← Chapters

သတ်ဖြတ်ခြင်း

Vol. 47 Ch. 654

သတ်ဖြတ်ခြင်း

Vol. 47 Ch. 654

ဝုန်း...

ဇူယွမ်ထံမှ ပြင်းထန်လွန်းလှသော အဖျက်စွမ်းအင်များ ထွက်ပေါ်နေလျက် ရှိသည်။ လက်ရှိအချိန်၌ ဇူယွမ်ထံမှ ထွက်ပေါ်နေလျက်ရှိသော စွမ်းအင်ဖိအားမှ  ယခင်ကနှင့်မတူပဲ အလွန်ပင် ခက်ထန်ကြမ်းတမ်းနေလျက် ရှိသည်။

ဇူယွမ်မှာ ချီစွမ်းအင်၊ ပြင်ပခန္ဓာသန်မာမှု၊ မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးနှင့် ငွေအရိပ်စသော စွမ်းအင်များအား တစ်ပြိုင်နက်တည်း အသုံးပြုနေခြင်းပင် ဖြစ်သည်။

ကျင်းချန်းဇယ်မှာ အလွန်ပင် စွမ်းအင်ကြီးမားနေသော ဇူယွမ်အား မြင်တွေ့လိုက်ရပြီးနောက် ကြောက်ရွံ့သိမ်ငယ်စိတ်များ ဖြစ်ပေါ်လာရသည်။ ဇူယွမ်ထံမှ ထိုမျှကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေခြင်းကိုလည်း လက်မခံနိုင် ဖြစ်နေရ၏။

ကျင်းချန်းဇယ်မှာ တောင်ကြီးတစ်လုံး၏ ဖိနှိပ်ခြင်းခံနေရသကဲ့သို့ ပြင်းထန်လွန်းလှသည့် စွမ်းအင်ဖိအားများအား ခံစားနေရသည်။

မည်သို့ပင်ဆိုစေကာမူ ကျင်းချန်းဇယ်မှာ သာမန်ရွေးချယ်ခံတစ်ဦး မဟုတ်ပေ။ ဇူယွမ်၏ တိုက်ခိုက်မှုအား ခုခံနိုင်ခြင်း မရှိခဲ့ပါက ဤနေရာတွင်ပင် အသတ်ခံလိုက်ရနိုင်ကြောင်း ကျင်းချန်းဇယ်မှ ကောင်းစွာသိရှိထားသည်။

သို့သော် ဇူယွမ်အား အောင်မြင်စွာ တန်ပြန်တိုက်ခိုက်နိုင်ခဲ့လျှင်မူ ဤတိုက်ပွဲ၏ အနိုင်အရှုံးဆုံးဖြတ်ချက်မှာ သူ၏လက်အတွင်းသို့ ကျရောက်လာလိမ့်မည်ပင် ဖြစ်သည်။

ယခုတစ်ခေါက် တိုက်ခိုက်မှုသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းအား လောင်းကြေးထပ်ကာ ကစားနေရသော တိုက်ပွဲပင် ဖြစ်သည်။

ကျင်းချန်းဇယ်မှာ အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ရှစ်သောင်းသုံးထောင်သော ချီကြယ်ပွင့်များအားလုံးကို လင်းလက်ပေါက်ကွဲစေလိုက်သည်။ သူသည် ချီစွမ်းအင် အကုန်အစင်ကို အသုံးပြုတိုက်ခိုက်ရန် ကြံရွယ်နေခြင်းပင် ဖြစ်သည်။

ကျင်းချန်းဇယ်မှာ ယခုတိုက်ပွဲအား အသက်နှင့်ပင် အလဲအထပ်လုပ်၍ တိုက်ခိုက်ရန် ဆန္ဒရှိနေသည်။

ကျင်းချန်းဇယ်သည် ဇူယွမ်အား အမြဲတစေပင် အထင်အမြင်သေးခဲ့သည်။ သို့သော် ယခုအချိန်၌ ဇူယွမ်မှာ သူ၏အသက်ကိုပင် ခြိမ်းခြောက်နိုင်သည်အထိ ဖိအားပေးနေနိုင်ပြီပင် ဖြစ်သည်။ ထိုအချက်သည် ကျင်းချန်းဇယ်အား အလွန်ပင် ဒေါသထွက်စေသည့်အပြင် သတ်ဖြတ်လိုစိတ်များလည်း တဖွားဖွား ဖြစ်ပေါ်လာစေသည်။ သူသည် ဇူယွမ်အား သတ်ဖြတ်ပစ်လိုက်ရန် မစောင့်နိုင်တော့လောက်အောင်ပင် စိတ်ဆန္ဒစောနေရ၏။

