ဝစီပိတ်၏အပြန်
Vol. 50 Ch. 738
တာအိုလမ်းစဉ်ဂိုဏ်းနှင့် မနီးမဝေးတွင် သဏ္ဍာန်နှစ်ခု ခိုးကြောင်ခိုးဝှက်ပုံစံဖြင့် ချဉ်းကပ်လာသည်။
"အကိုကြီး၊ ကျုပ်က နတ်ဆိုးမျိုးနွယ်ဆိုတော့ တာအိုလမ်းစဉ်ဂိုဏ်းထဲကို ဝင်လို့ဖြစ်ပါ့မလား"
ချုန်းချီခေါင်းဆောင် စိုးရိမ်နေသည်။
ဝစီပိတ်က မုတ်ဆိတ်ကိုလက်ဖြင့်သပ်လျက် ခဏစဉ်းစားသည်။
"ငါတို့ဂိုဏ်းက အားလုံးကို အမြဲတမ်းတန်းတူညီတူဆက်ဆံတာပါ။ နတ်ဆိုးမျိုးနွယ်ဖြစ်ဖြစ် လူသားမျိုးနွယ်ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် ပင်လယ်တာအိုသခင်အကြောင်း ငါသိပ်မသိဘူး။ နတ်ဆိုးမျိုးနွယ်အပေါ် ကြင်နာစိတ်ရှိချင်မှရှိမယ်။
ဒီတော့ မင်းဒီမှာပုန်းနေပါ။ ငါရှေ့ကသွားပြီး လမ်းကြောရှင်းဦးမယ်"
"ဂရုစိုက်ပါ အကိုကြီး"
"စိတ်မပူပါနဲ့။ လောကထဲမှာ ဒီလောက်နှစ်တွေအများကြီး လှည့်လည်သွားလာခဲ့တာ။ ငါဘယ်တုန်းက ဒုက္ခရောက်ဖူးလို့လဲ"
ယခု ဝစီပိတ်သည် ပုံမှန်လို မသပ်မရပ်ပုံစံမျိုးမဟုတ်။ သန့်ရှင်းသပ်ရပ်သည် တာအိုဝတ်စုံဝတ်ထားသည်။ ဆံပင်ကို သေသပ်စွာစည်းထားသည်။ မုတ်ဆိတ်မျှင်တစ်ချို့က လေထဲတွင် လူးလွန့်လှုပ်ရှားနေသည်။
တောင်တန်းဂိတ်တံခါးဆီသို့ တည်ငြိမ်သည့်ခြေလှမ်းဖြင့် သူလျှောက်သွားသည်။
သိပ်မကြာမီ ချုန်းချီခေါင်းဆောင်၏မျက်စိရှေ့မှာပင် ဝစီပိတ်က မဟာဂိုဏ်းမှလာကြိုသူများနှင့်တွေ့သည်။ အားလုံး အစုလိုက်အပြုံလိုက် တဟုန်ထိုးထွက်လာပြီး အော်ဟစ်ကြုံးဝါး၍ ဝစီပိတ်ကိုလိုက်ကြသည်။
ဝစီပိတ် ပုံပျက်ပန်းပျက် ထွက်ပြေးရသည်။ အဖမ်းခံရလုနီးပါးအခြေအနေ အကြိမ်ကြိမ်ကြုံသည်။
ထိုမြင်ကွင်းကိုကြည့်၍ ချုန်းချီခေါင်းဆောင် တုန်လှုပ်နေသည်။ လူသားကျင့်ကြံသူများက သူတို့နတ်ဆိုးမျိုးနွယ်ထက်ပင် ပိုကြမ်းတမ်းရက်စက်သည်ဟု ထင်မိသည်။
