆန်းကြယ်လှသည့် ငွေရောင်ချပ်ဝတ်အား အန္တရာယ်ရှိသည်ဟု ခံစားနေမိသည်။

"ဒါကမင်းရဲ့ နောက်ဆုံးဝှက်ဖဲလား။ မင်းအတွက် အကာအကွယ်ပေါ့လေ ဟုတ်လား...အဟက်။" ကျင်းချန်းဇယ်မှ မထီမဲ့မြင်ပြုစွာ ပြောလိုက်သည်။

ဇူယွမ်မှာ ကျင်းချန်းဇယ်၏စကားအား အနည်းငယ်မျှပင် အလေးထားဟန်မရှိပဲ ငွေရောင်ချပ်ဝတ်ကိုသာ လေ့လာနေလျက် ရှိသည်။

ငွေအရိပ်အား စတင်ရရှိခဲ့စဉ်က ၎င်းငွေရောင်ချပ်ဝတ်သည် မူလစဦး၏ ကနဦးအဆင့်မျှသာ စွမ်းအင်ရှိခဲ့သည်။ ယခုနှစ်နှစ်နီးပါးမျှ ကြာမြင့်ပြီးသောအချိန်တွင်မူ ငွေအရိပ်၏စွမ်းအင်သည် မူလစဦး နဝမအဆင့်မျှအထိ ရောက်ရှိနေပြီပင် ဖြစ်သည်။

ငွေအရိပ်သည် ဇူယွမ်အတွက် နောက်ဆုံးဝှက်ဖဲပင် ဖြစ်သည်။ ကန်ရွှမ်းကလန်အတွင်း ရှိစဉ်ကာလများ၌ပင် သူသည် မည်မျှခက်ထန်သော တိုက်ပွဲများအား တိုက်ခိုက်ရစေကာမူ ငွေအရိပ်အား ထုတ်ယူသုံးစွဲခြင်းမပြုပဲ ဖုံးကွယ်ထားခဲ့သည်။ သို့သော် ယခုတွင်မူ ရွေးချယ်စရာ မရှိသောကြောင့်သာ အသုံးပြုလိုက်ရခြင်း ဖြစ်သည်။

လက်ရှိအချိန်၌ ကျင်းချန်းဇယ်၏ တိုက်ပွဲစွမ်းရည်မှာ အလွန်ပင် မြင့်တက်နေလျက်ရှိပြီး ကန်ရွှမ်းကလန်၏ ရွေးချယ်ခံဆယ်ဦးထဲတွင်ပင် ချူချင်းတစ်ယောက်သာ ၎င်းအားကိုင်တွယ်နိုင်လိမ့်မည်ဟု ထင်မှတ်ရသည်အထိ ဖြစ်သည်။ ခုန်းရှန်နှင့် လီချင်းချန်တို့သည်ပင်လျှင် လက်ရှိအချိန်၌ ဖားပြုတ်တစ်ကောင်အသွင်ဖြစ်နေသော ကျင်းချန်းဇယ်အား ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုသို့သောသူမျိုးနှင့် တိုက်ခိုက်နေရသောအချိန်၌ နောက်ဆုံးဝှက်ဖဲကိုသာ ထုတ်ယူသုံးစွဲခြင်း မပြုပါက ဇူယွမ်မှာ အမှန်တကယ်ပင် မိမိကိုယ်ကို သေလမ်းရှာနေသကဲ့သို့ ဖြစ်သွားရလိမ့်မည်ပင် ဖြစ်သည်။

"ဟူး...."

ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်ပြီးနောက် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကျင်းချန်းဇယ်အား ကြည့်ရှုလိုက်သည်။

ယခုဆိုလျှင် နောက်ဆုံးဝှက်ဖဲအား အသုံးပြုလိုက်ပြီဖြစ်သောကြောင့် တိုက်ပွဲအား လျင်မြန်စွာ အဆုံးသတ်ရတော့မည်ပင် ဖြစ်သည်။

ဇူယွမ်၏ နှလုံးသားထဲတွင်ရှိနေသော ရွှေအိုရောင်သွေးစက်မှာ ပြင်းထန်စွာ တုန်ခါလာရပြီးနောက် ဆံခြည်မျှင်သွေးကြောများမှတဆင့် အသွေးအသားများထဲသို့ စီးဝင်သွားတော့သည်။

ငွေအရိပ်ထံမှလည်း ငွေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ပေါက်ကွဲထွက်ပေါ်လာသည်။

သူတော်စင်စိတ်ဝိဉာဉ်ပုံရိပ်လည်း ထွက်ပေါ်လာကာ အတောင်ပံများအား ဖြန့်ထုတ်လိုက်၏။

ဇူယွမ်မှာ သူ၏စွမ်းအင် အကုန်အစင်အား အသက်သွင်းနေခြင်းပင် ဖြစ်သည်။

တောင်တန်းအပြင်ဖက်မှ စောင့်ကြည့်နေသော သူများမှာလည်း အံ့အားသင့်စွာဖြင့် ဇူယွမ်အား ကြည့်ရှုနေလျက် ရှိသည်။

ချူချင်းနှင့် ကျောင်းထိုက်ရှင်းသည်ပင်လျှင် အံ့အားသင့်မိသွားကြသည်။

လက်ရှိအချိန်၌ ဇူယွမ်မှာ အလွန်ပင် စွမ်းအားကြီးလှသော သူတစ်ဦးကဲ့သို့ဖြစ်နေပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

"ကျင်းချန်းဇယ်...ဒီတိုက်ပွဲကပြီးပြီ..." ဇူယွမ်၏ အေးစက်ခက်ထန်လှသော စကားသံမှာ ပတ်ဝန်းကျင်တစ်ခွင်လုံးအား ပျံ့နှံသွားလေသည်။

ဝုန်း...

ဇူယွမ်၏ပုံရိပ်မှာ လှုပ်ရှားလိုက်သည်နှင့်အတူ လေထု၏ပေါက်ကွဲသံမှာလည်း ကျယ်လောင်စွာ ထွက်ပေါ်လာရလေတော့သတည်း....

All Chapters