"မင်းလို တပည့်ခေါင်းဆောင် အဆင့်ကများ ငါ့ကို မထီမဲ့မြင် လုပ်ရဲတယ်ပေါ့။ လောကကြီးက ဘယ်လောက်တောင် အညှာအတာကင်းမဲ့တက်လဲဆိုတာ မင်းသေချာ မသိသေးဘူးပဲ။" ကျင်းချန်းဇယ်မှာ ဇူယွမ်၏ပုံရိပ်အားကြည့်ကာ အေးစက်ခက်ထန်စွာဖြင့် စကားဆိုလိုက်သည်။

"အွတ်..."

ကျင်းချန်းဇယ်ထံမှ နားမခံသာသော ဖားပြုတ်တစ်ကောင်၏အသံ ထွက်ပေါ်လာသည်။ ထို့နောက် အစိမ်းရင့်ရောင် ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ တောင်ကုန်းတစ်ခု အရွယ်ခန့်ရှိသော ရွှေအိုရောင်ဖားပြုတ်တစ်ကောင်၏အသွင် ဖြစ်ပေါ်လာလေသည်။

ထိုဖားပြုတ်၏ အသွင်အပြင်မှာ အလွန်ပင် ဆိုးရွားလွန်းလှပြီး ခန္ဓာကိုယ်မှာလည်း ပြင်းထန်လှသော အဆိပ်များဖြင့် ကာရံထားသည့်ဟန် ရှိသည်။ ၎င်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ဂလီဆန်စရာ အနံ့အသက်များမှာလည်း တောင်တန်းအပြင်ဖက်ထိပင် ပျံ့လွင့်နေလျက် ရှိသည်။

"ဒါ..ဒါက နတ်ဆိုးမိစ္ဆာဖားပြုတ်လား..." မူလသားရဲများအကြောင်း ရင်းနှီးကျွမ်းဝင်သော စောင့်ကြည့်နေသူတစ်ဦးမှ ရေရွတ်လိုက်သည်။ "ဒီမူလသားရဲက ကောင်းကင်ဘုံနေမင်းအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့တောင် နှိုင်းယှဉ်လို့ရတယ်။"

"ကျင်းချန်းဇယ်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ သွေးတွေကို ဟိုးအရင်ထဲက နတ်ဆိုးမိစ္ဆာဖားပြုတ်ရဲ့သွေးတွေနဲ့ အစားထိုးထားတယ်လို့ ကြားဖူးတယ်။ အခုသူက အဲ့သွေးရဲ့စွမ်းအင်တွေကိုသုံးပြီး နတ်ဆိုးမိစ္ဆာဖားပြုတ်ရဲ့ ပုံရိပ်ယောင်ကို လုပ်လိုက်တာပဲ။"

"သွေးကနေဖြစ်လာတဲ့ နတ်ဆိုးမိစ္ဆာဖားပြုတ်ရဲ့ ပုံရိပ်ယောင်ဆိုပေမယ့် အစွမ်းတော့ရှိဦးမှာပဲ။"

စောင့်ကြည့်နေသော သူများမှာ ဖားပြုတ်ကြီးအားကြည့်၍ အထိတ်တလန့် ဖြစ်နေကြရသည်။ နတ်ဆိုးမိစ္ဆာဖားပြုတ်သည် အဆင့်ခြောက်ရှိသော မူလသားရဲဖြစ်ပြီး ကောင်းကင်ဘုံနေမင်းအဆင့် ကျင့်ကြံသူများနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။ ကောင်းကင်ဘုံနေမင်းအဆင့်သည် ရှန်ဇူတိုက်ကြီး၌ပင် ကလန်တစ်ခုထောင်နိုင်လောက်သည့် အဆင့်အတန်းမျိုး ဖြစ်သည်။ အင်အားကြီးကလန်ကြီး ခြောက်ခုတွင်လည်း ကောင်းကင်ဘုံနေမင်းအဆင့်ဖြင့်ဆိုလျှင် အကြီးအကဲရာထူးအား ရရှိနိုင်မည်ပင် ဖြစ်သည်။

မူလစဦးအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ကောင်းကင်ဘုံနေမင်းအဆင့်အား မည်သို့မျှ ကျော်လွန်အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။

ကျင်းချန်းဇယ်သည် သူ၏အသက်ကိုပင် မငဲ့ကွက်ပဲ တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း သိသာထင်ရှားလွန်းလှ၏။