ကြောက်ရွံ့တုန်လှုပ်နေသလို စိတ်ထဲတွင်လည်း ကြည်နူးမိသည်။ သူဘေးကင်းဖို့အတွက် သူ့အကိုကြီးသည် ကိုယ့်ကိုယ်ကို ငါးစာလုပ်၍ အန္တရာယ်ကို မျှားခေါ်သွားသည်။ ဝစီပိတ်လိုလူကို အကိုကြီးအဖြစ် သူအသိအမှတ်ပြုခဲ့သည်မှာ လုံးဝမမှားခဲ့။
"အကိုကြီးက တကယ်သစ္စာရှိတာပဲ။ ငါ့မျိုးနွယ်ဆီပြန်ရောက်ရင် ဘိုးဘေးငယ်ကိုပြောပြပြီး ငါတို့မိသားစုတွေချင်း မဟာမိတ်ဖွဲ့ဖို့ တိုက်တွန်းရမယ်။ မသေမျိုးတစ်ဝက်နှစ်ယောက်က ဂိုဏ်းကိုကြီးကြပ်နေတယ်ဆိုတော့ မဟာကပ်အတွင်း ထိပ်တန်းဆယ်နေရာထဲမှာပါဖို့ မခက်ခဲလောက်ပါဘူး"
"သူခိုးအိုဝစီပိတ်၊ သတ္တိရှိရင် မင်းမပြေးနဲ့"
လာလည်သူအားလုံးက စုစည်းခြင်းအဆင့်ကျင့်ကြံသူများဖြစ်သည်။ ဝစီပိတ်နှင့် နက်ရှိုင်းသည့် အငြှိုးအတေးရှိကြသူများဖြစ်သည်။
သူတို့လာသည့်ခရီးစဉ်တွင် ပင်လယ်တာအိုသခင်ကို တွေ့ခွင့်မရသော်လည်း ဝစီပိတ်ကိုတွေ့ရသည်နှင့်ပင် တကယ်ထိုက်တန်သည်ဟု ဆိုရမည်။
"မင်းတို့ငါ့နောက်ကို လိုက်ရဲတယ်ပေါ့။ ပင်လယ်တာအိုသခင်က မင်းတို့နဲ့စာရင်းလာရှင်းလိမ့်မယ်ကွ"
ဝစီပိတ် ပြေးရင်းလွှားရင်း ခြိမ်းခြောက်သည်။
လွန်ခဲ့သည့်ခြောက်လအတွင်း သူအတော်ကံဆိုးသည်ဟု ခံစားရသည်။ ကံဆိုးမှုများ ဆက်တိုက်ကြုံသည်။ ခဏခဏ လူမိ၍ လိုက်ဖမ်းခံရသည်။
ကိုယ့်ဂိုဏ်းကိုယ် ပြန်လာသည်ပင် ဂိတ်တံခါးဝ၌ အသိအကျွမ်းများစွာနှင့် ရင်ဆိုင်ရသည်။
"ဗုဒ္ဓနယ်မြေကိုသွားရင်ကောင်းမလား"
သူခဏတွေးကြည့်သည်။ သို့သော် သူ့ဒုတိယတပည့် ယဲ့ဇီကျန်းက ဗုဒ္ဓနိုင်ငံတွင် "ခရီးသွားဗုဒ္ဓ"အဖြစ် နာမည်ကြီးသည်။ တပည့်ကိုရော ဆရာကိုပါ ဗုဒ္ဓနိုင်ငံက ကောင်းချီးပေးမည်မထင်။
ဓားအလင်းတစ်ခု သူ့ဘေးမှဖြတ်သွားသည်။ သူချက်ချင်း ပြန်အသိဝင်လာသည်။
"အရင်ဆုံး၊ လွတ်လမ်းရှာဖို့ အာရုံစိုက်ရမယ်။ ကံကြမ္မာအကြောင်း နောက်မှတွေးတာပေါ့"
"လူနဲ့ဓား တစ်သားတည်းပေါင်းစည်း"
ဝစီပိတ် ခပ်အုပ်အုပ်ရေရွတ်လိုက်သည်။ သူ့ဓားနှင့်ပေါင်းစည်းသည်။ ဓားအလင်းအဖြစ်အသွင်ပြောင်း၍ အမြင့်ဆုံးအရှိန်ဖြင့် လှုပ်ရှားသည်။
"ဓားတစ်လက်က ဓားတစ်သောင်းအသွင်ပြောင်း"
ဓားအလင်းလှုပ်ရှား၍ ဓားရိပ်ပေါင်းသောင်းချီ ပေါ်လာသည်။ ဓားရိပ်တစ်ခုချင်းစီက အလျားအရှည်၊ ပုံစံနှင့် လက်ကိုင်ရိုးမှ ပန်းပွားမိတ်တို့ပါ တစ်ပုံစံတည်းဖြစ်သည်။
ဝိညာဉ်အာရုံဖြင့် စစ်ဆေးလျှင်ပင် မူလဓားအစစ်ကို ခွဲခြားနိုင်မည်မဟုတ်။
ဝစီပိတ်က ထိုဓားများကြားတွင် ပုန်းအောင်းနေသည်။
"ကောင်းကင်မျက်လုံးဖွင့်မယ်"
"ကောင်းကင်မျက်လုံးနဲ့ အားလုံးကို ဖော်ထုတ်မယ်"
"ကြောင်းကျိုးဆက်စပ်မှုအားလုံး သံသရာထဲမှာရှိတယ်"
"နတ်ဆိုးပုံရိပ်ပြန် ကြေးမုံ"
"အမှောင်ထဲမှာမြင်နိုင်တဲ့ မီးမျက်လုံး"
ကျင့်ကြံသူအားလုံး နတ်စွမ်းအားကိုယ်စီထုတ်သုံးသည်။ ဝစီပိတ်ကိုအမိဖမ်းရန် ဆုံးဖြတ်ထားကြသည်။
သို့သော် ဝစီပိတ်သည် လွယ်လွယ်ဖမ်း၍ရသည့်လူမျိုးမဟုတ်။ သူထွက်ပြေးသည့်နည်းလမ်းက ဓားပညာပေါ်အခြေခံထားသည်။ 'သူခိုးဘိုးဘေး'၏ လမ်းညွှန်မှုနှင့် သူ့ကိုယ်ပိုင်အတွေးအမြင်ကို ပေါင်းစပ်ထားသည်။
ကူးဖြတ်ခြင်းအဆင့်မဟုတ်လျှင် သူ့ကိုဖမ်းဖို့ ဘယ်သူမှစိတ်ကူးမယဉ်သင့်။
"ငါ့ဆရာက တကယ်နာမည်ကျော်တာပဲ"
လုယန် ဂိတ်တံခါးတွင် မတ်တပ်ရပ်၍ အရှုပ်အထွေးကိုကြည့်နေသည်။ အမသုံးလည်း သူ့ဘေးတွင်ရှိသည်။ လေထဲတွင် ဓားပျံများစွာ ဝေ့ဝဲလှုပ်ရှားနေသည်။ နတ်မယ်ပင် တာအိုရှင်ဝစီပိတ်၏ပါရမီကို ချီးကျူးရသည်။
တာအိုလမ်းစဉ်ဂိုဏ်းနှင့် တစ်ခြားမဟာဂိုဏ်းတပည့်များအားလုံး ထိုနေရာတွင် စုဝေးနေကြသည်။ ဓားပျံများလှုပ်ရှားသည့်အတိုင်း သူတို့ဦးခေါင်းကို ဘယ်ညာယိမ်း၍ကြည့်သည်။ အထက်အောက်စုန်ဆန်ကြည့်သည်။
သူတို့အကြီးအကဲများက တာအိုရှင်ဝစီပိတ်နောက်သို့ လိုက်နေသည်။ ဖမ်းမိသည်မမိသည်အပထား။ တာအိုလမ်းစဉ်ဂိုဏ်းထဲသို့ သူတို့ပြန်ဝင်နိုင်တော့မည်မဟုတ်။ လန်ထင်တို့လည်း ဆက်မတိုက်ခိုက်ကြတော့။ တိုက်ခိုက်နေလျှင် သူတို့ဆရာများကို မျက်ခြေပြတ်သွားနိုင်သည်။