စောင့်ကြည့်နေကြသူများမှာ စိတ်လှုပ်ရှားစွာဖြင့် ဇူယွမ်နှင့် ကျင်းချန်းဇယ်တို့၏တိုက်ပွဲအား ကြည့်ရှုနေကြလျက် ရှိသည်။ ရှည်လျားခက်ထန်သော တိုက်ပွဲတစ်ခု၏ အဆုံးသတ်အချိန်သည် အနိုင်အရှုံးအား အဆုံးအဖြတ်ပေးမည့် အချိန်ဖြစ်ကြောင်း ၎င်းတို့အားလုံး သိရှိထားကြပေသည်။

ချူချင်းနှင့် ကျောင်းထိုက်ရှင်းတို့သည်ပင် ယင်းတို့၏ တိုက်ပွဲအား ခေတ္တခဏ သဘောတူညီမှုရယူကာ ရပ်နားထားလိုက်ကြသည်။ ဇူယွမ်နှင့် ကျင်းချန်းဇယ်တို့၏ တိုက်ပွဲအဆုံးအဖြတ်မှာ အရေးကြီးလွန်းလှကြောင်း ၎င်းတို့နှစ်ဦးလည်း ကောင်းစွာသိရှိထားကြသည်။

ချူချင်းမှာ တည်ငြိမ်နေသော မျက်ဝန်းများဖြင့် အေးစက်ခက်ထန်နေလျက်ရှိသော ကျောင်းထိုက်ရှင်းအား ကြည့်ရှုလိုက်သည်။

ဇူယွမ်မှာ ကျင်းချန်းဇယ်အား ယခုမျှအထိ ဖိအားပေးနိုင်ခဲ့သောကြောင့် ကျောင်းထိုက်ရှင်းမှာ စိတ်အလိုမကျဖြစ်နေပုံ ရသည်။

"ကျောင်းထိုက်ရှင်း...ဇူယွမ်ကို အထင်မသေးပါနဲ့လို့ မင်းကိုငါပြောဖူးသားပဲ။" ချူချင်းမှ ရယ်မောကာ ပြောလိုက်သည်။

ကျောင်းထိုက်ရှင်းမှ ခံစားချက်ကင်းမဲ့နေသော မျက်ဝန်းများဖြင့် ချုချင်းအားကြည့်ကာ စကားဆိုလိုက်သည်။ "ဇူယွမ်က သူ့သေတွင်းသူတူးနေတာပဲ။ ကျင်းချန်းဇယ်က နတ်ဆိုးမိစ္ဆာဖားပြုတ်ကိုတောင် ထုတ်သုံးနေပြီဆိုတော့..."

"အဲ့ဒါတွေက အခုချိန်ပြောဖို့ မလိုသေးပါဘူး။" ချူချင်းမှာ ပြုံးရယ်လိုက်ပြီးနောက် တည်ငြိမ်သော မျက်ဝန်းများဖြင့် တောင်ထွတ်ပေါ်တွင်ရှိနေသော ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုလိုက်သည်။

........

"အွတ်.....အွမ်..."

နတ်ဆိုးမိစ္ဆာဖားပြုတ်မှာ ပြီးပြည့်စုံသော အသွင်သဏ္ဍာန် ဖြစ်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များကိုပင် တုန်ခါစေနိုင်လောက်သည့် နားမခံသာသောအသံအား ထုတ်လွှတ်နေလေသည်။

နတ်ဆိုးမိစ္ဆာဖားပြုတ်၏ ပုံရိပ်ယောင်မှာ အလွန်ပင် စွမ်းအားကြီးလွန်းလှပြီး ကျင်းချန်းဇယ်အား အပြည့်အဝ အကာအကွယ်ပေးထားလျက် ရှိသည်။ ကျင်းချန်းဇယ်သည် ဇူယွမ်၏အသက်အား နှုတ်ယူကာ တိုက်ပွဲကို အဆုံးသတ်ပစ်လိုက်ရန် ကြံရွယ်ထားပုံ ရသည်။

"ကောင်စုတ်လေး...မကြာခ​င်မှာပဲ မင်းငါ့ကို ခြေသလုံးဖက်ပြီး တောင်းပန်လာစေရမယ်။" ကျင်းချန်းဇယ်မှာ အေးစက်ခက်ထန်စွာဖြင့် မထီမဲ့မြင် စကားဆိုလိုက်သည်။

ကောင်းကင်ထက်မှ ဆင်းသက်လာလျက်ရှိသော ဇူယွမ်မှာ ကျင်းချန်းဇယ်၏ အကြံအစည်အား ရိပ်စားမိလေသည်။ သို့သော် ငွေအရိပ်မှ သူ၏ခန္ဓာကိုယ်အား ဖုံးကွယ်ထားသဖြင့် မည်သူကမှ အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်နေသော ဇူယွမ်၏မျက်ဝန်းများအား မြင်တွေ့နိုင်လိမ့်မည် မဟုတ်ပေ။

"မင်းမှာ ငါ့ကိုတိုက်ဖို့ အခွင့်အရေး ရှိဦးမယ်မှတ်နေလား။" ဇူယွမ်မှာ နှလုံးသားထဲမှ အော်ဟစ်ပစ်လိုက်သည်။

ထို့နောက် စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ကောင်းကင်ထက်မှ ဆင်းသက်လာသော ဇူယွမ်၏ပုံရိပ်မှာ နတ်ဆိုးမိစ္ဆာဖားပြုတ်၏ ပုံရိပ်ယောင်နှင့် တွေ့ဆုံသွားတော့သည်။

ဝုန်း....

ထိုသို့ ထိပ်တိုက်တွေ့ဆုံသွားကြပြီးနောက် အလွန်ပင် ပြင်းထန်လွန်းလှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာကာ မြင်ကွင်းအား ဖုံးကွယ်သွားလေသည်။

အနီးနားတွင် ရှိနေသော သစ်ပင်များနှင့် ကျောက်တုံးကျောက်ဆောင်များမှာလည်း ထွက်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်များ၏ ဖိအားကို ခံနိုင်ခြင်းမရှိတော့ပဲ ပြိုကျပျက်စီးကုန်ရသည်။

ထိုသို့ကြမ်းတမ်းခက်ထန်လှသည့် စွမ်းအင်လှိုင်းဂယက်များမှာ အချိန်အနည်းငယ် ကြာမြင့်သွားပြီးသော အခါမှသာ ပြန်လည်ငြိမ်သက်သွားလေသည်။

စောင့်ကြည့်နေကြသူများမှာ မျက်တောင်ပင်မခတ်ပဲ တိုက်ပွဲဖြစ်ပွားရာနေရာအား ကြည့်ရှုနေလျက် ရှိသည်။ ဤအချိန်သည် ဇူယွမ်နှင့် ကျင်းချန်းဇယ်တို့တိုက်ပွဲအား အဆုံးအဖြတ်ပေးမည့် အချိန်ဖြစ်ကြောင်း အားလုံးမှ ကောင်းစွာသိရှိထားကြသည်။

ယင်းတိုက်ပွဲအဆုံးအဖြတ်သည် ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်တို့အားလည်း ကြီးမားသော အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေလိမ့်မည်ပင် ဖြစ်သည်။

တောင်ထွတ်ပေါ်၌ ​ဖုန်မှုန့်မြူခိုးများ ပျောက်ကွယ်သွားမည့် အချိန်အထိ လူများမှာ ရင်တမမဖြင့် စောင့်ကြည့်နေကြသည်။ ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ တဝက်နီးပါးမျှ အမှုန့်ကြေနေသော တောင်ထွတ်ကြီးပင် ဖြစ်သည်။

ထိုတဝက်မျှ ကြေမွနေသည့် တောင်ထွတ်ကြီး၏ အလယ်တွင်မူ ပုံရိပ်နှစ်ခုမှာ ကျောခိုင်းထားသည့် အနေအထားဖြင့် ရပ်နေကြလျက် ရှိသည်။

လူများစွာမှာ မေးခွန်းတစ်ခုတည်းကိုသာ အလွန်အမင်း သိချင်နေကြလျက် ရှိသည်။ အဆုံးသတ်တွင် အနိုင်ရသွားသူမှာ မည်သူဖြစ်ပါသနည်း......

အချိန်အတော်ကြာမျှ တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်တွင် ငွေရောင်ချပ်ဝတ်မှာ အရည်ပျော်ကျလာပြီးနောက် ဇူယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

"အဟွတ်...."