ပြိုင်ပွဲလေးခုထဲတွင် လုယန်နှင့်မုန်ကျင်းကျိုးတို့သာ အနိုင်အရှုံးရလာဒ်ပေါ်သည်။ ထိုအဖြစ်ကလည်း လျှို့ဝှက်သဘောတူညီချက်ကြောင့်ဖြစ်သည်။
တိုက်ပွဲကြည့်နေချိန်ကို အခွင့်ကောင်းယူ၍ မုန်ကျင်းကျိုးက ပြောင်နေသည့်ဦးခေါင်းကို လက်ညှိုးထိုးပြပြီး လုယန်ကိုပြောသည်။
"လောင်လု၊ မသေမျိုးကျင့်စဉ်ပညာအစွမ်းကို သုံးပေးပါဦး"
လုယန် မသေမျိုးကျင့်စဉ်(ဆံပင်ပြန်ပေါက်သည့်ကျင့်စဉ်ပညာ)ကို အသက်သွင်းလိုက်သည်။ သူ့လက်ကို မုန်ကျင်းကျိုးဦးခေါင်းပေါ်တင်သည်။ အံ့ဩဖွယ်ကာင်းလောက်အောင်ပင် ဆံပင်များပြန်ပေါက်လာသည်။ မသေမျိုးတစ်ယောက် သက်ရှည်အစွမ်းချီးမြှင့်လိုက်သလိုရှိသည်။
ဓားပျံများက ဝေးသထက်ဝေးသွားသည် ချိုးကျင်အန်းတို့လည်း အတော်ဝေးဝေးထိ လိုက်သွားသည်။ နောက်ဆုံးတွင် သူတို့အားလုံးကို အစက်အပြောက်များအဖြစ်သာမြင်ရတော့သည်။
"ကဲ..ငါတို့ ဒီနေရာမှာပဲ လမ်းခွဲကြတာပေါ့"
ပိုင်မင်တို့လည်း အမြန်နှုတ်ဆက်၍ သူတို့ဆရာများနောက်သို့ လိုက်သွားသည်။
တာအိုလမ်းစဉ်ဂိုဏ်းတပည့်များ ဂိတ်တံခါးတွင် ဆယ့်ငါးမိနစ်ခန့် စောင့်နေသည်။ ပုံပျက်ပန်းပျက်ဖြစ်နေသည့် တာအိုရှင်ဝစီပိတ် ဓားပျံစီး၍ ဂိုဏ်းဆီပြန်ရောက်လာသည်။
သူ့ကို ဘယ်သူကဖမ်း၍ ဘယ်သူကရိုက်နှက်ခဲ့သည်မသိရ။ သို့မဟုတ် တိုက်ခိုက်မှုများကြားမှ ပျံသန်းထွက်ပြေးလာခြင်းလည်းဖြစ်နိုင်သည်။
သို့သော် မည်သို့ဆိုစေ သူအသက်မသေဘဲ ပြန်ရောက်လာသည်။
"ဟားဟားဟား...အဲလိုမျိုး ကြိုဆိုနေဖို့ မလိုပါဘူးကွာ။ အားလုံး လူခွဲကြတော့"
တစ်ကိုယ်လုံးရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်ကို အရေးမစိုက်လေဟန်ဖြင့် ဝစီပိတ် လက်ကိုဝှေ့ယမ်းလိုက်သည်။
မည်သို့ဆိုစေ သူသည် ဂိုဏ်းချုပ်ဖြစ်သည်။ သူ့ဩဇာက တည်တံ့နေသေးသည်။ လူခွဲဖို့ပြောသဖြင့် အားလုံးလူခွဲကြသည်။ ဘာနှုတ်ဆက်စကားမှ ပြောမနေကြတော့။