ဇူယွမ်မှာ သွေးတစ်လုတ်အား အန်ထုတ်ပစ်လိုက်၏။ ငွေအရိပ် ရှိနေပါသော်လည်း ထိပ်တိုက်တွေ့ဆုံခြင်း၏ အကျိုးသက်ရောက်မှုအား ဇူယွမ်မှာ အနည်းငယ်မျှ ခံစားလိုက်ရသည်။

ဇူယွမ်မှာ နှုတ်ခမ်းထောင့်စွန်းမှ သွေးစများအား ခပ်ကြမ်းကြမ်း ပွတ်ထုတ်လိုက်ပြီးနောက် တောင်ထွတ်ထိပ်ဖျားတွင်ရှိနေသော ကျောက်စိမ်းပြားအား လိုချင်ရမ္မက်များ တောက်လောင်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်သည်။

ထို့နောက် ဇူယွမ်မှာ တည်ငြိမ်သောအမူအရာဖြင့်  စကားဆိုလိုက်သည်။ "ကျင်းချန်းဇယ်...ငါတို့တိုက်ပွဲက ဒီမှာပြီးပြီနော်။"

ကျင်းချန်းဇယ်မှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။ "ဘယ်...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

"လောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။" ဇူယွမ်မှ ပြုံးကာပြောလိုက်သည်။

ကျင်းချန်းဇယ်မှ အံကိုကြိတ်ကာ စကားဆိုလိုက်သည်။ "တစ်နေ့ကြရင် ငါ့တို့ရဲ့ မြင့်မြတ်သောနန်းတော်က မင်းတို့ကန်ရွှမ်းကလန်ကို ဖျက်စီးပစ်လိမ့်မယ်။ ကန်ရွှမ်းကောင်းကင်ဒေသကိုလည်း မြင့်မြတ်သောနန်းတော်က သိမ်းပိုက်ပြလိမ့်မယ်။"

"အဲ့လိုနေ့ ရောက်လာခဲ့ရင်တောင် မင်းကတော့ အဲ့အရာတွေကို မြင်တွေ့ခွင့်ရှိမှာ မဟုတ်တော့ဘူး။" ဇူယွမ်မှ တည်ငြိမ်စွာပင် ပြောလိုက်သည်။

ဇူယွမ်မှာ လက်ချောင်းလေးများအား လှုပ်ယမ်းကာ ကျင်းချန်းဇယ်ထံ လေပြေညှင်းများ ပို့ဆောင်လိုက်သည်။

ထိုလေပြေများ တိုက်ခတ်သွားသည်နှင့်အတူ ကျင်းချန်းဇယ်၏ ခန္ဓာကိုယ်မှာလည်း သေးငယ်သော သွေးစအမှတ်အသားများ ပေါ်ပေါက်လာသည်။ ထိုသွေးစများမှာ ကျင်းချန်းဇယ်၏ ခန္ဓာကိုယ်အနှံ့ ရှိနေခြင်းဖြစ်ပြီး အသက်ရှူချိန် အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ကျယ်လောင်ပြင်းထန်စွာ ပေါက်ကွဲပျက်စီးသွားတော့သည်။

ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားရသည်။

လူတိုင်းမှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ပေါက်ကွဲပျက်စီးသွားသော ကျင်းချန်းဇယ်၏ ခန္ဓာကိုယ် အပိုင်းအစများအား ကြည့်ရှုနေမိကြသည်။

မြင့်မြတ်သောနန်းတော်မှ တတိယမြောက် အထူးချွန်ဆုံးဖြစ်သည့် ရွေးချယ်ခံ ကျင်းချန်းဇယ်သည် ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင်ဖြစ်သူ ဇူယွမ်၏တိုက်ခိုက်မှုအား ခံနိုင်ရည် မရှိခဲ့ပေ။

စောင့်ကြည့်နေကြသူများအားလုံးမှာ တိုက်ပွဲ၏ နောက်ဆုံးရလဒ်အား လက်မခံနိုင် ဖြစ်နေကြရသည်။

ဤကိစ္စ ပြီးဆုံးသွားပြီးသည့်နောက် ဇူယွမ်၏ အမည်နာမမှာ ကန်ရွှမ်းကောင်းကင်ဒေသအတွင်း မသိသူမရှိရလောက်အောင် ကျော်ကြားသွားတော့မည်ပင် ဖြစ်သည်။

ကြီးမြတ်သောရှန်းဟွတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာရှိ တောင်ထွတ်ခုနစ်ခုပေါ်တွင် ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင်ဖြစ်သူ ဇူယွမ်မှာ မြင့်မြတ်သောနန်းတော်၏ တတိယမြောက် အထူးချွန်ဆုံးဖြစ်သည့် ရွေးချယ်ခံ ကျင်းချန်းဇယ်အား သတ်ဖြတ်နိုင်ခဲ့ခြင်းပင် ဖြစ်ပေတော့သတည်း.....

All Chapters