"ကန်ထန်က စုစည်းခြင်းအဆင့်သခင်စစ်တစ်ယောက် ဖြစ်လာပြီပဲ။ မဆိုးဘူး...မဆိုးဘူး။ နတ်ဆိုးနယ်မြေခရီးစဉ်မှာ မင်းအတော်လေးအကျိုးကျေးဇူးရခဲ့ပုံပဲ"
ကန်ထန်၏ကျင့်စဉ်အမြန်နှုန်းကို သူနည်းနည်းအံ့အားသင့်နေသည်။ နောက်ထပ်နှစ်နှစ်သုံးနှစ်ကြာမှ စုစည်းခြင်းအဆင့်သို့ရောက်မည်ဟု သူထင်ထားခဲ့သည်။
"ရှောင်လုနဲ့ရှောင်မုန်လည်း နတ်ဝိညာဉ်အလတ်တန်းဆင့်ရောက်ကြပြီပဲ"
ဝစီပိတ် တအံ့တဩစုပ်သပ်နေသည်။ မဟာကပ်၏ မျိုးဆက်သစ်များ ပီသလှသည်။ ကိုယ့်ကျင့်ကြံမှုနှုန်းကိုယ် မြန်လှပြီဟု ထင်ခဲ့သည်။ ယခု လူငယ်မျိုးဆက်သစ်များက သူ့ထက်ပိုမြန်နေသည်။
"ဒါနဲ့...ဖီးနစ်ဘိုးဘေးက ငါတို့ဂိုဏ်းကို လာလည်သွားသေးလား"
သူ့အမေးကြောင့် လုယန်တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
"ဘာလို့မေးတာလဲ ဆရာ"
"သိပ်မကြာသေးခင်က 'နဂါးနဲ့ဖီးနစ်အသွင်ပြောင်းကျမ်း'ကိုယူပြီး သူငါ့ဆီရောက်လာတယ်။ ငါ့ကို ရိုက်နှက်သွားတယ်။
ဒီတော့ ငါတွေးကြည့်တယ်။ စာအုပ်ပေါ်မှာ ငါ့နာမည်မရေးခဲ့ဘူး။ တစ်ယောက်ယောက်က ဖီးနစ်ဘိုးဘေးကို ဒီအကြောင်းပြောလိုက်တာဖြစ်မယ်လို ငါတွေးမိတယ်လေ"
လုယန် မရယ်ချင့်ရယ်ချင် ရယ်လိုက်သည်။
"ဖီးနစ်ဘိုးဘေးက နေရာတိုင်းမှာ သူ့မျက်စိတွေနားတွေရှိတယ်။ ကြောင်းကျိုးဆက်စပ်မှုစွမ်းအားသုံးပြီး ဒီအကြောင်းသိသွားတာဖြစ်လောက်တယ်"
"အဲလိုလား၊ ဖီးနစ်ဘိုးဘေးလည်း ငါတို့ကောင်းကင်ရုံးတော်အဖွဲ့ဝင်ပဲလို့ ကြားတယ်။ အဲဒါကရော ဘယ်လိုသဘောလဲ"
လုယန် ရှင်းပြရမည့်စကားလုံးကို စဉ်းစားနေစဉ် မုန်ကျင်းကျိုးက စိတ်အားထက်သန်စွာဝင်ပြောသည်။
"အရှင်းဆုံးပြောရရင် အိပ်ပျော်နေတဲ့ ဖီးနစ်ဘိုးဘေးကို လောင်လုက နှိုးခဲ့တာပါ။ ဖီးနစ်ဘိုးဘေးက လုယန်ကို သူ့အကိုကြီးအဖြစ် အသိအမှတ်ပြုခဲ့တယ်လေ"
ရှင်းလင်းလွန်းသည့် ထိုရှင်းပြချက်ကို ဝစီပိတ်နားမလည်အောင်ဖြစ်ရသည်။
နားမလည်သည့်အကြောင်းအရာများကို ခဏဘေးချိတ်ထားလိုက်ပြီး တစ်ခြားကိစ္စကို ဝစီပိတ်မေးသည်။
"ပင်လယ်တာအိုသခင်ကရော ဘယ်လိုလဲ။ သူတကယ်အသက်ရှင်နေသေးတာလား"
"ပင်လယ်တာအိုသခင်ပဲမဟုတ်ဘူး။ နောက်ထပ်ဘိုးဘေးတစ်ယောက်လည်း အသက်ရှင်လျက်ရှိနေပါသေးတယ်"
"ဘယ်သူလဲ"
သူသိသမျှ ဘိုးဘေးအားလုံးကို ဝစီပိတ်စဉ်းစားကြည့်သည်။ အသက်ရှင်လျက်ရှိနေသည့်ဘိုးဘေးကို စဉ်းစားမရ။
"တာအိုရှင်ရှန်ထန်လေ။ လောင်မုန်နဲ့ကျုပ် မစ်ရှင်တစ်ခုထွက်ရင်း မထင်မှတ်ဘဲ ကျင့်စဉ်အသစ်ပြန်စနေတဲ့ တာအိုရှင်ရှန်ထန်ကိုတွေ့လို့ ဂိုဏ်းကိုပြန်ခေါ်လာတာပါ"
ဝစီပိတ် ခဏအသံတိတ်သွားသည်။
"တစ်ခြား ငါမသိတဲ့အကြောင်းတစ်ခုခုများ ရှိသေးလား"
လုယန် ခဏစဉ်းစားပြီး လက်ချိုးရေတွက်သည်။
"သိပ်များများစားစားမရှိပါဘူး။ လောင်မုန်နဲ့ကျုပ် အပြင်ထွက်ရင်း လေဟာနယ်အရှင်နဲ့ အိပ်မက်ဆိုးအဓိပဓိကိုတွေ့ခဲ့တယ်။ ကျုပ်တို့အနိုင်မယူနိုင်လို့ အမယွမ်ကို အကူအညီတောင်းခဲ့တယ်။
ပြီးတော့ ယုမဟာမိတ်အဖွဲ့ကို ဦးဆောင်နေတဲ့ နိယာမသခင်ကိုတွေ့တယ်။ ကျုပ်ဆီက မသေမျိုးဓားကို သူတို့လိုချင်လို့ ဂိုဏ်းထဲကို ရုပ်ဖျက်ဝင်ပြီး လုယူဖို့ကြိုးစားတယ်။ ဒါပေမယ့် သူတို့အားလုံးကို ကျုပ်တို့တစ်ပြိုင်တည်းဖမ်းလိုက်နိုင်တယ်။
အခု မဟာယုကျင့်ကြံသူအများစုက အကျဉ်းထောင်တောင်ထိပ်ကိုရောက်နေပြီ။ အပြင်မှာကျန်တဲ့လူ မရှိသလောက်ဖြစ်နေပါပြီ။ အဲဒါလေးတွေပါပဲ"
ဝစီပိတ် အတော်ကြာအောင် အသံတိတ်သွားသည်။ လေဟာနယ်အရှင်နှင့် နိယာမသခင်အကြောင်း သူသိပါသည်။ သို့သော် ယခုကိစ္စများက လုယန်နှင့်ဆက်စပ်နေသည်ကို မသိ။
နှစ်နှစ်ထောင်ကြာအောင် ရှင်သန်နေထိုင်ခဲ့သည်။ သို့သော် သူလုပ်ခဲ့သည့်လုပ်ရပ်များက သူ့တပည့်ငယ်၏ တစ်နှစ်စာလုပ်ရပ်များကို မယှဉ်နိုင်။
"ရှောင်လု၊ အခုမင်း ဂိုဏ်းချုပ်ရာထူးလွှဲပြောင်းယူဖို့ကိစ္စ စဉ်းစားပြီးပြီလား"
************************************